အပိုင်း (၂၆၁)
Viewers 31k

Chapter 261


ယွမ်ရှ က ခြောက်ကပ်စွာရယ်လိုက်သည်။


" စုန့်ထင်ရှန်း ကျွန်မက ငတုံးမဟုတ်ပါဘူး ... အဲ့အချိန်ကစပြီး ကျွန်မ သံသယဝင်လာခဲ့မိတယ် ... အခန်းထဲကို ပြန်ရောက်ပြီး အဲ့အကြောင်းကို တွေးနေခဲ့မိတယ် ... ကျွန်မ အင်တာဗျူးဖြေတဲ့အချိန်တုန်းက ကုမ္ပဏီက ဘယ်လောက်ကောင်းကောင်းဆက်ဆံတယ်လို့ ပြောတာ မှတ်မိသေးလား ... ဒီအလုပ်က ကျွန်မအတွက် အဆင်သင့် လုပ်ပေးထားတာလို့တောင် ထင်ရတယ်လို့ ပြောတယ်လေ ... ရုံးဝန်ထမ်းတစ်ယောက်ရဲ့လစာက အဲ့လောက် မမြင့်ဘူးဆိုတာ ကျွန်မသိခဲ့တယ် ... အဲ့ဒါကြောင့် သံသယဝင်သွား‌တာ ... ကျွန်မ အလုပ်လျှောက်လွှာတင်ခဲ့တဲ့ မှတ်တမ်းကို ပြန်ကြည့်လိုက်တော့ ဒီကုမ္ပဏီမှာ ကျွန်မ အလုပ်မလျှောက်ခဲ့ဖူးတယ သိလိုက်ရတယ် ..."


" တခြားကုမ္ပဏီတွေကို CV formတင်ပြီး တစ်လအကြာမှ ချင်ယွီရဲ့ ကုမ္ပဏီက ကျွန်မကို အင်တာဗျူးဖြေဖို့ ခေါ်ခဲ့တာ ... အဲ့ဒါ မထူးဆန်းနေဘူးလား ... ပြီးတော့ ကျွန်မရဲ့ အလုပ်လျှောက်လွှာကို သူ့ကုမ္ပဏီဆီလည်း မပို့ဘူးလေ ... ရှင် ယုံယုံ မယုံယုံ မိန်းကလေးတွေရဲ့ အလိုလိုသိစိတ်က အရမ်းတိကျတယ် ... ဝမ်လေးက မိဘနဲ့ကလေး လှုပ်ရှားမှုလုပ်ဖို့အချိန်ကို မှတ်မိတယ်မလား ... အဲ့တုန်းကလည်း ကျွန်မ မန်နေဂျာကို ‌ခွင့်တစ်ရက်သွားတောင်းတော့ သူမက သူဌေးကို မေးရဦးမယ်လို့ပြောတယ် ... ကျွန်မက ခုမှ အလုပ်ဝင်ကာစ ဝန်‌ထမ်းလေ အဲ့လို လုပ်စရာမှ မလိုတာ ..."


" နောက်ကျတော့ မန်နေဂျာက ကျွန်မတာဝန်ယူထားရတဲ့ ဖောက်သည်က ရုံးကို အဲ့နေ့မှလာမယ်ပြောတော့ ကျွန်မခွင့်တစ်ရက်တောင်းတာကို ခွင့်မပြုပေးခဲ့ဘူး ... ဒါပေမဲ့ သူပြောထားတဲ့နေ့မှာ ဖောက်သည်က ရောက်မလာခဲ့ဘူး ... အဲ့အချိန်မှာ ထူးဆန်းတာ ပထမဆုံးစဖြစ်ခဲ့တာပဲ ..."


ယွမ်ရှ သူမလက်မောင်းများကို ထပ်ထားမိသည်။

 

" ကျွန်မ ပိုစဉ်းစားလေ ပိုကြောက်လာလေပဲ ... ကျွန်မ အတွေးလွန်နေတာ ဟုတ်ဟုတ်မဟုတ်ဟုတ် အဲ့ကုမ္ပဏီမှာ ကြာကြာမနေနိုင်တော့ဘူး အဲ့ဒါကြောင့် အလုပ်ထွက်ခဲ့တာ ..."


စုန့်ထင်ရှန်း ဘာမှ မပြောသော်လည်း သူမကိုယုံကြည်ကြောင်း သိသာသည်။ သူမကို ဖက်ထားလိုက်သည်။


ယွမ်ရှ စိတ်တည်ငြိမ်သွားပြီး ဆက်ပြောလိုက်သည်။


" စီအီးအိုချင် ပြောခဲ့တာတွေ အတွက်ကတော့ သူနဲ့ကျွန်မကြားမှာ ဘာကိစ္စမှ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြလို့ရပါတယ် ... ကျွန်မ သူနဲ့ လူသိမခံနိုင်တဲ့ဆက်ဆံရေးမျိုးရှိခဲ့ရင် မနက်ဖြန်မနက် အိမ်ပြင်ထွက်တာနဲ့ ကားတိုက်ခံရပါစေလို့ ကျိန်တယ် ..."


ဤတစ်ဘဝတွင် ချင်ယွီနှင့် သူမအကြား မည်သည့်အရာမှ မရှိခဲ့၍ ပြင်းထန်သော ကျမ်းကျိန်မှုတစ်ခု ပြုလုပ်လိုက်သည်။


သူမ၏ ကျိန်ဆိုချက်ကိုကြားသည့်အခါ စုန့်ထင်ရှန်း စိတ်တိုသွားသည်။ သူက တည်ကြည်သောအမူအယာဖြစ် ပြောလိုက်သည်။


" စကားကို ပုံမှန်အတိုင်းပဲပြောပါ ကိုယ့်ကိုကိုယ် ကျိန်စာမတိုက်နဲ့ ... မင်းက အမေတစ်ယောက်ဖြစ်နေပြီပဲ ဘာလို့ မတွေးတော မဆင်ခြင်ပဲ ဒါမျိုးပြောရတာလဲ ဖွီလို့သုံးကြိမ်ပြောလိုက် မြန်မြန် ..."


ယွမ်ရှ သူပြောသည့်အတိုင်းသာလုပ်ပြီး သူ့ပခုံးပေါ်တွင်မှီကာ သနားစဖွယ်အသံဖြင့် ပြောလိုက်သည်။


" သူပြောတာတွေ မှန်တယ်လို့ ရှင်အထင်လွဲသွားမှာ စိုးရိမ်လို့ပါ ... ကျွန်မရဲ့ ဘယ်ဘက်ခါးမှာ မှဲ့တစ်လုံးရှိပြီး နားရွက်နောက်မှာ အမာရွတ်ရှိတာ ဟုတ်တယ်လေ ... ရှင် အဲ့ဒါ ပြောလိုက်ချိန်မှာ ကျွန်မကြောက်လွန်းလို့ သေမတတ်ဖြစ်သွားတာပဲ ... သူ အဲ့လို ပြောလိုက်တော့ ကျွန်မ မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် အပြစ်ကင်းမှုကို သက်သေပြလို့ မရတော့ဘူး ... ယုံတာ မယုံတာ အပထားဦး သူက ကျွန်မအပေါ် ရေညစ်ပတ်တွေ လောင်းချလိုက်ပြီလေ ... ရှင်သာ ဒီကိစ္စကို အဆုံးအထိ မစုံစမ်းခဲ့ရင် ရှင့်ရင်ထဲမှာ အမြဲတမ်း

ဆူးတစ်ချောင်း စိုက်နေတော့မှာ ... ဒီလိုလုပ်‌ရင်ရော ဘယ်လိုလဲ ... ရှင့်မှာ ရှိသမျှ အဆက်အသွယ်တွေကိုသုံးပြီး စုံစမ်းကြည့်လိုက်ပါ ... တကယ်လို့ ဒီအလုပ်မလုပ်ခင် ကျွန်မနဲ့သူ သိခဲ့တယ်ဆိုရင် ကျွန် ... ကျွန်မတို့ ကွာရှင်းကြတာပေါ့ ..."


စုန့်ထင်ရှန်း အမှန်ပင် ဒေါသထွက်လာသည်။ သူ အားသုံးပြီး ယွမ်ရှ၏ လက်ကောက်ဝတ်ကိုဆွဲလိုက်သည်။ သူ၏မျက်ဝန်းထဲတွင်လည်း ဒေါသဖြင့် ပြည့်နေသည်။


" ဒီလို အသေးအဖွဲ ကိစ္စလေးကြောင့်နဲ့ မင်းက ကွာရှင်းချင်တာလား ... မင်းစိတ်ထဲမှာ အိမ်ထောင်ရေးတစ်ခုက အဲ့လောက် ကျိုးပဲ့လွယ်နေလား ..."


အသေးအဖွဲကိစ္စလေးတဲ့လား ... သူ့စိတ်ထဲ ဒီကိစ္စက ရေးကြီးခွင်ကျယ် ဖြစ်‌မနေဘူးပေါ့ ... ဒါဆိုရင် ...


ယွမ်ရှ ရယ်ချင်လာသော်လည်း တစ်ချိန်တည်းတွင် ငိုချင်လာပြန်သည်။


ဒီလူက အရမ်းစိတ်သဘောထားကောင်းလွန်းတဲ့လူပဲ ...


သူမ ရေရွတ်လိုက်မိသည်။


" ယောက်ျားတွေ အကြောက်ဆုံးအရာက သစ္စာဖောက်ခံရမှာကိုမလား ... တကယ်လို့ ချင်ယွီနဲ့ ကျွန်မကြားထဲ တစ်ခုခု ရှိခဲ့မယ်ဆိုရင် ရှင့် တစ်ဘဝလုံး ဒါကို စိတ်ထဲရှိနေမှာပေါ့ ... အဲ့လိုဖြစ်နေတာထက်စာရင် ကွာရှင်းလိုက်တာ ပိုကောင်းပါတယ် ..."


xxxxxxx