အခန်း (၅၁) - ဖရဲသီး
ကျီကျောက်က စိတ်လှုပ်ရှားစွာ
တံတွေးမျိုချလိုက်သည်။ “ဘာ… ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ပါဘူး” ရှန်းယောင်သည်
သူ့လုပ်ရပ်တွေက ရုတ်ခြည်းဖြစ်သွားမှန်းကို သဘောပေါက်ကာ သူ့လက်ကို
အမြန်လွှတ်ပေးလိုက်ကာ “မင်းရဲ့ လက်ရေးက အရမ်းလှတယ်လို့ကျွန်တော်ထင်တယ်။”
သဲစားပွဲပေါ်တွင် ရေးသားထားသည့်
“ကျီကျောက်” ဟူသော စကားလုံးသည် ခိုင်ခံ့လှပပြီး ကြော့ရှင်းသော ပုံသဏ္ဍာန်နှင့်
အလွန်လှပသည်။
ကျီကျောက်သည် သူ့ရဲ့
ပြုံးရွှင်နေသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် နှလုံးခုန်နှုန်း
တစ်ချက် မြန်ဆန်သွားခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
“ညစာ အဆင်သင့်ဖြစ်ပြီ”
မီးဖိုချောင်ထဲကနေ ကျောက်လန်ဟွာက ခေါင်းပြူထွက်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။
ကျီကျောက်က ကမန်းကတန်း
တုံ့ပြန်လိုက်ပြီး ကျီချန်ကို လက်ဆေးရန် မီးဖိုချောင်ဆီ ခေါ်သွားခဲ့သည်။
ရှန်းယောင်သည် ခပ်ဖွဖွလေး
ပြုံးလိုက်သည်။ သူက မျက်လွှာချပြီး သဲစားပွဲပေါ်တွင် စာလုံး နှစ်လုံးကို
ရေးသားလိုက်သည်။
ပူပြင်းတဲ့နွေရာသီမှာ
နေ့တာရှည်ပြီး ညတာတိုသည်။
ရှန်းမိသားစု ညစာ
စားပြီးသွားသော်လည်း ညမမှောင်သေးပေ။
ကျီကျောက်သည် ကျီချန်၏ လက်ကို
ဆုပ်ကိုင်ပြီး တောင်ပေါ်ရှိ မြေကမ္ဘာဘုရားကျောင်းဆီသို့ လျှောက်သွားသည်။
ဒီနေ့ မုန့်ဆိုင်မှာ ကျီကျောက်သည်
အကြီးဆုံးမရီးရှန်းကို ဆီမီးခုံ၊ ဖယောင်းတိုင်အနီနဲ့ အမွှေးတိုင် တစ်စည်း
ဝယ်လာပေးဖို့ အကူအညီတောင်းခဲ့သည်။
“မြေကမ္ဘာဘုရား တပည့်တော်မ
ကျီကျောက် အရှင်ဘုရားဆီ အလည်ရောက်လာပါတယ်ဘုရား” ကျီကျောက်တို့မောင်နှမသည်
မြေကမ္ဘာဘုရားရုပ်တုရှေ့တွင် လေးလေးနက်နက် ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင်
ရှိခိုးကန်တော့ခဲ့သည်။
သူမသည် ဆီမီးခုံများကို
ထောင့်နှစ်ဖက်တွင် နေရာချကာ သန့်စင်ထားသော သုံးချောင်းထောက် နံ့သာအိုးထဲသို့
အမွှေးတိုင် တစ်ချောင်း စိုက်ထည့်ခဲ့သည်။
“မြေကမ္ဘာဘုရား ကျွန်တော်မျိုးမ
ငွေရှာနိုင်တဲ့အခါကျရင် အရှင်ဘုရားကို ရွှေချပေးမယ်လို့ အရှင်ဘုရားကို
ကျွန်တော်မျိုးမ ကတိပေးထားခဲ့ပါတယ်ဘုရား။ စိတ်မပူပါနဲ့ အရှင်ဘုရား၊
ကျွန်တော်မျိုးမက ကိုယ့်စကားကိုယ် သေချာပေါက် တည်တဲ့သူဖြစ်ပါတယ်ဘုရား။ အခု
ကျွန်တော်မျိုးမမှာ အားကိုးစရာ ဘယ်သူ့မှမရှိတဲ့အတွက် အရှင်ဘုရားက
ကျွန်တော်မျိုးမကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဘုရား။”
မြေကမ္ဘာဘုရားကျောင်းမှ မပြန်ခင်
ကျီကျောက်တို့မောင်နှမသည် ဘုရားကျောင်း တစ်ခုလုံးကို ဂရုတစိုက်
သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
ညဖက်
မိုးစုန်းစုန်းချုပ်ပြီးနောက်တွင် အနက်ရောင် ကောင်းကင်ကြီးသည် ကြည့်ရတာ အနက်ရောင်
ကတ္တီပါစ လွှမ်းခြုံထားသလိုပင်။ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်လေးတွေက တောက်ပသော
စိန်ပွင့်လေးများကဲ့သို့ တလက်လက် တောက်ပနေသည်။
ရှန်းယောင်သည် အစိတ်လေးတွေ
စိတ်ထားသော တောဖရဲသီးကို ကျောမှီကုလားထိုင်ပေါ်တွင် မှီထိုင်ပြီး ညချမ်း၏ သာယာသော
အငွေ့အသက်ကို ခံစားနေသော ကျီကျောက်အား ပေးလိုက်သည်။
“ကျေးဇူးပါ” ကျီကျောက်က
တောဖရဲသီးကို အမြန်ယူကာ ချိုသာစွာ ပြုံးပြလိုက်သည်။
တောဖရဲသီးကို ကိုက်စားဖို့ သူမ
မစောင့်နိုင်တော့ဘူး။ တောဖရဲသီးက အလွန် ကြွပ်ရွပြီး အရည်ရွမ်းသည်။
တောဖရဲသီးကိုစားရတာ အလွန်လန်းဆန်းသည်။
“ခရိုင်မြို့မှာတုန်းက ကျွန်မ
ဖရဲသီးတွေရှိလားလို့ တွေးမိနေသေးတယ်။ တကယ်တော့ ဖရဲသီးတွေအတွက် နွေရာသီက
အထူးသီးသန့်ရာသီပဲ။”
“ဖရဲသီးတွေလား” ရှန်းယောင်က အသာလေး
မျက်ခုံးပင့်ပြီး နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။ “ကိုယ် ဒါကို တစ်ခါမှ
မကြားဖူးဘူး။”
“ရှင် ဖရဲသီးတွေကို
ဘယ်လိုရွေးချယ်ရမလဲဆိုတာ မသိဘူးလား။” ကျီကျောက်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။
“ဖရဲသီးတွေက ပုံမှန်အားဖြင့် လုံးဝိုင်းတယ် ဒါမှမဟုတ် ဘဲဥပုံသဏ္ဍာန်ရှိပြီး
အကြီးကြီးတွေပဲ။”
ကျီကျောက်က ခြေဟန်လက်ဟန်ဖြင့်
ဖရဲသီးတွေ၏ အရွယ်အစားတွေအကြောင်း ရှင်းပြပေးခဲ့သည်။ “ဖရဲသီးအခွံက စိမ်းစိုပြီး
အပေါ်မှာ အနက်ရောင်မျည်းလေးတွေ ရှိတယ်။ အခွံက အတော်လေး ချောမွေ့တယ်။ အဲဒီဖရဲသီးကို
ခွဲလိုက်မယ်ဆိုရင် အထဲက အသားက ပန်းရောင် သို့မဟုတ် အနီရောင်သန်းနေလိမ့်မယ်။
ဖရဲသီးအသားက အနက်ရောင်အစေ့တွေကို ဖုံးအုပ်ထားလိမ့်မယ်။ ရှင် တကယ် မမြင်ဖူးဘူးလား။”
“မင်းအနောက်တိုင်းဖရဲသီးတွေကို
ရည်ညွှန်းနေတာလား။” ရှန်းယောင်က တစ်ခဏတာမျှ ဂရုတစိုက် တွေးတောပြီးနောက် သူမကို
လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။ “ကျွန်တော်နဲ့ လိုက်ခဲ့ချေ”
ကျီကျောက်က သူ့နောက်သို့ အလျင်စလို
လိုက်ပါသွားခဲ့သည်။ သူတို့နှစ်ယောက်သား လရောင်အောက်မှာ လမ်းလျှောက်ပြီး
ရှန်းဟယ်ရွာအဆုံးရှိ ရှန်းမိသားစု၏ ဟင်းသီးဟင်းရွက်ခြံဝင်းဆီသို့
ရောက်ရှိလာခဲ့ကြသည်။
“ရှန်းယောင် ရှင် ကျွန်မကို
ဘယ်ခေါ်လာတာလဲ” သူမလက်ထဲရှိ တောဖရဲသီးကိုစားရင်း ကျီကျောက်သည် သူမ ရင်ထဲရှိ
သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းကြည့်ခဲ့သည်။
“မင်း ခဏနေကျရင် သိလိမ့်မယ်”
ရှန်းယောင်က အနောက်သို့လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူက သူမဘက်သို့
လက်ဆန့်ထုတ်ပေးပြီး ပြောလိုက်သည်။ “တောင်ကြောပေါ်ကလမ်းက အတော်လေး ကျဉ်းတယ်။ မင်း
ကျွန်တော့်အင်္ကျီလက်တွေကိုဆွဲပြီး ကျွန်တော့် ခြေလှမ်းအတိုင်း လိုက်လာခဲ့ပါ။”
“ဟုတ်ကဲ့” ဘာကြောင့်မှန်းမသိပေမယ့်
ကျီကျောက်က သူ့အင်္ကျီလက်ကို နာခံစွာ ဆွဲကိုင်လိုက်ဆဲ ဖြစ်၏။
နှစ်ယောက်သား အတန်ကြာအောင်
လမ်းလျှောက်လာရင်း ရှန်းယောင်တစ်ယောက် ရုတ်တရက် ရပ်သွားခဲ့သည်။
“ကြည့် ဒါတွေက မင်းပြောနေတဲ့
ဖရဲသီးမျိုးလား။”
ရှန်းယောင်၏ လက်ညှိုးညွှန်ရာကို
ကြည့်လိုက်တော့ ကျီကျောက်သည် နွယ်များကြားတွင် ငြိမ်သက်စွာ လဲလျောင်းနေသော
ဖရဲသီးကြီးကြီးကို မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးတွေက ချက်ချင်းဆိုသလို တလက်လက်
တောက်ပသွားခဲ့သည်။ “တကယ်တော့ ဒီမှာလည်း ဖရဲသီးရှိတယ်လား။”
ကျီကျောက်သည်
ဖရဲသီးတွေကို အသေအချာမြင်ရဖို့ အလျင်စလို ရှေ့ကို လှမ်းတက်သွားချင်ပေမယ့် သူမ မြေပေါ်လဲကျသွားခဲ့တယ်…