Ch 31
Viewers 12k

အခန်း (၃၁) သူတို့… အခု နည်းနည်း အလုပ်များနေတယ်

 

“လူတိုင်းသိတဲ့အတိုင်းပဲ၊ ကျွန်မက ကျီမိသားစုရဲ့ သွေးသားရင်း မဟုတ်ဘူး” ကျီကျောက်က နူးညံ့စွာ ရှင်းပြသည်။ “ကျောက်ရှန်းက ကျွန်မရဲ့ အိမ်နီးနားချင်းဖြစ်ပြီး အခြေခံစာသင်သားဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မ သူ့ကို ကျွန်မရဲ့ မိဘရင်းတွေကို ရှာဖွေပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒီနှစ်တလျှောက်လုံး ကျောက်ရှန်းက ကျွန်မဆီကနေ ပိုက်ဆံအများကြီးယူဖို့ ဒါကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုခဲ့တယ်… ကျွန်မ ကျောက်ရှန်းနဲ့ ချစ်ကြိုက်နေတာ နှစ်အများကြီးကြာပြီဆိုတဲ့ အရမ်းဒေါသထွက်ဖို့ကောင်းတဲ့ သတင်းမျိုး ဘာကြောင့် ဒီလောက်အထိ ပျံ့နှံ့သွားမှန်း ကျွန်မ မသိဘူး။”

 

ကျီကျောက်၏ မျက်လုံးတွေဟာ နီရဲနေပြီး သူမကိုကြည့်ရတာ အလွန်မခံချိမခံသာဖြစ်နေပုံရပြီး သနားစဖွယ်ကောင်းလှသည်။

 

တကယ်တော့ မူလပိုင်ရှင်ဟာ ကျောက်ရှန်းကို သဘောကျပေမယ့် ကျောက်ရှန်းက မူလပိုင်ရှင်ကို ဆွဲဆောင်ဖို့ အနာဂတ်မှာ သူက သေချာပေါက် အောင်မြင်ကျော်ကြားလာလိမ့်မယ်လို့ ထင်ယောင်ထင်မှာဖြစ်အောင် ဖန်တီးထားခဲ့သောကြောင့် ဖြစ်ပါသည်။

 

အဆုံး၌ မူလပိုင်ရှင်သည် တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ကြီးဝင်သောသူဖြစ်သည်။

 

“ဒါဆို နင်က ကျောက်ရှန်းကို လုံးဝ မကြိုက်ဖူးလား။ နင့်ရဲ့ မိဘအရင်းတွေကို ရှာဖွေပေးဖို့ အကူအညီတောင်းတာကို သူက နင့်ပိုက်ဆံတွေ လိမ်သွားတာပေါ့လေ” ဒုတိယမရီးရှန်းက အမှန်တရားက ဤသို့ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ “နင်က အရူးလား” ဟု သူမ မမေးဘဲ မနေနိုင်တော့ဘူး။

 

“ကျွန်မ…” ကျီကျောက်က ဝမ်းနည်းစွာ ခေါင်းငုံ့ပြီး စကားတွေ တစ်ဆို့ပြီး တစ်ခွန်းမှ မပြောနိုင်တော့ဘူး။

 

“ဒုတိယချွေးမ ကြက်စာသွားကျွေးချေ” ကျောက်လန်ဟွာက မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်သည်၊

 

“… အိုး” ဒုတိယမရီးရှန်းက အတင်းပြောချင်စိတ်ကို မျိုချလိုက်သည်။ သူမသည် ဝေဝေဝါးဝါး အသံပြုပြီး နံရံနားမှာ မှီထားသော ကြက်စာခြင်းကို ကောက်ယူကာ ကြက်ခြံဆီသို့ ထွက်ခွာသွားခဲ့သည်။

 

“နင် ဘာဖြစ်လို့ အခန်းထဲ ပြန်မအိပ်တာလဲ” ကျောက်လန်ဟွာသည် တံစက်မြိတ်အောက်မှာ ကြက်သေ သေနေဆဲဖြစ်သည့် ကျီကျောက်ကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

 

“…ဟုတ်”

 

ကျီကျောက်သည် အိမ်ထဲသို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး စောင်ပါးလေးကို ဆွဲခြုံကာ လဲလျောင်းလိုက်သည်။ သူမသည် ခဏလောက် ဟိုဟိုဒီဒီ အတွေးများနေရင်း နောက်ဆုံးတွင် တစ်ဖန် အိပ်ပျော်သွားခဲ့သည်။

 

မနေ့ညက မိုးရွာတဲ့အတွက် ရွာက လူကြီး လူငယ်တွေ အကုန်လုံး ဒီနေ့ လယ်ထဲ ဆင်းသွားခဲ့ကြသည်။

 

ရှန်းတာ့ရှန်သည် ပေါက်တူးကို အားကြိုးမာန်တက် ဝှေ့ယမ်းကာ ပျော်ရွှင်စွာ ပြောလိုက်သည်၊ “မိုးခေါင်ဦးမယ်လို့ ငါထင်နေတာ။ ကောင်းကင်ဘုံက ငါတို့လို ဆင်းရဲသားတွေအပေါ် မျက်နှာသာပေး စောင့်ရှောက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မနေ့ညက မိုးတကယ်ကောင်းတယ်။”

 

“ဟုတ်တယ်မလား။ မိုးသံကြားတော့ ငါ့အိမ်က ကောင်စုတ်လေး နှစ်ယောက်လေ အပြေးအလွှား မိုးရေထွက်ချိုးချင်နေကြတာ၊ ဒါပေမယ့် သူတို့အမေက ရိုက်နှက်ဆုံးမလိုက်တော့ နောက်ဆုံး သူတို့ လက်လျှော့သွားကြတယ်လေ” ရှန်းတာ့ရုန်က အပြုံးဖြင့် ပြန်ပြောခဲ့သည်။

 

“စန်းလန် ဒီမှာ လုပ်စရာ အလုပ် သိပ်မကျန်တော့ဘူး။ မင်း အရင်ပြန်နှင့်လိုက်” ရှန်းတာ့ရှန်က လှည့်ပြီး သူ့ရဲ့ နာခံတတ်တဲ့ သားကို ညွှန်ကြားလိုက်သည်။

 

ရှန်းယောင်သည် မူလက ငြင်းပယ်ချင်ပေမယ့် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစာမိလိုက်တာကြောင့် သူ ခေါင်းညိတ်ပြီး ထွက်ခွာလာခဲ့သည်။

 

ရှန်းယောင်သည် ရှန်းမိသားစုအိမ်ခြံဝင်းသို့ မိုးမမှောင်ခင် ပြန်ရောက်လာခဲ့သည်။

 

ထိုအချိန်တွင် တစ်နေကုန် အိပ်နေသော ကျီကျောက်သည် သူမ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသလို ခံစားရတာကြောင့် ကုတင်ပေါ်၌ လှဲကာ ယောဂလေ့ကျင့်ရန် ပြင်ဆင်နေခဲ့သည်။

 

ရှန်းယောင် အခန်းတံခါးကိုဖွင့်ပြီး ဝင်လာသောအခါတွင် ကျီကျောက်သည် မိုးမျှော်အကွက်ကို လေ့ကျင့်နေချိန် ဖြစ်နေလေ၏။

 

သူတို့နှစ်ယောက်သား အချင်းချင်း အကြည့်ချင်းဆုံခိုက်မှာ လေထုဟာ အနည်းငယ် ကိုးရိုးကားရားဖြစ်သွားခဲ့သည်။

 

“မင်း…” ရှန်းယောင်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်သွားသည်၊ “မင်း ဘာလုပ်နေတာလဲ။”

 

“ဘာမှ… ဘာမှ မလုပ်ပါဘူး…” ကျီကျောက်က ကမန်းကတန်း ရှင်းပြပြီး ယောဂကျင့်နေတာကို ရပ်ဖို့ လုပ်ချိန်တွင် သူမ၏ ခြေကျင်းဝတ်မှာ နာကျင်သွားခဲ့တာကြောင့် သူမ တစ်ကိုယ်လုံးက လေလျှော့သွားတဲ့ ရော်ဘာဘောလုံးလို ပျော့ခွေကျသွားကာ ကုတင်ပေါ်ကနေ လှိမ့်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

 

စဉ်းစားရန်အချိန်ပင် မရှိလိုက်သော ရှန်းယောင်သည် လျင်မြန်စွာ ရှေ့သို့လှမ်းကာ သူမကို ဖေးမပေးလိုက်ရသည်။

 

အဆုံး၌ ရှန်းယောင်သည် မြေပြင်ပေါ် လှဲကျသွားပြီး ကျီကျောက်သည် သူ့လက်မောင်းပေါ်တွင် မှီလှဲကျသွားခဲ့သည်။

 

“တတိယညီ၊ ငါ့စားပွဲနဲ့ ကုလားထိုင်ဒီဇိုင်းကို မင်းဘယ်လိုထင်လဲ” အခန်းထဲသို့ လှမ်းဝင်လာသည့် ရှန်းကျန်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ပြီး လုံးဝ ကြက်သေ သေသွားခဲ့သည်။ “အဟမ်း… တတိယညီ၊ မင်း ဘာဖြစ်လို့ အခန်းတံခါးကို ပိတ်ဖို့ မေ့နေရတာလဲ။ နောက်တစ်ခါဆို အခန်းတံခါးကို ပိတ်ဖို့ သတိရချေ။ ငါ မင်းကို နောက်မှ လာရှာတော့မယ်။”

 

ရှန်းယောင် ရှင်းပြတာကို မစောင့်ဘဲ ရှန်းကျန်သည် ပြန်ထွက်သွားခဲ့ကာ အခန်းတံခါးကိုပင် သေချာပိတ်ပေးခဲ့သေးသည်။

 

“အမေ၊ အထဲသွားပြီး တတိယညီနဲ့ တတိယခယ်မတို့ကို သွားမနှောင့်ယှက်နဲ့ဦး။”

 

“ဘာဖြစ်လို့လဲ။”

 

“သူတို့… အခု နည်းနည်း အလုပ်များနေတယ်။”