Chapter 136
အကယ်၍ ရွှယ်ဟုန်ယန်ကို စေလွှတ်ပါကလည်း သူ့အနေဖြင့် ရေထဲတွင် စစ်ပွဲတစ်ခါမှ မဆင်နွှဲဖူးသဖြင့် စိတ်ချနိုင်မည် မဟုတ်ပေ။ ထိုလူက လုံးလုံးလျားလျား မြေပြင်၌သာ တိုက်ခိုက်သည့် စစ်သားတစ်ယောက်သာ ဖြစ်သည်။ အကယ်၍ ဖုန့်မင်က တစ်ဖက်မှ မြို့တော်သို့ ခိုးဝင်တိုက်ခိုက်ရန် စေလွှတ်လိုက်မည် ဆိုပါက သူက အစောင့်အကြပ် ရှိနေရမည် ဖြစ်သောကြောင့် ရွှယ်ဟုန့်ယန်အနေဖြင့် မြို့တော်ရှိ ကျန်ရစ်သော တပ်များကို ဦးဆောင်ရန် လိုအပ်ပေသည်။
ထန့်ယွင်သည်သာ ရေတပ်စစ်ဆင်ရေးအတွက် သင့်လျော်သည့် တစ်ဦးတည်းသော စစ်သေနာပတိ ဖြစ်ပြီး ရွှယ်ဟုန့်ယန်က မြို့တော်ကို စောင့်ကြပ်ပေးရန် သင့်တော်ပေသည်။ ဤသည်မှာ အဆင်ပြေသည့် တာဝန် ခွဲဝေရေး နည်းလမ်း ဖြစ်၏။
အရှင်မင်းကြီး ခက်ခက်ခဲခဲ တွေးတောနေရသဖြင့် ကျန်းယွီက သူ့ပါးစပ်ပင် မဟရဲပေ။ ထို့ကြောင့် လန်းဆန်းစေသည့် လက်ဖက်ရည် တစ်အိုးလောက် သွားယူရန် အပြင်သို့ ထွက်သွားလေသည်။
သူ ခန်းမထဲမှ ထွက်လာသည်နှင့် ထန့်ယွင်နှင့် တွေ့လိုက်ရသည်။ ထို့နောက် ကျန်းယွီက ထန့်ယွင်ကို နှုတ်ခွန်းဆက်သလိုက်၏။
ထန့်ယွင်က မေးလိုက်သည်။
“အရှင်မင်းကြီး အထဲမှာ ရှိလား…”
“မနက်ပိုင်း ညီလာခံကနေ ပြန်လာတည်းက သူ ပလ္လင်ပေါ်မှာ ထိုင်နေတာ… စကားလည်း မပြောဘူး ငူငူကြီး ထိုင်နေတယ်… ကျွန်တော်မျိုး တကယ့်ကို စိုးရိမ်နေလို့ပါ…”
ကျန်းယွီက ဤကဲ့သို့ ပြန်ဖြေလိုက်သည်။ ထို့နောက် ထန့်ယွင်က စကားတစ်ခွန်းမှ မပြောတော့ပေ။ ခန်းမထဲသို့ လမ်းလျှောက်သွားပြီးနောက် နွေးထွေးသော အခန်းထဲသို့ ဝင်သွားလေသည်။ ထိုစဉ် ရွှယ်ကျွင်းလျန်က မလှမ်းမကမ်းမှ မြေပုံကိုသာ ငေးကြည့်နေ၏။
ထန့်ယွင်က အခန်းထဲသို့ ဝင်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ ထိုအခါ ရွှယ်ကျွင်းလျန်က အတွေးထဲတွင် မျောနေရာမှ သတိပြန်ဝင်လာလေသည်။
“ထန့်ယွင် ရောက်နေပြီကိုး… မင်း က်ိုယ်တော်နဲ့အတူတူ နေ့လယ်စာ စားချင်လား…”
“အရှင်မင်းကြီး ဘာတွေ စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ… ကျွန်တော်မျိုးကို ပြောပြနိုင်မလား…”
“ဘာမှမဟုတ်ပါဘူး… စစ်ပွဲအကြောင်းပဲ စဉ်းစားနေတာပါ… စစ်ပွဲတစ်ခု စတင်တဲ့အခါမှာ လူအင်အားနဲ့ ငွေကြေး အကုန်အကျတွေ မရေမတွက်နိုင်အောင် ဆုံးရှုံးမှုရှိတယ်ဆိုတာကို မင်းလည်း သိပါတယ်… အဲ့ဒါကြောင့် အမြန်ဆုံး အနိုင်ရနိုင်မယ့် နည်းလမ်းကို စဉ်းစားဖို့ လိုတယ်…”
“အရှင်မင်းကြီးက အခု မင်မြစ်ဆီ စေလွှတ်ဖို့ စစ်သေနာပတိကို ရွေးချယ်နေတာလား…”
ရွှယ်ကျွင်းလျန်က ပြုံးလိုက်၏။
“ကိုယ်တော်တို့တွေ ဒီရက်ပိုင်း အခြေအနေသစ်နဲ့ ကောင်းကောင်းကြီး အသားကျလာပြီပဲ…”
“လန့်ကျင်းရဲ့ စကားတွေဟာ ဒီမနက် ကျွန်တော်မျိုးတို့ ပြောခဲ့တာတွေရဲ့ တစ်ဝက်လောက် ပြောသွားတာပဲ… သူ့လို လူတစ်ယောက်ရဲ့ ဧကရာဇ်ရဲ့ စိတ်ထဲမှာ ရှိနေတာကို ခန့်မှန်းဖို့ ဖြစ်နိုင်ပါ့မလား…”
ထန့်ယွင်က ပြောသည်။ ရွှယ်ကျင်းလျန်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး တစ်ဖက်သို့ လှည့်ရင်း ပြောလိုက်သည်။
“ထန့်ယွင် စိတ်မပူပါနဲ့… ထန့်ယွင် မင်း ယွင်ဖုန့်နန်းဆောင်ကို ပြန်သွားတော့… ငါကိုယ်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားကြည့်ချင်သေးတယ်…”
“အရှင်မင်းကြီး…”
ထန့်ယွင်က ထွက်မသွားဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
“အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ စဉ်းစားထားတဲ့တစ်ယောက် ရှိတယ်မလား… ဘာလို့ ထုတ်မပြောတာလဲ…”
ထို့နောက် သူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ဘာလို့ ကျွန်တော်မျိုးကို သွားခွင့်မပြုနိုင်ရတာလဲ…”
ရွှယ်ကျွင်းလျန်က သူ့ဒေါသကို ထွက်ပေါက်ရှာချင်နေပုံရသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး ထန့်ယွင်ကိုလည်း သူ့အနားသို့ လာထိုင်ခိုင်းလိုက်လေသည်။ နဂါးပလ္လင်ပေါ်၌ ဧကရာဇ်ကိုယ်တိုင်မှ လွဲ၍ မည်သူမှ မထိုင်နိုင်သော်လည်း ဤရက်ပိုင်းအတွင်း ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့်အတူ နဂါးပလ္လင်ပေါ်တွင် အတူတူ ထိုင်နေကျဖြစ်သောကြောင့် ရွှယ်ကျန်းကျန်ဘေးတွင် သဘာဝကျကျ ဝင်ထိုင်လိုက်သည်။
ထိုစဉ် ရွှယ်ကျွင်းလျန်က ပလ္လင်ပေါ်တွင် ကျောမှီထားရင်း ခေါင်းမော့ကာ ပြောလိုက်၏။
“ထုံးစံအတိုင်းပဲ ငါ မင်းကို မသွားစေချင်ဘူး… သာမန်တိုင်းသူပြည်သားတွေတောင် သူတို့ရဲ့ မိသားစုတွေကို စစ်မထွက်စေချင်ကြဘူးလေ… ငါ့အတွက် အလေးအနက် ထားရတဲ့ လူတစ်ယောက်ကို ငါ့အနေနဲ့ ဘယ်လိုလုပ်ပြီး စစ်ပွဲထဲကို စေလွှတ်နိုင်မှာလဲ…”
ထန့်ယွင်က စကားတစ်ခွန်းမှ ပြန်မပြောသလို ဘုရင်ကြီး၏ မျက်နှာကိုလည်း မကြည့်ဝံ့ပေ။ ရွှယ်ကျွင်းလျန်က သူ့လက်လေးကို ညင်သာစွာ ဆုပ်ကိုင်ထားရင်း ပြော၏။
“မင်မြစ်မှာ စစ်တိုက်ဖို့အတွက် ငါ မင်းကို နောက်ဆုံးတစ်ခေါက် လွှတ်လိုက်တုန်းက မင်း သေသွားပြီဆိုတဲ့ သတင်း မြို့တော်ကို ရောက်လာတယ်… အဲ့ဒီကာလတွေတုန်းက ငါ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရတယ်ဆိုတာ မင်း သိမှာတောင် မဟုတ်ဘူး…”
ထန့်ယွင်ကလည်း သူ့လက်ကို လွှတ်ချခြင်း မပြုပေ။ သူတို့နှစ်ယောက်သား လက်ချင်းချိတ်ကာ တစ်ယောက်ကို တစ်ယောက် နွေးထွေးမှုကို ခံစားနေရသည်။ ထန့်ယွင်က ပြော၏။
“အရှင်မင်းကြီး… ထန့်ရှင်းလိုမျိုးပဲ ကျွန်တော်မျိုးတို့ရဲ့ ဘဝတွေက စစ်မြေပြင်အတွက် ပြင်ဆင်ထားကြတယ် ဆိုတာ သိပါသလား… ကျွန်တော်တို့လိုမျိုး ယောက်ျားသားတွေက သက်တောင့်သက်သာ နေရဖို့ ဘယ်လိုလုပ်ပြီး လောဘကြီးနေလို့ ရမလဲ… ပြီးတော့ အရှင်မင်းကြီး စဉ်းစားကြည့်ဖူးလား… ဧကရာဇ်တရားရုံးတော်က ဝအမတ်ကြီးတွေက အမတ်ကြီးထန့်နန်ကို ဘယ်လိုမျိုး တန်ဖိုးဖြတ်နေကြသလဲဆိုတာကိုရော အရှင်မင်းကြီး ကြားဖူးလား… ကျွန်တော်မျိုးက ဒီလိုလူမျိုး မဟုတ်ဘူး… အရှင်မင်းကြီးက ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့လူ ဆိုတော့ အမှန်အတိုင်း ပြောပြမယ်… ကျွန်တော်မျိုး အရမ်း စိတ်လှုပ်ရှားပြီးတော့ အရမ်းကို ပျော်ရွှင်ရတယ်… ဒါပေမဲ့ အဲ့ဒီအမတ်ကြီးတွေနဲ့ ရွှယ်တိုင်းပြည်က လူတွေကို ကျွန်တော်မျိုးဟာ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ထိုက်တန်ကြောင်း ကျွန်တော် ပြောပြချင်တယ်… ကျွန်တော့်ရဲ့ တန်ဖိုးနဲ့ အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုကို အမှန်တကယ် ထိုက်တန်တယ်ဆိုတာ ပြချင်တယ်…”
ဤစကားကို ကြားသောအခါ ရွှယ်ကျွင်းလျန်က သူ့ခေါင်းကို လှည့်ကာ ထန့်ယွင်ကို ကြည့်လိုက်သည်။
ထို့နောက် ထန့်ယွင်က ပြုံးရွှင်စွာ ပြောလိုက်လေ၏။
“အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ အကောင်းဆုံး သေနာပတိကို စဉ်းစားထားတာ ရှိမှာပါ… ဧကရာဇ်အမိန့်တော်ကို ရေးသားဖို့ တစ်ယောက်ယောက်ကို ဆင့်ခေါ်လိုက်ပါလား…”
ထိုအချိန်မှာပင် နန်းတော်ထဲသို့ ရွှယ်ဟုန်ယန်နှင့် ထန့်ရှန်တို့ ဝင်ရောက် လာကြသည်။ ရွှယ်ဟုန်ယန်က ကျောက်လု၏ စစ်ရေးအစီအမံများအကြောင်း လျှို့ဝှက်အစီရင်ခံစာကို လက်ခံရရှိခဲ့လေ၏။ ကျောက်ထုံ ဦးဆောင်သည့် စစ်တပ်များမှာ မက်မွန်ပွင့်ရေကန်အနီး ဆယ်မိုင်အကွာခန့်တွင် လုရှစ်ချန်ကို ရှုံးနိမ့်ခဲ့ကြသည်။ ဆယ်မိုင်အကွာတွင် ကျောက်ထုံက စခန်းချပြီး ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ထန့်ယွင်က စာကို ဖတ်ကြည့်ပြီးနောက် သူ့မျက်နှာထားမှာ အနည်းငယ် လေးနက်သွားပြီး ဤသို့ ပြောလိုက်သည်။
“ကျောက်ထုံ ထောင်ချောက်ထဲ ကျသွားနိုင်တယ်…”
ထို့နောက် သူက မတ်တပ်ထရပ်လိုက်ပြီး မြေပုံဆီသို့ လမ်းလျှောက်သွားကာ တည်နေရာတစ်ခုကို ညွှန်ပြပြီး ဆက်ပြောလေသည်။
136.2
“မင်မြစ်ရဲ့ တောင်ဘက်ပိုင်းရဲ့ တစ်နှစ်ပတ်လုံး အမြဲတမ်း မိုးရွာလေ့ရှိတယ်… ရေကြီးရေလျှံမှုတွေ ဆက်တိုက် ဖြစ်ပွားလေ့ရှိတာကြောင့် အဲ့ဒီဒေသက လမ်းတွေကို လုံးဝ ပြုပြင်မွမ်းမံထားကြရတယ်… ရာသီဥတုက အမြဲတမ်း စိုစွတ်နေပြီးတော့ လမ်းတွေကလည်း ညီညာမှု မရှိကြဘူး… အဲ့ဒီအကြောင်းပြချက်တွေကြောင့် ဖုန့်စစ်တပ်ဟာ ရှေ့တန်းကို ရိက္ခာတွေပို့ဖို့အတွက် အခက်အခဲ ဖြစ်နေကြတယ်… ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေက စစ်တပ်တစ်ခု ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် အခြေခံကျတယ်… ရိက္ခာ ပြတ်တောက်သွားပြီ ဆိုတာနဲ့ စစ်တပ်ဟာ ကမောက်ကမ ဖြစ်သွားပြီးတော့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး တိုက်ခိုက်နိုင်ကြတော့မှာ မဟုတ်ဘူး… လုရှစ်ချန်က ထက်မြက်တဲ့ လူတစ်ယောက်ပဲ… ပြီးတော့ မကြာသေးခင်က ဖုန့်တိုင်းပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖုန့်စစ်တပ်တွေဆီ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို မပို့ဆောင်နိုင်လောက်သေးဘူး… အဲ့ဒါကြောင့် သူက ကျောက်ထုံတို့ရဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ချေးငှားချင်နေတာပဲ ဖြစ်ရမယ်… အစီရင်ခံစာထဲမှာ ပြောထားပုံအရဆိုရင် ကျောက်ထုံရဲ့ ဆုံးရှုံးမှုတွေက အများကြီးတော့ မဟုတ်ဘူး အလွယ်တကူ ပြန်တိုက်ယူလို့ ရနိုင်လောက်တဲ့ နယ်မြေ ဆယ်မိုင်လောက်ပဲ… ဒါပေမဲ့ ကျွန်တော်ရဲ့ အမြင်အရ ဒီလိုအခြေအနေမျိုးမှာ လုရှစ်ချန်က နောက်ကနေလိုက်ဖို့ တပ်ဖွဲ့တွေကို စေလွှတ်မှာ မဟုတ်ဘူး… တကယ်တော့ သူ့အနေနဲ့ ကျောက်ထုံကို အနိုင်ယူဖို့ မသေချာဘူး ဆိုပေမယ့် သူ့စခန်းကို သိမ်းပိုက်ချင်ရုံလောက်ပဲ… ကျောက်ထုံက အလျင်အမြန် ဆုတ်ခွာသွားတယ်… သူ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံး အဝေးကြီးထိ ပို့ဆောင်ဖို့ အချိန် အလုံအလောက် ရလိုက်မှာ မဟုတ်လောက်ဘူး… လုရှစ်ချန်က စခန်းကို သိမ်းပိုက်ဖို့အတွက် တပ်ဖွဲ့တွေကို စေလွှတ်တယ်ဆိုတာက စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်း တစ်သုတ်ကို သိမ်းယူဖို့အတွက်ပဲ… အခု ကျောက်ထုံက ဆယ်မိုင်အကွာမှာ စခန်းချပြီးတော့ နောက်တစ်ကြိမ် တိုက်ခိုက်နေပြီ… သူ့ဆီက စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်း တစ်ချို့တစ်ဝက်ကိုတော့ စွန့်လွှတ်လိုက်ရမယ် ထင်တယ်…”
သူ့စကား အဆုံးသတ်သွားသည်နှင့် ထန့်ရှန်က ခေါင်းငြိမ့်ကာ ပြောလေသည်။
“လုရှစ်ချန်က သိပ်ကို အသိဉာဏ် ကြွယ်ဝတယ်… သူက တိုက်ရည်ခိုက်ရည် မကောင်းဘူးဆိုပေမယ့် ရန်သူရဲ့ စိတ်နှလုံးကိုတော့ ကောင်းကောင်းကြီး တိုက်ခိုက်တတ်တယ်… ဘယ်အချိန် ဝင်ရမယ်၊ ဘယ်အချိန် ဆုတ်ခွာရမယ်ဆိုတာကိုလည်း သိတယ်… သုံးချီ တိုက်ခိုက်ရုံနဲ့ စားနပ်ရိက္ခာ ပြတ်လတ်မှုကြောင့် ကျောက်ထုံဟာ မက်မွန်ပွင့်ရေကန်ကို ဖုန့်စစ်တပ်ဆီမှာ လက်လွှတ်ဆုံးရှုံးလိုက်ရလိမ့်မယ်…”
ထို့နောက် ရွှယ်ဟုန်ယန်က ပြော၏။
"အရှင်မင်းကြီး… ဧကရာဇ်အမိန့်တော်ကို အမြန်ဆုံး ထုတ်ပြန်ပေးပါတော့… မက်မွန်ပွင့်ရေကန်ဆီကို ချက်ချင်း တပ်ဖွဲ့တွေ စေလွှတ်ပေးပါ… တကယ်လို့ မက်မွန်ပွင့်ရေကန်ကိုသာ ဆုံးရှုံးလိုက်ရရင် စစ်သူကြီးကျောက်လုရဲ့ မြစ်ရှုခင်းတောင်ကုန်းဟာ အန္တရာယ် ကျရောက်ပါတော့မယ်… မက်မွန်ပွင့်ရေကန်ကို ဆုံးရှုံးလိုက်ရတာနဲ့ ဖုန့်စစ်တပ်ဟာ မြစ်ရှုခင်းတောင်ကုန်းကို ဝိုင်းထားနိုင်ပါတယ်… ရွှယ်စစ်တပ်ရဲ့ ရိက္ခာနဲ့ ရေ ကုန်ဆုံးသွားပြီ ဆိုရင် မြစ်တောင်ကုန်းရှုခင်းက စစ်တပ်မှာ ရှိတဲ့ တပ်သားတွေ လက်နက်မချဖို့ ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ပါဘူး…”
ရွှယ်ကျွင်းလျန်က အစီရင်ခံစာကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည်။ အာဏာရှင် ဧကရာဇ်တစ်ပါးအနေဖြင့် ပထမဆုံးအကြိမ် စိတ်ထဲတွင် အနည်းငယ် မပြင်ဆင်ထားသလို ဖြစ်နေခြင်းပင်။ အကြောင်းမှာ ရွှယ်ကျွင်းလျန်၏ ဉာဏ်ပညာနှင့် စွမ်းရည်မှာ အခြားလူလောက် မကောင်းမွန်သောကြောင့် မဟုတ်ဘဲ သူ့စိတ်ခံစားချက်များက အတားအဆီး ဖြစ်နေသောကြောင့် ဖြစ်သည်။
ဤအခိုက်တွင် ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို မော့ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် ထန့်ယွင်ကလည်း သူ့ကို ပြန်ကြည့်လိုက်သော်လည်း သူပြောသည်မှာ အမှန်ပင်။ ထို့နောက် ရွှယ်ကျွင်းလျန်က ချက်ချင်း ပြောလိုက်သည်။
“အခုချက်ချင်း လန့်ကျင်းကို ဒီ လာခိုင်းလိုက်… ငါကိုယ်တော် သူ့ကို ဧကရာဇ်အမိန့်တော် ရေးသားစေချင်တယ်… အမတ်ကြီးထန့်နန်ကို စစ်သေနာပတိအဖြစ် ခန့်အပ်ပြီးတော့ မင်မြစ်ဆီ အတတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့အတွက် တပ်ဖွဲ့တွေကို စုစည်းလိုက်စေ…”
ဆင့်ခေါ်ခံရပြီးနောက် လန့်ကျင်းက နန်းတော်သို့ ချက်ချင်းပင် ရောက်ရှိလာသည်။ မနက်ခင်းညီလာခံ ပြီးနောက် စစ်ခုံရုံးသို့ ပြန်သွားခြင်း မရှိဟု ပြောလျှင် ပို၍ သင့်တော်ပေသည်။ ရွှယ်ကျွင်းလျန်က သူ့စိတ်ကို ပြင်ဆင်ထားမည် ဖြစ်ကြောင်း သိနေသောကြောင့် လန့်ကျင်းအနေဖြင့် သူ့ကို ဆင့်ခေါ်မည့်အချိန်အား စောင့်ဆိုင်းနေပုံ ရလေသည်။
လန့်ကျင်း ရောက်လာသည်နှင့် သူ့အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်၍ အချိန်ကြာမြင့်စွာ ရေးသားလိုက်သည်။ စကားလုံးများမှာ အင်မတန် စိတ်အားထက်သန်နေသောကြောင့် အဆုံးသတ် ဂုဏ်ပြုသည့် စကားလုံးများပင် ပျောက်ဆုံးနေ၏။
ရွှယ်ကျွင်းလျန်က ထိုစာရွက်ကို ယူလိုက်ပြီး စားပွဲပေါ်သို့ ပစ်တင်ကာ စာရွက်ပေါ်တွင် အမတ်ကြီးထန့်နန်၏ နာမည်ကို ရေးလိုက်ပြီး ဧကရာဇ်တံဆိပ်တုံး ရိုက်နှိပ်ပေးလိုက်သည်။
နောက်တစ်နေ့မနက်တွင် ရွှယ်ကျွင်းလျန်က သူ၏ အမတ်မင်းများအား ဧကရာဇ်အမိန့်တော်ကို လူအများရှေ့တွင် ဖတ်ပြခိုင်းလိုက်ပြီး စစ်သေနာပတိအား ဂုဏ်ပြုသည့် စင်မြင့်တစ်ခု တည်ဆောက်ရန် အမိန့်ပေးလိုက်သည်။ ထိုအခါ အမတ်မင်းများ အားလုံး၏ မျက်နှာပေါ်တွင် အမူအရာများမှာ အမျိုးမျိုး ဖြစ်ကုန်ကြလေသည်။
စစ်သေနာပတိအား ဝတ်ပြုဆုတောင်းပေးသည့် ပွဲတော်မှာ အလွန် ကြီးကျယ်ခမ်းနားလွန်းလှ၏။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး တက်ရောက်ခဲ့ကြသည်။ ထန့်ယွင်၏ နောက်သို့ လှည့်၍ သူ့မြင်းကို စီးရင်း တပ်ဖွဲ့များကို နောက်တစ်ကြိမ် ဦးဆောင်နေသည့် ပုံစံကို ရွှယ်ကျွင်းလျန် နောက်တစ်ကြိမ် ထပ်မံ၍ မြင်တွေ့လိုက်ရသည်။
လေတဖြူးဖြူး တိုက်ခတ်နေသောကြောင့် ရွှယ်ကျွင်းလျန်က သူ့မျက်လုံးများကို မှေး၍ မြင်းစီးသွားသော ထန့်ယွင်၏ နောက်ကျောကို ရှင်းရှင်းလင်းလင်း မမြင်ရတော့သည်အထိ ကြည့်နေရင်းမှာပင် နောက်ဆုံး လေထဲ၌ တလူလူ လွင့်နေသော သူ့စစ်သေနာပတိ၏ အလံကို ခပ်ဝါးဝါးသာ မြင်ရတော့သည်။
အချိန်က မည်သူတစ်ဦးတစ်ယောက်ကိုမှ မစောင့်နေသည့်အတွက်ကြောင့် ထန့်ယွင်က သူ့တပ်များနှင့်အတူ မက်မွန်ပွင့်ရေကန်၌ ကျောက်ထုံ၏ ရှုံးနိမ့်မှုပြဿနာကို ဖြေရှင်းရန်အတွက် မရပ်မနား ဒုန်းစိုင်း၍ ထွက်လာခဲ့သည်။ ထုံးစံအတိုင်း သူက တပ်ဖွဲ့ကြီး တစ်ခုလုံးကို သူ့နောက်သို့ ချက်ချင်း မလိုက်စေဘဲ နည်းနည်းချင်းစီ အုပ်စုများ ခွဲ၍ သွားစေခဲ့သည်။
သူက လက်ရွေးစင်တပ်သား ၅၀၀၀ ကို တပ်ဦးအဖြစ် ဦးဆောင်ရန် အမိန့်ပေးလိုက်ပြီးနောက် ဒုတိယစစ်သူကြီးကို သူ့နောက်က တပ်များကို ဦးဆောင်ရန် စေခိုင်းလိုက်ပြီး သူက မက်မွန်ပွင့်ရေကန်ဆီသို့ အရင်ဆုံး ထွက်သွားလေသည်။
xxxxxxxx