အပိုင်း (၂၆၀)
Viewers 31k

Chapter 260


နောက်ဆုံးတွင် ယွမ်ရှက ချင်ယွီကို ‌မဆဲဆိုလိုက်ပေ။ သို့ရာတွင် သူမစိတ်ထဲ၌ အကြိမ်ပေါင်းထောင်ချီအောင် မရပ်တန့်ပဲ ပြစ်တင်ဝေဖန်လိုက်သည်။


ယွမ်ရှက ချင်ယွီအကြောင်းကို ဝတ္ထုထဲတွင် ဖတ်ခဲ့ဖူးသည်။ ပထမဆုံးအထင်မြင်က အရေးကြီးသည်ဟူသည့်အတိုင်း ယွမ်ရှ ဝတ္ထုထဲရောက်လာပြီး ချင်ယွီနှင့် ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က သူမကို ပြဿနာဖြစ်စေရန် အပတ်တကုပ်ကြိုးစားနေခြင်းမှလွဲ၍ သူ့ကိုလူကောင်းတစ်ယောက်ဟု ထင်ခဲ့မိသည်။ မူလပိုင်ရှင်က သူ့ကို ကြိုးကိုင်ခြယ်လှယ်ခဲ့၍သာ သူက သစ္စာရှိခွေးတစ်ကောင်ဖြစ်သွားခဲ့ပြီး စာဖတ်သူများ၏ရင်ထဲတွင် သူ့ကိုသဘောတကျဖြစ်ကျန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါ၌ သူက အမှိုက်ကောင်ဖြစ်နေသည့်အတွက် ယွမ်ရှ သူ့ကိုဆဲရေးချင်လာသည်။


ဘာ သစ္စာရှိခွေးလဲ ... ဘာ လူကောင်းလဲ ... သူက သွမ့်ချီထက်တောင် ဆိုးနေသေးတယ် ...


သွမ့်ချီက ငတုံးဖြစ်၍ စုန့်ထင်ရှန်း၏ ရုံးခန်းအထိသွားကာ သူမကို ကွာရှင်းပေးရန် ပြောခဲ့သော်လည်း သူ၏အပြုအမူများအတွက် ကိုယ်တိုင်တာဝန်ယူပြီး သူမကို ကျဉ်းထဲကျပ်ထဲ မရောက်ခဲ့စေပေ။ ရှု့ထောင့်တစ်မျိုးမှ ကြည့်မည်ဆိုပါက သူက သူမ၏ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့သည်။


ချင်ယွီကတော့ ... 

သူနှင့် မူလပိုင်ရှင်က အတိတ်တွင် မည်ကဲ့သို့သော ရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိခဲ့ပါစေ ဤဘဝတွင် သူမက စုန့်ထင်ရှန်း၏ အိမ်ထောင်ဖက်ဖြစ်သည်။ သူမနှင့်ချင်ယွီအကြားတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့ပေ။ သူတို့ကြားထဲတွင် အများဆုံး အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးသာ ရှိခဲ့သည်။ သူမတို့ လင်မယားကြားတွင် အချေအတင်ဖြစ်စေရန်အတွက် သူက ထိုသို့ဒွိဟဖြစ်စေမည့် စကားများအား စုန့်ထင်ရှန်းကို ပြောခဲ့သည်။ သူနှင့်ယွမ်ရှအကြားတွင် တစ်ခုခုဖြစ်ခဲ့ပြီးသည်ဟု စုန့်ထင်ရှန်းအထင်လွဲအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။


ချင်ယွီက သူမကို ဘယ်လိုအနေအထားမျိုးရောက်အောင် လုပ်ပစ်လိုက်တာလဲ ... အဲ့အကြောင်းတွေ ပြောလိုက်တာက သူမ မျက်နှာပေါ်ကို ရေညစ်ပတ်တွေ လောင်းချလိုက်သလိုပဲ ... ပြီးတော့ အဲ့ဒီ ရေညစ်ပတ်တွေက သာမန်ရေညစ်ပတ်တွေလည်း မဟုတ်ဘူး ...


မူလပိုင်ရှင်အပေါ် ချင်ယွီ၏ ခံစားချက်များက အချစ်မဟုတ်ပဲ စွဲလန်းမှုသာဖြစ်ကြောင်း ယွမ်ရှ ခံစားမိနေသည်။

ဒီလို နည်းလမ်းကို အသုံးချပြီး တစ်ယောက်ယောက်ကို ရယူဖို့လုပ်တယ်ဆိုရင် ဘယ်သူက တောင့်ခံနိုင်မှာတဲ့လဲ ... တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် အဲ့လူကို နာကျင်စေမယ့်အစား ကိုယ့်ကိုကိုယ်ပဲ နာကျင်အောင် လုပ်ရမှာလေ ...


အကယ်၍ မူလပိုင်ရှင်သာ ဤနေရာ၌ရှိနေခဲ့ပါက သူမလည်း လက်ခံမည်မဟုတ်ပေ။ 


ယွမ်ရှက မည်သည့်အကြောင်းမှမသိသော ကြာပန်းဖြူလေးအဖြစ် ဟန်ဆောင်နေမည်ဟု အစောပိုင်းတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်။ ချင်ယွီက သူမအပေါ် ရေညစ်ပတ်များ လောင်းချချင်သော်လည်း အခြေအနေကို သေချာကြည့်ခဲ့သင့်သည်။ ဤဘဝတွင် သူမက သူနှင့်ဘာမှမဆိုင်ပေ။ ယခင်ဘဝက သူက မူလပိုင်ရှင်အတွက် အရာအားလုံးပေးဆပ်ခဲ့သော်လည်း ဤဘဝတွင်မူ သူမနှင့် အကြိမ်အနည်းငယ်သာ တွေ့ခဲ့ရသေးသည်။ စုန့်ထင်ရှန်း သူမကို ယုံကြည်နေသရွေ့ သူ၏ကြိုးစားအားထုတ်မှုများ အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။ ချင်ယွီက သူမတို့နှစ်ယောက်ကြား စိတ်ဝမ်းကွဲအောင်လုပ်သည်ကို ကြောက်စရာမလိုပေ။


သူမ စုန့်ထင်ရှန်းအနားသို့ သွားလိုက်ပြီး ဝမ်းနည်းသွားသောပုံစံဖြင့် မေးလိုက်သည်။

" ရှင်က သူပြောသမျှ ယုံလိုက်တာလား ..."


စုန့်ထင်ရှန်းက ခေါင်းကိုက်နေသေးသော်လည်း ပြန်ဖြေလိုက်သည်။

" ကိုယ် သူ့ကိုမယုံလို့ မင်းကိုမေးတာပေါ့ ..."


စုံတွဲများက မည်သည့်အခြေအနေတွင်မဆို တစ်‌ယောက်နှင့်တစ်ယောက် ယုံကြည်သင့်‌သည်လားကို စုန့်ထင်ရှန်း မသိပေ။ သူက လူသားတစ်ယောက်ဖြစ်၍ သဝန်တိုမှုနှင့် ဒေါသဖြစ်မှုကို ခံစားရနိုင်သည်ကိုသာ သိသည်။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာက အကောင်းဆုံးကြိုးစား၍ တည်ငြိမ်အောင်နေပြီး သူမ၏ ရှင်းပြမှုကို ကောင်းမွန်စွာနားထောင်၍ သူ၏ကိုယ်ပိုင်ကောက်ချက်ချရန် ဖြစ်သည်။


ယွမ်ရှ ခေါင်းငုံ့လိုက်သည်။ သူမ အလေးအနက်တွေးတောလိုက်ပြီးသည့်နောက် အဆုံးတွင် တိတ်ဆိတ်စွာပြောလိုက်သည်။ 


" ကျွန်မ ဘာလို့ အလုပ်ထွက်ခဲ့တာလည်း ရှင်သိလား ... ကျွန်မ ‌ကျွန်းပေါ်ကို သွားတဲ့နေ့မှာ ဧည့်ကြိုမိန်းကလေးက first-class လေယာဉ်လက်မှတ်တစ်ခု ပေးခဲ့တယ် အဲ့အချိန် အားလုံးက economy classအတွက်ပဲ လက်မှတ်ရတော့ ဇဝေဇဝါဖြစ်သွားခဲ့တယ် ... သူမပြောတာတော့ ကုမ္ပဏီက အဲ့လက်မှတ်ကို မဲနှိုက်တာ ကံကောင်းသွားတဲ့လူက ကျွန်မ ဖြစ်နေတာတဲ့ ... ကျွန်မလည်း အများကြီး ထပ်မတွေးလိုက်မိဘူး ... လေယာဉ်ပေါ်ရောက်တော့ ကျွန်မဘေးနားလာထိုင်တဲ့သူက စီအီးအိုချင် ဖြစ်နေတာ ... အဲ့အချိန်တုန်းကတော့ သူက ကျွန်မတို့ကုမ္ပဏီရဲ့ သူဌေးမှန်းမသိခဲ့ဘူး ... သူက စကားပြောကောင်းတဲ့လူတစ်ယောက်ပါ ... အပန်းဖြေအိမ်ကိုရောက်တော့ ကျွန်မတို့ ကုမ္ပဏီရဲ့ညစာစားပွဲကို သူရောက်လာတယ် အဲ့တော့မှ သူက ကျွန်မသူဌေးဖြစ်နေမှန်း သိလိုက်တာ ..."


xxxxxx