Chapter 140
စစ်သားများက စခန်းမှပြေးထွက်လာကာ ဒူးထောက်လျက် ဧကရာဇ်ရွှယ်ကိုကြိုဆိုကြသည်။ရွှယ်ကျွင်းလျန်က မြင်းပေါ်ကဆင်းလာသည်နှင့် စစ်သားများကိုပြန်ထခိုင်းကာပထမဆုံးမေးသည့်အရာမှာ "နယ်စားမင်းထန့်နန်ဘယ်လိုနေလဲ...." ဟူ၍ပင်။
ကျောက်ထုံကပြောလိုက်သည်။
"စစ်သူကြီးက အခုလေးတင်သတိရလာပါပြီ....'
"သတိရလာပြီလား..."
ရွှယ်ကျွင်းလျန် ထိုစကားကိုရေရွတ်လိုက်ပြီး လူအုပ်ကြီးကိုနောက်တွင်ထားကာ အထဲသို့အပြေးတစ်ပိုင်းဝင်သွားသည်။ ကျောက်ထုံက အရှင်မင်းကြီးက နယ်စားမင်းထန့်နန်၏ဒဏ်ရာများကိုသွားကြည့်ချင်ကြောင်းသိ၍ ချက်ချင်းလက်ငင်း အဓိကရွက်ဖျင်တဲဆီပို့ပေးလိုက်သည်။
ရွှယ်ကျွင်းလျန် အဓိကရွက်ဖျင်တဲကိုရောက်ချိန်တွင် သူ၏စစ်သားများက သူ့ကိုလိုက်ကာမပေးလိုက်သော်လည်း သူအထဲသို့မဝင်သေးမီ ထန့်ယွင်၏ဖြူဖျော့နေသော မျက်နှာကိုမြင်လိုက်ရသည်။
ထန့်ယွင်၏နှုတ်ခမ်းများကဖြူဖျော့နေပြီး မျက်နှာကသွေးရောင်မဲ့နေသည်။ တစ်ကိုယ်လုံးက ပိန်ပါးနေကာ စိတ်ဝိဉာဉ်မဲ့နေဟန်ဖြစ်နေသည်။ စစ်သားတိုင်းက ရွှယ်ကျွင်းလျန်ကို ကြိုဆိုရန်ပြေးထွက်လာကြ၍ သူ့ကိုပြုစုပေးမည့်လူရှိမနေခဲ့ပေ။ ထန့်ယွင်နိုးလာချိန်တွင် စစ်ပွဲအတွက်စိတ်ပူနေလေသည်။ ထို့ကြောင့် အတွင်းဝတ်တစ်လွှာသာဝတ်ပြီး အပြင်ကိုထွက်ရန်ပြင်လိုက်သည်။
ထန့်ယွင်က တော်ဝင်ဝတ်ရုံလွှာကို ဝတ်ထားသော ရွှယ်ကျင်းလျန်ကိုငေးစိုက်ကြည့်ပြီး မယုံနိုင်အောင်ဖြစ်နေသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏အားနည်းဖျော့တော့နေသော အမူအရာကိုကြည့်ပြီး နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူချက်ချင်း ထန့်ယွင်ကို ကူညီပေးလိုက်ပြီး အမိန့်ပေးလိုက်သည်။
"အကုန်လုံးအပြင်ထွက်ကြ.. ကိုယ်တော့်မှာ နယ်စားမင်းထန့်နန်ကိုပြောစရာရှိနေတယ်...."
သူ့အသံထွက်ပေါ်လာသည်နှင့် လိုက်ကာစကိုဆွဲပိတ်လိုက်ပြီး လူအများ၏အမြင်ကိုပိတ်ကာလိုက်သည်။ ထို့နောက်တွင် ထန့်ယွင်ကို ရင်ခွင်ထဲတွင်ပွေ့ချီကာ ရွက်ဖျင်တဲအတွင်းဝင်လိုက်သည်။
ထန့်ယွင်က အံ့အားသင့်သွားပြီး ရုန်းကန်ရန်ပြင်ပါသော်လည်း သူကနိုးကာစဖြစ်သလို အားလည်းမရှိချေ။ ရွှယ်ကျွင်းလျန်၏ မကြည်သာနေသောအမူအရာကိုကြည့်ပြီး မရုန်းကန်တော့ပေ။ သူရွှယ်ကျွင်းလျန်ကိုမှီလိုက်ပြီး စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
ထန့်ယွင်ကိုအပြင်မှနေ၍ ထန့်ယွင်အိပ်ရာအိပ်ခန်းတဲသို့ချီသွားရန်ဘယ်လောက်မှ အားမသုံးရပေ။ ရွှယ်ကျွင်းလျန်က သူ့ကို အိပ်ရာပေါ်ငြင်သာစွာတင်ပေးလိုက်သည်။ သူ့လက်ထဲရှိလူမှာ မျက်လုံးတို့မှိတ်နေပြီး အိပ်နေသလား သတိမေ့နေသလဲ မသဲကွဲပါချေ။
ရွှယ်ကျွင်းလျန်က အလွန်ကြောက်ရွံ့ကထိတ်လန့်သွားရပြီး ရွက်ဖျင်တဲအပြင်ကိုပြေးထွက်သွားသည်။ သူကမြို့တော်မှ တော်ဝင်သမားတော်ကို တပါတည်းခေါ်လာခဲ့ပြီး တော်ဝင်သမားတော်က အပြင်ဘက်တွင် အခေါ်ခံရရန်စောင့်ဆိုင်းနေခဲ့သည်။ သူကရွှယ်ကျွင်းလျန်၏အမူအရာကိုကြည့်ပြီး မြို့စားမင်းထန့်နန်၏ဒဏ်ရာက်ု ချက်ချင်းစစ်ဆေးပေးလိုက်သည်။
တော်ဝင်သမားတော်က ဒဏ်ရာပတ်ပတ်လည်ကိုအသေအချာလေ့လာကြည့်ပြီး အရေပြားပတ်ပတ်လည်တွင် အဆိပ်တက်နေသည့် အရိပ်အယောင်ရှိသလား စစ်ဆေးပြီးမှ သက်ပြင်းချ၍ပြောလိုက်သည်။
"စိုးရိမ်တော်မမူပါနဲ့ အရှင်မင်းကြီး.... မြို့စားမင်းက သွေးအလွန်အကျွံဆုံးရှုံးထားပြီး အားနည်းနေတဲ့အခြေအနေမှာရှိနေတော့ အိပ်ပျော်သွားရတာပါ...."
တော်ဝင်သမားတော်က ဆေးအချို့ကိုဖော်စပ်ပေးလိုက်သည်။ ကျောက်ထုံက ဆေးညွှန်းကိုယူကာ သူကိုယ်တိုင်ကိုယ်ကျ ထန့်ယွင်အတွက် ဆေးသွားကြိုပေးသည်။ ရွှယ်ကျွင်းလျန်က လူတိုင်းကိုထွက်သွားရန် ထပ်ပြောလိုက်သည်။ သူကစိတ်မချဖြစ်နေသေး၍ အပြင်ဘက်တွက် သူတော်ဝင်သမားတော်ကိုခေါ်ချင်တိုင်း ခေါ်ပေးနိုင်မည့်လူတစ်ယောက်ကို အနားတွင်ခေါ်ထားသည်။
ရွှယ်ကျွင်းလျန်က ကုတင်ပေါ်တွင်အိပ်မောကျနေသော အမျိုးသားကိုကြည့်ပြီး ထိုလူ့ပခုံးရှိဒဏ်ရာကိုစစ်ဆေးလိုက်သည်။ မြှားခေါင်းကအတော်လေးနက်နက်ရှိုင်းရှိုင်းဝင်ရောက်ခဲ့၍ ဒဏ်ရာပတ်ဝန်းကျင်ရှိ အရေပြားက ဖောယောင်နေလေသည်။ ရွှယ်ကျွင်းလျန်က အမြဲတစေ သွေးများနှင့် ဒဏ်ရာများကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ရာများကိုတွေ့နေကြဖြစ်၍ ဤမြင်ကွင်းကို အသားကျနေပြီဟုထင်ခဲ့သည်။ သို့သော်သူဂရုစိုက်သည့်အမျိုးသား ဒဏ်ရာရနေသည်ကိုကြည့်ပြီး သူ့နှလုံးသားထဲတွင်လေးလံမှုတို့ပြည့်သိပ်နေသည်။ အောက်ခြေမရှိသည့်တွင်းနက်ကြီးတစ်ခုထဲ ကျသွားသလိုခံစားလိုက် ရသည်။
ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ထားခဲ့ပေးသည့်လိမ်းဆေးကိုယူကာ ထန့်ယွင်၏ဒဏ်ရာပေါ်လိမ်းပေးလိုက်ပြီး ဂရုတစိုက်ပတ်တီးစည်းပေးလိုက်သည်။
ထန့်ယွင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။ အဝတ်အစားလဲခြင်းက အနည်းငယ်နာကျင်သော်လည်း မျက်မှောင်သာကြုတ်ပြီး နိုးထလာမည့်အရိပ်အယောင်မပြနေပေ။ ရွှယ်ကျွင်းလျန်ကထန့်ယွင်နိုးသွားမည်ကိုစိုး၍ ဖြေးဖြေးသာသာလေးသာ လုပ်ကိုင်ပေးလေသည်။
ထန့်ယွင်ကိုအဝတ်အစားကူလဲပေးပြီးနောက်တွင် ရွှယ်ကျွင်းလျန်က သူ့ကိုယ်သူချွေးများရွှဲနေကြောင်း သိလိုက်ရသည်။ သူ့ သရဖူ သူချွတ်ကာဘေးသို့ပစ်ထားလိုက်သည်။ သူအဝတ်စတဘက်တို့ကိုယူကာ ရေနွေးထဲစိမ်ပြီး ထန့်ယွင်၏မျက်နှာ၊ လက်နှင့် ခြေထောက်များကိုသုတ်ပေးလိုက်သည်။
ရေနွေး၏အပူရှိန်က ကွက်တိကျပြီး နွေးထွေးနေပုံပင်။ ထန့်ယွင်၏မျက်မှောင်ကြုတ်နေသော မျက်ခုံးတစ်စုံက ပြေလျော့သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း သက်တောင့်သက်သာရှိသည့် အနေအထားသို့ရောက်သွားသည်။
ရွှယ်ကျွင်းလျန် ထိုင်ခုံကိုဆွဲယူကာ အိပ်ရာဘေးတွင်ထိုင်လိုက်သည်။ သူကထန့်ယွင်အနားယူနေသည်ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။ ရုတ်တရက် ထန့်ယွင်ဧကရီဖြစ်စဉ်ကလည်း ထန့်ယွင်မျက်နှာရှိဒဏ်ရာကိုဆေးလိမ်းပေးခဲ့ဖူးကြောင်း အမှတ်ရသွားသည်။ သို့သော်လည်း ထိုအချိန်က သူက ဧကရီကိုဂရုစိုက်သည့်အနေဖြင့်ပြုလုပ်ပေးခဲ့ခြင်းမဟုတ်ဘဲ ရိုးရိုးသားသားပြုလုပ်ပေးခဲ့ခြင်းဖြစ်သော်လည်း ဧကရီ၏ပြာယာခတ်နေပုံကို မြင်ချင်ခဲ့သည်။ ထိုအချိန်သူ့ရင်ထဲရှိ အစစ်အမှန်ခံစားချက်ကိုမသိခဲ့သော်လည်း ယခုအချိန်ပြန်တွေးကြည့်သောအခါ သူလုပ်ခဲ့သည့်အရာများက အတော်လေးရှက်ဖွယ်ကောင်းနေခဲ့သည်။
ရွက်ဖျင်တဲထဲတွင် အလင်းရောင်မရှိပေ။ နေဝင်သွားချိန်တွင် ရွက်ဖျင်တဲက ပိုမိုမှောင်ပိန်းလာသည်။ ရွှယ်ကျွင်းလျန်က ဖယောင်းတိုင်မီးအရောင်များက ထန့်ယွင်၏အနားယူနေမှုကို ထိခိုက်မည်စိုး၍ အမှောင်ထဲတွင် တိတ်တိတ်လေးထိုင်နေလိုက်သည်။
ထန့်ယွင်က ညဘက်တွင် အဖျားတက်လာခဲ့သည်။ ရွှယ်ကျွင်းလျန်က တော်ဝင်သမားတော်ကို ချက်ချင်းခေါ်လိုက်ပြီး တော်ဝင်သမားတော်က စိုးရိမ်နေသည့် ဧကရာဇ်ကို ဒဏ်ရာပြင်းသောလူနာတစ်ယောက်အတွက် အဖျားတက်ခြင်းမှာပုံမှန်သာဖြစ်ကြောင်းနှင့် အဖျားတက်သော်လည်း ဒဏ်ရာက ကောင်းကောင်းကျက်သွားခဲ့ကြောင်း ရှင်းပြပြီးစိတ်မပူရန်ပြောခဲ့သည်။
မည်သို့ပင်ဆိုစေ နယ်စားမင်းထန့်နန်ကငယ်ရွယ်နေသေးဆဲဖြစ်၍ ဒဏ်ရာကျက်လွယ်ပါသည်။
အရုဏ်တက်ချိန်တွင် ထန့်ယွင်အဖျားကျသွားပြီး သူ့မျက်နှာကလည်း ဖြူဖျော့မနေတော့ပေ။ သူအိပ်နေဆဲဖြစ်သော်လည်း ငြီးငြူခြင်း မျက်မှောင်ကြုတ်ခြင်းမရှိတော့ပေ။ ထိုမှသာရွှယ်ကျွင်းလျန်က စိတ်သက်သာရာရသွားရသည်။
140.2
ထိုအချိန်တွင် တစ်ညလုံးထိုင်နေ၍ သူ့နောက်ကျောများညောင်းကိုက်လာကြောင်းခံစားလိုက်ရသည်။ သူမြို့တော်တွင်ရှိစဉ်ကပင် အမြဲတမ်းမင်မြစ်မှစစ်ပွဲနှင့် ကုတင်ပေါ်ရှိဤလူသားအကြောင်းကိုသာတွေးနေခဲ့သည်။ ယခု ထန့်ယွင်ကိုမြင်လိုက်ရပြီဖြစ်၍ ဒဏ်ရာရနေသောပုံကိုမြင်ရသည်ဆိုသော်လည်း စိတ်သက်သာရာရပြီး အနည်းငယ်ပင်ပန်းသွားရသည်။
ရွှယ်ကျွင်းလျန် ကုတင်ပေါ်မှီလိုက်ပြီး ထန့်ယွင်၏မျက်တောင်တို့ကိုငေးစိုက်ကြည့်နေသည်။ ထိုမျက်တောင်တို့၏ အသာအယာတုန်ခါနေမှုကိုကြည့်ရင်း မသိလိုက်မသိဘာသာဖြင့် အိပ်ပျော်သွားခဲ့ရသည်။
ထန့်ယွင်နိုးလာချိန်တွင် နေ့လည်ခင်းပင်ရောက်လုနီးလေပြီ။ သူ့မနေ့ညက ရွှယ်ကျွင်းလျန်သူ့ဆီလာပြီး သူ့ကိုပြုစုပေး၊ ဂရုစိုက်ပေးပြီး သူ့ခန္ဓာကိုယ်ကို သုတ်သင်ပေးခဲ့ကြောင်း အိပ်မက်မက်ခဲ့သည်။ သို့သော်ရွှယ်ကျွင်းလျန်က မြို့တော်တွင်ရှိနေပေသည်။
ဒီလောက်ကြမ်းတမ်းတဲ့ စစ်မြေပြင်ထဲမှာ သူ့ကိုသတိရမိလို့ သူ့အကြောင်းအိပ်မက်တွေပါ မက်ခဲ့မိတာများလား....
ထန့်ယွင်ခေါင်းလှည့်လိုက်သည့်အခါတွင် အလန့်တကြားဖြစ်သွားရသည်။ နဂါးဝတ်ရုံကို ပြည့်ပြည့်စုံစုံဝတ်ထားပါသော လူတစ်ယောက်က သူ့ဘေးတွင် ခေါင်းမှီထားပြီး ခပ်ဖွဖွအသက်ရှူနေသည်။ သူ့မျက်လုံးအောက်တွင် အမဲရောင်အချို့ရှိနေလေရာ ထိုလူအိပ်ရေးမဝခဲ့ကြောင်း ဖော်ပြနေပေသည်။ သူ၏ကျောက်စိမ်း မကိုဋ်ကဘေးတွင်ကျနေပြီး ဖြစ်သလိုအပစ်ခံထားရကြောင်းသိသာနေကာ သူ၏ဆံပင်တို့ကလည်းရှုပ်ပွနေလျက် သူ့လက်တစ်ဖက်တွင် အဝတ်တဘက်တစ်ခုရှိနေသည်။
အိပ်ရာခင်းက အဝတ်စတို့ကြောင့် စိုစွတ်နေရသည်။ ထန့်ယွင်ပြန်လည်မတုန့်ပြနိလာနိုင်မီ အချိန်အတော်ကြာ ကြောင်အနေမိသည်။ သူမနေ့ညက အိပ်မက်မက်ခဲ့ခြင်းမဟုတ်ကြောင်း သိသွားခဲ့ရသည်။ ရွှယ်ကျွင်းလျန်က ဤနေရာ သူ့ဘေးတွင်ရှိနေလေပြီ။ သူမရယ်ဘဲ မနေနိုင်တော့ပေ။ သူလက်ဆန့်ထုတ်ကာ ရွှယ်ကျွင်းလျန်၏ညိုမဲနေသော မျက်တွင်းများကိုထိလိုက်သည်။ ၎င်းက သူ့အနာကိုဆွဲဆန့်သလိုဖြစ်သွား၍ ပင့်သက်ရှိုက်လိုက်ရသည်။
ရွှယ်ကျွင်းလျန်က ပင့်သက်ရှိုက်သံကြားလိုက်ရ၍ ချက်ချင်းထထိုင်လိုက်သညိ။ ထန့်ယွင်က လုံးဝနိုးနေပြီး အလွန်အမင်းနာကျင်ဟန် သူ့ပခုံးတစ်ဖက်ကိုကိုင်ထားကာ နှုတ်ခမ်းကိုကိုက်ထားသည်။
ရွှယ်ကျွင်းလျန် မြန်မြန်ထလိုက်ပြီး သူ့ကိုကူပေး၍မေးလိုက်သည်။
"ဒဏ်ရာပွင့်သွားလို့လား... မလှုပ်နဲ့နော်... ကိုယ်တော်ဝင်သမားတော်ခေါ်လိုက်မယ်...."
သူ့စကားမဆုံးမီ ထန့်ယွင်ကတားလိုက်သည်။
"ဒဏ်ရာမပွင့်သွားရပါဘူး... ကျွန်တော် ဆွဲဆန့်မိသလိုဖြစ်လို့ နည်းနည်းနာသွားတာပါ...."
"နည်းနည်းနာသွားရတာ... ကိုယ်တော့ မင်းကြည့်ရတာအရမ်းနာနေသလိုပဲ... ဒဏ်ရာကအရမ်းနာတော့ လှုပ်ရှားရတာတော်တော်ခက်လိမ့်မယ်...."
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏နှဖူးကိုထိရင်းပြောလိုက်သည်။ သူ၏ကိုယ်အပူရှိန်က အခုတွင်အတော်လေးကျသွားလေပြီ။ သူမဖျားတော်မှန်းသိလိုက်ရ၍ ပြန်ထိုင်ပြီးသက်ပြင်းချလိုက်သည်။ သူ့ကိုကြည်ရသည်မှာ ကိုယ့်ပုံရိပ်ကိုယ် ထိန်းသိမ်းရန်ကျရှုံးသွားပုံပင်။
ထန့်ယွင်က သူ၏ပြာယာခတ်နေသော ပုံကိုကြည့်ပြီး စိတ်ထဲတွင် ထူးဆန်းသလိုလေးခံစားလိုက်ရသည်။
"အရှင်မင်းကြီးက မင်မြစ်ကိုဘာကြောင့်လာခဲ့ရတာပါလဲ..."
ရွှယ်ကျွင်းလျန်က ထလိုက်ပြီး သူ့ကိုရေတစ်ခွက်ပေးလိုက်သည်။ သူရေသောက်ပြီးနောက်တွင်မှပြောလိုက်သည်။
"ဒါက ဧကရာဇ်ကိုယ်တိုင်ရှေ့တန်းထွက်ရတာပေါ့... ကိုယ့်တပ်သားတွေကို စိတ်ဓာတ်မြင့်တက်အောင်ကိုယ်တိုင်လာခဲ့ရပြီး ကိုယ့်ကိုစိတ်ပူအောင်လုပ်တဲ့လူကိုလည်းလာတွေ့ရတာပေါ့လေ...."
ထန့်ယွင်က ထိုစကားများကိုကြားပြီး အချိန်အတော်ကြာ ကြောင်အသွားသည်။ ၎င်းက ဧကရာဇ်များတော်ရုံတန်ရုံ လုပ်ခဲသည့်အရာမျိူးဖြစ်သည်။ ၎င်းက အတော်လေး ခမ်းနားကြီးကျယ်ပုံပေါက်သော်လည်း တိုင်းခန်းလှည့်လည်ခြင်းကစစ်မြေပြင်သို့ရောက်ခဲ့ပါလျှင် ဧကရာဇ်ကိုယ်တိုင်စစ်ပွဲသို့ဝင်ရောက်လာခြင်းဖြစ်ပြီး တောင်တန်းများနှင့်မြစ်များကို လှည့်လည်ကြည့်ရှုခြင်းမဟုတ်တော့ပေ။ ၎င်းက အစစ်အမှန်ဓား၊မြှား၊ လှံနှင့် ဓားမြှောင်တို့ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ နန်းမြို့တော်တွင် နဂါးပလ္လင်ပေါ်တွင်ထိုင်ပြီး သက်သောင့်သက်သာမနေချင်သော ဧကရာဇ်ဟူ၍မရှိပါချေ။
ထန့်ယွင် ကအတော်လေးအိပ်ခဲ့ပြီးနောက် နာလန်ထစဖြစ်သော်လည်း သူ၏ခွန်အားတို့ကအတော်လေး ပြန်လည်ကောင်းမွန်လာသည်။ သူ့ပခုံးပေါ်ရှိ ဒဏ်ရာမှာ လှုပ်ရှားသည်ဖြစ်စေ ဆွဲဆန့်သည်ဖြစ်စေ နာကျင်နေဆဲဖြစ်၍ နာကျင်မှုကြောင့် ချွေးအေးများပင် ကျလာစေသည်။
ထန့်ယွင်က ထပြီးရေသောက်၍မရကြောင်း မြင်ရ၍ ရွှယ်ကျွင်းလျန်က ခေါင်းမော့ကာရေသောက်ချလိုက်သည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန် ရေဆာ၍သောက်လိုက်သည်ဟု သို့သော် သူမထင်မှတ်ထားသည်မှာ ရွှယ်ကျွင်းလျန်က သူ့နှုတ်ခမ်းကိုဖိချလိုက်ပြီး ပါးစပ်အတွင်းရေများကို သူ့အာခံတွင်းသို့သက်ဆင်းစေလိုက်သည်။
ထန့်ယွင်က ဤမျှနီးနီးသို့တစ်ခါမှမရောက်ဘူးပေ။ သူ့လက်များက ရွှယ်ကျွင်းလျန်၏ အင်္ကျီထောင့်စွန်းကို ဆုပ်ကိုင်ထားမိလိုက်သည်။ ရေကနွေးထွေးနေသည်။ ရွှယ်ကျွင်းလျန်၏ ခန္ဓာကိုယ်အပူရှိန်ကြောင့် ခပ်နွေးနွေးရေများက သူ၏လည်ချောင်းတစ်လျောက်စီးဆင်းသွားသည်။
ရွှယ်ကျွင်းလျန်က ရေတိုက်ပြီးသော်လည်း မရွေ့သွားဘဲ သူ့နှုတ်ခမ်းများက ထန့်ယွင်ကိုဆက်လက်နမ်းရှိုက်လေသည်။ ထန့်ယွင်၏ပါးစပ်ထဲတွင် ဆေး၏အရသာဖြစ်သော ခါးသက်မှုတို့ပြည့်နေသည်။ ရွှယ်ကျွင်းလျန်ကထိုအရသာကိုသဘောကျနေပြီး ထန့်ယွင်ကိုဆက်လက်အရသာခံနေကာ သူ့ကိုတုန့်ပြန်လာစေရန် ပြင်းပြင်းထန်ထန်နမ်းလေသည်။
ထန့်ယွင်က အစကတည်းက အင်အားမရှိဖြစ် နေလေရာ ယခုအချိန်တွင် အနမ်းခံလိုက်ရ၍ ပိုမို၍ အင်အားမဲ့သွားခဲ့သည်။ နောက်ဆုံးတွင် ခွန်အားတို့အားလုံးပျောက်ဆုံးသွားရ၍ ရွှယ်ကျွင်းလျန်၏ အင်္ကျီထောင့်စွန်းကိုပင် မကိုင်နိုင်တော့ပေ။
ရွှယ်ကျွင်းလျန်က ထန့်ယွင်၏နှုတ်ခမ်းများကို အလွတ်ပေးလိုက်ကာ နှုတ်ခမ်းထောင့်မှစီးကျနေသော ရေအချို့ကိုသုတ်ပေးလိုက်ကာ သူ့နှဖူးကိုနမ်းကာ ငြင်ငြင်သာသာလေးပြောလိုက်သည်။
"ဗိုက်ဆာနေပြီလား... တစ်ခုခုစားပြီး ပြန်အိပ်လိုက်လေနော်...."
ဤကဲ့သို့နူးညံ့လှသောမေးခွန်းနှင့်ကြုံလိုက်ရချိန်တွင် ထန့်ယွင်က ရှက်သွေးများဖြာသွားရပြီး သူ့နှုတ်ခမ်းများကပါ နီထွေးသွားရသည်။
သူ မငြင်းကြောင်းမြင်ရသောအခါတွင် ရွှယ်ကျွင်းလျန်က ရွက်ဖျင်တဲထဲမှထွက်ကာ အပြင်ဘက်ရှိအစောင့်ကို ပူပူနွေးနွေးအစားအသောက်အချို့ယူခိုင်းလိုက်သည်။
xxxxxxx