အခန်း (၅၀) – ထွန်းသစ်စ နေမင်း
ကျောက်လန်ဟွာသည် ငယ်စဉ်အခါက သူမသည်
ကျေးရွာတခွင် အလှပဆုံး ပန်းလေးတစ်ပွင့် ဖြစ်သည်။
သူမသည် အခု အသက်လေးဆယ်ကျော်ပေမယ့်
သဘာဝအတိုင်း ဖြူဖွေးနေတဲ့ အသားအရေကြောင့် အလွန်ငယ်ရွယ်နေပုံရသည်။
အခု သူမတွင် နောက်ထပ် ငွေဆံထိုး
တစ်ချောင်း ထိုးထားသဖြင့် သူမ၏ မျက်နှာကို ပိုလို့တောင် နူးညံ့သိမ်မွေ့သွားစေသည်။
“အာ့ထောင်က ဒီလောက်
ဟင်းချက်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး” ဇာတ်လမ်း တစ်ခုလုံးကိုကြားတော့
ကျောက်လန်ဟွာက အံ့အားသင့်စွာ မေးမြန်းခဲ့သည်။ “ဒါဆို အာ့ထောင်ရဲ့ ကျေးဇူးကြောင့်
ဒီနေ့ ငါးတွေ အများကြီး ရောင်းချနိုင်ခဲ့တာပေါ့။”
“ဟုတ်တယ်၊ မင်းပြောသလိုပဲ”
ရှန်းတာ့ရှန်က သကြားရေ တစ်ပန်းကန်လုံးကို သောက်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်သည်။
“ဒီကောင်မလေး အာ့ထောင်ရဲ့ ကံကတော့
တကယ်ကောင်းတာပဲ” ကျောက်လန်ဟွာက သက်ပြင်းမချဘဲ မနေနိုင်ပေ။ “နေ့လည်တုန်းက
အစ်မကွေ့ဟွားနဲ့ တွေ့တယ်။ ကျွန်မကြားတာတော့ ဟိုမိသားစု နှစ်စုက ငါးတွေကို
ဈေးမြင့်မြင့်နဲ့ မရောင်းချနိုင်ခဲ့ဘူးတဲ့။ အဲ့တာကြောင့် ရွာလူကြီးလည်း
ခေါင်းကိုက်နေတယ်။”
“ဒီမနက် ငါးဖမ်းတုန်းက ငါ
သတိပြုမိတယ်။ တတိယလေး ဖမ်းမိတဲ့ ငါးတွေကလွဲလို့ တခြားသူတွေ ဖမ်းမိတဲ့ ငါးတွေက
သိပ်မကောင်းဘူး။ ငါးတွေက အရမ်းသေးပြီး ရောင်းရခက်နိုင်တယ်။”
သေးငယ်လွန်းသော ငါးများသည်
အသားမရှိသဖြင့် ဈေးကောင်းဖြင့် ရောင်းချ၍ မရပေ။
ထိုသတင်းကိုကြားပြီးနောက်
ကျီကျောက်၏ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့သည်။
“ငါတို့ အဲ့ဒီငါးသေးသေးလေးတွေကို
စုဆောင်းသင့်တယ်လို့ပြောချင်တာလား။” ကျီကျောက်၏ အကြံပြုချက်ကို ကြားပြီးနောက်
ကျောက်လန်ဟွာက စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်မိသည်။ “အာ့ထောင် နင် ငါးတွေ
အများကြီးကို ဘာဖြစ်လို့ လိုချင်ရတာလဲ။ ဒါ့အပြင် ဒီငါးတွေက သေးလွန်းလို့
ရောင်းရခက်တယ်။”
“အမေ ကျွန်မ သိပါတယ်” ကျီကျောက်က
ပြုံးပြီး ခေါင်းညိတ်ပြသည်။ “အခု ခရိုင်မြို့မှာ စားစရာတွေ ရှားပါးနေတယ်၊
အဲဒီငါးလေးတွေက အသားလည်း မရှိဘူး။ ဒါ့ကြောင့် ရောင်းချဖို့ မလွယ်ကူဘူး။ ဒါပေမယ့်
ကျွန်မတို့ နည်းနည်းလောက် ကြိုးပမ်းလိုက်မယ်ဆိုရင် ဒီကနေ နည်းနည်းလောက်တော့ ပိုက်ဆံရှာနိုင်လိမ့်မယ်။”
ကျီကျောက်၏ အဆိုပြုချက်ကို
ကြားပြီးနောက် ကျောက်လန်ဟွာ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“ကောင်းပြီ၊ ဒါဆို
နင်ဘာလိုအပ်သေးလဲ။ အမေ နင့်အတွက် ဘာတွေ ပြင်ဆင်ပေးရမလဲ။”
“ငါး၊ ဂျုံမှုန့်နဲ့ ကြက်ဥတွေ
လိုမယ် အမေ”
“ဒါတွေပဲလား” ကျောက်လန်ဟွာက
ပိုလို့တောင် စိတ်ရှုပ်ထွေးသွားသည်။
“ဒါဆို လုံလောက်ပြီ” ကျီကျောက်က
ချိုချိုသာသာ ပြုံးပြလိုက်သည်။ “အရသာရှိတဲ့ အစားအစာ တော်တော်များများကို
အရိုးရှင်းဆုံးနဲ့ ပြုလုပ်ထားတာလေ။”
“ကောင်းပြီ၊ ဒါဆို ခဏနေကျရင် အမေ
နင့်အဖေကို ရွာလူကြီးအိမ် သွားခိုင်းလိုက်မယ်။ အရင်ဆုံး ငါးသေးသေးလေးတွေ
ငါးကတ်တီလောက် စမ်းကြည့်ရအောင်”
“ဟုတ်ကဲ့”
နေဝင်ရီတရော နေဝင်စအချိန်သည်
မီးကဲ့သို့ တောက်ပနေပြီး အလွန် စွဲမက်ဖွယ်ကောင်းသည်။
ခြံဝင်းထဲမှာ ကျီကျောက်က
သဲစားပွဲပေါ်မှာ စာရေးနေတဲ့ ကျီချန်ကို အာရုံစိုက်လိုက်သည်။
“အစ်မ…” ကျီချန်သည် စကားလုံး
နှစ်လုံးကို ရေးသားရန် အားသွန်ခွန်စိုက် ကြိုးစားနေ၏။ သူက ကျီကျောက်ကို
ခေါင်းမော့ကြည့်ပြီး သူ့ရဲ့ ချစ်စရာကောင်းသော ကျားသွားနှစ်ချောင်းကို ထုတ်ဖော်ကာ
နာခံမှုရှစွာ ပြုံးရယ်ပြလိုက်သည်။
သူ့ရဲ့ အပြစ်ကင်းစင်ပြီး လှပသော
အပြုံးကို ရင်ဆိုင်လိုက်ရတော့ ကျီကျောက်သည် သူမ၏ နှလုံးသား တစ်ခုလုံး
အရည်ပျော်ကျသွားတော့မလို ခံစားလိုက်ရသည်။
“ချန်ချန်က အရမ်းတော်တာပဲ”
ကျီကျောက်သည် သူ့ကို မဆိုင်းမတွ လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။ “ချန်ချန်
စာရေးတာ အရမ်းကောင်းတယ်။”
ကျီကျောက်သည်လည်း စိတ်ဝင်စားလာပြီး
သူ့ဘေးမှာ ထိုင်ချကာ သစ်ကိုင်းလေး တစ်ခုကို ကောက်ကိုင်ပြီး စာလုံး နှစ်လုံးကို
လေးလေးနက်နက် ချရေးလိုက်သည်။
“ချန်ချန် ကြည့်။ ဒီစာလုံးက
အစ်မတို့ရဲ့ မျိုးရိုးနာမည်ပဲ။ အဲဒီစာလုံးဘေးက စာလုံးက ကျောက်တဲ့။ တကယ်တော့ အစ်မက
ကျီအာ့ထောင်ဆိုတဲ့ နာမည်ထက် ကျီကျောက်ဆိုတဲ့ နာမည်ကို ပိုသဘောကျတယ်” ကျီကျောက်က
သူ့ကို လှည့်ကြည့်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
“ကျောက်ဆိုတဲ့ အဓိပ္ပါယ်က
ထွန်းသစ်စ နေမင်းတဲ့” ရှန်းယောင်က ရုတ်တရက်ပြုံးပြီး ပြောလိုက်သည်။ “ဒီစာလုံး
ကျောက်က အရမ်းကောင်းတာပဲ။”
“ကျွန်မလည်း
အရမ်းကောင်းတယ်လို့ထင်တယ်…” ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
“ဒါ့အပြင် ကျီကျောက်ရဲ့ သံတူကြောင်းကွဲ အဓိပ္ပါယ်ကလည်း ‘ကောင်းသောနိမိတ်’ တဲ့၊
ဆိုလိုတာက ကျွန်မ ဘယ်လိုမျိုးတွေပဲ ကြုံတွေ့ ကြုံတွေ့ ကံဆိုးမှုကနေ
ကံကောင်းမှုအဖြစ်သို့ ပြောင်းလဲသွားစေနိုင်တယ်။”
ရှန်းယောင်က အသာလေး
ခေါင်းညိတ်သဘောတူပြီးနောက် သဲစားပွဲပေါ်ရှိ စာလုံးများပေါ် သူ့အကြည့်တွေ
အခြေချသွားခဲ့သည်။ ထိုစာလုံးတွေကို စိုက်ကြည့်ရင်း အံ့ဩသွားမိသည်။
“မင်း စာရေးနိုင်တယ်လား။”
“ကျွန်မက
အပျော်တမ်း ချရေးလိုက်တာပါ…” အပြစ်ရှိသည်ဟု ခံစားမိသော ကျီကျောက်သည် သဲစားပွဲပေါ်ရှိ
နာမည်ကို ဖျက်ဖို့လုပ်လိုက်သော်လည်း ရှန်းယောင်က သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသောကြောင့်
သူမကို လှုပ်ရှားရခက်ခဲစေသည်။