အပိုင်း ၂၀
Viewers 13k

Chapter 20


ရှာရွန်က ပါကာဘာကိုဆိုလိုလဲနားမလည်သော်လည်း ထိုကိစ္စအားအစမဖော်တော့ချေ ။ ပါကာက စကားပြောမည့်သူမရှိ၍ပျင်းလာသောကြောင့် ကော်ရစ်တာဘက်သို့လျှောက်သွားလိုက်သည် ။


ထိုအချိန်တွင် အငြင်းပွားနေသည့်အသံအားကြားလိုက်ရသည် ။ ရေးက ဒေါသတကြီးပြောဆိုနေခဲ့သည် ။


" မင်းက ပိုင်မုန့်တောင်ကောင်းကောင်းမဖုတ်နိုင်ဘဲ ပါကာ့ကိုဖိတ်ခေါ်ခဲ့သေးတယ် ....လူတွေအများကြီးထဲမှာမှဘာလို့သူ့ကိုဖိတ်ခဲ့တာလဲ "


" ငါကသူပြောင်းလဲသွားကိုမြင်ချင်....."


ဂျဲနက်ကလည်း တေလာအားပြောသည် ။


" ပြောင်းလဲတာဟုတ်လား!  သူကကွာရှင်းခံထားရတာ တေလာ ကွာရှင်းခံထားရတာ "


တေလာ ခေါင်းပင်ကိုက်လာခဲ့သည် ။ ရေးဆီကအပြစ်တင်ခံရရုံသာမက သူ့အမေကပါအပြစ်ပြောနေသဖြင့် မျက်ရည်ဝဲလာကာ ငိုမိတော့မလိုဖြစ်နေသည် ။


" အမေ သူ့ကိုအခွင့်အရေးတစ်ခုလောက်ပေးပါဦး "


" ငါတို့သူ့ကိုဘယ်လောက်တောင်မှ အခွင့်အရေးပေးခဲ့ပြီးပြီလဲ သူရဲ့ယောက်ျားကတောင် သူ့ကိုစိတ်ကုန်နေတယ်ဆိုတာမင်းမသိဘူးလား...မင်းသူ့လိုဖြစ်ချင်နေတာလား  "


ဂျဲနက်က တေလာအားဆူပူနေခဲ့ကာ ရေးကစိတ်ဆိုးစွာပြောလိုက်သည် ။


" မင်းအမြဲတမ်းပျင်းရိနေတာက ပါကာ့လိုဖြစ်ချင်လို့လား.... သူ့လိုမျိုးဆန်ကုန်မြေလေးပုံစံနေချင်လို့လား "


" မဟုတ်ပါဘူး...ငါကအကူအညီနည်းနည်းလေးလိုနေရုံ...."


" ဘာအကူအညီလဲ! ငါ့ကိုပြောစမ်းပါဦး မင်းဝမ်းကွဲတွေလုပ်နိုင်တဲ့အရာကိုမင်းကဘာလို့မလုပ်နိုင်ရတာလဲ...ငါအပြင်မှာပိုက်ဆံရှာပြီးအိမ်ပြန်ရောက်လာရင် ညစာတောင်အဆင်သင့်ပြင်မထားဘူး..... အနားမယူရသေးခင်မှာ မင်းရဲ့ဘယ်လောက်ပင်ပန်းကြောင်း ညည်းညူနေသံကိုဘဲကြားနေရတယ် ကိုယ့်ကိုယ်ကိုယ်တောင်ဂရုမစိုက်နိုင်ဘူး မင်းကိုယ်မင်းပြန်ကြည့်စမ်း "


ပါကာက သူများကိစ္စဝင်ပါရတာ မကြိုက်သော်လည်း ဒီရန်ပွဲထဲတော့ဝင်ပါမှဖြစ်မည် ။ တေလာက လက်သီးဆုပ်ထားကာ စကားပင်ခက်ခက်ခဲခဲပြောနေရသည် ။


" ငါတောင်းပန်ပါတယ် "


" မင်းတောင်းပန်တာတွေကို ငါအရမ်းစိတ်ကုန်နေပြီ "


ရေးကပြောကာ ထိုနေရာမှလှည့်လျှောက်လာသည် ။ ရေးမတွေ့စေရန်အတွက် ပါကာကအမြန်ပင်ပုန်းလိုက်ရသည် ။


" နင်ဘယ်လုပ်လုပ်လိုက်သလဲကြည့်စမ်းပါဦး! ဘာဘဲဖြစ်ဖြစ်လုံးဝကွာရှင်းလို့မဖြစ်ဘူး ငါကွာရှင်းခွင့်မပေးနိုင်ဘူး "


ဂျဲနက်လည်း ထိုသို့ပြောပြီးနောက်တွင် ရေးနောက်သို့လိုက်လာခဲ့သည် ။ တေလာက ထိုနေရာတွင်ပင် ရပ်ကျန်ခဲ့ကာ ချက်ချင်းပင်သတ်သေတော့မည့်ပုံပေါက်နေခဲ့သည် ။


သူပြောချင်သည့်စကားများကို မည်သူမျှအလေးထားနားမထောင်ခဲ့ပေ ။ တေလာကစိတ်ရူပ်စွာနှင့် ခေါင်းကုတ်လိုက်သည့်အချိန်တွင် ပါကာကသူ့အနားသို့လျှောက်လာခဲ့သည် ။


ပါကာ့အားမြင်သည်နှင့်အမြန်ရှောင်ပုန်းလိုက်ချင်သော်လည်း သူထွက်လာသောနေရာအားကြည့်လိုက်သည်နှင့် အကုန်ကြားပြီးဖြစ်ကြောင်းသိလိုက်သည် ။


" ငါသိတယ် ငါသိတယ် ...ငါကအရမ်းကိုမကောင်းတဲ့လူ ဟုတ်တယ်မလား "


တေလာကပြောလိုက်သောကြောင့် ပါကာကတည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်သည် ။


" မင်းအကောင်းဆုံးလုပ်နေတာတောင်မှ သူကအထွန့်တက်နေရင် အထွန့်တက်ပလေ့စေပေါ့ "


" ဟမ်..."


" သူကကလေးထိန်းရတာကိုလွယ်လွယ်လေးလို့ထင်နေတာမလား မင်းမှာမကြာခင်သုံးယောက်သာဖြစ်သွားရင်..."


" ငါ့မှာကလေးနှစ်ယောက်ဘဲရှိတာပါ ".


" သုံးယောက်ပါ.... မင်းယောက်ျားက ကလေးတစ်ယောက်လို့ဘဲ သူ့ကိုချက်ပြုတ်ကျွေးမွေးပေးရတယ် အစစအရာရာနောက်လိုက်လုပ်ပေးနေရတယ်လေ ဒါတောင်သူက ကလေးတွေလိုအမြဲအပြစ်ပြောစိတ်ကောက်နေတာ အရွယ်ရောက်ပြီးတဲ့ဘယ်အမျိုးသားကမှ အဲ့ဒီလိုမလုပ်ဘူး ....သု့ကိုကြည့်ပါလား..ဘယ်အရာကိုမှအကျိုးကြောင်းသင့်မတွေးတောနိုင်ဘူး..


အမျိုးကောင်းသားတစ်ယောက်က သူ့အပေါ်နစ်နာခံတဲ့လက်တွဲဖော်ကို အမြဲလေးစားချီးကျူးပြီးဖေးမပေးတယ် မင်းရဲ့ယောက်ျားလိုဘယ်သူမှကလေးမဆန်ဘူး "


ပါကာက ခဏမှရပ်ကာဆက်ပြောလိုက်သည် ။


" ဒါကြောင့်တေလာ သူ့ကိုသင်ခန်းစာပေးတဲ့အနေနဲ့မင်းဘာမှမလုပ်ဘဲအနားယူလိုက် "


ပြောပြီးသည့်နောက်တွင် ကော်ရစ်တာတွင် တေလာအား ထားခဲ့သည် ။ သူကြားရန်လိုအပ်သောစကားမှာတစ်ခွန်းသာရှိသည် ။ အကောင်းဆုံးကြိုးစားပေးနေသောကြောင့် ပင်ပန်းနေသည်အား တစ်ယောက်ယောက်ကနားလည်ပေးစေချင်သည် ။


ယခုမူ ပါကာကအားပေးစကားမဟုတ်သော်လည်း သူ့အားနားလည်ပေးနိုင်ခဲ့သည် ။တေလာက မျက်ရည်များသုတ်လိုက်ပြီး ဟန်ဆောင်ပြုံးကာ ခန်းမထဲသို့ပြန်လာခဲ့သည် ။


ပါကာယူလာသော ကိတ်မုန့်များနှင့်ကွတ်ကီးများကြောင့်အနည်းငယ် အဆင်ပြေနေခဲ့သော်လည်း မကြာမှီတွင်ပင် သူတို့၏ခင်ပွန်းများက ပါကာ့အားစကားပြောဆိုရန်တားမြစ်ခဲ့ကြသည် ။


သူ့နှင့် ရင်းရင်းနှီးနှီးနေလိုသောသူမရှိသော်လည်း

ချယ်လ်စီလေး တသီးတသန့်ဖယ်ထုတ်ထားခြင်းမခံရသည်ကိုပင် ပါကာအလွန်ဝမ်းသာနေခဲ့သည် ။ မိသားစုတွင်းရှိ အိမ်ထောင်သည်အများစုမှာဟန်ဆောင်မျက်နှာဖုံးကိုယ်စီတပ်ထားကြသော်လည်း သူ့အစ်ကိုတို့အိမ်ထောင်ရေးအဆင်ပြေသရွေ့ကျေနပ်သည် ။


တေလာ အားပေးခဲ့သောအကြံနှင့်ပက်သက်၍ သူလက်ခံသည်လက်မခံသည် ကိုအချိန်ကျလျှင်သိရမည်ဖြစ်သည် ။ မိတ်ဆွေထပ်ဖွဲ့ရန်စိတ်မဝင်စား တော့သော်လည်း သူ့အဖေကသူ့ကိုသိပ်ကြည့်ရပုံမပေါ်ပေ ။


xxxxxxx