Chapter 34
ချယ်လ်စီလေးက စာအုပ်ပေါ်မှသူမ၏ ဓာတ်ပုံလေးကိုကြည့်နေသည့်အချိန်တွင် ကောင်မလေးတစ်ယောက် ရောက်လာသည် ။
" နင့်ရဲ့စာအုပ်လေးကအရမ်းလှတာဘဲ "
" ငါ့ပါးပါးနဲ့အတူတူလုပ်ထားတာလေ ငါသင်ပေးရမလား "
" ကေ အဲ့ဒီကောင်မလေးနဲ့ဝေးဝေးနေ "
တခြားကောင်မလေးတစ်ယောက်က ကေ ကိုဆွဲလိုက်သော်လည်း သူမကနှမြောနေသောလေသံနှင့်ပြောလိုက်သည် ။
" ဒါပေမဲ့ စာအုပ်လေးက အရမ်းလှတာကို "
" ငါ့အမေကပြောတယ် သူမမှာကူးစက်တဲ့ရောဂါရှိနေလို့ ကျောင်းမတက်နိုင်တာတဲ့ သူမနဲ့ဝေးဝေးနေရမယ် မဟုတ်ရင်ငါတို့ပါဖျားသွားလိမ့်မယ် "
တခြားကောင်မလေးတစ်ယောက်ကအော်ပြောလိုက်သောအခါ ကေ ကကြောက်လန့်တကြီးပြောလိုက်သည် ။
" ဒါ ...ဒါပေမဲ့ အခုနေကောင်းနေတာဘဲမဟုတ်လား "
" သူမကငါတို့ကိုဖျားစေလိမ့်မယ် "
ကေနှင့် တခြားကောင်မလေးများက ချယ်လ်စီလေးကိုတစ်ယောက်တည်းထားခဲ့ကြသည် ။ မနှစ်က ဒရိတ်ခ် အလုပ်ခရီးသွားနေစဥ်တွင်းသူမနေမကောင်းဖြစ်ခဲ့သည် ။
ဝီလီယမ်ကိုထုတ်မပြောခဲ့ဘဲ ပါကာဆီမှဂရုစိုက်မူရစေရန်အတွက် ဖုံးကွယ်ထားခဲ့သည် ။ ပါကာမှာအမြဲလိုလိုအပြင်ထွက်နေသောကြောင့် သူမနေမကောင်းကြောင်းပြောခွင့်မရခဲ့ပေ ။
နောက်ဆုံး၌ ကျောင်းချိန်တွင်းသူမသူငယ်ချင်းများနှင့် ဆော့ကစားနေချိန်တွင် မူးလဲ၍ထိခိုက်မိသွားခဲ့သည် ။ ဒရိတ်ခ် သတင်းကြားသည်နှင့်တစ်ပြိုင်နက်အမြန်ပြန်လာခဲ့သော်လည်း သတင်းဆိုးကြီးကသာစောင့်ကြိုနေခဲ့သည် ။
ချယ်လ်စီလေး ၏ကင်ဆာရောဂါအကြောင်း လူတိုင်းသိသွားခဲ့သည် ။ အစောပိုင်းကာလတွင် ဓာတုကုထုံးခံယူပြီး ကျောင်းတက်နိုင်သေးသော်လည်း သူမ၏ဆံပင်များကိုဆုံးရူံးလိုက်ရ၍ တခြားကလေးများနှင့်ကွဲပြားနေခဲ့သည် ။
ထို့ကြောင့်ပင် ခွဲခြားဆက်ဆံမူများနှင့်အနိုင်ကျင့်မူများရှိလာ၍ ချယ်လ်စီလေးက ကျောင်းမသွားရန်ဆုံးဖြတ်လိုက်သည် ။ မည်သို့ပင်ဖြစ်စေ ဒရိတ်ခ်မှာ သူ့သမီးလေး၏ဆုံးဖြတ်ချက်အတိုင်း ထောက်ခံအားပေးမည်ဖြစ်သည် ။
ဓာတုကုထုံးခံယူနေသော ခြောက်လတာအတွင်းချယ်လ်စီလေးက အိမ်မှာသာနေ၍စာသင်ကြားခဲ့သည် ။ ဒရိတ်လ်ကလည်း အလုပ်သို့နေ့တိုင်းမသွားတော့ဘဲ သူမအနားတွင်ဂရုစိုက်ရန်ရှိနေပေးပြီး လိုအပ်မှသာရုံးသို့သွားသည် ။
ချယ်လ်စီလေးက စာအုပ်လေးကိုပိုက်ရင်း အော်ပြောလိုက်သည် ။
" ငါ့မှာဘာမှကူးစက်စေတာမရှိဘူး ငါနေကောင်းသွားပြီ... ငါနေကောင်းတယ်လို့ "
သို့သော်သူမ၏ စကားအားမည်သူမျှနားမထောင်ပေးခဲ့ပေ ။
ကျောင်းသို့ နောက်ကျမှရောက်လာရသောကြောင့် အိုလီဗာက ဒေါသထွက်နေသော်လည်း ချယ်လ်စီလေးအားမြင်သည်နှင့် သူမဆီသို့ဝမ်းသာအားရပြေးသွားသည် ။
" နတ်သမီးလေး "
" အိုလီဗာ "
ကလေးနှစ်ယောက်မှာ ပွေ့ဖက်ရင်းခုန်ပေါက်နေကြသည် ။
အိုလီဗာက သူ၏နှာခေါင်းကို ပွတ်ရင်းလျို့ဝှက်စွာပြောလိုက်သည် ။
" ငါ့မှာ အရမ်းအံ့သြစရာသတင်းတစ်ခုရှိတယ် ဘာလဲမှန်းကြည့် "
ချယ်လ်စီလေးက သူမ၏ခေါင်းလေးကိုစောင်းရင်းမေးလိုက်သည် ။
" ဘာမို့လို့လဲ "
" ငါနင်အိမ်မှာ နှစ်ရက်သွားဆော့ရမယ်လို့ ပါးပါးကခွင့်ပြုပေးလိုက်တယ် "
" ရေး...ငါတို့တူတူအိပ်လို့ရပြီ "
နှစ်ယောက်သား အချိန်အတန်ကြာဆက်လက်ခုန်ပေါက်နေပြီးနောက်တွင် ပါကာထည့်ပေးလိုက်သော ကွတ်ကီးများကိုမျှဝေစားလိုက်ကြသည် ။
သူ၏ပါးပါးတွင် ချက်ပြုတ်ရန်အချိန်မရှိသည့်အတွက် အိုလီဗာက ကျောင်းကန်တင်းမှရောင်းသော စားစရာများကိုသာ စားလေ့ရှိသည် ။
သူပိုက်ဆံကျပျောက်သွား၍ နေ့လည်စာစားစရာမရှိသောအချိန်တွင် ချယ်လ်စီလေးက သူမ၏မုန့်များနှင့်ပါစတာကိုမျှဝေပေးခဲ့သည် ။ သူ့အသက်လေးနှစ်သာရှိသေးသော်လည်း တွေ့ဖူးသမျှလူထဲတွင် ချယ်လ်စီလေးက သူ့အပေါ်အကောင်းဆုံးသူဖြစ်သည် ။
သူတွေ့ဖူးသမျှလူတွေအားလုံးသည် သူ့ကိုမနှစ်မြို့သောပုံစံနှင့်ခွဲခြားဆက်ဆံသောကြောင့် သူ့တွင်သူငယ်ချင်းမရှိသည့်အပြင် တစ်စုံတစ်ယောက်နှင့်ရင်းနှီးရန်လည်းခက်ခဲသည် ။
သို့သော်ချယ်လ်စီလေးမှာ တခြားသောသူများလို ပေါင်းသင်းရမခက်ခဲပေ ။ သူတို့နှစ်ယောက်အတူတူ ဆော့ကစားကြသည့်အချိန်တိုင်း ချယ်လ်စီလေးကသူမအိမ်အကြောင်း အမြဲတမ်းပြောသည် ။
ယခုမူ သူသွားလည်ရန်အခွင့်အရေးရပြီဖြစ်သည် ။ ကျောင်းလွှတ်ချိန်တွင် ပါကာကသူတို့နှစ်ဦးကိုလာကြိုသည် ။
" ပျော်ခဲ့ကြရဲ့လား နတ်သမီးလေးနဲ့ အိုလီဗာ "
" ဖေဖေရောဟင် "
" သမီးဖေဖေက အိမ်ပြန်နောက်ကျမယ်လို့ပြောတယ် သမီးတို့နှစ်ယောက်အရင်ဆော့လို့ရတယ်လေ "
ပါကာက ကလေးနှစ်ယောက်၏ခေါင်းကိုပွတ်လိုက်သည် ။
" အိုကေ ငါတို့တီဗီကြည်ရင်းဆော့လို့ရတယ် "
အိုလီဗာ၏ ပထမဆုံးအိမ်လည်ခြင်းဖြစ်သောကြောင့် အနည်းငယ်ရှက်နေ၍ ချယ်လ်စီ လေးကအတူတူဆော့ရန်အစီအစဥ်ချနေသည် ။
" တီဗီလား "
သူ၏အိမ်တွင် တီဗီလိုင်းကြေးပေးဆောင်ရန်မတတ်နိုင်သောကြောင့် သူသိသမျှက ပျင်းဖို့ကောင်းသည့်သတင်းလိုင်းများသာဖြစ်သည် ။
ချယ်လ်စီလေးက အိုလီဗာ၏လက်ကိုတွဲကာ ပြုံးရင်းပြောလိုက်သည် ။
" ငါတို့ကြိုက်တာကြည့်လို့ရပေမဲ့ ရှစ်နာရီလေးဆယ်ပြည့်ရင် မကြည့်ရတော့ဘူး ပါးပါးကစည်းကမ်းထုတ်ထားတယ် "
" အင်း ငါတို့အတူတူကြည့်ကြမယ် "
Xxxxxxxx