Chapter 138
ရွှယ်ကျွင်းလျန်က စာရွက်ထဲတွင်ရေးထားသည်ကိုဖတ်ပြီး ရုတ်တရက်ဆန်စွာရယ်မောလိုက်သည်။
"ရွှယ်ယွီကို နန်းတော်ထဲဝင်ခိုင်းလိုက်... လန့်ကျင်းကိုရောပဲ...."
ရွှယ်ဟုန်ယန်က နယ်စပ်မှထန့်ယွင်ပို့လိုကိသည့် စာထဲတွင် ရွှယ်ယွီကိုထောက်ခံချက်ပေးသည့်အရာပါကြောင်း ချက်ချင်းနားလည်သွားသည်။
ရွှယ်ဟုန်ယန်က ထွက်သွားပြီး လန့်ကျင်းကို စစ်တပ်ရေးရာဌာန၌ရှာတွေ့ခဲ့သည်။
"အရှင်မင်းကြီးက အမတ်ကြီးကျန့်ကျန်းနဲ့ အရှင်လန့်ကို နန်းတော်ကို ဆင့်ခေါ်နေပါတယ်..."
လန့်ကျင်းက နားလည်ကြောင်း ပြန်လည်ပြောပြကာ နန်းတော်တွင်းမှထွက်၍ ရွှယ်ယွီကို သတင်းသွားပေးလေသည်။
ရွှယ်ယွီက အဆောင်အတွင်း၌လက်ဖက်ရည်သောက်နေဆဲဖြစ်ကာ သူ၏အစေခံကသူ့ကိုယပ်ခတ်ပေးနေသည်။ မြင်ကွင်းတစ်ခုလုံးက အလွန်အမင်းကို အဆင့်တန်းမြင့်သည့်ပုံပေါက်နေသည်။
လန့်ကျင်း ရွှယ်ယွီကိုမြင်ချိန်တွင် ရွှယ်ယွီက မနှေးမမြန်ပြုံးရင်းပြောလိုက်သည်။
"သခင်လန့်က နန်းတော်ထဲကနေ လွတ်လွတ်လပ်လပ်ထွက်လာလို့ရတာလား...."
လန့်ကျင်းကပြန်ဖြေသည်။
"ဧကရာဇ်က သခင့်ကိုဆင့်ခေါ်ပါတယ်..."
"အိုး...."
ရွှယ်ယွီပြုံးပြုံးလေးပြန်ပြောသည်။
"သူက ဖုန့်တိုင်းပြည်နဲ့တိုက်ခိုက်ရင်း အလုပ်များနေတာမဟုတ်ဘူးလား.... ကျုပ်ကိုဆင့်ခေါ်ပြီးဘာလုပ်မလို့လဲ... ကျုပ်ကို လှောင်ပြောင်သရော်ဖို့ အချိန်ရှိနေသေးတာလား...."
လန့်ကျင်းကပြောသည်။
"ဒီလန့်က တခြားနည်းနဲ့တွေးပါတယ်... အခုလေးတင် စစ်တပ်ရေးရာဌာနက နယ်စားမင်းထန့်နန် နယ်စပ်ကနေ အရှင်မင်းကြီးကိုပို့တဲ့စာလွှာကို လက်ခံရရှိခဲ့ပါတယ်... အဲ့ဒါက မင်မြစ်နဲ့ဆက်စပ်မှုရှိလောက်ပါတယ်..."
ရွှယ်ယွီပြုံးရင်းပြောလိုက်သည်။
"ဧကရာဇ်ရွှယ်က ကျုပ်ကို အတိတ်က မကျေနပ်ချက်တွေကိုလက်လွှတ်ပေးမယ်လို့ပြောပေမဲ့ ကျုပ်ကိုစစ်တပ်ကို ဦးဆောင်ဖို့ခေါ်ပါဦးမလား... ရွှယ်ကျွင်းလျန်မှာ အဲ့လိုမျိုးသည်းခံနိုင်စွမ်းရှိတယ်လား..."
လန့်ကျင်းကပြောသည်။
"သခင်ကိုယ်တိုင် နန်းတော်ထဲဝင်ပြီး အဖြေရှာကြည့်ပါ..."
ရွှယ်ယွီက နှေးဖင့်မနေတော့ပဲ သူ၏အရာရှိအဝတ်များကိုလဲလှယ်ကာ အစေခံများကိုသူ့အတွက်မြင်းပြင်ခိုင်းလိုက်သည်။ ထို့နောက်တွင် လန့်ကျင်းနှင့်အတူ နန်းတော်တွင်းဝင်ရောက်လေသည်။
သူ၏နာမည်ပြားကို ပေးလိုက်သည်နှင့်နန်းတွင်းအစေခံများက ရွှယ်ယွီနှင့်လန့်ကျင်းကို ချက်ချင်းလမ်းပြပေးလိုက်ကြသည်။
သူတို့ အဓိကခန်းမထဲဝင်ရောက်ပြီးချိန်တွင် ရွှယ်ကျွင်းလျန်က မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။
"လာထိုင်ကြ...."
နှစ်ယောက်လုံးက သူ့ကိုကျေးဇူးတင်ကာ ထိုင်လိုက်ကြသည်။ ရွှယ်ကျွင်းလျန်က စာရွက်စာတမ်းများကိုကြည့်နေရင်း ပြောလိုက်သည်။
"ရွှယ်ယွီမင်းက စစ်ပွဲတွေအများကြီးကို အနိုင်ရယူခဲ့တယ်ဆိုတာ မှတ်မိသေးတယ်... ဟုတ်တယ်မလား..."
"အမှန်ပါပဲ..."
ရွှယ်ကျွင်းလျန်ဆက်ပြောသည်။
"ယခင်ဧကရာဇ်သက်တော်ထင်ရှားရှိစဉ်က မင်းကို အရဲရင့်ဆုံးနဲ့ ဉာဏ်အထက်ဆုံးလို့ အမြဲချီးကျူးလေ့ရှိတယ်.... အဲ့ဒီအချိန်က ဖုန့်တိုငိးပြည်က သူတို့ရဲ့စစ်တပ်ကို ပျိုးထောင်နေပြီး မင်းကတော့ အိမ်မှာလက်ဖက်ရည်သောက်ရင်း ပြဇာတ်တွေနားထောင်နေခဲ့တယ်... မင်းက ယခင်ဧကရာဇ်ရဲ့ အထင်ကြီးမှုနဲ့တန်ရဲ့လား...."
ရွှယ်ယွီက အပြုံးဖြင့်ပြန်ဖြေသည်။
"အရှင်မင်းကြီးကတော့ နောက်နေပြန်ပါပြီ.. ရွှယ်တိုင်းပြည်မှာ ပါရမီရှင်တွေပြည့်နှက်နေတာပါ... ဟွမ်ကွေ့ဖေးကတောင် ရန်သူတွေကိုသတ်ဖြတ်ဖို့ စစ်ပွဲထဲကိုသွားနိုင်နေတာပဲ... ကျွန်တော်မျိုးလို ငယ်ရွယ်ပြီး မောက်မာတဲ့ လူတစ်ယောက်က ဘာများလုပ်နိုင်မှာမလို့လဲ... ဖုန့်တိုင်းပြည်က ဒီကောလဟာလနဲ့တင် ဒူးတုန်နေလောက်ပါပြီ...."
ရွှယ်ကျွင်းလျန်က နောက်ဆုံးတွင် မျက်လုံးပင့်ကြည့်လာပြီး ခပ်ပေါ့ပေါ့ရယ်လိုက်သည်။
"အရမ်းကြီးကြောက်နေဖို့မလိုပါဘူး... မင်းနဲ့ကိုယ်တော့ကြားက ပြဿနာက စကားလေးနှစ်လုံးနဲ့ အဆင်မပြေသွားပါဘူးလေ... မင်းရဲ့ နယ်စားမင်းထန့်နန်အပေါ်နားလည်မှုက သွေးအေးရက်စက်ပြီး အကြင်နာတရားမရှိတာဆိုပေမဲ့ ကံကောင်းစွာနဲ့ သူကရှေ့တန်းမှာရောက်နေပေမဲ့ မင်းကိုထောက်ခံပေးဖို့ စာတစ်စောင်ရေးလာတယ်လေ...."
ရွှယ်ယွီဆတ်ခနဲရပ်လိုက်ပြီး မယုံနိုင်သလိုကြည့်ရင်းမေးလိုက်သည်။
"မြို့စားထန့်နန်က ကျွန်တော့်ကို ထောက်ခံပေးတယ်...."
"ဒါပေါ့ သူက မင်းကိုစစ်အာဏာကို ယူဆောင်ထားဖို့ ကိုယ်တော့်ကို ထောက်ခံပေးနေတယ်လေ... ဒါဆို ရွှယ်ယွီ မင်းရဲ့အတွေးကဘာများလဲ..."
ရွှယ်ယွီက ရွှယ်ကျွင်းလျန်ကို သံသယဝင်နေသောအကြည့်များဖြင့် အကြာကြီးစိုက်ကြည့်လေသည်။ ရွှယ်ကျွင်းလျန်က သူ့အတွေးများကိုသိသည်။
သူ့လို ဘုန်းတန်ခိုးအာဏာနဲ့ ပြည့်စုံကုံလုံတဲ့ ဧကရာဇ်တစ်ပါးက အရင်ကကိုယ့်ကို ပုန်ကန်ဖူးတဲ့လူကို စစ်အာဏာအပ်နှင်းတာ ဖြစ်နိုင်ပါ့မလား....
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
"ထိုင်ပါဦး... မရပ်ပါနဲ့... ကိုယ်တော်တို့ညီအစ်ကိုတွေကြားထဲမှာ ဘာကွာခြားချက်မှ မရှိစေချင်ဘူး... ကိုယ်တော်တို့က နှစ်တွေအများကြီးတိုက်ခိုက်လာကြတာမလား... မင်းက နဂါးပလ္လင်မှာထိုင်ချင်တယ် ဒါပေမဲ့ ထိုင်ခွင့်မရခဲ့ဘူး... ကိုယ်တော်က မင်းကိုသတ်ချင်တယ် ဒါပေမဲ့ သတ်လို့မရဘူး... ဒီလိုဖြစ်နေတာ ဘာအဓိပ္ပါယ်ရှိမှာလဲ...."
"ဟမ့်...."
ရွှယ်ယွီက နှာမှုတ်လိုက်သည်။
"အရှင်မင်းကြီးက ပွင့်လင်းတာပဲ... ဒီတစ်ကြိမ်တော့ အရှင်မင်းကြီးက ကျွန်တော်မျိုးကိုသတ်ချင်နေမှန်း ဝန်ခံချင်သွားပြီပေါ့..."
ရွှယ်ကျွင်းလျန်က ပြုံးရင်းနှင့် စုတ်တံကိုဘေးချကာ နဂါးပလ္လင်တွင်မှီလိုက်ပြီး ပြောသည်။
"ကိုယ်တော်က အမြဲတမ်းပွင့်လင်းတဲ့လူတစ်ယောက်ပါ... ဒါပေမဲ့ နှစ်ပေါင်းများစွာ ဧကရာဇ်ဖြစ်လာခဲ့တော့ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောနေလို့မရဘူးလေ... အခု ကိုယ်တော်တို့သုံးယောက်ပဲစကားပြောလို့ရအောင် တံခါးပိတ်ထားတယ်..."
ရွှယ်ယွီကပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်မျိုးကို ပြောပြပါဦးအရှင်မင်းကြီး...."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြရင်းပြောလိုက်သည်။
"မင်မြစ်ကနေ အစီရင်ခံစာရောက်လာတယ်... နယ်စားမင်းထန့်နန်က ပထမဆုံးတိုင်ပွဲကို နိုင်သွားပြီ... သူကလုရှစ်ချန်ကို ရှုံးနိမ့်စေခဲ့ပြီး စစ်တပ်ရဲ့ရိက္ခာတွေနဲ့ လက်နက်တွေကို ပြန်သိမ်းနိုင်ခဲ့တယ်... ပထမဆုံးတိုင်ပွဲက လှလှပပနိုင်သွားပေမဲ့ နယ်စားမင်းထန့်နန်ရော ကိုယ်တော်ပါ မကြာခင်ပျော်ရတော့မှာ မဟုတ်ဘူးလို့ ခံစားနေမိတယ်... မင်မြစ်က မိုင်ပေါင်းများစွာရှည်လျားတယ်... ပြီးတော့ ဖုန့်စစ်တပ်ကလည်း မြစ်အောက်ပိုင်းကို ဆုတ်ခွာနေကြတာ.. သူတို့ ဖောက်ထွက်လို့ရမယ့် တခြားနေရာတစ်ခုကို ရှာတွေ့သွားမှာပဲ... ရေကြောင်းတိုက်ပွဲဆိုတာ ကိုယ်တော်တို့စစ်တပ်နဲ့ ဖုန့်စစ်တပ်တို့ ရေပေါ်တိုက်ပွဲကိုဆင်နွှဲရမယ်လို့ဆိုလိုတာပဲ... ဒါပေမဲ့ အဲ့ဒီ့မှာ တခြားနေရာရှိသေးတယ်...."
"ပန့်တိုင်းပြည်ပဲ...."
ထိုအချိန်တွင် လန့်ကျင်းက စာကြောင်းတစ်ခုကို အေးစက်စွာ ဖြည့်သွင်းပေးလိုက်သည်။
138.2
ရွှယ်ကျွင်းလျန်က သူ့ကိုနှောင့်ယှက်ရန်မလုပ်ပဲ ခေါင်းသာငြိမ့်ကာပြောလိုက်သည်။
"ဟုတ်တယ် ပန့်တိုင်းပြည်ပဲ.... မင်မြစ်ရဲ့ အထက်ပိုင်းမှာ တိုင်းပြည်ငယ်လေးတစ်ခုရှိနေတယ်.... နေထိုင်တဲ့လူတွေအများကြီးရှိမနေပေမဲ့ စစ်ရေးဗျူဟာအရ အရေးကြီးတဲ့နေရာတစ်ခုပဲ... ပန့်တိုင်းပြည်က မင်မြစ်ဘေးမှာရှိနေတာ... အပေါ်ပိုင်းမှာဆိုရင် ရေစီးကသန်ပြီး လျှိုမြောင်တွေကလည်း ထူထပ်လှတယ်... နယ်မြေကိုက အန္တရယ်များနေလို့ ရန်သူတွေဆီက တိုက်ခိုက်ခံရဖို့ အန္တရာယ်ရှိမနေဘူး..."
လျန့်ကျင်းကဖြည့်စွက်၍ပြောသည်။
"ပန့်တိုင်းပြည်က ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်ခဲတယ်ဆိုပေမဲ့ ဖမ်းမိသွားတာနဲ့ ဖန့်တိုင်းပြည် မြောက်ဘက်မှာ ကွင်းပြင်ကျယ်ကြီးရှိတာကြောင့် အဲ့ဒီ့နေရာမှာစစ်တပ်ကြီးတွေ တိုက်ခိုက်လို့ရတယ်...
ဒါက စစ်တပ်အင်အားကိုအတော်လေးဆုံးရှုံးစေလိမ့်မယ်.... ပြီးတော့ ခံတပ်ကအဖမ်းခံလိုက်ရတာနဲ့ ကျန်တဲ့ စစ်သားတွေရဲ့ စိတ်ဓာတ်ပျက်ပြားပြီး အဲ့ဒီ့စစ်သားတွေက နိုင်ပွဲရအောင် တိုက်ပေးနိုင်ဖို့ ခက်ခဲလိမ့်မယ်...."
ရွှယ်ကျွင်းလျန်က ရွှယ်ယွီကိုလှည့်ကြည့်ပြီးပြောလိုက်သည်။
"ပန့်တိုင်းပြည်က မင်မြစ်ရဲ့ရေအရင်းအမြစ်ပဲ ပြီးတော့ ရေစီးကလည်း သိမ်းငှက်အတောင်ပံဖြန့်ထားသလိုပဲ..."
သူပြောပြီးသည်နှင့် ရယ်မောလိုက်လေသည်။
"ရွှယ်ယွီ မင်းကအမြဲတမ်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာ... မင်းကငယ်ရွယ်ပြီးအောင်မြင်နေချိန်ဆိုတော့ ကောင်းကင်ကိုနိမ့်လွန်းလို့ဆိုပြီး မုန်းတီးနေခဲ့တာ... ဒီလိုဆိုမှတော့ ကိုယ်တော်က မင်းကို စစ်သားနဲ့မြင်းတွေပေးပြီး မင်းနဲ့ထိုက်တန်တဲ့ ယုံကြည်မှုကိုအပ်နှင်းရမှာပေါ့.... မင်းလို သိမ်းငှက်တစ်ကောင်က ဘယ်လောက်အထိမြင့်အောင်ပြန်နိုင်မလဲ ကိုယ်တော်စောင့်ကြည့်ပါဦးမယ်...."
ရွှယ်ယွီက ရွှယ်ကျွင်းလျန်ကို အချိန်အတော်ကြာ ငေးစိုက်ကြည့်ပြီးမှ ပြောလိုကိသည်။
"အရှင်မင်းကြီး စိတ်မပူပါနဲ့.... ရွှယ်ယွီက အမြဲတမ်း မောက်မာထောင်လွှားတယ်ဆိုပေမဲ့ တစ်ခုကိုတော့သေသေချာချာနားလည်ပါတယ်,.. အဲ့ဒါကတော့ ရွှယ်တိုင်းပြည်သာမရှိရင် ကျွန်တော်မျိုးက နယ်စားမင်းကျန့်ကျန်းမဟုတ်ဘူးဆိုတာပါပဲ... ရွှယ်တိုင်းပြည်က သာယာဝပြောမှ ကျွန်တော်မျိုးက ပုန်ကန်တယ်လို့သတ်မှတ်လို့ရမှာမဟုတ်ပါလား...."
ရွှယ်ကျွင်းလျန်ရယ်မောလိုက်သည်။
"ရှင်းရှင်းလင်းလင်းနားလည်ဖို့က မင်းအတွက်ခက်ခဲသလို အရမ်းလည်းရှားပါးတယ်...."
ရွှယ်ယွီကပြောသည်။
"ညီတော် စစ်အာဏာကိုထိန်းသိမ်းပါ့မယ်... ကျွန်တော်သာ ပန့်တိုင်းပြည်ကိုစစ်ရှုံးခဲ့ရင် ကိုယ့်ကိုယ်ကိုယ်မင်မြစ်ထဲ ပစ်ချလိုက်ပါ့မယ်... အရှင်မင်းကြီး ကျွန်တော့်ကိုအပြစ်ပေးဖို့ အလုပ်ရှုပ်ခံစရာအလိုပါဘူး...."
"ကောင်းပြီလေ...."
ရွှယ်ကျွင်းလျန်က ထုံးနည်းအတိုင်းမဟုတ်ဘဲသဘောတူလိုက်သည်။
"လန့်ကျင်းကို မင်းနဲ့ခေါ်သွားလိုက်.... လန့်ကျင်းက မင်းကိုပဲသစ္စာရှိတာ... သူ့ကိုမင်းနဲ့ခေါ်သွား... ဒါက ဧကရာဇ်တစ်ပါးအနေနဲ့ သူရဲ့ငယ်သားကို ယုံကြည်ကြောင်းပြသတာမျိုးတစ်ခုပဲ မဟုတ်လား...."
"ဉာဏ်ပညာကြီးမားလှပါပေတယ် အရှင်မင်းကြီး....."
ရွှယ်ကျွင်းလျန်က လန့်ကျင်းကိုကြည့်ပြီး ပြောလိုကိသည်။
"ပန့်တိုင်းပြည်ကို စစ်ချီဖို့ စစ်သည်ဘယ်နှယောက်နဲ့ မြင်းဘယ်နှကောင်လိုမလဲ..."
လန့်ကျင်းကပြန်မဖြေဘဲ ရွှယ်ယွီကိုမေးလိုက်သည်။
"သခင့်ကို ဒီဆုံးဖြတ်ချက်ကိုချဖို့ပြောပါရစေ...."
ရွှယ်ယွီခဏမျှရပ်သွားပြီး ချက်ချင်းပြန်ဖြေသည်။
"လက်ရွေးစင်တပ်သား နှစ်ထောင့်ငါးရာဆို လုံလောက်ပါပြီ...."
"ကောင်းပြီလေ... ရွှယ်ကျွင်းလျန်ကပြောလိုက်သည်။
"မြင်းတပ်သား နှစ်ထောင့်ငါးရာလိုချင်တဲ့ မြို့စားမင်းဝမ်နျန်လိုပေါ့... မြန်နိုင်သမျှမြန်မြန်စပါ..."
ရွှယ်ယွီက စစ်တန်းလျားမှ တပ်သားနှစ်ထောင့်ငါးရာနှင့် မြင်းများကိုယူဆောင်ပြီး မြို့တော်မှထွက်ကာ ပန့်တိုင်းပြည်ကို ထွက်ခွာလေသည်။
လမ်းတွင် လန့်ကျင်းကလည်း ပန့်တိုင်းပြည်၏ မြေအနေအထားနှင့် အခြေအနေကိုလေ့လာသည်။ လုရှစ်ချန်က ရှုံးနိမ့်သွားပြီး နယ်စားမင်းထန့်နန်၏ စစ်တပ်များက ဖုန့်စစ်တပ်ကို မငိမြစ်ထဲတွင် ရင်ဆိုင်တွေ့နေသည်။ မကြာမီတွင် ဖုန့်တိုင်းပြည်က တပ်ခွဲများကိုစေလွှတ်ကာ မင်မြစ်ကိုကာရုံသာမက ရုတ်တရက်တိုက်ခိုက်မှုကို ပြုလုပ်လေသည်။
ဖုန့်တိုင်းပြည်၏ အားသာချက်မှာ မင်မြစ်အထက်ပိုင်းတွင်ရှိနေခြင်းဖြစ်သည်။ ထိုနေရာတွင် ရေစီးက သန်လွန်း၍ဖြတ်သန်းရန်မလွယ်ကူဘဲ မြို့များကလည်း ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲလေည်။
လန့်ကျင်းက ပြောသည်။
"သခင် ခုခံလို့ပဲရမယ် တိုက်ခိုက်လို့မရဘူး.... ဖုန့်စစ်တပ်က အရှေ့ပိုင်းကိုပါ ဖြန့်ကျက်ထားတာ ပြီးတော့ အရှေ့နဲ့အနောက်က သူတို့ကိုယ်သူတို့ ကယ်ဖို့တောင်မတုံ့ပြနိုင်လောက်ဘူး... တိုက်ခိုက်မှုအောင်မြင်တာနဲ့သူတို့က တပ်ဆုတ်လိမ့်မယ်... အဲ့ဒီ့အချိန်မှာ ကျွန်တော်တို့က မင်မြစ်မှာရှိတဲ့ နယ်စားမင်းထန့်နန်နဲ့ နယ်စားမင်းကျန့်အန်းရဲ့ ကျားစစ်သူကြီးလေးယောက်ကို စာပို့လို့ရပြီ... သုံးယောက်ညှပ်တိုက်ရင် ဖုန့်စစ်တပ်ရှုံးရလိမ့်မယ်...."
ရွှယ်ယွီပြောလိုက်သည်။
"ကြားရတာကောင်းပေမဲ့ ဖုန့်တိုင်းပြည်ကို ဘယ်လိုခုခံကြမလဲ...."
လန့်ကျင်းက အနည်းငယ်ပြုံးလိုက်ပြီး ပြောသည်။
"သခင်က အမြဲတမ်းကံကောင်းပါတယ်.... အဲ့ဒီ့မြို့အတွက်ကတော့ အကြာကြီးတိုက်စရာမလိုပါဘူး.. ပုံမှန့်ဆိုရင်ရန်သူတွေကို အစာရေစာပြတ်လပ်အောင်လုပ်တာမျိုး လုပ်လို့ရတယ်... ကံဆိုးစွာနဲ့ ဖုန့်တိုင်းပြည်က အမြဲတမ်းမိုးရွာပြီးစိုစွတ်နေလေ့ရှိတော့ ရေအရင်းအမြစ်ရှိနေပြီ... ပတ်ပတ်လည်ဝန်းရံပြီးပိတ်ထားရင်တောင် မြန်မြန်နည်းလမ်းရှာတွေ့ပြီး ကြောက်စရာမရှိလောက်ဘူး...."
ရွှယ်ယွီခေါင်းငြိမ့်လိုက်သော်လည်း ဤကဲ့သို့ပြောလိုက်သည်။
"ဒါဆို ရေကြောင်းတိုက်ခိုက်မှုဆိုရင်ကော... မင်မြစ်ရဲ့ အပေါ်ပိုင်းက ကြမ်းတမ်းတယ်... အကယ်၍ ရန်သူ့စစ်တပ်သာ မြို့ကို ရေလွှမ်းအောင် ရေမြောင်းတူးပြီး လမ်းကြောင်းပြောင်းမယ်ဆိုရင်ကော..."
လန့်ကျင်းပြောလိုက်သည်။
"ကျွန်တော်အဲ့လိုလည်းစဉ်းစားမိတယ်... တကယ်ဆိုရင် ဖုန့်စစ်တပ်ကို ရေမြောင်းတွေတူးဖို့ ခွင့်ပြုပေးလိုက်သင့်တယ်.... ပြီးခါနီးတဲအထိစောင့်ပြီး လက်ဦးမှုရယူပြီး စစ်တပ်ကိုပါရေလွှမ်းအောင်လုပ်ပြီး ငါးဖမ်းသမားတွေလို အကျိုးအမြတ်တွေသိမ်းယူကြတာပေါ့..."
ရွှယ်ယွီက ၎င်းကိုအတော်ကောင်းသည့်နည်းလမ်းဟုထင်မိပြီး လန့်ကျင်း၏ ဖြတ်ထိုးဉာဏ်ကိုလေးစားသွားသည်။ အတိတ်တုန်းက လန့်ကျင်းက သူ့ကိုတစ်ခါတစ်ရံအကြံပေးသော်လည်း သူကနားမထောင်ချင်ခဲ့ပေ။မည်သို့ပင်ဆိုစေ ထိုအချိန်က သူက လူငယ်ရဲကောင်းတစ်ယောက်ဖြစ်လေသည်။ သူမွေးစကတည်းက ရှုံးနိမ့်ခြင်းနှင့် အချည်းနှီးဖြစ်ခြင်းတို့ကို မကြုံခဲ့ဖူးချေ။ သူကျရှုံးပြီး နာကျင်ခံစားရပြီးမှ နားလည်ခဲ့ပေသည်။
ရွှယ်ယွီ ပန့်မြို့ကိုရောက်ချိန်တွင် မြို့တံတိုင်းနှင့် အစောင့်မျှော်စင်ကို ကိုယ်တိုင်ကိုယ်ကျစစ်ဆေးလေပြီး စစ်သားများကို မြို့နံရံများနှင့် ဂိတ်များကို ခိုင်မာအောင်လုပ်ခိုင်းလေကာ ကျန်လူများကို မင်မြစ်အနီးမှမြေအနေအထားကို လေ့လာခိုင်းကာ မြစ်အနီးသို့ သူလျှိုများစေလွှတ်ပြီး ဖုန့်တိုင်းပြည်အကြောင်း သတင်းစုခိုင်းလေသည်။
အရာအားလုံး အဆင်သင့်ဖြစ်လေမှ ဖုန့်တိုင်းပြည်က မြို့ကိုတိုက်လိုက်ရန် တပ်ခွဲတစ်ခုစေလွှတ်မည်ကို စောင့်နေလေသည်။
လဝက်အတွင်း ဖုန့်စစ်တပ်ရောက်လာခဲ့သည်။ ဖုန့်တို့၏ စစ်သူကြီးက လက်ရွေးစင်တပ်သားသုံးထောင်ကို ဦးဆောင်က မြို့ကိုတိုက်ခိုက်လေသည်။ ရွှယ်ယွီက ၎င်းအတွက်ပြင်ဆင်ပြီးဖြစ်သည်။ ဖုန့်စစ်တပ်များက လျှိုမြောင်များသို့ရောက်သွားလေသည်။ လျှိုမြောင်ထဲတွင် ရေရှိသဖြင့် မြို့ကိုဝန်းရံချိန်တွင် မသင့်လျော်ပေ။ ဖုန့်စစ်တပ်ရောက်လာသည်နှင့် ထောင်ချောက်ထဲကျလေတော့သည်။ ရွှယ်ယွီက စစ်သားများကို လျှိုမြောင်ကမ်းပါးစွန်းတို့မှနေ၍ ကျောက်တုံးများလှိမ့်ချခိုင်းလေရာ ဖုန့်စစ်တပ်မှာ အသက်လု၍ပြေးရချေသည်။ ဖုန့်စစ်တပ်မှ တစ်စိတ်တစ်ပိုင်သာ လျှိုမြောင်အတွင်းပိတ်မိသလို ထောင်ချောက်များအတွင်းကျသွားခဲ့သော်လည်း ၎င်းက ရွှယ်ယွီ၏ပထမဆုံးတိုက်ခိုက်မှုဖြစ်လေသည်။
ဖုန့်စစ်တပ်က အနည်းဆုံး လူနှစ်ထာင့်ငါးရာအထက်ကျရှုံးသွားပြီးရွှယ်ယွီ၏ ၂၅၀၀ဟူသော တပ်သားအရေအတွက်နှင့် တူပြီးနေလေပြီ။
xxxxxx