Chapter 35
ကားပေါ်မှ ဆင်းသောအခါ အိုလီဗာမြင်လိုက်ရသည်က အလွန်ကြီးမားသောအိမ်ကြီးပင်ဖြစ်သည် ။
ချမ်းသာသောသူများက နှလုံးသားမရှိဘဲ တခြားသူများအတွက်မတွေးတောပေးတတ်ဟု သူ့ပါးပါးပြောသော်လည်း ချယ်လ်စီလေးတို့မိသားစုမှာမတူညီပေ ။
တခြားသူများကဲ့သို့ သူ့အားအနိုင်မကျင့်သည့်အပြင် ချယ်လ်စီလေး၏ပါးပါးမှာလည်း အရမ်းကောင်းမွန်စွာဆက်ဆံပေးသည် ။
" ငါ့အခန်းကိုသွားရအောင် ဘန်နီနဲ့မိတ်ဆက်ပေးမယ် ဖေဖေကတစ်ခါတစ်လေငါနဲ့အတူတူအိပ်လို့
ငါ့အိပ်ရာကအကျယ်ကြီးဘဲ "
ချယ်လ်စီလေးက အိုလီဗာ၏ လက်ကိုဆွဲရင်းတက်ကြွစွာပြောပြနေသည် ။
" ငါ့မှာ အဖေမရှိဘူး "
အိုလီဗာက ခေါင်းငုံ့ရင်း အလွန်ဝမ်းနည်းစွာ ဝန်ခံလိုက်သည် ။ ချယ်လ်စီ လေးကလမ်းလျှောက်နေသည်ကို ရပ်၍ အိုလီဗာကိုပြုံးပြလိုက်သည် ။
" အဆင်ပြေပါတယ် ငါ့ဖေဖေကိုအတူတူဖေဖေလို့ခေါ်ကြမယ်လေ "
သူ့တွင် အဖေမရှိဘူးဟု ဝန်ခံလိုက်သော်လည်း ချယ်လ်စီလေး ကစိတ်မပျက်သွားသောကြောင့် အိုလီဗာ အံ့သြသွားရသည် ။ သူ့တွင်အဖေမရှိခဲ့သောကြောင့် ခွဲခြားဆက်ဆံ၍အနိုင်ကျင့်ခံရသည့်အပြင် သူ၏ပါးပါးကိုလည်း အပျက်မ ၊ ပြည့်တန်ဆာဟုပင်ကဲ့ရဲ့ပြောဆိုကြသေးသည် ။
အရင်ကျောင်းတွင် ဖြစ်ခဲ့သောအဖြစ်အပျက်များကြောင့် သူ၏ပါးပါးကအလုပ်သစ်ရှာပြီး သူတို့နှစ်ဦးပြောင်းရွေ့လာခဲ့ရသည် ။ အလုပ်များသည်ဆိုသော်ငြား အရင်ထက်ပိုမိုကောင်းမွန်စွာနေထိုင်နိုင်လာသည် ။
သို့သော်လည်း အိုလီဗာ၏ မှတ်ဥာဏ်များတွင် အတိတ်ဆိုးများမှာ ကျန်ရှိနေဆဲဖြစ်သည် ။ ပါကာက ကောင်လေး၏အတိတ်အကြောင်းကြားသောအခါ အလွန်စိတ်မကောင်းဖြစ်သွားရသည် ။
မိဘမေတ္တာအားမခံစားရသည်မှာ အလွန်နာကျင်ဖွယ်ဖြစ်ကြောင်းသူသိသည် ။
ဒါနဲ့ ဖရန်ကယ်လ်က အခုအသက်ဘယ်လောက်ရှိပြီလဲ...
နှစ်ဆယ့်တစ်ဝန်းကျင်လို့ထင်ရတယ်ဆိုတော့ အိုလီဗာက အခုငါးနှစ် ဘဲထား သူဆယ့်ခြောက်နှစ်နဲ့ကိုဝန်ရခဲ့တာပေါ့!
အိုလီဗာနှင့်ဝီလီယမ်အား မိတ်ဆက်ပေးပြီးနောက် ချယ်လ်စီ လေး၏အခန်းသို့ခေါ်သွားပြီးလိုက်ပြလိုက်သည် ။ ချယ်လ်စီ လေး၏အခန်းမှာ အိုလီဗာ၏အိမ်ငယ်လေးမျှပင်ကျယ်ဝန်းလေသည် ။
" ငါတို့ကစားမဲ့အခန်းကိုသွားကြရအောင် "
" နင့်မှာ ကစားတဲ့အခန်းတောင်ရှိသေးတာလား "
အိုလီဗာ မျက်လုံးပြူးသွားရသည် ။
" ဒါပေါ့ သူငယ်ချင်းတွေနဲ့ဆော့ဖို့လေ "
အောက်ထပ်ရှိအခန်းအကျယ်ကြီးထဲတွင် ကစားစရာမျိုးစုံရှိသည် ။ ယောကျ်ားလေးကစားစရာများအပြင် မိန်းကလေးကစားစရာများပါ အစုံအလင်ပင် ။ အိုလီဗာက လက်တွန်းလှည်းတစ်ခုစာကြီးမားသည့် ထရပ်ကားအရုပ်အား မျက်တောင်မခတ်ကြည့်နေသောကြောင့် ချယ်လ်စီလေးကပြုံးရင်းပြောလိုက်သည် ။
" ငါတို့ဆော့ရအောင်လေ "
အိုလီဗာက စတီယာရင်ကိုကိုင်ထားပြီး ချယ်လ်စီလေးကသူ၏ဘေးခုံတွင်ဝင်ထိုင်လိုက်သည် ။
" ဒါကရီမုနဲ့မောင်းလို့ရတယ် "
သူတို့နှစ်ဦးက ကားဘက်ထရီကုန်သွားသည့်အချိန်အထိ ပျော်ရွှင်စွာဆော့ကစားမောင်းနှင်နေကြသည် ။
" ဟီး ဟီး အားကုန်သွားပြီ "
ထိုအချိန်တွင်ပင် ကလေးနှစ်ယောက်အား ညစာစားရန် ဝီလီယမ်ကလာခေါ်သည် ။
" ဟော့ပေါ့လား "
ဒရိတ်ခ်သည်လည်း ရုံးမှပြန်ရောက်နေပြီဖြစ်၍ ညစာအတူစားရန်ဆင်းလာသည် ။ သူက ပါကာ၏ပါးကိုနမ်းပြီးနောက် ချယ်လ်စီလေး၏နဖူးကိုနမ်းလိုက်သည် ။
" ဖေဖေ "
ချယ်လ်စီလေးက ပျော်ရွှင်စွာအော်ခေါ်လိုက်သည် ။
" အင်း "
ဒရိတ်ခ်က ပါကာကိုကူညီပေးရင်းထူးသည် ။
" အိုလီဗာ နင်လဲခေါ်လေ ငါတို့ကသူငယ်ချင်းတွေ ငါ့ဖေဖေကလဲနင့်ဖေဖေဘဲ "
ဒရိတ်ခ်က ချယ်လ်စီလေးအားကြည့်လိုက်သည် ။ သူမက ကြင်နာတတ်သောကလေးဖြစ်၍ သူဝမ်းသာမိသော်လည်း ထိုကောင်လေးကသူ့ကလေးမဟုတ်ပေ ။ ကောင်လေးကိုကြည့်လိုက်သောအခါ လန့်နေပုံပေါ်ပြီး ပါကာကဘေးတွင်ပြုံးပြီးရပ်ကြည့်နေသည် ။
သူ၏ခြေထောက်နားတွင်တော့ ချယ်လ်စီလေးကမျှော်လင့်တကြီးမော့ကြည့်နေသည် ။
မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ မျက်လုံးဝိုင်းကြီးတွေ!
ဘယ်လိုလုပ်ပြီးတော့ အသည်းမာမာနဲ့ငြင်းဆန်ရက်မှာလဲ!
ဒရိတ်ခ်က အိုလီဗာ၏ နဖူးလေးကိုခပ်ဖွဖွတစ်ချက်နမ်းလိုက်ပြီးနောက် ညစာစတင်စားသောက်ကြသည် ။ စားပွဲဝိုင်းလေး၏လေထုမှာ အလွန်သက်ဝင်နွေးထွေးနေပြီး ကောင်ငယ်လေးပုံမှန်နေနေခဲ့ရသော ဘဝနှင့်ကွဲပြားနေသည် ။
ညစာစားပြီးနောက် ဝီလီယမ်က ကလေးနှစ်ယောက်ကိုရေချိုးအဝတ်အစားလဲပေးပြီး အခန်းထဲတွင် ခဏမျှဆော့ကစားစေသည် ။ ဒရိတ်ခ်နှင့် ပါကာတို့က လည်းအတူဆော့ကစားပေးပြီးနောက် ကလေးများအိပ်ပျော်သည်ဟုစိတ်ချရမှ သူတို့အခန်းသို့ပြန်သွားကြသည် ။
" ချယ်လ် ချယ်လ် "
" အွန်း "
" ငါတို့အမြဲတမ်းသူငယ်ချင်းတွေဖြစ်နေမှာပါနော် ဟုတ်တယ်မလား "
" အင်း ငါကတိပေးတယ် "
ချယ်လ်စီလေးက အိုလီဗာနှင့် လက်သန်းချင်းချိတ်၍ဂတိပြုလိုက်သည် ။
" ဂတိ "
" ထာဝရဖြစ်သွားကြမှာနော် "
အိုလီဗာက ပြုံး၍ပြောလိုက်သည် ။
" ထာဝရ "
Xxxxxx