Ch 113
Viewers 12k

အခန်း (၁၁၃) – မင်း ဘာဖြစ်လို့ ကိုယ့်ကို မမေးတာလဲ

 

“ဟုတ်… ဟုတ်လား” ကျီကျောက်သည် မသိစိတ်အရ သူမ၏ ပါးပြင်တွေကို ဖုံးအုပ်ကာ အလွန် စိတ်လှုပ်ရှားနေပြီး ကယောင်ကတမ်း ဖြစ်နေသည်။

 

ရှန်းယောင်က မျက်ခုံးပင့်ကာ သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းထဲရှိ အပြုံးက ပိုနက်နဲလာခဲ့သည်။

 

“ကျွန်မ မီးဖိုချောင်ထဲ အရင်သွားနှင့်မယ်” ကျီကျောက်က ကမန်းကတန်း လှည်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။

 

မီးဖိုချောင်ထဲမှာ ကျောက်လန်ဟွာက သူမ၏ နှာခေါင်းကို ဖိပိတ်ထားပြီး ပြောလာခဲ့သည်၊ “သိုးသားက အရမ်းအနံ့ပြင်းတယ် မဟုတ်ဘူးလား။ ဒီသိုးသားကို အရသာရှိအောင် ပြုလုပ်နိုင်ပါ့မလား။”

 

“အရသာ ရှိ၊ မရှိ အမေ မြည်းစမ်းကြည့်ပြီးရင် သိရလိမ့်မယ်” မီးဖိုချောင်ထဲကို ဝင်လာတဲ့ ကျီကျောက်က အပြုံးနဲ့ ပြောသည်၊ “သိုးသားက နည်းနည်းညှီပေမယ့် သူ့ကို ကောင်းကောင်းကိုင်တွယ်နိုင်သရွေ့ ညှီနံ့ပျောက်စေနိုင်တယ်။”

 

“အာ့ထောင် နင် သိုးကောင်လုံးကင် ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ တကယ်သိတာလား” ဒုတိယမရီးရှန်းက ကျီကျောက်ကို ချက်ချင်းဆိုသလို လေးစားစွာ ကြည့်လိုက်သည်၊ “သိုးကောင်လုံးကင်က အရမ်းအရသာရှိတယ်လို့ ငါ့အဖေပြောတာ ကြားဖူးတယ်။ ငါ ဒီအသက်အရွယ်အထိ အဲ့တာကို မမြည်းစမ်းဖူးသေးတာ သနားဖို့ကောင်းတယ်။”

 

“ဒုတိယမရီး ဒီနေ့ အစ်မ စားတော်ပွဲတည်လို့ရပြီ။”

 

ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်သည်။ သူမ၏ အကြည့်တွေက သိုးလေးပေါ် အမှတ်မထင် ကျရောက်သွားပြီး မီးဖိုပေါ်ရှိ သိုးဝမ်းတွင်းသားများကိုပါ တွေ့လိုက်ရတော့ စိတ်လှုပ်ရှားသွားခဲ့သည်၊ “အမေ အိမ်မှာ ကြာဇံနဲ့ ဘန်းမုန့်တွေ ရှိလား။”

 

“ရှိတယ်” ကျောက်လန်ဟွာက ချက်ချင်းလှည့်လာပြီး အိမ်ခေါင်မိုးမှာ ချိတ်ထားတဲ့ ဝါးခြင်းတောင်းကို အောက်ချလိုက်သည်၊ “ငါ ခရိုင်မြို့ကို သွားတုန်းက ကြာဇံထုပ်ကြီး တစ်ထုပ် ဝယ်လာခဲ့တယ်။”

 

“ဒါဆို သမီးတို့မိသားစု ဒီမနက် သိုးဝမ်းတွင်းသားကြာဇံစွပ်ပြုတ်လုပ်စားကြမယ်” ကျီကျောက်က ချက်ချင်း အကြံတစ်ခု ရသွားသည်၊ “အမေ ကျေးဇူးပြုပြီး သမီးကို ကြာဇံလေး ရေစိမ်ပေးပါလား။”

 

“ကောင်းပြီ။”

 

“ငါရော ငါရော ဘာကူလုပ်ရမလဲ” ဒုတိယမရီးရှန်းက စိတ်အားထက်သန်စွာ မေးသည်၊ “အာ့ထောင် ငါရော ဘယ်လိုကူပေးရမလဲ။”

 

“ဒုတိယမရီး အစ်မက မီးမွှေးပေးပါလား။ မီးအပူချိန်က အရမ်းမပြင်းရဘူး။”

 

“ကိစ္စမရှိဘူး” ဒုတိယမရီးရှန်းက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

 

“သိုးသားကြာဇံစွပ်ပြုတ်က လတ်ဆတ်ဖို့ပဲ လိုအပ်တာမို့ ချက်ပြုတ်ရတာ မခက်ခဲဘူး” ကျီကျောက်က သိုးအသည်း၊ သိုးဝမ်းဗိုက်သားနှင့် သိုးဦးနှောက်တို့ကို လှီးဖြတ်နေရင်း အပြုံးဖြင့် ရှင်းပြခဲ့သည်၊ “သိုးညှီနံ့ကို ဖယ်ရှားချင်ရင် နည်းလမ်းတွေ အများကြီး ရှိတယ်။ ရှာလကာရည်၊ မုန်လာဥအဖြူနဲ့ မတ်ပဲစေ့တွေကို အသုံးပြုပြီး သိုးညှီနံ့ ဖယ်ရှားလို့ရတယ်။ ဒါပေမယ့် ကျွန်မ အများဆုံး အသုံးပြုတာတော့ လိမ္မော်ခွံပါပဲ။”

 

လိမ္မော်ခွံကို အသုံးပြုခြင်းဖြင့် သိုးညှီနံ့ကို ကို ဖယ်ရှားနိုင်ရုံသာမက မွှေးရနံ့ကိုလည်း ပေးစွမ်းနိုင်ပါသည်။

 

ကျီကျောက်သည် သန့်ရှင်းပြီး ခုတ်ထစ်ထားသော ဝမ်းတွင်းသားများကို လိမ္မော်ခွံများနှင့်အတူ အိုးတစ်လုံးထဲ လောင်းထည့်ပြီး ဆူပွက်အောင် တည်ထားလိုက်သည်။ အိုးထဲ ရေဆူလာလျှင် ကြိုတင် ရေစိမ်ထားသော ကြာဇံတွေအားလုံးကို ထည့်လိုက်ပါသည်။ ထို့နောက် ကျီကျောက်သည် ဟင်းခတ်အနေနဲ့ ဆား၊ ဂျင်းနှင့် ငရုတ်ကောင်းတို့ကို ထည့်လိုက်ပါသည်။

 

ဒယ်အိုးထဲကခပ်ပြီး ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပြီးတော့ ငရုတ်ဆီ တစ်ဇွန်း ထည့်လိုက်သည်။

 

ရှဲ… ရှဲ…

 

သိုးဝမ်းတွင်းသားကြာဇံစွပ်ပြုတ် တစ်ပန်းကန် အဆင်သင့်ဖြစ်ပါပြီ။

 

“အနံ့မွှေးလိုက်တာ”

 

မကြာမီ မီးဖိုချောင်ထဲမှ မွှေးရနံ့သည် ခြံတစ်ဝန်းလုံး ပျံ့နှံ့သွားခဲ့သည်။

 

“စန်းလန် သွားရအောင်။ မင်းမိန်းမ ချက်ထားတဲ့ အရသာရှိတဲ့ အစားအစာတွေကို ငါတို့ သွားကြည့်ရအောင်” ခြံထဲမှာ ထင်းခုတ်နေတဲ့ ရှန်းတာ့ရှန်က တကယ့်ကို အာသာပြင်းပြနေခဲ့သည်။

 

ရှန်းယောင်သည် ‘မင်းမိန်းမ’ ဟူသော နာမ်စားကိုကြားသောအခါ တိတ်တဆိတ် ပြုံးလိုက်မိသည်။

 

တစ်ခဏအကြာ။

 

ပင်မခန်းရှိ လေးထောင့်စားပွဲတွင် လူတိုင်း ဝိုင်းထိုင်နေကြသည်။

 

လူတိုင်း ခေါင်းငုံ့ပြီး သူတို့ရှေ့က သိုးဝမ်းတွင်းသားကြာဇံစွပ်ပြုတ်ကို အသားကုန် လွေးနေကြသည်။

 

ခဏအကြာတွင် သိုးဝမ်းတွင်းသားကြာဇံစွပ်ပြုတ် တစ်အိုး အပြတ်ရှင်းသွားသည်။

 

“အဖေ အမေ ဒုတိယမရီး သိုးဝမ်းတွင်းသားကြာဇံစွပ်ပြုတ်ကို ကြိုက်ကြရဲ့လား” ကျီကျောက်က ခပ်ဖျော့ဖျော့ပြုံးကာ မေးလိုက်သည်။

 

“မေးစရာ လိုသေးလို့လား” ဒုတိယမရီးက သူမ လက်ထဲက ပန်းကန်အလွတ်ကို စောင်းပြသည်၊ “ငါစားထားတာ ဘယ်လောက်သန့်ရှင်းနေလဲဆိုတာကိုပဲ တစ်ချက်ကြည့်လိုက်ပါဦး။”

 

ကျီကျောက်သည် ဒုတိယမရီးရှန်းကို ကြည့်ပြီး ပြုံးကာ ခေါင်းညိတ်သည်၊ “ဒုတိယမရီးက အမြဲတမ်း အားပေးတယ်။”

 

“မင်း ကိုယ့်ကို ဘာဖြစ်လို့ မမေးတာလဲ” ရှန်းယောင်က ရုတ်တရက် ကျီကျောက်ကို တိုးတိုးလေး မေးလိုက်သည်။

 

“ဟင်…”

 

သူ့ရဲ့ နက်နဲပြီး နူးညံ့တဲ့ မျက်လုံးတွေကို ကြည့်ပြီး ကျီကျောက်သည် သူမရဲ့ နှလုံးခုန်သံ စည်းချက်လွဲသွားသလို ခံစားလိုက်ရသည်။