အပိုင်း ၁၃၇
Viewers 17k

Chapter 137


ကျောက်ထုံက လုရှစ်ချန်၏ လက်ထဲတွင် သုံးကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီး ဖြစ်၏။ လက်ရှိတွင် စခန်းသစ်၌ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ မကျန်တော့ပေ။ ပြည်မကြီးမှ ဤနေရာသို့ သယ်ဆောင်လာရန်ကိုသာ စောင့်နေရသည်။ ကျောက်ထုံကား ထိတ်လန့်နေလေပြီ။ အကြောင်းမှာ အကယ်၍ ဤတစ်ကြိမ် တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပါက မက်မွန်ပွင့်ရေကန်ကို လုံးဝ လက်လွှတ်ပေးလိုက်ရမည် ဖြစ်သောကြောင့်ပင်။ သူ၏ ရှုံးနိမ့်မှုက ကျောက်လုကို စိတ်ပျက်လက်ပျက် အခြေအနေသို့ တွန်းပို့နေခြင်းနှင့် တူညီကြောင်းကိုလည်း သူ သိထားသည်။


ကျောက်ထုံက နောက်ဆုံးတစ်ခေါက် တိုက်ပွဲအကြောင်း တွေးတောနေသော်လည်း လုရှစ်ချန်မှာ အလွန်ပင် နည်းပရိယာယ် ကြွယ်ဝသူ ဖြစ်ပေသည်။ ဤတိုက်ပွဲတွင် ကျောက်ထုံ၏ တပ်သားများနှင့် မြင်းများကို ဝိုင်းရံထားကြပြီး ၎င်းမှာ ပုလင်းတစ်လုံးဖြင့် လိပ်များကို ဖမ်းဆီးခြင်းကဲ့သို့ ဖြစ်နေသည်။


ကျောက်ထုံမှာ ဆိုးရွားလှသည့် အခြေအနေသို့ ရောက်ရှိနေသည့်အခိုက် မြောက်ပိုင်းတွင် တပ်ဖွဲ့တစ်ဖွဲ့ တိုက်ခိုက်နေကြောင်း တပ်သားများထံမှ သတင်းစကား ကြားရလေသည်။ အစပိုင်းတွင် ထိုတိုက်ပွဲမှာ လုရှစ်ချန် စီစဉ်သည့် ခြုံခိုတိုက်ခိုက်မှုဟု ထင်နေခဲ့သော်လည်း နောက်ပိုင်းတွင် မဖြစ်နိုင်ကြောင်း သူ တွေးလိုက်မိသည်။ အကြောင်းမှာ ဖုန့်စစ်တပ်က ဖုန့်တိုင်းပြည်၏ တောင်ဘက်တွင် ရှိနေသောကြောင့် မြောက်ပိုင်းရှိ တပ်ဖွဲ့များကို တိုက်ခိုက်ရန် မည်ကဲ့သို့ စီမံနိုင်ပါမည်နည်း။


ထန့်ယွင်က လက်ရွေးစင်စစ်သည် ၅၀၀၀ နှင့်အတူ ရောက်ရှိလာပြီး လုရှစ်ချန်၏ တပ်များကို အစွန်အဖျားမှ ဝိုင်းရံထားလိုက်၏။ ဤနည်းအားဖြင့် အတွင်းရော အပြင်ပါ တိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ လုရှစ်ချန်၏ တပ်သားများနှင့် မြင်းများမှာ ရှုံးနိမ့်သွားခဲ့ရပြီး ဖရိုဖရဲ ဖြစ်ကာ မိုင် ၃၀ အကွာအဝေးထိ မောင်းထုတ်ခံလိုက်ရသောကြောင့် မက်မွန်ပွင့်ရေကန်၏ တောင်ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြလေသည်။


ကျောက်ထုံကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ပြန်လည်သိမ်းယူလိုက်သည့် စခန်းတွင် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ မရှိတော့ပေ။ လုရှစ်ချန်မှာ အလွန် သတိကြီးသူ ဖြစ်သောကြောင့် မှန်ကန်သော တွက်ချက်မှုများ ပြုလုပ်၍ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို သယ်ယူသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။


ထန့်ယွင်ကား အလျင်စလို ထွက်ခွာလာခဲ့ရခြင်း ဖြစ်သောကြောင့် သူနှင့်အတူ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ယူဆောင်လာရန် မဖြစ်နိုင်ပေ။ လက်ရှိအချိန်တွင် သူက တိုက်ပွဲကို အနိုင်ရခဲ့သော်လည်း အန္တရာယ်မှ အမှန်တကယ် မလွတ်မြောက်သေးပါ။


စစ်သေနာပတိမှာ ထန့်ယွင်ဖြစ်ကြောင်း ကျောက်ထုံ ကြားလိုက်ရသောအခါ သူက အပြစ်ရှိကြောင်းကို ဝန်ခံ၍ စစ်တပ်၏ ဂုဏ်သိက္ခာနှင့် ခံယူချက်ကို ခိုင်မာစေရန်အတွက် အပြစ်ဒဏ်ခံယူလိုသော ဆန္ဒ ရှိနေသည်။


ထိုစဉ် မြေကြီးပေါ်၌ ဒူးထောက်ထားသည့် ကျောက်ထုံကို ကြည့်ကာ ထန့်ယွင်က ဤသို့ ပြောလိုက်လေသည်။


“မင်းသာ အပြစ်ဒဏ် ခံယူရမယ်ဆိုရင် ဘယ်လို အပြစ်ဒဏ်မျိုး အပေးခံရမလဲဆိုတာရော မင်း သိရဲ့လား…”


ထန့်ယွင်က ကျောက်ထုံ ပြန်ပြောသည်ကို မစောင့်ဘဲ တစ်ချက် ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ဆက်ပြော၏။


“ဒါ ရာဇဝတ်မှုကြီးပဲ… စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဆုံးရှုံးခဲ့ရရုံတင်မကဘူး တပ်သားတွေရဲ့ ခံယူချက်လည်း ယိမ်းယိုင်သွားခဲ့ရတယ်… အကြိမ်ပေါင်းများစွာ အသက်သေဆုံးရမယ်ဆိုရင်တောင် မင်းကိုယ်မင်း အပြစ်တင်ရမှာပဲ… ငါသာ မင်းကို သတ်ပစ်လိုက်မယ်ဆိုရင် မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်သလို ဖြစ်နေမှာ မဟုတ်ဘူးလား…”


ကျောက်ထုံက တစ်ခုခု ပြောရန် ပါးစပ် ဟလိုက်သော်လည်း ဘာမှ မပြောဝံ့သဖြင့် ခေါင်းကိုသာ ငုံ့ထားလေသည်။


“အခုက လူအင်အားကို တိုးချဲ့ရမယ့်အချိန်ပဲ… မင်းသာ ချီးကျူးထိုက်တဲ့ ကိစ္စမျိုး လုပ်မယ်ဆိုရင် မင်းရဲ့ ပြစ်မှုတွေအတွက် အပြစ်ချမှတ်ခြင်း မပြုဘဲ မင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်…”


ထိုအခါ ကျောက်ထုံက ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေ ပေးရင်း ပြောလိုက်၏။


“ကျွန်တော်မျိုး စစ်သူကြီးအတွက် အကောင်းဆုံး တာဝန်ထမ်းရွက်ပါ့မယ်…”


ထို့နောက် ထန့်ယွင်က ပြောလေသည်။

" အခု အရေးအကြီးဆုံးတာဝန်က စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပဲ…ငါတို့တွေဆီမှာ စားနပ်ရိက္ခာ မရှိရင် စစ်သားတွေ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… တစ်ဖက်မှာ ပြည်မကြီးက လူတွေဆီကနေ ရိက္ခာတွေ မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးဖို့ တောင်းဆိုရမယ်… ဒါပေမဲ့ အဝေးကြီးက အရာတစ်ခုက လတ်တလော ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး… အဲ့ဒါကြောင့် ငါတို့တွေ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ပြန်ပြီး တိုက်ယူမှ ရမယ်…”


ကျောက်ထုံက ထန့်ယွင်ထံ၌ အဖြေရှိကြောင်း သိထား၏။


ထန့်ယွင်က ကျောက်ထုံ၏ စစ်ဦးစီးများနှင့် တပ်သားများကို ဆင့်ခေါ်၍ မြေပုံကို ညွှန်ပြပြီး ပြောသည်။


“မက်မွန်ပွင့်ရေကန်မှာ ကျူပင်တွေနဲ့ ပြည့်နေတဲ့အတွက်ကြောင့် နေ့ခင်းဘက် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ အဆိပ်သင့်နေတတ်တယ်… ရေတိမ်တယ်ဆိုပေမယ့် နေ့အချိန်မှာ မြစ်ကို မဖြတ်ကူးရဘူးဆိုတာကို ဒေသခံတွေက သိထားတဲ့အတွက်ကြောင့် စစ်ဦးစီးတွေနဲ့ စစ်သားတွေကို နေ့ခင်းဘက်မှာ အနားယူပြီး ညဘက်မှာ လုံခြုံရေးအတွက် စောင့်ကြပ်ကြဖို့ ညွှန်ကြားထားလိုက်ပါ…”


ထို့နောက် သူက ဆက်ပြောသည်။


“ဖုန့်စစ်တပ်ကလည်း ဒီသတင်းအချက်အလက်ကို သိမှာပဲ… မင်းရဲ့ အစီရင်ခံစာကို ငါ ဖတ်ပြီးသွားပြီ… လုရှစ်ချန်ရဲ့ တပ်တွေက ညဘက်ရောက်မှ ခိုးဝင်ပြီး တိုက်ခိုက်ကြတဲ့အတွက် မင်းတို့တွေ သတိလက်လွတ် ဖြစ်သွားခဲ့ရတာပဲ… လုရှစ်ချန်က ခိုးဝင်တိုက်ခိုက်တာမျိုးကို ကြိုက်တယ်ဆိုမှတော့ ဒီအချက်ကို ငါတို့က ထည့်ပြီး စဉ်းစားကြည့်ရတော့မှာပေါ့…”


ထန့်ယွင်က ကျောက်ထုံအား သူ့အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရန် အမိန့်ပေးပြီးနောက် စစ်သည်တော်များကို စတင် ပြင်ဆင်လေတော့သည်။


ရက်အနည်းငယ် ကြာပြီးနောက် မြောက်လေ စတင်၍ တိုက်ခတ်လာ၏။ လေတိုက်သည့်အခါတိုင်း လေ၏ အကူအညီဖြင့်သာ မီးတိုက်ခိုက်မှုက ၎င်း၏ စွမ်းအားကို ထုတ်ပေးနိုင်ပြီး လေတိုက်သည့် ဦးတည်ချက်မှာ ဖုန့်စစ်တပ်အတွက် သိသိသသာ အကျိုးရှိစေသည်။

137.2


ထန့်ယွင်က  ဖုန့်စစ်တပ်ဘက်မှ လှုပ်ရှားမှုကို မျှော်လင့်ကာ ဤအခွင့်အရေးကို စောင့်ဆိုင်းနေသည်။ ထို့ပြင် သူက ကျောက်ထုံအား ယနေ့ညတွင် ဖုန့်စစ်တပ်က ခိုးဝင်တိုက်ခိုက်ရန် ကြိုးစားလိမ့်မည်ဟု ပြုံးရွှင်စွာပင် ပြောကြားလိုက်၏။


ညသုံးချက်တီးအချိန်တွင် လုရှစ်ချန်၏ တပ်ဖွဲ့များမှာ ခိုးဝင်တိုက်ခိုက်ရန် ရောက်လာကြသည်။ မြင်းသည်တော် တစ်စု ရောက်လာကြပြီး မီးရှုးမီးပန်းများ ပစ်လွှတ်၍ စခန်းတံခါးကို မီးတင်ရှို့လိုက်ပြီးနောက် ကြီးမားလှသော စစ်တပ်ကြီးက ပြေးဝင်လာပြီး ရွှယ်စစ်တပ်ကို ရုတ်တရက် တိုက်ခိုက်ရန် ဝင်ရောက်လာကြလေသည်။ 


သို့သော် ဖုန့်စစ်တပ်က စစ်တန်းလျားထဲသို့ ပြေးဝင်လာချိန်၌ လူသူကင်းမဲ့သော ခံတပ်စခန်း တစ်ခုကိုသာ တွေ့လိုက်ရ၏။


ဤအချိန်မှသာ ဖုန့်စစ်တပ်မှာ တုန်လှုပ်သွားကြပြီး သူတို့အားလုံး ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။ သူတို့အားလုံး နောက်ပြန်ဆုတ်လိုကြသော်လည်း ထန့်ယွင်နှင့် ကျောက်ထုံတို့က တပ်သား ၂၀၀၀ နှင့် မြင်းများကို ဦးဆောင်၍ ဖုန့်စစ်တပ်အား ဝိုင်းရံထားလိုက်ကြပြီး သူတို့အားလုံးကို မီးလောင်နေသည့် စခန်းထဲသို့ မောင်းသွင်းလိုက်ကြသည်။


ဤအခိုက်တွင် ခံတပ်တစ်ခုလုံး မီးလောင်နေပြီး အထဲ၌ နောက်လိုက် စစ်သည်တော်များ ရှိနေ၏။ လုရှစ်ချန်၏ စစ်သည်တော်များမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ထုံးစံအတိုင်း သူက အဝိုင်းခံထားရသည့်ကြားမှ ထွက်ပေါက် ရှာ၍ ထွက်ပြေးသွားလေသည်။ လမ်းတလျှောက်တွင် သူ့နောက်မှ လိုက်ကြသည့် စစ်တပ်များ၏ လက်ထဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့ရသည်။


လုရှစ်ချန်က သူ၏ ကျန်ရစ်သော စစ်သည်တော်များနှင့်အတူ သူတို့၏ စခန်းထဲသို့ ပြန်လာကြရာ ဂိတ်တံခါး ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ မည်မျှ အော်ခေါ်နေပါစေ ခံတပ်ပေါ်မှ စစ်သားများကို သူ့ကို တံခါး မဖွင့်ပေးပေ။


ထို့နောက် ကင်းမျှော်စင်ပေါ်မှ မြှားများဖြင့် ပစ်ခတ်ခံလိုက်ရသောကြောင့် အောက်မှ ဖုန့်စစ်တပ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြလေသည်။ ထွက်ပြေးသွားသူများ ရှိသော်လည်း သူတို့ နင်းမိသောကြောင့် ဒဏ်ရာ ရရှိသွားကြသူများလည်း အများအပြား ရှိခဲ့ကြသည်။


ထန့်ယွင်၏ လူများက သူ့စခန်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း လုရှစ်ချန် သိလိုက်ရသည်။ ထို့ပြင် ထန့်ယွင်နှင့် ကျောက်ထုံက သူ့နောက်မှ လိုက်လာကြ၏။ ထို့ကြောင့် ဖုန့်စစ်တပ်မှာ တိုက်ခိုက်မှုကို ရပ်တန့်၍ လက်နက် ချလိုက်ရလေသည်။ မြင်းသည်တော် ၂၀၊ ၃၀ ခန့်သာ အမိန့်နာခံရန် ငြင်းဆန်ပြီး လုရှစ်ချန်ကို ကာကွယ်ပေးရန် သူ လွတ်မြောက်ရန် ကူညီပေးလိုက်ကြသည်။


ကျောက်ထုံက နောက်မှ ဆက်၍ လိုက်သွားပြီး အောင်နိုင်မှုကို အသာစီး ယူလိုသော်လည်း ထန့်ယွင်က သူ့ကို တားကာ ဤကဲ့သို့ ပြောလိုက်သည်။


“သနားစရာ ကောင်းတဲ့ ကျူးကျော်သူတွေနောက်ကို မလိုက်နေပါနဲ့တော့… တောင်ပိုင်းက ဖုန့်တိုင်းပြည်ရဲ့ အာဏာ သက်ရောက်တဲ့ နေရာပဲ… ငါတို့တွေ ချောင်းမြောင်း တိုက်ခိုက်ခံရမှာကို စိုးရိမ်ရတယ်… ဆုံးရှုံးမှုက အမြတ်အစွန်းထက် ပိုပြီးတော့ အရေးကြီးတာပဲလေ… ပြီးတော့ ငါတို့က စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ နောက်ကိုပဲ  လိုက်လာကြတာ မဟုတ်လား… ငါတို့ စခန်းကနေ တော်တော် ဝေးလာပြီ ဆိုတော့ ဒီနေရာမှာ အချိန်ကြာကြာ မနေသင့်တော့ဘူး… စစ်သားတွေကို အာရုံမတက်ခင် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ စခန်းကို ပြန်ပို့ပေးဖို့ ပြောလိုက်ပါ…”


ဤတိုက်ပွဲကို လှလှပပ တိုက်ခိုက်နိုင်ခဲ့ကြသည်။ အံ့အားသင့်စရာ အကောင်းဆုံးမှာ ရွှယ်စစ်တပ်တွင် ထိခိုက်ကျဆုံးမှု လုံးဝ မရှိခဲ့ခြင်းပင် ဖြစ်သည်။ ယခင်က ထန့်ယွင်ကို စစ်တပ်မှ လူအများအပြား လက်မခံခဲ့ကြပေ။ ယောက်ျားသား တစ်ယောက်က ဟွမ်ကွေ့ဖေး ဖြစ်လာသည့်အတွက် စစ်မြေပြင်ရှိ လူများ နားလည်ရ ခက်ခဲခဲ့ကြလေသည်။ ထိုလူက ပျော့တိပျော့ညံ့ ယောကျ်ားသား တစ်ယောက် ဖြစ်မည်ဟူ၍ သူတို့ ထင်မြင်ခဲ့ကြသည်။ ထိုလူက ဤကဲသို့ ကြမ်းတမ်းပြီး နတ်ဘုရားတစ်ပါးအလား စစ်တပ်ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။


ဤတိုက်ပွဲအပြီးတွင် ထန့်ယွင်မှာ ရုတ်တရက် နာမည်ကြီးလာပြီး ရွှယ်တိုင်းပြည်မှ ဝန်မင်းများ ဖြစ်စေ၊ ဖုန့်စစ်တပ်မှ တပ်ဖွဲ့များဖြစ်စေ အမတ်ကြီးထန့်နန်၏ နာမည်ကို မကြားဖူးသူ မရှိအောင် ဖြစ်လာကြသည်။


အချို့လူများကမူ အမတ်ကြီးထန့်နန်နှင့် မဟာ စစ်သေနာပတိ ထန့်ယွင်ကိုပင် ခိုင်းနှိုင်းကြလေသည်။ ဤကဲ့သို့ ဖြစ်လာသောအခါ ထန့်ယွင်က ပြုံးရုံသာ ပြုံးလိုက်၏။ အမှန်တကယ်ပင် သူ မည်သူ ဖြစ်သည်မှာ အရေးမကြီးပေ။


ရွှယ်ကျွင်းလျန်က သတင်းကောင်းကို လက်ခံရရှိသောအခါ ထိုသတင်းကို အကြိမ်ပေါင်းများစွာ ထပ်ခါ ထပ်ခါ ဖတ်ရှုပြီး ရွှယ်ဟုန်ယန်ကို မေးလိုက်သည်။


“အသေအပျောက်ရော ရှိသလား…”


“ချန်တိ သိသလောက်တော့ အသေအပျောက် မရှိပါဘူး အရှင်မင်းကြီး…”


“ဒါ အရမ်းကို ကောင်းတဲ့ သတင်းပဲ…”

ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်ကာ ဤကဲ့သို့ ပြောလိုက်သည်။


ထို့နောက် သူက စစ်ရေးအစီရင်ခံစာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။ ထိုအစီရင်ခံစာ၏ လက်ရေးမှာ သေချာပေါက် ထန့်ယွင်၏ လက်ရေးဖြစ်ပြီး ၎င်းကို သူ အသိဆုံးပင်။ ရွှယ်ကျွင်းလျန်က စိတ်ထဲမှ ပြုံးလိုက်၏။ ထန့်ယွင်ကား သူကို စိတ်ချစေချင်ပုံ ရပေသည်။ ထို့ကြောင့် စစ်ရေးအစီရင်ခံစာကိုပင် ထန့်ယွင် ကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။


ထို့နောက် ရွှယ်ကျွင်းလျန်က ပြော၏။


“ဟုန်ယန်… စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ စီစဉ်ပေးတဲ့ ကိစ္စကို မောင်မင်းကိုယ်တိုင် ကြီးကြပ်ရမယ်… ရန်သူရဲ့ စခန်းကနေ သူတို့တွေ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်ယူလာနိုင်တယ် ဆိုပေမယ့် ငါကိုယ်တော်ရဲ့ တပ်သားတွေအနေနဲ့ ငါကိုယ်တော်က သူတို့တွေကို အရေးမစိုက်ဘူးလို့ စိတ်ထဲ တွေးထင်သွားကြလို့ မဖြစ်ဘူး… နီးစပ်ရာ စီရင်စုနဲ့ ခရိုင်တွေဆီကနေ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို အချိန်မီ ပို့ဆောင်ပေးလိုက်… တကယ်လို့ သယ်ယူပို့ဆောင်ရေးမှာ တစ်ယောက်ယောက်က အခက်အခဲ ဖြစ်အောင် လုပ်မယ်ဆိုရင် ငါကိုယ်တော် အဲ့ဒီလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး လွှတ်ပေးမှာ မဟုတ်ဘူး…”


“မှန်လှပါ အရှင်မင်းကြီး… စိတ်ချပါ…”


ထို့နောက် ရွှယ်ကျွင်းလျန်က ခေါင်းတငြိမ့်ငြိမ့်နှင့် ဆက်ပြောသည်။

“နောက်ထပ်တစ်ခု ပြောဖို့ ရှိသေးတယ်… ဖုန့်စစ်တပ်ဟာ မက်မွန်ပွင့်ရေကန်ရဲ့ ဝင်ပေါက်ကို ဆုံးရှုံးသွားပြီ ဆိုတော့ နောက်ထပ် ကျူးကျော်မှုတွေ လုပ်ဆောင်ဖို့ ကြိုးစားဦးမှာပဲ… မင်မြစ်ရဲ့ အခြားတစ်ဖက်စွန်းဟာ ရှည်လျားပြီးတော့ စစ်တပ်တွေကို စေလွှတ်ဖို့ မသင့်တော်ဘူး ဆိုပေမယ့် တကယ်လို့များ ဖုန့်တိုင်းပြည်က ဒီနေရာကနေ တပ်ဖွဲ့တွေကို တကယ် စေလွှတ်လိုက်မယ်ဆိုရင် ကုန်းတွင်းပိုင်း တည့်တည့် ဝင်လာမှာ စိုးရိမ်ရတယ်… အဲ့ဒီအခါကျရင် မြို့တော်လည်း အန္တရာယ် ရှိလာမှာပဲ… ဒါကြောင့် ခုခံကာကွယ်ဖို့အတွက် တစ်ယောက်ယောက်ကို ငါကိုယ်တော် စေလွှတ်ရမယ်… ဒီအလုပ်အတွက် ဘယ်သူက အကောင်းဆုံး ဖြစ်နိုင်မယ်လို့ မောင်မင်း ထင်သလဲ…”


ရွှယ်ဟုန့်ယန်က အချိန်ကြာမြင့်စွာ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။


“အရှင်မင်းကြီးကို နောက်ထပ် တင်ပြစရာ တစ်ခု ရှိပါသေးတယ်…”


ရွှယ်ကျွင်းလျန်က ထိုအရာကို ယူလိုက်သည်။ ၎င်းမှာ စာရွက်လေး တစ်ရွက်သာ ဖြစ်၏။ သူ ဖွင့်ကြည့်လိုက်သောအခါ ထန့်ယွင်၏ လက်ရေး ဖြစ်နေသည်။ ထိုစာထဲ၌ စကားလုံး နှစ်လုံးသာ ပါဝင်၏။


ရွှယ်ယွီ။


xxxxxxx