Chapter 153
Extra(2)
ဤတစ်ကြိမ်တွင် နယ်စားမင်းကျန့်ကျန်းက ဘုရားကျောင်းသို့ ကောင်းချီးမဂ်လာရရန် သွားရောက်ဆုတောင်းသည့်အတွက် လန့်ကျင်းလည်း လိုက်သွားခဲ့ရပြီး အိမ်ထောင်ဖက်ရှာရန် ဘုရားကျောင်းသို့လာသည့် အလွန်ထူးချွန်ထက်မြက်သော အမျိုးသမီးတစ်ဦးနှင့် အမှတ်မထင်မိတ်ဖွဲ့မိခဲ့၏။
သူတို့မှာ ကောင်းမွန်သော စကားဝိုင်းရှိခဲ့ကြသည်ဟုဆိုသည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ကောင်းများရှိကြပုံရ၏။ ရှေ့သွားနောက်လိုက်လည်း ညီကြသည်။
ရွှယ်ယွီ ထိုသို့သောကောလဟာလများကို တကယ်ဂရုမစိုက်ပါချေ။ လန့်ကျင်းက ထူးချွန်ထက်မြက်သောအမျိုးသမီးများကို စိတ်ဝင်စားလိမ့်မည်ဟု သူမထင်ပေ။ အဆုံးမတော့ တခြားသူများ၏ အရည်အချင်းနှင့်အသိပညာဆိုသည်မှာ လန့်ကျင်း၏ရှေ့တွင် ကလေးကစားသလောက်ပဲရှိပြီး သူတို့ကိုယ်သူတို့ အရှက်ခွဲမိရုံသာ ရှိမှာပင်။
သို့ရာတွင် ကောလဟာလတွေက မှန်သလားမှားသလား ဆိုသည်ကို မသိရသေးပေ။ အများအားဖြင့် လန့်ကျင်းဟာ သူ၏အားလပ်ချိန်မှာ အပြင်ထွက်လေ့မရှိသော်လည်း အခုတလောတွင် သူက ပွဲတချို့တက်ရောက်နေ၏။
ရွှယ်ယွီ အနည်းငယ်စိတ်အဆင်မပြေဖြစ်နေသော်ငြား အဘယ်ကြောင့် သူအနည်းငယ် စိတ်အဆင်မပြေဖြစ်နေသည်ကိုလည်း မသိပါချေ။ သူက လန့်ကျင်းကို သူ၏လက်အောက်ငယ်သားအဖြစ် အမြဲတစေ သဘောထားခဲ့သည်။ ယခုတွင် သူ(ကျင်း)ကအရာရှိတစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း သူ(ကျင်း) က သူ့လူဖြစ်နေဆဲပင်။
လန့်ကျင်းက သူ့ထိန်းချုပ်မှုအောက်ကနေ တဖြည်းဖြည်း ထွက်သွား၍ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ရွှယ်ယွီ စပြီး မပျော်မရွှင်ဖြစ်လာသော်လည်း သူ လန့်ကျင်းကို တည့်တိုးကြီး မပြောနိုင်ပေ။
နိုင်ငံရေး မဟာဗျူဟာကိုယ်၌က သီးသန့်ဖြစ်ပြီး အမှီအခိုကင်းမဲ့လေသည်။ တခြားကဏ္ဍများအကြောင်းကို မစဥ်းစားသူရွှယ်ယီအနေဖြင့် သူ၏ လန့်ကျင့်အပေါ်ခံစားချက်များနှင့် အမှန်တကယ် ဘာတွေအကျိုးဆက်ဖြစ်လာမလဲတို့ကို မတွေးမိခဲ့ပါချေ။
လန့်ကျင်းက ပိုပို၍ နာမည်ကျော်ကြားလာခဲ့၏။
ရွှယ်ယွီအကြောင်းကိုဆိုပါက သူကနယ်စားမင်းကျန့်ကျန်းဖြစ်ကြောင်း လူအနည်းငယ်ကသာ သိကြမည်ဖြစ်ပြီး လန့်ကျင်းအကြောင်းကိုဆိုပါက အရှင်လန့်အကြောင်းကို ဖုန့်နယ်မြေရှိ လူတိုင်းသိကြလေသည်။
အခုတလောတွင် အရှင်လန့်ကို ပွဲတက်ရန် ဖိတ်ကြားသူတွေ ပိုပိုကာများလာခဲ့၏။ ရွှယ်ယွီ လန့်ကျင်းကိုတွေ့ရသည့်အချိန်မှာ ရှားရှားပါးပါးပင်။ သူတို့ ဆုံဖြစ်ကြသည်အချိန်မှာလည်း သူတို့ဟာ မြစ်ကို ထိန်းချုပ်အသုံးချခြင်း၊ တာတမံများပြုပြင်ခြင်း၊ လယ်ကွက်များကို ပြန်လည်ထိန်းသိမ်းခြင်း၊ ကောက်နှံများစုဆောင်းခြင်းသို့မဟုတ် တပ်သားများလေ့ကျင့်ခြင်းအကြောင်းများကိုသာ ပြောကြပြီး ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခွန်းမှမပါပေ။
သို့ရာတွင် ရွှယ်ယွီ ထိုအကြောင်းကို ပြန်တွေးကြည့်သောအခါ သူနှင့်လန့်ကျင်းတို့ဟာ ကိုယ်ရေးကိုယ်တာကိစ္စများကို တစ်ခါမှမပြောဖူးကြပါချေ။ အဆုံးမတော့ သူကသခင်ဖြစ်ပြီး လန့်ကျင်းက လက်အောက်ငယ်သားဖြစ်လေသည်။ ထို့အပြင် လက်အောက်ငယ်သားတွေရှိနေရခြင်းမှာ အဓိကအားဖြင့် သူတို့၏သခင်များကို အကြံဉာဏ်ပေးရန်ဖြစ်၏။
အတိတ်တုန်းက ရွှယ်ယွီဟာ အလွန်အထက်စီးဆန်ခဲ့ပြီး အမဲလိုက်သင်ခါစ ကျားပေါက်ကလေးဖြစ်ကာ အကြောက်တရား နည်းနည်းမှမရှိခဲ့ပါချေ။ သူက လန့်ကျင်း၏"လက်ညိုးညွှန်ရာ"ကိုနားမထောင်လိုပေ။ သူ ရွှယ်ကျွင်းလျန်၏ နေအိမ်အကျယ်ချုပ်ချထားခြင်းခံရချိန်မှာ ပျောက်ကွယ်နေသော လန့်ကျင်းက ရုတ်တရတ် သူ့ရှေ့ မှာပေါ်လာခဲ့သည်။ တခဏချင်းမှာပင် ရွှယ်ယွီ ခြားနားချက်တစ်ခုရှိနေသလို ခံစားလိုက်ရသော်လည်း ထိုခြားနားချက်က ဘာလဲဆိုသည်ကို ရွှယ်ယွီ တိတိပပမပြောနိုင်ပေ။
နောက်ပိုင်းမှာ ရွှယ်ယွီ လန့်ကျင်း၏"လက်ညိုးညွှန်ရာ"ကို နားထောင်ချင်ပေမဲ့ နှစ်ဦးသား တွေ့ဆုံနိုင်မည့်အခွင့်အရေးများက ပိုနည်းသွားခဲ့၏။
ဤအသက်အရွယ်ကို မရောက်ပါဘဲ သူ လန့်ကျင်း၏သူ့ကိုပေးသော အကြံပေးစကားများအပါအဝင် လူများစွာပြောခဲ့ကြသည့်စကားများကို နားမလည်နိုင်ကြောင်း ရွှယ်ယွီသိပေသည်။
ယခုတွင် သူက လန့်ကျင်းသူ့ကိုအကြံတွေပိုပေးစေလိုသော်လည်း ထိုလူ့မှာ အချိန်ပိုနည်းလာခဲ့၏။ သူ(ကျင်း)က သူ့ကိုတွေ့သည့်အခါ ခေါင်းညိတ်ပြ၍သာ ဦးညွတ်နှုတ်ဆက်မှာဖြစ်ပြီး ရွှယ်ယွီသူ့ကို ခဏလောက်မထိုင်ခိုင်းမိဘဲ မနေနိုင်ပါချေ။
ယနေ့တွင် မြစ်ဆုံတာပေါင်ရိုး ပြုပြင်မှုပြီးဆုံးသွားသောကြောင့် ဒေသခံအရာရှိက ဝိုင်နှင့်အစားအသောက်များဖြင့် စားသောက်ပွဲတစ်ခုကျင်းပခဲ့ပြီး သဘာဝအတိုင်း ဖိတ်ကြားချက်တစ်ခု ရွှယ်ယွီကိုပေးအပ်လာခဲ့သည်။ ပုံမှန်အတိုင်းဆို ရွှယ်ယွီက ထိုသို့သောဖိတ်ကြားချက်များကို အထက်စီဆန်ဆန်အပြုအမှုဖြင့် ငြင်းဆိုမှာဖြစ်၏။ သူက ဤကဲ့သို့ တရားဝင် စားသောက်ဖလှယ်မှုမျိုးများကို အထင်သေးသော်လည်း အခုတလောတွင် စိတ်အခြေအနေမကောင်းသဖြင့် ဝိုင်တချို့လောက်သောက်ချင်သည့်အတွက် ပွဲကိုသွားခဲ့သည်။
လန့်ကျင်းလည်း စားသောက်ပွဲကို ဖိတ်ကြားခံရမည်ဟု ရွှယ်ယွီ မမျှော်လင့်ထားခဲ့ပေ။ သူ လန့်ကျင်းကြောင့် မပျော်မရွှင်ဖြစ်ကာ စိတ်အဆင်မပြေဖြစ်ခဲ့၏။ ဤလူကို့မြင်ရသည်တွင် ပို၍ပင်
ကသိကအောက်ဖြစ်လာခဲ့ပြီး မလွှဲသာမရှောင်သာဖြင့် မျက်လုံးမှိတ်ကာ ဝိုင်ခွက်အနည်းငယ်ထပ်သောက်လိုက်သည်။
ရွှယ်ယွီကို မျက်နှာလိုမျက်နှာရလုပ်ရန်အလို့ငှာ ဒေသခံအရာရှိက အကနှင့်အဆိုနှစ်ခုစလုံးအတွက် လှပသော ကချေသည်များကို
ကြေးကြီးကြီး အကုန်အကျခံကာဖိတ်ခေါ်ထားခဲ့၏။ နယ်စားမင်း ကျန့်ကျန်းက လက်ထပ်၍ရသောအရွှယ်ရောက်နေသည်မှာ ကြာပြီးဖြစ်သော်လည်း တရားဝင်ဇနီးမယားတစ်ခါမှမယူရသေးကြောင်း လူတိုင်းသိကြလေသည်။ယင်းနေရာကား နာမည်ကြီးအလှလေးများစွာ၏ တက်မက်ခြင်းကို ခံနေရသည်မှာ ကြာလှလေပြီ။
ဒေသခံအရာရှိတွင် သမီးတစ်ယောက်မှမရှိသော်လည်း တရားဝင်မွေးစားထားသော သမီးတစ်ယောက်ရှိ၏။ ကံမကောင်းစွာဖြင့် ဤမွေးစားသမီးက ဖုန့်နယ်မြေတွင် အထူးချွန်ဆုံးအမျိုးသမီးဖြစ်ကာ လူအများအကြားတွင် သူမနှင့်လန့်ကျင်း စုံမက်နေခြင်းနှင့်ပတ်သတ်၍ အတင်းအဖျင်းများစွာရှိနေခဲ့သည်။
ရွှယ်ယွီ စိတ်အခြေအနေမကောင်းပါဘဲ သူမကိုမြင်ရသောအခါ စိတ်မချမ်းမသာဖြစ်ပြီး
ထွက်သွားမိလုမတတ်ဖြစ်နေပေမဲ့ နောက်တော့ သူ့ကဘာလို့မပျော်မရွှင်ဖြစ်နေရမှာလဲဟု တွေးမိသွား၏။ လန့်ကျင်းက သူ့အတွက်ဆရာလိုမျိုးသာဖြစ်ပြီး အခုလက်ထပ်တော့မည်ပင်။ သူမကလည်း အရည်အချင်းရှိသော အမျိုးသမီးတစ်ဦးဖြစ်ကာ ထူးချွန်ထက်မြက်သည့်မိန်းကလေးမှာ ကောင်းမွန်သော မိသားစုနောက်ခံနှင့် မွေးစားဖခင်တစ်ဦးရှိသောကြောင့် သူ့ဆရာအတွက် သူပျော်သင့်ပေသည်။
ထိုအမျိုးသမီးက ထွက်လာပြီး တေးသွားတစ်ခုတီးမှုတ်လျက် မျက်လွှာပင့်ကာ လန့်ကျင်းကိုကြည့်လိုက်ပြီးနောက် ရှက်ရွံ့မှုကြောင့် မျက်နှာနီသွား၏။ ရှက်ရွံမှုနှင့် ရှက်ကိုးရှက်ကန်းဖြစ်ခြင်းတို့၏အဓိပ္ပါယ်က သိသာလွန်းလှသည်။ ရွှယ်ယွီ ရုတ်ချည်း ဝိုင်တစ်ငုံစာက သူ့လည်ချောင်းထဲမှာ တစ်ဆို့နေသလိုခံစားလိုက်ရသည်။
ဒေသခံအရာရှိက သူမကို နယ်စားမင်းကျန့်ကျန်းနှင့်အောင်သွယ်ပေးရန် ရည်ရွှယ်ပြီး ထွက်လာ၍ တီးမှုတ်ခိုင်းခဲ့သည်။ သူ့သမီးက အရှင်လန့်ကျင်းကို နှစ်သက်နေဟန်ရှိပြီး သူမ၏သဘောထားက အလွန်ထင်ရှားလေ၏။ သူမက ရည်ရွှယ်ချက်ရှိရှိနှင့် သူမ၏သိသာလှစွာသော လန့်ကျင်းအပေါ် နှစ်သက်မှုကို နယ်စားမင်းကျန့်ကျန်း၏ရှေ့မှာ ပြသနေသည်လော။
ရွှယ်ယွီက သတိလွတ်နေပြီး သူ့ပေါ်သူ ဝိုင်တွေဖိတ်ကျသွားသည်။ ဤသည်ကိုမြင်ရာတွင် ဒေသခံအရာရှိက အခွင့်ကောင်းယူကာ ပြုံးပြုံးရွှင်ရွှင်နှင့် သူ့သမီးကို လမ်းပြခိုင်းလိုက်၏။
သူက နယ်စားမင်းကျန့်ကျန်းကို သူ့အခန်းထဲသွား၍ သူ့အဝတ်အစားတွေကိုလဲဝတ်ရန်ပြောလိုက်သည်။ အဝတ်အစားလဲခြင်းက အကာအကွယ်တစ်ခုသာဖြစ်ပြီး တယ့်ရည်ရွှယ်ချက်အစစ်အမှန်က ဘာလဲဆိုသည်ကို လူတိုင်းသိကြ၏။
153.2
ရွှယ်ယွီက ရှားရှားပါးပါး မငြင်းဆန်ခဲ့ပေ။ အမျိုးသမီးက ဆန္ဒမရှိသော်လည်း နယ်စားမင်းကျန့်ကျန်း မျက်နှာမပျက်စေရန်အတွက် လူတိုင်း၏ရှေ့မှာ ငြင်းဆန်၍မရပါချေ။
အခန်းထဲဝင်လာချိန်မှာ အမျိုးသမီးက ဒူးထောက်ချကာ ငိုယိုပြီး ရွှယ်ယွိကို သူမ၏ဆန္ဒကိုဖြည့်ဆည်းပေးရန် တောင်းဆိုလေသည်။ ထိုအမျိုးသမီးက သူမမှာ သဘောကျရသောသူရှိသည်ဟုပြော၏။ သူဘာတွေးနေမှန်း သူမမသိပေမဲ့ သူမ သူ့ကိုလက်ထပ်ရမှာဖြစ်သည်။
သူမက လန့်ကျင်းအကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း ရွှယ်ယွီသိ၏။ သူ့နှလုံးသားက ရုတ်ချည်း အေးစက်သွားခဲ့သည်။ သူ စိတ်မသက်မသာဖြစ်လာပြီး နှလုံးသားထဲတွင် စူးအောင့်သော နာကျင်မှုတစ်ခုကိုခံစားနေရသည်။ စကားလည်း မပြောနိုင်၊ ဘာလုပ်၍ ဘာကိုင်ရမှန်းလည်း မသိတော့ချေ။
ရွှယ်ယွီ မလှုပ်မယက်ဖြစ်နေပြီးမှ နောက်ဆုံးတွင်
ထိုအမျိုးသမီးက ထင်ယောင်ထင်မှားတွေဖြစ်နေသည်ဟုသရော်လိုက်သည်။ သူက မည်သို့ ဤသို့သောမိန်းမငယ်လေးနှင့် ချစ်ကျွမ်းဝင်နိုင်ပါမည်လဲ။ ထို့နောက် သူလှည့်ထွက်လာလိုက်၏။
ရွှယ်ယွီ စံအိမ်တော်ကို ပြန်ရောက်လာခဲ့ပြီး မထင်မှတ်ထားစွာဖြင့် လန့်ကျင်းစာကြည့်ခန်းထဲဝင်သွားသည်ကိုမြင်လိုက်ရသည်။ ခဏအကြာ တုံ့ဆိုင်းနေပြီးနောက် ရွှယ်ယွီလည်း စာကြည့်ခန်းထဲကို လိုက်ဝင်သွားခဲ့၏။
လန့်ကျင်းကို ကြည့်ရသည်မှာ ရွှယ်ယွီ ယခုလိုစောစောပြန်လာမည်ဟု မမျှော်လင့်ထားမှန်း သိသာလေသည်။
လန့်ကျင်းကို မြင်ရသည့်အခါ ရွှယ်ယွီ့ နှလုံးသားက အတွေးများဖြင့် ကြမ်းတမ်းစွာ လူးလွင့်လှုပ်ရှားလာခဲ့ပြီး နှုတ်မှလွှတ်ခနဲထွက်သွား၏။
"အဲဒီဒေသခံအရာရှိရဲ့သမီးကို မင်းကြိုက်လား"
လန့်ကျင်းက ခဏမျှကြောင်အသွားခဲ့ပြီး ၎င်းနောက်ပြုံးကာဖြန်ဖြေလေသည်။
"လူတိုင်းက အလှတရားကိုမြတ်နိုးကြတယ်...အဲ့ဒီလို ကိုယ်ကျင့်သီလကောင်းနဲ့ပြည့်စုံပြီး ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးကိုဆိုမပြောပါနဲ့တော့"
ရွှယ်ယွီ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ရ၏။ အဖြေကို သူသိနေသည်မှာ ကြာပြီဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ လန့်ကျင်းကိုယ်တိုင် သူ့ကိုပြောသည်ကို ကြားချင်မိခဲ့သည်။ သို့ပေမဲ့ သူတကယ်တမ်းကြားရသောအခါတွင်ကျ သူနေလိုမကောင်းတော့ပေ။
ရွှယ်ယွီ မထိန်းနိုင်ဘဲ မေးလိုက်၏။
"ငါ သူ့ကိုဒီနေ့မြင်ခဲ့တယ်...ငါတော့ သူကကိုယ်ကျင့်သီလရှိပြီး ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးလို့မထင်ပါဘူး...သာမန်အမျိုးသမီးတစ်ယောက်ပါပဲ"
လန့်ကျင်း၏မျက်လုံးများက ရွှယ်ယွီကို ခဏလောက်စေ့စေ့ကြည့်နေပြီးမှ ပြောလာခဲ့သည်။
"နယ်စားမင်းကငယ်သေးလို့ပါ...ဒီလန့်ရဲ့ခံစားချက်တွေကို သူ နားမလည်နိုင်ပါဘူး...နှစ်သစ်ကူးပြီးရင် ဒီလန့်က အသက်သုံးဆယ်ပြည့်တော့မယ်
...နယ်စားမင်းနောက်ကို နှစ်ပေါင်းများစွာလိုက်ပြီးတဲ့နောက် အတွေ့အကြုံမျိုးစုံကို ကြုံတွေ့ဖူးခဲ့ပြီးပါပြီ...အခု လောကကြီးက အေးအေးချမ်းချမ်းဖြစ်သွားပြီး ရည်မှန်းချက်တွေအကုန်လုံးလည်း ချောချောမွေ့မွေ့ဖြစ်သွားပါပြီ...ဘာမျှော်လင့်ရဦးမှာလဲ...လန့်မစွမ်းသာပါဘူး...ဒီလန့်က ကျွန်တော်နဲ့အတူတူလိုက်ပါပြီး လက်ကျန်ဘဝကိုကုန်ဆုံးပေးနိုင်မဲ့ တစ်စုံတစ်ယောက်ကိုပဲ လိုချင်ပါတယ်"
ရွှယ်ယွီကလည်း သူ့ကိုအကြာကြီး စိုက်ကြည့်နေခဲ့ပြီး ပြုံးလိုက်၏။
"ဒါဆို ငါကဝန်မင်းလုပ်ပြီး မင်းရဲ့အိမ်ထောင်ရေးကို ကြီးမှူးပေးမယ်လေ.....ဘယ်လိုလဲ... "
လန့်ကျင်းက ရုတ်တရက် ကျယ်ကျယ်လောင်လောင် ထရယ်လိုက်ပြီးပြောလေသည်။
"ကောင်းတယ်...ကျွန်တော့်ဇနီးက ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိတယ်...သူမက လှပစွာမွေးဖွားလာခဲ့ပြီး အနာဂတ်မှာ သားသမီး မြေးမြစ်တွေနဲ့ပြည့်နှက်နေလိမ့်မယ်...သူမရဲ့အောင်မြင်မှုတွေက ထာဝရတည်တံ့နေမှာ...ကျွန်တော် လန့်ကျင်းက ဒီလိုမျိုးဒုတိယဘဝသက်တမ်းတစ်ဝက် ပိုင်ဆိုင်ရမယ်ဆိုရင်...အောင်မြင်မှုတစ်ခုလို့ မှတ်ယူလို့ရတယ်...စိတ်မကောင်းစရာက....."
သူက ခဏရပ်ကာသက်ပြင်းချလိုက်သည်။
"စိတ်မကောင်းစရာက ဒီလန့်က ဘာကကောင်းတယ်မကောင်းဘူးဆိုတာကို မသိလောက်တာမလို့ နယ်စားမင်းရဲ့ရည်ရွှယ်ချက်ကောင်းတွေကို ငြင်းပယ်ရပါလိမ့်မယ်...လန့်ကျင်းရဲ့ နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိထားပြီးတာ ကြာလှပါပြီ တခြားသူတွေအတွက် နေစရာမရှိပါဘူး...ဒီဘဝမှာ ကံကောင်းခဲ့ရင် အဲ့ဒိလူနဲ့ လက်ကျန်ဘဝကို အတူကုန်ဆုံးနိုင်မှာပါ...ချစ်ရတဲ့သူနဲ့ အတူမနေထိုင်ရနိုင်ဘူးဆိုရင်...တစ်ကိုယ်တည်းသာ သေလိုပါတယ်"
သူ့စကားများကို ကြားရသောအခါ ရွှယ်ယွီ ထိတ်လန့်အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ချေ။
လန့်ကျင်းက စားပွဲပေါ်မှ စာရွှက်စာတမ်းတစ်ခုကိုကောက်ယူပြီးပြောလေသည်။
"ဒါ ကျွန်တော့်ရဲ့နှုတ်ထွက်စာပါ...ကျွန်တော်က နယ်စားမင်းကို လေးစားသမှုနဲ့ မနက်ဖြန်မှ နှုတ်ထွက်စာတင်ချင်ပေမဲ့... အခုကြည့်ရတာ ကြိုတင်လို့ရမယ်ထင်တယ်"
ရွှယ်ယွီက စာရွက်ကိုမယူပါဘဲ လန်ကျင်းကိုပဲ စောင့်ပြီး ပြောလိုက်၏။
"ဘာလို့ထွက်သွားချင်ရတာလဲ...မင်းရဲ့ရာထူးအဆင့်က မမြင့်လို့လား...ဒါမှမဟုတ် လစာ မများလို့လား"
လန့်ကျင်းက ရယ်မောကာဖြင့်...
"ကျွန်တော် စောစောကပြောသလိုပါပဲ...ကျွန်တော့်မှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိတော့လို့ပါ"
သူက ထိုသို့ပြောပြီး စာရွက်ကို စားပွဲပေါ်တင်ကာ လှည့်ထွက်သွားခဲ့သည်။ သူ့နောက်ကျောကို ကြည့်ပြီး ရွှယ်ယွီ့နှလုံးသားက တင်းကြပ်လာခဲ့၏။ သူ မနေနိုင်ဘဲ အသံမြင့်ကာမေးမိတော့ည်။
"မင်းငါ့ကို ပြောပြလို့ရမလား...မင်းနှလုံးသားထဲကလူက ဘယ်သူလဲ"
လန့်ကျင်း၏ခြေလှမ်းများက ရုတ်ချည်းရပ်တန့်သွားခဲ့ပြီး ခေါင်းလှည့်ကာ ရွှယ်ယွီကိုကြည့်လာခဲ့၏။ သူ့မျက်လုံးများကမူ အလွန်ရှုပ်ထွေးနေခဲ့လေသည်။ ရွှယ်ယွီ ဒိန်းခနဲထိတ်လန့်သွားခဲ့သလို လန့်ကျင်းကလည်း စကားတစ်ခွန်းမှ မပြောပါဘဲ ပြုံးကာ ခေါင်းခါပြီး လှည့်ထွက်သွားတော့၏။
ရွှယ်ယွီ ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်ပြီး အကြာကြီးအေးခဲနေခဲ့သည်။ သူအသိပြန်ဝင်လာသောအခါ မှောင်နေလေပြီ။
ရွှယ်ယွီ ဖွင့်ထားသော စာကြည့်ခန်းတံခါးကို ကြည့်ပြီး ဝုန်းခနဲ ထရပ်ကာ အော်လိုက်၏။
"တစ်ယောက်ယောက်...လန့်ကျင်းကို ငါ့ဆီခေါ်ခဲ့စမ်း..."
နယ်စားမင်းကျန့်ကျန်း၏မျက်နှာထက်က ဒေါသထွက်နေသော အမူအရာကို ကြည့်ပြီး အစေခံဖြစ်သူ အသံကျယ်ကျယ်ပင်မထွက်ရဲဘဲ ပြော လိုက်သည်။
"သခင့်ကို ဖြေကြားပါတယ်... အရှင်လန့်က အခုလေးတင်ပဲ ထွက်သွားတာမဟုတ်ဘူးလား"
"ထွက်သွားတယ်..."
"ဟုတ်ကဲ့...အခုလေးတင် အထုတ်အပိုးနဲ့ မြိုတွင်းထဲကနေထွက်သွားပါတယ်"
ရွှယ်ယွီ ဒိတ်ခနဲဖြင့် နှလုံးသား၏အောက်ခြေထိတိုင် ပူလောင်မှုများပြည့်နှက်သွားပြီး အော်ဟစ်လိုက်၏။
"မြို့တံခါးကိုပိတ်စမ်း...ဘယ်သူက လန့်ကျင်းကို မြို့ပြင်ထွက်ခွင့်ပြုလိုက်သည်ဖြစ်စေ...ငါသူတို့ကိုခေါင်းဖြတ်ပစ်မယ်"
xxxxxx