အပိုင်း (၂၆၂)
Viewers 31k

Chapter 262


ထိုစကားများကို သူမစိတ်ထဲတွင် အထူးတလည်တွေးတော၍ ပြောလိုက်ခြင်းမဟုတ်သော်လည်း သူမဂရုတစိုက် ပြန်စဉ်းစားကြည့်သည့်အခါ ၎င်းတို့က သူမ၏ ခံစားချက် အစစ်အမှန်များသာ ဖြစ်နေသည်။ အတိတ်က သူမနှင့် စုန့်ထင်ရှန်းအကြားတွင် တစ်ယောက်နှင့်တစ်ယောက် ခပ်ကင်းကင်းသာနေထိုင်ခဲ့ကြသည်။ အကယ်၍ သူမနှင့် ချင်ယွီအကြား တစ်ခုခု ဖြစ်ခဲ့လျှင်ပင် သူတို့၏ ပလတ်စတစ်အိမ်ထောင်ရေးကို ထိခိုက်စေမည် မဟုတ်ပေ။ သို့ရာတွင် သူတို့နှစ်ယောက်ကြား ခံစားချက်များရှိလာသည့်အခါ မတုန်မလှုပ်သည့်ပုံစံဖြင့် ဆက်နေ၍ မရတော့ပေ။ 


စုန့်ထင်ရှန်း သူမကို ဖြတ်ပြောလိုက်သည်။


" ကိုယ်တို့ လက်မထပ်ခင်က လက်ထပ်ပြီးသွားရင်လည်း တစ်ယောက်ရဲ့ဘဝကို တစ်ယောက်က ဝင်မစွက်ဖက်ဖို့ သဘောတူခဲ့ကြတယ် ... ကိုယ်က ယောက်ျားတစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးသမားတစ်ယောက်လည်း ဖြစ်တော့ သဘောတူညီမှုတစ်ခုက ဘယ်လောက်အရေးပါတယ်ဆိုတာ သိတယ် ... တကယ်လို့ မင်းနဲ့ချင်ယွီကြားမှာ တစ်ခုခုရှိခဲ့ရင်တောင် ကိုယ်စိတ်ဆိုးသွားတာတော့ ဖြစ်နိုင်ပေမယ့် ကွာရှင်းမှာတော့ မဟုတ်ဘူး ... ကိုယ် အဲ့ကိစ္စကိုတွေးမိတိုင်း စိတ်ခုနေနိုင်ပေမယ့် ဒီကိစ္စကြောင့်တော့ မင်းနဲ့ ခွဲမှာမဟုတ်ဘူး ... အိမ်ထောင်ရေး၊ မိသားစု နဲ့ စိတ်ခံစားချက်တွေပ မင်းအတွက် ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကိုယ့်အတွက်တော့ အရမ်းအရေးကြီးတယ် ..."


" ကိုယ်က သဘောထားမကြီးတဲ့ လူပျော့လူညံ့တစ်ယောက်လို့ မင်းကိုယ်ကို ထင်ရင်ထင်မှာပဲ ဘာလို့လဲဆိုတော့ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို  တွေးဆနိုင်လို့ပဲ ..."


စုန့်ထင်ရှန်း၏ အသံက ဖော်ပြ၍ မရနိုင်အောင် ဝမ်နည်းသွားပုံပေါ်သည်။

" ကိုယ် စဉ်းစားကြည့်ပြီးတဲ့နောက် မင်းက ပိုပြီးအရေးကြီးတယ်ဆိုတာ သိလိုက်ရတယ် ..."


သူ၏စကားများကြောင့် ယွမ်ရှ အံ့အားသင့်သွားမိသည်။ သူမ၏ အမြင်အရဆိုလျှင် ယောက်ျားတစ်ယောက်က သူ၏ဇနီးကို မချစ်မနှစ်သက်ပါကလည်း ဖောက်ပြန်နေသည်ဟု သိရှိသွားပါက သည်းခံနိုင်မည်မဟုတ်ပေ။ ချင်ယွီကလည်း ထိုအကြောင်းကိုတွေးမိသောကြောင့် ဤသို့သောလှည့်စားချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ စုန့်ထင်ရှန်းကို ဤကိစ္စကြောင့် ဦေဒေါသထွက်စေပြီး သူတို့ကြားတွင် ပဋိပက္ခများဖြစ်ပွားစေကာ ကွာရှင်းသည့် အခြေအနေထိအောင် ရောက်သွားစေခြင်းဖြစ်လိမ့်မည်။


သို့ရာတွင် သူမနှင့် ချင်ယွီက စုန့်ထင်ရှန်းကို အထင်မှားသွားပုံရသည်။


စုန့်ထင်ရှန်းက မိသားစုကို အလွန်ဂရုစိုက်သည်။ သူငယ်ရွယ်စဉ်အချိန်တည်းက မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရ၍ အခြားလူများထက်ပို၍ မိသားစုကို တောင့်တသည်။ ယခုအခါတွင် သူ့အတွက် မိသားစုတစ်ခု တည်ရှိနေပြီဖြစ်၍ မည်သို့သော ကိစ္စကြီးများပေါ်ပေါက်လာသည်ဖြစ်စေ သူ၏ပထမစားပေးအရာက မိသားစုမပြိုကွဲအောင် ထိန်းသိမ်းရန်ဖြစ်သည်။


၎င်းက သူ သတ္တိမရှိခြင်း သို့မဟုတ် ဒေါသဖြစ်ခြင်းကြောင့် မဟုတ်ပဲ သူ့အ‌တွက် အရေးကြီးသည့်အရာကို နားလည်သောကြောင့်ဖြစ်သည်။


ယွမ်ရှက သူ့လက်မောင်းကို ဖက်ထားလိုက်သည်။ သူမ ခေါင်းငုံ့ပြီး စိတ်ခံစားချက်များဖြင့် ပြည့်နေသည့် မျက်ဝန်းကို ဖုံးကွယ်ထားလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။


" စုန့်ထင်ရှန်း ကျွန်မသူနဲ့ မပတ်သက်ခဲ့ပါဘူး ..."


သူမနှင့် ချင်ယွီအကြားတွင် ပတ်တသက်မှု မရှိခဲ့ပေ။ 


စုန့်ထင်ရှန်းခဏတာ တိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

" ကိုယ် မင်းကိုယုံပါတယ် ..."


" မဟုတ်သေးဘူး ..."

ယွမ်ရှ ခေါင်းခါလိုက်သည်။


" ရှင် စုံစမ်းကြည့်သင့်တယ် ... ရှင်က ကျွန်မကို ယုံတယ်ဆိုပေမယ့် ကျွန်မက ဒီအိမ်ထောင်ရေးမှာ အမှားအယွင်းတစ်ခုမှ မလုပ်ခဲ့ဘူးဆိုတာ ရှင့်ကို ကိုယ်တိုင်အတည်ပြုစေချင်သေးတယ် ..."


မူလပိုင်ရှင်ဖြစ်စေ သူမဖြစ်စေ နှစ်ယောက်လုံးက အိမ်ထောင်ရေးဟူသည့် စည်းမျဉ်း၏အပြင်သို့ ခြေလှမ်းလှမ်းကာ မသင့်လျော်သည့် ကိစ္စများ မလုပ်ခဲ့သည်ဖြစ်၍ သူမကို ကြီးမားသော ယုံကြည်ချက်များပေးနေခြင်းဖြစ်သည်။ စုန့်ထင်ရှန်းက စုံစမ်းသည်ဖြစ်စေ ချင်ယွီက သူမကို ရေညစ်ပတ်များလောင်းချသည်ဖြစ်စေ မည်သည့်အရာမှ ထွက်လာမည်မဟုတ်ပေ။  သို့ဖြစ်၍ သူမက စုန့်ထင်ရှန်းကို ရှင်းလင်းစွာ သိစေလိုသည်။ ဆက်ဆံရေးတစ်ခုတွင် ယုံကြည်မှုက အဓိကကျသောနေရာမှ ပါဝင်သည်။ သေးငယ်သောကိစ္စဖြစ်စေ ကြီးမားသောကိစ္စ‌ဖြစ်စေ ယုံကြည်မှုကသာ အရာအားလုံးကို ဆုံးဖြတ်ပေးသည်။


စုန့်ထင်ရှန်းက သူမကို ယုံကြည်မှုများပေးခဲ့၍ သူမကလည်းသူ့ကို အမှန်တရားအား သိရှိစေရမည်ဖြစ်သည်။


" ကောင်းပါပြီ ..."


သူတို့နှစ်ယောက် ဘာမှ ဆက်မပြောကြတော့ပေ။ 


စုန့်ထင်ရှန်းက အံဩဖွယ်ရာလူတစ်ယောက်ဟု ယွမ်ရှ မတွေးပဲ မနေနိုင်ပေ။ ဤကိစ္စက သူတို့အကြားတွင် ကိစ္စကြီးတစ်ခုဟုပြောနိုင်သော်လည်း သူမကို ဒေါသမထွက်ခဲ့ပေ။

ဒါက ရင့်ကျက်ပြီးသား ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုများလား ...


သူတို့ ဤနေရာတွင် မည်မျှကြာကြာထိုင်နေသည်ကို သူမ မသိပေ။ စုန့်ထင်ရှန်းက ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" မင်းရဲ့ ဘယ်လက်ခါးက မှဲ့နဲ့ နားရွက်နောက်က အမာရွတ်ကို ကြည့်ချင်တယ် ..."


ယွမ်ရှ အံ့အားသင့်မှာကြောင့် အေးခဲတောင့်တင်းသွားပြီး "အယ်" ဟုသာ ပြောနိုင်တော့သည်။ သူ ရုတ်တရက် ထိုသို့ပြောလာခြင်းကို သူမ နားမလည်နိုင်ပေ။  သူမ ခေါင်းငုံ့ပြီး သူ့ကိုကြည့်လိုက်သည်။


သူကလည်း သူမကို ပြန်ငုံ့ကြည့်နေပြီး မနည်းသည်းခံထားရသည့်အသံဖြင့် သူမေးလိုက်သည်။


" ကိုယ် ကြည့်လို့ရမလား ..."


xxxxxxx