Ch 2
Viewers 1k

အပိုင်း (၂) ဂျုံဖတ်ဟင်းရည်

“မင်း မပြန်သေးဘူးလား”

စုန့်ဝေဖျင်က ဘာမှဖြစ်ခဲ့သလို ခန္ဓာကိုယ်ပေါ်က ဂျုံမုန့်များကို ခါထုတ်နေသည့် ရွှီရှောင်ကျောင်းကို ကြည့်ကာ မေးလိုက်၏။

ရွှီယန်ယန်နှင့် ဟန်ကွမ်းဟွေတို့ကို ဒေါသများ ဖွင့်ထုတ်ခဲ့ပြီးနောက် ရွှီရှောင်ကျောင်း၏ အတွင်းမီးက နောက်ဆုံးတော့ အနည်းငယ် ငြိမ်းအေးသွားလေသည်။ နောက်တစ်ခုမှာ သူမ၏အနာဂတ်ဘဝကို စဥ်းစားဖို့ရန် ဖြစ်တော့သည်။

နောက်တစ်ခုက ငါ့ရှေ့က ဒီအခန်းဖော်အသစ်လေးနဲ့ ဖြေရှင်းဖို့ပဲ။

“မလောပါဘူး၊ ငါ နင့်အတွက် မနက်စာလုပ်ပေးမယ်လို့ ပြောခဲ့တယ်မလား၊ အလုပ်သွားဖို့ အချိန်မကျသေးဘူး၊ အရင်ဆုံး  မနက်စာသွားလုပ်ရအောင်”

အိုးဟယ်။ ငါးဆားနယ်ဘဝဟောင်းလေးက ထာဝရပျောက်ကွယ်သွားပြီလေ။ အနာဂတ်မှ ပိုကောင်းတဲ့ဘဝတစ်ခုအတွက်ဆိုရင် ငါ့လက်နဲ့ပါးစပ်တွေကို အသုံးချရတော့မယ်။

စုန့်ဝေဖျင်က အော်ထုတ်ပစ်ချင်သော်လည်း မနက်ခင်းက သူတို့နှစ်ယောက်သည် အိပ်ရာတစ်ခုတည်းပေါ်တွင် နိုးလာခဲ့သည့်အဖြစ်ကို သတိရသွားတော့သည်။ နောက်ဆုံးတွင်တော့ သူမက နစ်နာသူပင်။ ထို့ကြောင့် သူက ဘာမှမပြောတော့ဘဲ သူမနောက်မှနေ၍ အိမ်ထဲသို့ လိုက်ဝင်လာကာ သူမ လုပ်မည့်ကိစ္စကို တွေ့ချင်သွားတော့သည်။

ရွှီရှောင်ကျောင်းက ခန်းဆီးနောက် ရိုးရှင်းသည့်မီးဖိုခန်းထဲ ဝင်သွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စုန့်ဝေဖျင် ငယ်ငယ်က ဆင်းရဲသည့်ဘဝအကြောင်း အတွင်းကျကျ နားလည်သွားတော့သည်။ လက်လေးတစ်ဆုပ်နှစ်ဆုပ်သာ ဂျုံမှုန့်၊ ပြောင်းဆံမှုန့် အိုးသေးတစ်ဝက်၊ အချဥ်နည်းနည်းပါးပါး ပြီးတော့ ပိုင်ရှင်က မစားရက်လို့ အချိန်အကြာကြီး သိမ်းထားတာကို ထိလိုက်ကြည့်လိုက်ရုံနဲ့ သိနိုင်တဲ့ အရောင်မွဲမွဲကြက်ဥနှစ်လုံး၊ ဘူးတစ်ဝက်ထည့်ထားတဲ့ ဆားကြမ်းတစ်ဘူးနဲ့ ဆီကမဆိုစလောက်လေ။ ဒါက အကုန်ပဲ။

ဇဝေဇဝါဖြင့် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို လှမ်းကြည့်လိုက်ကာ

“နင် မနက်စာအတွက် ဘာလုပ်မှာလဲ”

သူ့ကို ဝံပုလွေကောင်ပေါက်ဟု နာမည်ပြောင်ပေးထားသော်လည်း စုန့်ဝေဖျင်သည်လည်း သည်အခိုက်တန့်တွင် အနည်းငယ် ရှက်ရွံ့နေလေသည်။ သူက နှုတ်ခမ်းကို မဲ့ထားလိုက်ပြီး

“လုပ်စရာမလိုဘူး၊ မနေ့ညကျန်တဲ့ ပြောင်းပန်ကတ်နည်းနည်း ကျန်သေးတယ်၊ အချဥ်နည်းနည်း လှီးလိုက်ရင် ရပြီ”

တကယ်ပဲ ခက်ခဲတဲ့ဘဝကို ခံနိုင်ရည်ရှိပါပေတယ်။ ရွှီရှောင်ကျောင်းက စိတ်ထဲမှ သူ့ကို လက်မထောင်ပြလိုက်တော့သည်။ ကောင်းပြီလေ။ ခက်ခဲတဲ့ဘဝရဲ့ ခါးသီးမှုကို လက်ခံနိုင်မှတော့ သူတို့တွေက အကောင်းဆုံးလူသားပဲ။ တော်တော်လေး အဆင်ပြေသားပဲ။

“ဟင်းရည်လုပ်ရအောင်၊ မနက်ခင်းမှာ ဟင်းရည်ဖြစ်ဖြစ် ဆန်ပြုတ်ရေကျဲဖြစ်ဖြစ် လုပ်ကြည့်ရအောင်၊ နင့်အဘွားကျန်းမာရေးအတွက်လည်း ကောင်းတယ်လေ”

အဘွားနှင့်ပတ်သက်လာလျှင် စုန့်ဝေဖျင်သည် ဘာမှမပြောနိုင်တော့ပေ။

“ဘာဟင်းရည်လဲ”

“ဂျုံဖတ်ဟင်းရည်၊ ငါ ပြောမယ်၊ နင်က လုပ်”

သူမက ပါးစပ်လှုပ်နိုင်ခဲ့ရင် လက်တော့ မလှုပ်ဘူးလေ။

ရွှီရှောင်ကျောင်းက ဘူးငယ်လေးထဲက ကြက်ဥတစ်လုံးကို အေးအေးဆေးဆေး ထုတ်ယူလိုက်လေသည်။ ကိုယ်ကို လှည့်လိုက်တော့ စုန့်ဝေဖျင်၏ ငြင်းပယ်နေမှုကို တွေ့လိုက်ရတော့သည်။ သူမက သွယ်ဝိုက်ပြီး လုပ်နေတော့ဘဲ

“ခုနက နင်ပဲ ပြောတယ်လေ၊ တစ်ခုခုလိုရင် နင့်ဆီ လာရှာလို့ရတယ်ဆို၊ အခု ငါ နင့်ကို လာရှာတာလေ၊ ငါ့မှာ တခြားတောင်းဆိုစရာ မရှိဘူး၊ ဂျုံဖတ်ဟင်းရည်လုပ်တဲ့နေရာမှာ ငါပြောတာကို လိုက်လုပ်ပေးရုံပဲ၊ ငါက အဲလိုပြောတယ်ဆိုရင် အဲဒီအဓိပ္ပာယ်ပဲ၊ ငါက အဘွားအပေါ် သိတတ်လိမ္မာပေးမယ်လို့ ပြောထားတော့ လုပ်ရမှာပေါ့၊ သဘောတူတာ မတူတာကတော့ နင် အရင်ဆုံး စဥ်းစားလို့ရပါတယ်၊ ဒါက အဘွား ငါ့ကို သဘောကျအောင်လုပ်ဖို့ အနှောင့်အယှက်မဖြစ်ပါဘူး”

စုန့်ဝေဖျင်သည် အခိုက်တန့် နှုတ်ဆိတ်နေလိုက်ပြီးမှ သူမဆီသို့ ခြေနှစ်လှမ်းတိုးသွားလိုက်ကာ

“ဘယ်လိုလုပ်ရမှာလဲ”

ထိုအခါမှ ရွှီရှောင်ကျောင်းလည်း ကျေနပ်သွားတော့သည်။ ကြည့်ရတာ စုန့်ဝေဖျင်က ခေါင်းမမာပါဘူး။ သူက စကားအများကြီး  မပြောပေမဲ့ ကျိုးသင့်ကြောင်းသင့်တော့ ပြောလို့ရတယ်။

“ဂျုံလက်တစ်ဆုပ်စာယူ ပြီးရင် ကြက်ဥအကာနဲ့ ဂျုံနယ်လိုက်၊ ဆားနည်းနည်းထည့် ပြီးရင် ခပ်ထူထူလေးနှယ်လိုက်၊ အရင်ဆုံး နှပ်ထားလိုက်မယ်၊ နင့်ကိုယ်ပိုင်မြေက အနောက်ဘက်မှာလား၊ အသီးအရွက် စိုက်ထားတာရှိလား၊ ငါ သွားကြည့်ပြီး ခူးလာခဲ့မယ်”

“အင်း ရှိတယ်၊ အရှေ့ဘက်ခန်းတံခါးကို ဖြတ်ပြီး ထွက်သွားလိုက်”

စုန့်ဝေဖျင်က နံရံတွင်ကပ်ထားသည့် ဗီဒိုငယ်လေးတစ်ခုထဲက ပန်းကန်လုံးတစ်လုံးကို ထုတ်ကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။

ခန်းဆီးနောက်တွင် အသီးအရွက် လှီးဖြတ်ပြီး မုန့်နှစ်လုပ်နိုင်သည့် နေရာငယ်လေးတစ်ခုသာ ရှိလေသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် ညွှန်ပြလိုက်သည့်တံခါးဆီ သွားလိုက်ပြီး တံခါးကို ဖွင့်လိုက်၏။ အရှေ့ဘက်အခန်းက အရမ်းမကြီးသည်ကို တွေ့လိုက်ရသည်။ မြောက်ဖက်သို့ မျက်နှာမူထားသည့် တံခါးငယ်လေးတစ်ခုရှိသည်။ သူမက တံခါးငယ်မှ ထွက်လာခဲ့လိုက်သည်။ ထင်ထားသည့်အတိုင်းပင် စုန့်ဝေဖျင်မိသားစု၏ ကိုယ်ပိုင်မြေလေးဖြစ်လေသည်။

ကိုယ်ပိုင်မြေက မကြီးသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။ နွေဦးအစောပိုင်းသာရှိသေးရာ မြေပေါ်တွင် အသီးအရွက်များများစာစား မရှိပေ။ ရာသီကုန်လုနီးနီးဖြစ်နေသည့် ဟင်းနုနွယ်ရွက်နှင့် ကြက်သွန်ပင်နှစ်တန်းကိုသာ မြေကွက်ဘေးတွင် စိုက်ထားလေသည်။

ရွှီရှောင်ကျောင်းက ကြက်သွန်ပင်နှစ်ပင်ကို ဆွဲနှုတ်လိုက်ပြီး ဟင်းနုနွယ်ရွက်ကို လက်တစ်ဆုပ်စာအပြည့် ခူးလိုက်သည်။ သူမသည် စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။ ပါးစပ်ဖွင့်လိုက်ရုံနဲ့ အစားအသောက်ကို စောင့်ရုံနေခဲ့တဲ့ လူတစ်ယောက်က ကိုယ်တိုင် ပါဝင်ပစ္စည်းတွေကို ခူးဖို့လိုလာတဲ့သူ ဖြစ်လာတာပဲ။ သူမ ပြိုလဲမသွားရသည့်အကြောင်းအရင်းက သူမ၏သန်မာသည့် စိတ်ဓာတ်ကြောင့်ပင်။

အရှေ့ဘက်ခန်းတွင်တော့ စုန့်ဝေဖျင်သည် အိုးကို ဆေးကြောပြီး မီးမွှေးဖို့ ပြင်နေလေသည်။ ရွှီရှောင်ကျောင်းက ပုံမှန်အတိုင်း အမိန့်ပေးလိုက်၏။

“အိုးကို  အပူပေးလိုက်၊ အိုးထဲကို ဆီထည့်၊ ဆီပူထဲကို ကြက်သွန်ပင်ထည့် ပြီးရင် ဆူအောင် တည်ထားလိုက်”

ဒါက အရိုးရှင်းဆုံး ဂျုံဖတ်ဟင်းလေ။ ပုဇွန်နဲ့ အိုက်စ်လန် ဂျင်ဆင်းနီကိုတော့ ထားလိုက်ပါတော့။ အသားနုပ်နုပ်စဉ်းထားတာဖြစ်ဖြစ် အာလူးဖြစ်ဖြစ်တောင် မရှိတာ။

ရွှီရှောင်ကျောင်းသည် ကျိတ်ပြီး သက်ပြင်းချလိုက်လေသည်။ ဒါက ဘယ်လိုနေ့ရက်မျိုးပါလိမ့်နော်။

သူမသည် တစ်ယောက်တည်းထိုင်ချပြီး မီးထည့်ကာ ဆီလောင်းထည့်နေသည့် စုန့်ဝေဖျင်ကို စောင့်ကြည့်နေလိုက်လေသည်။ အနာဂတ်၏ သူဌေးကြီးတစ်ယောက် အရောင်အဝါမျိုး လုံးဝမရှိပေ။ သူမက အားပေးလိုက်ပြီး

“ငါ နင့်ကို မီးကြည့်ပေးမယ်”

နင် ချမ်းသာလာတာနဲ့ ငါ့ကို မေ့မသွားနဲ့ အစ်ကိုကြီး။

ရွှီရှောင်ကျောင်းသည် အိုးအောက်ခြေသို့ သစ်ကိုင်းတစ်ကိုင်းကို သာထည့်လိုက်လေသည်။ ကျိတ်ပြီး စဥ်းစားနေမိရင်း သူမတွင် နေ့တိုင်း ဟင်းချက်စာအုပ်ဖတ်ရသည့် ဝါသနာရှိခဲ့သည်ကို ကံကောင်းသည်ဟု ခံစားမိသွားတော့သည်။ ကောင်းကောင်း စားရဖို့အရေး အားလုံးကို ဟိုစပ်စပ် သည်စပ်စပ် လုပ်ခဲ့တာ လမ်းဘေးဆိုင်က ဆန်ခေါက်ဆွဲကအစ နိုင်ငံတော်ညစာစားပွဲရဲ့ ဟင်းချက်နည်းတွေအထိပဲ။ မီးဖိုချောင်ကို ဘယ်တော့မှ မဝင်ခဲ့ပေမဲ့ အိမ်က စားဖိုမှူးကို လိုအပ်ချက်တွေ တိတိကျကျ ပေးနိုင်ခဲ့တယ်လေ။ ငါ့ကို ‘ရွှီမိသားစုရဲ့ အစားပုတ်လေး’ ဘွဲ့ကို ချီးမြင့်ခံထားရတာပေါ့။

အင်းလေ။ ဒီနေရာမှာတော့ ဒါကို ပါရမီတစ်ခုလို့ပဲ မှတ်ရမှာပဲ။ ငါက စုန့်ဝေဖျင်ကို ချက်ပြုတ်ဖို့ ညွှန်ကြားနိုင်တာပဲ။ မဟုတ်ဘူးလား။ အနည်းဆုံးတော့ နောက်ပိုင်းကျရင် ပါဝင်ပစ္စည်းတွေရှိသရွေ့ ငါ စားချင်တာ စားနိုင်တာပဲ။ တခြားသူတွေကိုလည်း ချက်ပြုတ်ပေးဖို့ ညွှန်ကြားနိုငတယ်လေ။

ဖောက်။

“အမလေး”

အလန့်တကြားဖြင့် ရွှီရှောင်ကျောင်းသည် ထရပ်လိုက်ပြီး နောက်ဆုတ်လိုက်ကာ

“စုန့်ဝေဖျင် နင် ဘာလုပ်နေတာလဲ၊ မီးဖိုချောင် မီးရှို့ဖို့ ကြိုးစားနေတာလား”

သူ့ချဥ်းကပ်ပုံက လုံးဝကို မှားနေတာပဲ။ အစားတစ်နပ် ချက်တယ်ဆိုတာ စစ်ပွဲတစ်ခု ဆင်နွဲနေရသလိုပဲကိုး။

သူမ၏ စိတ်ပျက်သွားသည့်ရုပ်ကို တွေ့လိုက်တော့ စုန့်ဝေဖျင်က သူ့မျက်ခုံးများကို ပင့်ပြလိုက်ပြီး

“ငါ ကြက်သွန်ပင် ထည့်မလို့လေ”

“လှီးထားတဲ့ ကြက်သွန်ပင်တွေ ထည့်တဲ့အခါ သေသေချာချာလေး ထည့်လေ၊ အားလုံးက တစ်ဖောက်ဖောက်နဲ့ မြည်နေတော့ ငါ့မှာ နင်က အမြောက်တစ်လက် ဆင်နေတာလို့တောင် ထင်သွားတယ်”

စုန့်ဝေဖျင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး

“မင်းပဲ ပြောတာလေ၊ လှီးထားတဲ့ ကြက်သွန်ပင်ကို ဆီပူထဲ ထည့်လိုက်ဆို”

ရွှီရှောင်ကျောင်းသည် ထိုအကြည့်ထဲက ဆွံ့အနေမှုကြီးကို သတိထားမိသွားတော့သည်။ သူမက ငြင်းမည်ပြင်လိုက်ပြီးမှ တုံ့ဆိုင်းသွားတော့သည်။ နောက်ဆုံး ငါက မီးဖိုထဲ တစ်ခါမှ မဝင်ဖူးပေမဲ့ ကျောင်းတော့ တက်ဖူးတယ်လေ။ ဆီပူရဲ့ အပူချိန်က ၂၀၀ဒီဂရီကျော် ရှိလိမ့်မယ်။ ကြက်သွန်ပင်ကို ရေဆေးထားတော့ ရေပါနေတာပေါ့။ ဆီပူထဲ ထည့်လိုက်မှတော့၊ အိမ်း.....

အေးပါ။ ‘တဖောက်ဖောက်’ အသံထွက်တာလည်း မှန်ပါတယ်။

ရေထည့်လိုက်သည့် စုန့်ဝေဖျင်၏ လျင်မြန်ဖျတ်လတ်သည့် လှုပ်ရှားမှုကို တွေ့လိုက်ရသဖြင့် သူမက နှုတ်ခမ်းကို စူပုတ်ထားကာ ရေရွတ်လိုက်တော့သည်။

“အင်းပါ၊ အင်းပါ၊ နင် လုပ်တာမှန်ပါတယ်”

သူမက သူမအဝတ်အစား၏ အနားကို ထိလိုက်ကာ ဘာမှမဖြစ်သလို ပြန်ထိုင်ချင်လေသည်။ သို့သော် စုန့်ဝေဖျင်က သူမထက်အရင်  ထိုင်ချနှင့်ပြီးဖြစ်နေကာ

“ငါ လုပ်လိုက်မယ်၊ ကျန်တာကိုတော့ ဘာလုပ်ရမလဲ နင် ငါ့ကို ပြောလိုက်လို့ရတယ်”

“အင်း၊ ရေဆူအောင်တည်၊ ပြီးရင် ဝက်ဆီနည်းနည်းလောက် ထည့်လိုက်၊ ကျက်သွားတာနဲ့ ကျန်နေတဲ့ ကြက်ဥအနစ်ကို မွှေပြီးထည့်လိုက်၊ ဟင်းနုနွယ်၊ ဆား၊ ပဲငံပြာရည်အကြည် ထည့်၊ ဟုတ်တယ်၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ နှမ်းဆီ”

သူမက ဟင်းခတ်အမွှေးအကြိုင်တင်သည့် စင်ကို လည်ပင်းဆန့်ကာ တစ်ချက်ကြည့်လိုက်သော်လည်း ထိုနေရာတွင်ဘာမှမရှိချေ။ မည်းနက်နေသည့်ပုလင်းက ပဲငံပြာရည် ဖြစ်ဟန်တူသည်။

“ထားလိုက်တော့၊ အရသာအတွက် ဆားနဲ့ ပဲငံပြာရည်နည်းနည်းထည့်လိုက်”

စုန့်ဝေဖျင်က သူမကို လှမ်းကြည့်လိုက်သည်။ စိတ်အိုက်လိုက်တာ။ သူ့မှာ ရွှီရှောင်ကျောင်း ပြောတာတွေကိုပဲ တိတ်တိတ်လေး လိုက်လုပ်ပေးနေရတယ်။ ဒီနေ့ပြီးသွားရင်တော့ သူမ အဲဒီ ခပ်ရှုပ်ရှပ်အတွေးတွေ ရပ်သွားဖို့ပဲ မျှော်လင့်ရမှာပဲ။ အဲဒီအချိန်ကျရင်တော့ သူတို့နှစ်ယောက်က အရင်လိုပဲ ပြန်ဖြစ်သွားလိမ့်မယ်။

ဆယ်မိနစ်မပြည့်ခင်မှာပင် ဂျုံဖတ်ဟင်းရည်က အဆင်သင့်ဖြစ်လုနီးနီး ရှိလာလေသည်။ လေထဲက ရနံ့ကို ရှူရှိုက်မိလိုက်တော့ ရွှီရှောင်ကျောင်း၏ မကျေမချမ်းဖြစ်နေမှုက ငြိမ်သက်သွားတော့သည်။  နောက်ဆုံး ဒါသည် သူမ၏ကြီးကြပ်မှုအောက်တွင် လုပ်ထားသည့် ဟင်းရည်ပင်။ အနံ့မွှေးနေသည်။ ဟင်းနုနွယ်ရွက်ကြော်ကလည်း အရသာကောင်းသင့်သည်။

“ကောင်လေးဖျင် ဘာလုပ်နေတာလဲ၊ အနံ့က မွှေးလှချည်လား”

ရွှီရှောင်ကျောင်းက မေးလိုက်၏။

“အဘွား နိုးပြီလား”

စုန့်ဝေဖျင်က ဝါးပေါင်းအိုးထဲတွင် အပူပေးထားသည့် ပြောင်းပန်ကိတ်များကို ထုတ်ကာ ‘အင်း’တစ်လုံးသာ ပြန်ဖြေလေသည်။

အသံက အနောက်ဘက်မှ လာခြင်းပင်။ အဘွားက အနောက်ဘက်ခန်းတွင် နေတာဖြစ်ရမည်။ ရွှီရှောင်ကျောင်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ထားကာ ထရပ်လိုက်ပြီး ဧည့်ခန်းသို့ ဝင်သွားကာ သူမကို ကြိုဖို့ တံခါးခန်းဆီးကို မ,ပေးလိုက်ကာ

“အဘွား သမီး ဂျုံဖတ်ဟင်းရည်လုပ်ထားတယ်၊ အစ်ကိုဝေဖေ အခုပဲ ခူးနေတယ်၊ လာ လာ ၊ အရင်ဆုံး လက်ဆေးရအောင်၊ ခဏနေဆို စားလို့ရပြီ”

စုန့်ဝေဖျင်: . . . စကားတစ်ခွန်းနှစ်ခွန်းလေး ပြောတာကိုများ လုပ်ထားတယ်လို့ ခေါ်သတဲ့။ ဒါနဲ့ပဲ မင်း လုပ်ထားတာ ဖြစ်သွားရော။

ရွှီရှောင်ကျောင်းသည် စိတ်ပိုင်းဆိုင်ရာ ဝန်လေးနေခြင်း မရှိဘဲ ယုံကြည်ချက်  အပြည့်ပင်။ ငါက ကြက်သွန်ပင်နဲ့ ဟင်းနုနွယ်ကို ခူးတယ်၊ မီးထည့်တယ်၊ တိကျတဲ့ ညွှန်ကြားချက်တွေ ပေးခဲ့တယ်လေ။ ဒီဟင်းရည်က သေချာပေါက် ငါ လုပ်ထားတာပေါ့ဟဲ့။

အဘွားစုန့်က ခေါင်းမော့လိုက်ရာ ထင်ရှားလှသည့် မျက်ခုံးများနှင့် တောက်ပသည့် အပြုံး ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက် ထွက်လာကာ သူမကို နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်လေသည်။ သူမသည် အခိုက်တန့်အတွင်း ငေးကြောင်ကြောင်ဖြစ်သွားကာ

“အို ကလေးမ၊ နင်က ဘယ်သူတုံး”

အဘွားစုန့်သည် ၆၀ဝန်းကျင်ဖြစ်သော်လည်း သူမသည် ၇၀-၈၀ဝန်းကျင်ဟု ထင်ရလေသည်။ သူမ၏ဆံပင်ဖြူများကို သပ်သပ်ရပ်ရပ် ဖြီးသင်ထားပြီး သူမ၏မျက်နှာပေါ်က အရေးအကြောင်းများက ငယ်ရွယ်စဥ်က ခက်ခဲခဲ့သည့်သက်သေကို ပြသနေလေသည်။ တုတ်ကောက်တစ်ချောင်းနှင့်ပင် သူမသည် လမ်းကောင်းကောင်း မလျှောက်နိုင်ပေ။ ရွှီရှောင်ကျောင်းက အဘွားစုန့်တွင် ခါးသီးသည့်ဘဝတစ်ခု ရှိကြောင်း သိထားခဲ့သည်။

သူမရဲ့သားနှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် မိန်းမယူသွားကြတာလေ။ ဒုတိယချွေးမက စုန့်ဝေဖျင်လို့ ခေါ်တဲ့ သားတစ်ယောက် မွေးခဲ့ပြီး အကြီးဆုံးသားရဲ့ မိန်းမကတော့ ကလေးတစ်ယောက်မှ မရခဲ့ဘူး။ ကလေးဆိုတာက မိုးနတ်မင်းအလိုအတိုင်းကိုး။ ဒီတော့ အဘွားကြီးကလည်း အလျင်မလိုပါဘူး။ မျှော်လင့်မထားဘဲ အကြီးဆုံးသားက သေလုမျောပါး အပြင်းဖျားခဲ့တယ်။ မိသားစုရဲ့ ငွေအားလုံးသာ ကုန်သွားပေမဲ့ သူ့ကို မကယ်နိုင်ခဲ့ဘူး။ သူ့မိန်းမက နောက်ယောကျ်ား ယူသွားခဲ့တယ်။ ဒုတိယသားက ကျောက်တွင်းကို သွားပြီး ကျောက်ခွဲတဲ့ အလုပ်လုပ်တာပေါ့။ တစ်ရက်ကျတော့ သူ့အသက် ဆုံးသွားပါလေရာ။ အဲဒီအချိန်ကစပြီး ဒုတိယချွေးမကလည်း စိတ်ပိုင်းဆိုင်ရာ နာမကျန်း ဖြစ်တော့တာပဲ။ ဒီစိတ်မကျန်းမာတာက တဖြည်းဖြည်းနဲ့ တကယ့်ရောဂါတစ်ခု ဖြစ်လာခဲ့တယ်။ ဖျားနာလာခဲ့တာ သူမက စုန့်ဝေဖျင် အသက်၁၅နှစ်အထိ နေခဲ့ပြီးမှ စိတ်လျှော့ပြီး ဆုံးပါးသွားခဲ့တယ်။

အကြွေးနစ်နေပြီး ဘဝအတွက် အချင်းချင်းမှီခိုနေကြတဲ့ မြေးအဘွားနှစ်ယောက်ကို ချန်ထားခဲ့ကြတယ်။ ဒီလိုနဲ့ ဂြိုဟ်ဆိုးတစ်ယောက်ဆိုတဲ့ စုန့်ဝေဖျင်ရဲ့ ဂုဏ်သတင်းက မွေးဖွားလာခဲ့တယ်။

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် ငယ်ငယ်က ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကို မစဥ်းစားရဲပေ။ သူမသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အဘွားစုန့် လှမ်းလျှောက်လာသည်ကို ဝမ်းသာရွှင်လန်းစွာ တွဲကူပေးလိုက်ကာ

“အဘွား၊ သမီးနာမည်က ရွှီရှောင်ကျောင်းတဲ့၊ သမီးက ရွာက ပညာတတ်လူငယ်နေရာက ပညာတတ်လူငယ်တစ်ယောက်ပါ၊ သမီးတို့တွေ စားသောက်ရင်း စကားပြောကြမယ်လေ”

ဟင်းနုနွယ်မွှေကြော်တစ်ပန်းကန်၊ စိတ်စိတ်ကလေးလှီးထားသည့် အချဥ်တစ်ပန်းကန်၊ ပြောင်းပန်းကိတ်နည်းနည်းပါးနှင့်ကြက်ဥအနှစ်တစ်ခုထည့်ထားသည့် မြစိမ်းရောင် ဂျုံဖတ်ဟင်းရည် သုံးပန်းကန်။

သည်မနက်စောစောစီးစီး သူမသည် ရွှီယန်ယန်ကို မောင်းထုတ်ပြီး ချက်ပြုတ်ခဲ့ရသည်။ ရွှီရှောင်ကျောင်းမှာ ဗိုက်ဆာနေလေသည်။ သူမက ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ဂျုံဖတ်ဟင်းရည်တစ်ငုံကို သောက်လိုက်၏။

အင်း။ မူလအော်ဂဲနစ်နဲ့ လေထုညစ်ညမ်းမှုကင်းတဲ့ အရသာက မတူဘူး။ ပါဝင်ပစ္စည်းတွေက ရိုးရှင်းပေမဲ့ အရသာကတော့ ရှယ်ပဲ။

သူမက ဟင်းရည်တစ်ငုံ သောက်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးကာ မေးလိုက်လေသည်။

“အဘွား ဘယ်လိုနေလဲ”

“ကောင်းတယ်၊ အရသာရှိတယ်၊ အဘွားလေ ဒီလောက် အရသာရှိတဲ့ ဟင်းရည်မျိုး တစ်ခါမှ မသောက်ဖူးဘူး၊ ကောင်လေးဖျင် ချက်တာထက် ပိုကောင်းတယ်”

မကောင်းဘဲ ဘယ်နေပါ့မလဲ။ ရွှီရှောင်ကျောင်း၏ ဘဝခိုက်သည့် အမူအရာကို ကြည့်ရင်း စုန့်ဝေဖျင်က သူ့ကိုယ်သူ စဥ်းစားလိုက်လေသည်။ ဆီ၊ ဂျုံ နဲ့ ကြက်ဥ ပါတာပဲ၊ အရသာ မရှိရင် ယုတ္တိဘယ်ရှိတော့မလဲ။

သူက ပါးစပ်ထဲမှ နူးအိမွှေးပျံ့သည့် ဂျုံဖတ်ကို ဝါးလိုက်ပြီး နှုတ်ဆိတ်နေရင်း ရွှီရှောင်ကျောင်းက စကားတစ်ခွန်းနှစ်ခွန်းလောက်နှင့် အဘွားကို ပြုံးလာအောင် ချော့ပြောနေသည်ကို နားထောင်နေလိုက်သည်။

“ဒါက အသေးအဖွဲကိစ္စလေးပါ၊ တစ်ခွန်း ပြောရင်ပဲ လုံလောက်နေပြီလေ၊ အဘွားအတွက် လာချက်ပြုတ်ပေးဖို့ ဘာလိုလို့လဲ၊ အိုကွယ်၊ ဒီပညာတတ်လူငယ်လေးတွေက ယဥ်ကျေးလိုက်တာ၊ ကောင်လေးဖျင် မနက်ဖြန်ကျရင် ရှောင်ကျောင်း မြို့တက်ပြီး ပစ္စည်းဝယ်ဖို့ အဖော်လိုက်သွားရမယ်နော်”

စုန့်ဝေဖျင်က နှုတ်ဆိတ်နေဆဲ။ ထိုပုံစံက အဘွားကို မကျေမနပ်နှင့် စားပွဲကို လက်ဖြင့် ပုတ်ရသည်အထိ တက်ကြွလာစေတော့သည်။

“နင် ပြောတာကို ကြားရဲ့လား”

“အင်း” စုန့်ဝေဖျင်က တည်ကြည်သည့်အသံတစ်ခုဖြင့် အသိအမှတ်ပြုလိုက်၏။

သူ၏ လေးဖင့်နေသည့် လေသံကို ကြည့်လိုက်သည်တွင် ရှောင်ကျောင်းကလည်း စိတ်မပျက်သွားပေ။ သူက အဘွားအတွက် ပြောင်းပန်ကိတ်တစ်ခု ညှပ်ပေးလိုက်ကာ တောက်ပစွာပြုံးလိုက်ပြီး

“အဘွား အစ်ကိုဝေဖျင်က ရှက်နေတာ၊ ဘာရှက်စရာလိုလို့လဲနော်၊ ပြီးတော့ သူက ရုပ်ချောတယ်လေ၊ သမီးတို့ လူငယ်နေရာက မိန်းကလေးတွေဆိုရင် အစ်ကိုဝေဖျင်က ရွာထဲမှာ အချောဆုံးလူပဲလို့ နောက်ကွယ်မှာ ပြောနေကြတာ၊ သူက ပေါ်တင် သွားလာသင့်တာပေါ့၊ ဟုတ်တယ်နော်၊အဘွား”

အဘွားစုန့်သည် သူမ၏မြေးဖြစ်သူ ချီးမွှမ်းခံနေရသည်ကို ကြားလိုက်ရတော့ ပါးစပ်နားရွက် တက်ချိတ်တော့မတတ် ပြုံးသွားလေသည်။ ရွှီရှောင်ကျောင်းက လှပပြီး နှုတ်ချိုသည့် မိန်းကလေးတစ်ယောက်ဟု ခံစားမိသွားတော့သည်။ မိန်းမကောင်းလေးတစ်ယောက်ပဲ။ စားသောက်နေတဲ့ တစ်ချိန်လုံး ရယ်သံတွေနဲ့ပဲ အချိန်ကုန်သွားတယ်။

ပုံမှန်ဆိုလှင် စုန့်ဝေဖျင်နှင့် သူ့အဘွားတို့သည် စားသောက်ကြလျှင် တိတ်တိတ်ဆိတ်ဆိတ် စားသောက်တတ်ကြသည်။ စုန့်ဝေဖျင်အတွက်တော့ သည်လိုအေးချမ်းပျော်ရွှင်မှုမျိုးက သူ့မှတ်ဉာဏ်ထဲတွင် ဘယ်တုန်းကမှ မရှိခဲ့သယောင်။

ရွှီရှောင်ကျောင်းကို လူငယ်နေရာ ပြန်လိုက်ပို့ပေးချိန်တွင်တော့ သူမက သူစဥ်းစားထားပုံကို မေးလာသည်တွင် စုန့်ဝေဖျင်သည် ပိုပြီး တွေဝေသွားတော့သည်။

“မင်း ၊ ဒီလိုလုပ်တာ ဟန်ကွမ်းဟွေကို မုန်းလို့ တမင်လုပ်တာ မဟုတ်ဘူးလား”

သူတို့နှစ်ယောက်သာ ရှိတော့သည်။ ရွှီရှောင်ကျောင်းသည် အဘွားစုန့်ကို ပြသခဲ့သည့် စိတ်အားထက်သန်မှုနှင့် ချိုမြိန်မှုတို့ကို ပြန်ရုပ်သိမ်းလိုက်တော့သည်။ သူမက မျက်လုံးများကို လှန်ကြည့်လိုက်ပြီး

“အဲလို လူဖျင်းတစ်ယောက်က ငါ့ဒေါသနဲ့ တန်လို့လား၊ တကယ်တော့ ငါတို့နှစ်ယောက်လုံး လက်ထပ်ဖို့ စိတ်ကူးမရှိဘူးလေ၊ ဒါပေမဲ့ နင်၊ နင်က အဘွားစိတ်အေးရဖို့ မိန်းမတစ်ယောက်လိုတယ်လေ၊ ပြီးတော့ ငါက အားလုံးရဲ့ ပါးစပ်ကို ပိတ်ဖို့ ယောက်ျားတစ်ယောက် လိုတယ်၊ နင့်မှာ  အကြွေးတွေ အများကြီးရှိတာကိုလည်း ငါ သိပါတယ်၊ နင် ဆင်းရဲတာကို ငါ စိတ်ထဲ မထားဘူး၊ နင်လည်း ငါ အပျင်းထူတာကို စိတ်ထဲမထားဘူး၊ ငါတို့နှစ်ယောက် အတူတူနေလိုက်ရင် ဘယ်လောက်တောင် ပြီးပြည့်စုံသွားမလဲ”

စုန့်ဝေဖျင်က နှုတ်ဆိတ်နေသေးသည်ကို တွေ့လိုက်သဖြင့် သူ့စိတ်က လှုပ်ရှားသွားမှန်း ရွှီရှောင်ကျောင်း သိလိုက်လေသည်။ သူမက သူ့ကိုလက်မောင်းကို ပုတ်လိုက်ပြီး

“ဟဲ့ စုန့်ဝေဖျင်၊ နင် စကားမပြောရင် သဘောတူတယ်လို့ ဒီအတိုင်းမှတ်လိုက်တော့မယ်နော်”

...