Chapter 151
ကျောက်လုနှင့်ဖုန့်မင်
အနှီလူက မယုံနိုင်လောက်အောင်ထူးခြားသောလူတစ်ယောက်၊ အကြောင်းမှာ ဤသို့ဝေးလံခေါင်သီသောနေရာ၌ပင် သူ့အား အစားအသောက်တွေပေးကာ ပိုက်ဆံတွေတောင်မကြာခဏပေးတတ်သည့် ချမ်းသားကြွယ်ဝဟန်ရှိသော လူများရှိ သောကြောင့်ဖြစ်ပေသည်။ ထပ်ပြီး အံ့ဩစရာကောင်းသည့်အရာကား ထို့လူမှာ ရူးသွပ်နေသော ဆွေမျိူးတစ်ယောက် မိသားစုထဲမှာရှိနေခဲ့ခြင်းပင်...
ထိုလူဟာ အပြင်ဘက်ကနေအထဲကို ဝင်လာပြီးပြင်ဆင်ထားသည့် မနက်စာကို စားပွဲပေါ်တင်လိုက်၏။ အိပ်ရာထက်၌ လဲလျောင်းနေသူကတော့ အိပ်ပျော်နေဆဲဖြစ်သည်။ သူဟာ ငြိမ်သက်စွာ လဲလျောင်းနေပြီး မျက်လုံးများမှိတ်ကာ အသက်မှန်မှန်ရှူလျက်ရှိသည်။ သူ့အသွင်က အနည်းငယ်မျှတောင် ခြားနားခြင်းမရှိပါဘဲ လွန်ခဲ့သည့်နှစ်များစွာတုန်းကကဲ့သို့ပင်။
ကွာခြားသည်ကား တော်ဝင်နန်းတော်၊ပင်မခန်းမဆောင်နှင့်နဂါးအုံးစက်ရာတို့မရှိသလို နန်းတွင်းအစေခံများလည်းရှိမနေရုံမျှသာ။ သူတို့နှစ်ဦးတည်းပင် ရှိနေခဲ့၏။
ထိုလူက ခုတင်စွန်းတွင်ထိုင်ကာ အိပ်ရာထဲမှလူကို ခဏမျှငေးကြည့်နေခဲ့သည်၊ ထို့နောက် ဖြည်းညင်းစွာ လက်လှမ်း၍ ဆံနွယ်များကို ညင်ညင်သာသာ ပွတ်သပ်ပေးပြီး ဂနာမငြိမ် အိပ်စက်ထားခြင်းကြောင့် မျက်နှာပေါ်သို့ကပ်ကာနေသောဆံပင်များကို သပ်တင်ပေးလိုက်သည်။
ထိုလူ သက်ပြင်းချကာ ဆံနွယ်များကို ပွတ်သပ်နေသည့် လက်က တစ်ဖက်လူ၏မျက်ခုံးတန်းများကို နူးညံ့စွာထိလိုက်ပြီး နှာတံတစ်လျှောက်ကိုဖြတ်သန်း သက်ဆင်းလာခဲ့၏။ အခိုက်အတန့်တစ်ခုအကြာတွင် အိပ်ရာပေါ်မှာ လဲလျောင်းနေသူက ရုတ်တရက် မျက်လုံးပွင့်လာပြီး ထိုလူ၏လက်ကိုကိုက်လိုက်လေသည်။
တစ်ဖက်အမျိုးသား၏လက်ကို ကိုက်နေသည့်လူက ရယ်မောနေသည့်အတွက် သူတို့ဟာတစ်ယောက်နှင့်တစ်ယောက် ဆော့ကစားနေသည်နှင့်တူသော်လည်း တစ်ဖက်အမျိုးသားကမူ အကိုက်ခံထားရသည့်လက်ကနေ သွေးများစီးကျလာခြင်းကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွား၏.....
ထိုလူက စိတ်ဆိုးခြင်းမရှိပါဘဲ မျက်ဝန်းများတွင် ကူကယ်ရာမဲ့သောအကြည့်တစ်ခုရှိနေကာ ချော့မော့ပြောဆိုလေသည်။
"ထပြီးစားလေ...ဗိုက်ဆာနေပြီလား"
တစ်ဖက်လူက သူကိုက်နေသည့်လက်က သွေးထွက်နေသည်ကိုမသိသကဲ့သို့ပင် လွှတ်မပေးပါချေ။ သူက ပြုံးကာဖြင့် ထိုလူကို ယင်းက ကစားနည်းတစ်ခုသာဖြစ်သလိုမျိူး ကြည့်နေခဲ့သည်။
ထိုလူက လက်ကိုပြန်ဆွဲမယူပါဘဲ သူ့ကို ကိုက်ခွင့်ပေးထား၏။ တစ်ဖက်လူက တုံ့ပြန်မှုမရှိသည့်အတွက် ပျင်းရိသွားပြီး ပါးစပ်ကိုဖြေလျော့ပေးလျက် စောင်ကိုမ၍ ခုတင်ထက်မှပြေးဆင်းကာ ပျော်ပျော်ရွှင်ရွှင် စားသောက်လေသည်။
ထိုလူက အိပ်ရာဘေးရှိ အဝတ်အစားများကို ယူကာ တစ်ဖက်လူကိုဝတ်ပေးပြီး ပြော၏။
"အဝတ်အစားမဝတ်ရင် အအေးပတ်လိမ့်မယ်"
တစ်ဖက်လူက သက်တောင့်သက်သာမဖြစ်ဟန်ဖြင့် သူ့ပခုံးထက်မှာပတ်ထားသောအဝတ်အစားများကို ဆွဲချွတ်လိုက်သည်။ ထိုင်ခုံက အလွန်အေးသည်ဟု သူခံစားရပုံပေါ်၏။ သူက ထိုင်ခုံကိုလက်ဖြင့်ပုတ်ကာ ထိုလူ့ကို ယင်းပေါ်၌ ထိုင်ရန် အမူအရာပြပြီး ၎င်းနောက် သူကတော့ ထိုယောကျာ်း၏ပေါင််ပေါ် တက်ထိုင်လေသည်။
ထိုလူကား တစ်ဖက်လူ၏အပြုအမူ များနှင့် အင်မတန်ရင်နှီးကျွမ်းဝင်နေပြီဖြစ်၏။ အဆုံးမတော့ သူတို့နှစ်ယောက် ဤသို့အတူတူနေခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီပင်။ ယုတ္တိမတန်ဟုထင်ရသော သို့မဟုတ် ဒေါသထွက်ဖွယ်ကောင်းသော လုပ်ရပ်များစွာသည် အမှန်တော့ တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်ပေသည်။
လွန်ခဲ့သည့်တစ်နှစ်အတွင်း ထိုလူသည် သူ၏တောင်းဆိုမှုက မည်မျှပင် ကျိုးကြောင်းမဆီလျော်သည်ဖြစ်ပါစေ သူအား စိတ်ရောကိုယ်ပါနှစ်၍ ပြုစုစောင့်ရှောက်ပေးခဲ့၏။ အကြောင်းမှာ
ဤသည်က သူ သူ့ကိုပြန်ပြီးပေးဆပ်ရမည့်အရာတဖြစ်လဲ သူ ဖုန့်မင်အပေါ်တင်နေသော အကြွေးဖြစ်သည့်အတွက်ပင်...
ဖုန့်မင်က သူ့ပေါင်ပေါ်တွင် ထိုင်လျက် သူ၏မနက်စာကို စားနေခဲ့ပြီး တစ်ခါတလေ ကျောက်လုပေါ်သို့ ဟင်းရည်များဖိတ်ကျလာသော်လည်း ကျောက်လုကတော့ စိတ်မဆိုးမြဲဖြစ်ကာ သူ့နှုတ်ခမ်းမှာ ကပ်ကျန်နေသောအစားအသောက်များကိုသာ ကူသုတ်ပေးလေသည်။
ဖုန့်မင်ဟာ မနက်စာစားပြီးနောက် အိပ်ငိုက်လာဟန်ရှိကာ ကျောက်လု၏ရင်ခွင်ထဲတွင် အိပ်ပျော်တော့မည်ဖြစ်သော်လည်း အမြဲတစေ လှုပ်လှုပ်ရွရွဖြစ်နေကာ ပိုသက်တောင့်သက်သာ အိပ်စက်နိုင်မည့် အနေအထားကိုရှာဖွေရန်ကြိုးစားနေ၏။
ကျောက်လု အစတုန်းက များများစားစား မတွေးမိသော်လည်း အချိန်အတော်ကြာပြီးနောက် သူ့ခန္ဓာကိုယ်အောက်ပိုင်းကတုန့်ပြန်လျက်ရှိနေ သည်ကို ခံစားလိုက်ရသည်။ ကျောက်လု သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် အလန့်တကြားဖြစ်သွားပြီး ဖုန့်မင်ကိုရင်ခွင်ထဲမှာပွေ့ရင်း အလျင်အမြန် မတ်ထပ်ထရပ်ကာ အိပ်ရာဆီသို့ လျှောက်သွား၍ ထိုအမျိုးသားကို ကုတင်ပေါ်သို့တင်ပေးလိုက်၏။ သူ့က သူ့ကိုစောင်ခြုံပေးကာဖြင့်"အိပ်ချင်နေရင် ခဏအိပ်လိုက်နော်"ဟုဆိုလိုက်သည်။
ထို့နောက် သူပြန်လှည့်ကာ စားပွဲပေါ်က အရာများကို ရှင်းလင်းပြီး အခန်းအပြင်ထွက်သွားခဲ့၏။
ဖုန့်မင်က သူ့ကိုမတားပါပဲ ရုတ်ချည်းငြိမ်ကျသွားပြီး စားပွဲပေါ်က ပန်းကန်များကို သန့်ရှင်းရေးလုပ်နေသည့် ကျောက်လုကိုငေးကြည့်နေ၏။ သူ့(လု)ကိုကြည့်ရသည်မှာ သက်ပြင်းချနေဟန်ရှိပြီး စားပွဲပေါ်ကအရာများကို ယူကာအပြင်ထွက်သွားသည်။
ကျောက်လုက ယခုပန်းကန်ဆေးမှာဖြစ်ကာ ပြီးရင် ထွက်သွားမည်ဆိုသည်ကို ဖုန့်မင်သိပါ၏။
အဆုံးမတော့ ကျောက်လုဟာ နယ်စားမင်းတစ်ယောက် ၊ဗိုလ်ချုပ်တစ်ယောက်မဟုတ်တော့သလို သူကလည်း ဖုန့်ဘုရင်မဟုတ်တော့ပါချေ။
အသက်ရှင်ရန်အလို့ငှာ ကျောက်လုအနေဖြင့် သူ့မိသားစုကို ထောက်ပံ့ရန်အတွက် ဝင်ငွေရှာဖို့ အလုပ်လုပ်ရမည်ပင်။
ဖုန့်မင် အိပ်ရာထဲမှာ လဲလျောင်းနေရင်း မျက်နှာကျက်ကို ကြောင်တက်တက်နှင့် ငေးကြည့်နေမိသည်။ သွေး၏ချိုမြိန်သောရနံ့က သူ့ပါးစပ်ထဲမှာ ရှိနေသေးဟန်ပင်။ သူ့မွေးနေ့မှာ ကျောက်လုက ဗျက်စောင်းကိုပြန်ယူလာခဲ့သည်အချိန်ကို သူ သတိရသွား၏။ ထိုစဥ်က ကျောက်လုဟာ ဗျက်စောင်းကို ပျော်ရွှင်စွာယူဆောင် တီးခတ်ခဲ့ပြီး ၎င်းနောက် တဟားဟား ရယ်မောရင်း ကြိုးများကို ဖြတ်ပစ်ကာ ဗျက်စောင်းကို မြေကြီးပေါ်သို့ ရိုက်ခွဲပစ်ခဲ့သည်။
ကျောက်လုက သူရူးနေသည်ဟုသာထင်ပြီး ဘာသံသယမှမဝင်ခဲ့ပေ။ကျောက်လုက သူ သူ့ကိုယ်သူ ထိခိုက်အောင် လုပ်မိမှာစိုးသည့်အတွက် ပိုပြီးညင်ညင်သာသာဂရုစိုက်ပေးခဲ့၏။
တခဏအတွင်းမှာပင် တစ်နှစ်ကုန်ဆုံးသွားခဲ့သည်။ ဖုန့်မင်က သူ့ကို တမင်တကာ နှိုးဆွပေးလျှင်ပင်ငြား ကျောက်လုက သူ့ကိုတစ်ခါမှမထိခဲ့ပေ။
ဤသည်က အဆင်ပြေသည်ဟု ဖုန့်မင်ထင်လေသည်။ ရူးသွပ်ချင်ယောင် တုံးအချင်ယောင်ဆောင်နေခြင်းကသာ ကိစ္စတွေအများကြီးကို ရင်ဆိုင်စရာမလိုပါပဲ အေးအေးသာသာ ခံစားရနိုင်၏။
ဖုန့်မင် မျက်လုံးမှိတ်ကာ အနားယူရန်အဆင်သင့်ဖြစ်နေသည်။ သို့ရာတွင် သူ ဘယ်လောက်ကြာအောင် အနားယူနေခဲ့မှန်း မသိပါပဲ အိပ်ပျော်တော့မည်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ဦးက တံခါးလာခေါက်သည့်အသံကို သူကြားလိုက်ရ၏။
ဤဝေးလံခေါင်သီသော နေရာ၌ ကျောက်လု၏မိသားစုတွင် အရူးတစ်ယောက်ရှိမှန်း လူတိုင်းသိကြသည်။ အထူးသဖြင့် ကျောက်လုအပြင်ရောက်နေချိန်တွင် ဘယ်သူမှတံခါးမခေါက်ရဲကြပေ။ ထိုလူက တံခါးကို အဆက်မပြတ်ခေါက်နေ၏။ ဖုန့်မင် တကယ်ကို ပင်ပန်းနေသလို ခံစားရသော်လည်း ထပြီး တစ်ချက်ကြည့်လိုက်ရသည်။
151.2
တံခါးဖွင့်လိုက်ချိန်၌ အပြင်မှာ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးကို သူတွေ့လိုက်၏။ ဖုန့်မင်ကိုမြင်သောအခါ ထိုအမျိုးသမီးက ခဏတာ အံ့အားသင့်သွားခဲ့ပြီး သူ့ကို အစုံအဆန်ကြည့်ကာ နောက်ဆုံးတွင် သူမပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်လိုက်လေသည်။ သူမက သူ့ကို ကြည့်ပြီးပြုံးကာဖြင့် ပြော၏။
"မင်းက ကျောက်လုလား...တကယ်ချောတာပဲဒါပေမဲ့ ...ဒီအဝတ်အစားနဲ့က နည်းနည်းတော့ ထူးဆန်းနေတယ်"
ဖုန့်မင် မျက်မှောင်ကြုတ်လိုက်သည်။ လူလတ်ပိုင်းအမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်ဆိုလေ၏။
"ငါ့ ကို အထဲမဖိတ်တော့ဘူးလား...ငါက လျန်မိသားစုက အောင်သွယ်တော်ပါ...သူတို့က လျန်မိသားစုရဲ့အကြီးဆုံးသမီးက မင်းလိုဆင်းရဲသားကို စိတ်ဝင်စားနေတယ်လို့ ပြောကြ တယ် ... ကံကောင်းစွာနဲ့ပဲ မင်းကကြည့်ကောင်းတော့ လက်ထပ်ဖို့အတွက် အဆင်ပြေတယ်"
သူမပြော၍ပြီးသွားသောအခါ ဖုန့်မင်၏မျက်ခုံးတန်းများက ပိုပြီး တွန့်ချိုးလာသည်။ ထိုအမျိုးသမီးကတော့ ဖုန့်မင်၏ မပျော်မရွင်ဖြစ်နေမှုကိုမမြင်ပေ။ သူမက ပြုံးပြီးပြောလိုက်သေး၏။
"မင်းနဲ့ အကြီးဆုံးမိန်းကလေးက လက်ထပ်ဖို့အတွက် နှစ်ကိုယ်ကြားစေ့စပ်ထားတယ်လို ကြားတယ်...မှန်ရဲ့လား...အချစ်သင်ကေတက ဗျက်စောင်းဒါမှမဟုတ် တခြားတစ်ခုခုဖြစ်မယ်ထင်တယ်...ပြကြည့်ပါဦး ဟုတ်မဟုတ်သိရအောင်လို့"
သူမ စကားဆုံးသွားသည်နှင့် တစ်ဖက်လူ၏မျက်နှာက သိပ်မဟုတ်တော့သည်ကိုခံစားမိလိုက်သည်။ သူ၏လှပတင့်တယ်သော အသွင်အပြင်က တကယ်ကို ရက်စက်ကြမ်းကြုတ်သည့်အမူအရာဖော်ပြလာခဲ့ပြီး လူအများ၏ စိတ်နှလုံးထဲမှာ အေးစက်မှုကိုခံစားရစေခဲ့၏။ ထိုအမျိုးသမီး အကြောင်းပြချက်မရှိပါဘဲ တုန်ရီလာခဲ့သည်....
ကျောက်လု ဖုန်မင်ကြိုက်တတ်သည့် အစားအသောက်တချို့ဝယ်လာခဲ့၏။ ဖုန့်မင်အိမ်မှာ တစ်ယောက်တည်း စောင့်ရင်းပျင်းနေမှာစိုးသည့်အတွက် သူအိမ်ကိုစောစောပြန်ခဲ့သည်။ သို့ပေမဲ့ သူအိမ်တံခါးကနေဝင်လိုက်ချိန်တွင် တစ်ဦးတစ်ယောက်မှကို မတွေ့ရပါချေ။ ဖုန့်မင်အိပ်ပျော်နေလောက်မည်ဟု သူတွေးလိုက်၏။ သူ အတွင်းခန်း၏တံခါးကို တွန်းဖွင့်လိုက်သည်၊ သို့သော်လည်း ဖုန့်မင်ကား အိပ်ရာထက်တွင် ရှိမနေခဲ့။ ထိုအစား စားပွဲနှင့်ထိုင်ခုံများ မြေကြီးပေါ်လဲနေသည်ကို သူတွေ့လိုက်ရ၏။လက်ဖက်ရည် အိုးနှင့် ပန်းကန်လုံးတွေအကုန်လုံး ကွဲကြေနေပြီး သူကိုယ်တိုင် ပြုပြင်ပေးခဲ့သော ဗျက်စောင်းအကျိုးဟာ မြေကြီးပေါ်မှာ နောက်တစ်ကြိမ် ကျိုးပဲ့ပျက်စီးနေခဲ့သည်။
ပထမတော့ ဖုန့်မင်၏အခြေအနေပိုဆိုးလာသည်ဟု ကျောက်လုထင်ခဲ့၏။ ယခင်က ဖုန်မင်ဟာ မကြာခဏပင် ပစ္စည်းများကို အကြောင်းပြချက်မရှိ ဖျက်စီးလေ့ရှိပြီး တစ်ခါတလေ အကြောင်းပြချက်မရှိ အိမ်အပြင်ဘက်ကို ပြေးထွက်သွားကာ အိမ်အပြန်လမ်းကိုရှာမတွေ့တတ်ပေမဲ့ အခုရက်ပိုင်းတွင် သူထိုသို့ ထပ်မလုပ်တော့ပါချေ။
သို့ရာတွင် မကြာမီ ထိုဟာက ပြဿနာမဟုတ်ကြောင်း ကျောက်လုတွေ့သွားတော့သည်။ ဖုန့်မင်၏အဝတ်အစားတွေ အများကြီးပျောက်နေပြီး
သူသိမ်းထားသော ပိုက်ဆံတွေလည်းပျောက်နေ၏။ သဘာဝအတိုင်းပင် ညဘက်အပေါက်ပိတ်ကာ အိပ်ကျသည့် ဤကဲ့သို့သော နေရာသေးသေးလေးတွင် သူခိုးမရှိပါချေ။
ကျောက်လု ရုတ်ချည်း သူ့နှလုံးသားထဲမှာ ထိတ်ခနဲခံစားလိုက်ရသည်။ ဤအရာမျိုး ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ သူကား ဖုန့်မင်က အဆင်သင့်ဖြစ်နေပြီး စိတ်ပြန်ကောင်းသွားချိန်ရောက်ပါက ဖြစ်လာမည့်အရာကို စဥ်းစားနေလောက်ပေမည်။
————
ရွှယ်ဟုန်ယန် နှာခေါင်းကိုပွတ်ကာမေးလိုက်၏။
"အရှင်မင်းကြီး ဒီလိုလုပ်တာက တကယ်ရော အဆင်ပြေရဲ့လား"
"ဒီလိုလုပ်တော့ ဘာဖြစ်လို့လဲ "
ရွှယ်ကျွင်းလျန်က ရိုးရိုးလေးပင် ပြန်ဖြေလိုက်ပြီး ပြုံးကာဆက်ပြောသည်။
"ဖုန့်မင်ရဲ့တုန့်ပြန်မှုက ဘယ်လိုနေလဲ... တစ်ယောက်ယောက်သတင်းပို့သေးလား"
ရွှယ်ဟုန်ယန် ချောင်းဟန့်ကာ ပြောလိုက်၏။
"သတင်းပို့ပြီးသားပါ...အဲ့သတင်းကိုကြားတော့ ဖုန့်မင် အဝတ်အစားတချို့ထုတ်ပိုးပြီး ပိုက်ဆံယူထွက်ပြေးသွားပါတယ်...သူကကျောက်လုနဲ့ မနေချင်တော့တဲ့ပုံပါပဲ...ချန်တိသူ့နောက်ကို လိုက်ဖို့အထောက်တော်တွေလွှတ်ပြီးပါပြီ"
ရွှယ်ကျွင်းလျန်က တည်ငြိမ်စွာပြောလေ သည်။
"တကယ်တော့ သူ့နောက်ကိုလိုက်ဖို့အတွက် အထောက်တော်ကိုနှောက်ယှက်စရာမလိုဘူး...သူဘယ်ကိုသွားမှာမှန်း မင်းမသိဘူးလား"
"ဒီ...ချန်တိက တုံးအပြီးမသိပါဘူး"
"စဥ်းစားကြည့်...ဖုန့်မင်ရဲ့မျက်လုံးတွေက သူ့ခေါင်းထက်မြင့်တယ်...သူ့မှာ မောက်မာတဲ့နှလုံးသားရှိပြီး မာနကြီးတယ်...တစ်ခုခုကြုံတွေ့ရတဲ့အခါ သူဒေါသအပြင်းအထန်မထွက်ဘဲ မနေနိုင်တော့ဘူး...သူဘယ်သူ့ကို အောက်ကျို့လိမ့်မလဲ"
ရွှယ်ကျွင်းလျန်က ပြုံးပြုံးနှင့် ဆက်ပြော၏။
"သူကရူးချင်ယောင်ဆောင်ပြီး ကျောက်လုဘေးနားမှာနေဖို့အတွက် တုံးအသလိုမျိုး သူ့ကိုယ်သူရောင်းစားပြီးနေခဲ့တာ တစ်နှစ်ရှိပြီ...ဒီနှစ်ယောက်ရဲ့ခံစားချက်တွေကို ငါယုံကြည်ပြီသားပါ...ဒါပေမဲ့ သေချာပေါက်ဖြစ်လာမဲ့ကိစ္စကို ဒီလိုမျိုး အချိန်ဆွဲနေတာက ကုကို တကယ်စိတ်မချမ်းမသာဖြစ်စေတယ်"
ရွှယ်ဟုန်ယန် သူ့နဖူးကချွေးတွေကို သုတ်မိလိုက်သည်။ အဲဒီတုန်းက အရှင်မင်းကြီးက ဖုန့်မင် ထန့်ယွင်ကို ဖမ်းဆီးမှာကို တကယ်မစိုးရိမ်တာဖြစ်နိုင်တယ်...
ဧကရာဇ်က တကယ်ကို စိတ်ပုတ်သည့်လူဟု သူထင်မိ၏။ သူက ကြင်နာတတ်သော်ငြား
ဤသို့သော မြည်းအကန်ခံရမည့်နည်းလမ်းကို စိတ်မကူးနိုင်ပါချေ။ ဖုန့်မင်နှင့်ကျောက်လုကို ကူညီရန် သူလုပ်ခဲ့သည့်နည်းလမ်းကို ကျောက်လုသာသိပါက သူသေချာပေါက် သေမည်ပင်။
"အာ...ဒါဆို ဖုန့်မင်က ဘယ်သွားတာလဲ "
ရွှယ်ကျွင်းလျန်က ခေါင်းတခါခါနှင့် ပြောလေသည်။
"မင်း ထန့်ရှန်ဆီကနေ အလွှမ်းမိုးခံနေရတာ အံဩစရာမရှိဘူးဘဲ...သူက လုရှစ်ချန်ဆီသွားမှာပေါ့"
"ဝန်မင်းလု..."
"လုရှစ်ချန်က အညံ့ခံပြီးပြီဆိုတော့ သူက အခု အဆင့်အတန်းအရမ်းမြင့်တဲ့ ဝန်မင်းဖြစ်နေပြီလေ...မဟာဝန်မင်းရဲ့ စံအိမ်တော် ကို ဘယ်သူကမသိဘဲနေမှာလဲ...ဖုန့်မင်က လွယ်လွယ်နဲ့ ရှာတွေ့မှာပဲ"
ဖြစ်ရပ်မှန်က ရွှယ်ကျွင်းလျန်မျှော်လင့်ထားသလိုပင်။ ဖုန့်မင် သူ့ပိုက်ဆံတွေယူပြီး မြို့တော်ကိုထွက်လာခဲ့သည်။ ပထမတော့ သူ့မှာသွားစရာနေရာမရှိသလို ပြန်သွားရန်လည်း ဆန္ဒမရှိပေ။ စဥ်းစားပြီးနောက် သူလုရှစ်ချန်ကို တွေးမိသွား၏။
မဟာဝန်မင်း၏ စံအိမ်တော်ကား အလွန်ကြီးကျယ် ခမ်းနားလှသော်လည်း အစေခံတွေ များစွာရှိမနေပေ။ ဖုန့်မင် တခြားသူတွေကို မမြင်ချင်သဖြင့် ပင်မဂိတ်တံခါးကနေ ဝင်မသွားရန် ဆုံးဖြတ်လိုက်သည်။ သူအနေဖြင့် သိုင်းပညာကို တစ်နှစ်ကျော်ကျော် မလေ့ကျင့်ထားခဲ့သော်ငြား နံရံပေါ်ကျော်တက်ဖို့က သူ့အတွက် ပြဿနာတစ်ခုဖြစ်မှာမဟုတ်ပေ။
သူ စံအိမ်တော်ကို ရောက်သွားချိန်မှာ မှောင်နေပြီဖြစ်၏။ ဖုန့်မင် မြေအနေအထားနှင့် မရင်းနှီးသော်လည်း အိမ်တော် အများစုက ဖွဲ့စည်းပုံအတူတူဖြစ်ကြသဖြင့် သူ ပင်မအိမ်ဆိသို့ စမ်းတဝါးဝါးသွားခဲ့သည်။
xxxxxx