အခန်း
(၁၄၁) - တစ်ခုခုတော့ မှားနေပြီ
မားအိမ်တော်၏
မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် ကျီကျောက်သည် ‘မတူညီသော’ ဟူသည့် စကားလုံး၏ အဓိပ္ပါယ်ကို
နားလည်သွားခဲ့သည်။
သူမသည်
ဟုန်ရှင်းစားသောက်ဆိုင်၏ မီးဖိုချောင်သို့ ရောက်ခဲ့ဖူးကာ မီးဖို ခြောက်ခု အတူသွယ်ယှက်ထားကိုမြင်တော့
သူမ သက်ပြင်းချခဲ့မိသည်။ မားအိမ်တော်၏ မီးဖိုချောင်က ပိုလို့တောင် ကျယ်ပြီး တောက်ပနေခဲ့သည်။
ဤမီးဖိုချောင်သည်
ရှန်းမိသားစုအိမ်ခြံဝန်းထက် ပိုကျယ်ပေသည်။
သွယ်တန်းထားသော
မီးဖို ကိုးလုံးအပြင် မုန့်ဖုတ်ဖိုများကိုလည်း ၎င်းတို့၏ အပူနှင့် အအေးဂုဏ်သတ္တိများအရ
သီးခြားနေရာများ ခွဲခြားထားသည်။
ပါဝင်ပစ္စည်းများ
ထားရှိသည့် နေရာက ပိုလို့တောင် ကျယ်ဝန်းသည်။
ရာသီအလိုက်
ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံ အစုံအလင် ရှိသည့်အပြင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်နိုင်ရန်
အသက်ရှင်နေသည့် ငါးကြီးများကို ထည့်သွင်းထားသည့် ငါးရေစည်ပိုင်းကြီး နှစ်ခုလည်း ရှိလေသည်။
“မားအိမ်တော်ရဲ့
မီးဖိုချောင်က တကယ့်ကို အံ့မခန်းပဲ” မီးဖိုချောင်အတွင်းရှိ အရာအားလုံးကို စူးစမ်းလေ့လာနေသည့်
ကျီကျောက်သည် စိတ်လိုလက်ရ အားကျစွာ သက်ပြင်းချမိသည်။
ရှန်းယောင်က
အသာအယာ ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သော်လည်း သူ့မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အလင်းတန်း
တစ်ခု ရှိနေခဲ့သည်။
မကြာသေးမီနှစ်များအတွင်း
မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည်။ တင်းယွမ်ခရိုင်တစ်ဝိုက်ရှိ
ရွာအများအပြားတွင် အစာရေစာ မလုံလောက်မှုကြောင့် လူတော်တော်များများ သေဆုံးခဲ့ရသည်။
တစ်ဝမ်းတစ်ခါးအတွက်ပင် သူတို့၏ ကလေးများကို လူကုန်သည်များထံသို့ ရောင်းချခဲ့ရခြင်းများပင်
ရှိခဲ့ကြသည်။ သို့သော် ခရိုင်တရားသူကြီးအိမ်တော်သည် အလွန်ကြီးကျယ်ခမ်းနားပေသည်။ သူတို့၏
မီးဖိုချောင်ကပင် သာမာန်လူတွေ နေထိုင်တဲ့ ခြံဝန်းထက် နှစ်ဆလောက် ကြီးမားသည်။
ရှန်းယောင်သည်
ဒီအကြောင်းကို ပိုတွေးလေလေ ရယ်စရာကောင်းလေလေဟု ခံစားခဲ့ရသည်။
အလိုလောဘကြီးသော
အရာရှိများသည် လူတို့၏ အသက်နှင့် သေခြင်းတို့အတွက် မည်သို့ ဂရုပြုနိုင်ပါ့မည်နည်း။
“ရှန်းယောင်
ကျွန်မ ဘာဟင်းချက်သင့်တယ်လို့ရှင်ထင်လဲ” ကျီကျောက်က ရိက္ခာတန်းကို စူးစိုက်ကြည့်ပြီး
ဘေးကျပ်နံကျပ် ဖြစ်နေခဲ့သည်။
အဆုံး၌
အနောက်မြောက်ဟင်းလျာဆိုသည် ကျယ်ပြန့်သော အဓိပ္ပါယ်ရှိ၍ သခင်မကြီးမား၏ မျက်နှာသာကို
ရရှိရန် မည်သို့ ချက်ပြုတ်နိုင်မည်နည်း။ သူမသည် နောင်အခါတွင်
အဆာပြေမုန့်ဆိုင်ဖွင့်ဖို့ တွေးထားခဲ့ပြီးသားပင်။ သူမ ပြုလုပ်တဲ့
အဆာပြေမုန့်တွေကို သခင်မကြီးမား သဘောကျတယ်ဆိုရင် အနာဂတ်မှာ သူမ၏ လုပ်ငန်းအတွက်
သေချာပေါက် အကျိုးရှိစေပါလိမ့်မည်။
“အာ့ထောင်”
ရှန်းယောင်က သူမကို ပေါ့ပေါ့ပါးပါး ပြုံးပြပြီး “မင်းချက်သမျှ ဟင်းပွဲတိုင်းက
အရသာရှိတယ်” ဟု စိတ်ရင်းမှန်နဲ့ ပြောလိုက်၏။
ဖူး…
ကျီကျောက်တစ်ယောက်
ရွှင်မြူးသွားခဲ့သည်။
“ရှင့်အဖြေက
အဓိပ္ပါယ်မရှိဘူး၊ ဒါပေမယ့်…” ကျီကျောက်က ကျီစယ်သလို မျက်လုံးမှိတ်ပြလိုက်သည်၊ “ကျွန်မ
ရှင့်ရဲ့ ရိုးသားမှုကို ကြိုက်တယ်။”
သူတို့နှစ်ယောက်သား
တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးမိလိုက်ကြသည်။
“သခင်မကြီးမားက
အနောက်မြောက်သူအစစ်အမှန်လို့ အစ်ကိုယို့ပြောတာကို ကိုယ် ကြားဖူးတယ်” ရှန်းယောင်က တခဏတာမျှ
စဉ်းစားပြီးတော့ တိုးတိုးလေး အကြံပြုခဲ့သည်၊ “အာ့ထောင် မင်း သိုးသားဟင်းချက်နည်းတွေ
အများကြီး သိလား။”
“အင်း
တော်တော်များများကို သိတယ်” ကျီကျောက်က မသိစိတ်အရ ခေါင်းညိတ်မိသည်။ ထို့နောက် သူမက
ပြုံးပြုံးလေး မေးလိုက်သည်၊ “ရှန်းယောင် ရှင်က သိုးသားကိုပဲ အသုံးပြုတဲ့ ဟင်းချက်နည်းကို
မေးချင်တာလား။ ဒါပေမယ့် ပါဝင်ပစ္စည်း တစ်မျိုးတည်းကိုပဲ အသုံးပြုတာက ရိုးရှင်းလွန်းတယ်
မဟုတ်ဘူးလား။”
“မဟုတ်ဘူး”
ရှန်းယောင်က နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ပြောသည်၊ “မတူညီတဲ့ ဟင်းအမယ်ပေါင်းများစွာကို
ဖန်တီးရာမှာ ပါဝင်ပစ္စည်း တစ်ခုတည်းကိုပဲ အသုံးပြုတာက မင်းရဲ့ ချက်ပြုတ်မှုစွမ်းရည်ကို
ပိုတိုးတက်စေလိမ့်မယ်။”
“ဟုတ်တာပဲ”
ကျီကျောက်က ပြုံးပြီး လက်သီးတင်းတင်းဆုပ်ကာ ဝမ်းသာအားရ မျက်ခုံးပင့်လိုက်သည်။
ပါဝင်ပစ္စည်းများကို
ရွေးချယ်ပြီးနောက် ကျီကျောက်သည် အကြံဉာဏ်တစ်ခု အမြန်ရခဲ့သည်။
သခင်မကြီးမား၏
သီးသန့်အမှာစာဖြစ်သည့် သိုးကောင်လုံးကင်အပြင် သိုးသားဂျယ်လီ၊
သိုးသားတောက်တောက်ကြော်နှင့် သိုးဝမ်းတွင်းသား အစပ်ဟင်းလျာတို့ကို ပြင်ဆင်ဖို့ စီစဉ်ခဲ့သည်။
“သိုးသားဂျယ်လီလား” ရှန်းယောင်သည် ကျီကျောက် ပြင်ဆင်ထားသော မီနူးကို
ကြားပြီးနောက် အလွန်သိချင်နေခဲ့သည်။
“အင်း”
ကျီကျောက်က အနည်းငယ် ပြုံးလိုက်ပြီး ရှန်းယောင်၏ နံဘေးကို တိတ်တိတ်လေး တိုးသွားခဲ့သည်။
သူမက ခြေဖျားထောက်ပြီး သူ့နားရွက်နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မ ဒီသိုးသားဂျယ်လီကို ပြုလုပ်ပြီးရင် ရှင့်ကို သေချာပေါက် အရင်မြည်းခိုင်းမယ်နော်…”
နွေးထွေးသော
အသက်ရှုငွေ့က ရုတ်တရက် သူ့နားရွက်အနားသို့ ရောက်ရှိလာခဲ့သည်။ ရှန်းယောင်သည် မသိစိတ်က
ခေါင်းညိတ်ပြချင်ပေမယ့် သူ့နားရွက်ထိပ်တွေက နီရဲနေပြီး သူ၏ ချက်အောက် သုံးလက်အကွာမှ
ထူးဆန်းတဲ့ ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရှန်းယောင်
ရှင် အဆင်ပြေရဲ့လား” ကျီကျောက်က သူ့မျက်နှာကို အမှတ်တမဲ့ ဖျတ်ခနဲကြည့်မိပြီး သူမ၏ မျက်ဝန်းထဲ
စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကာ မသိစိတ်က သူ့နဖူးကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
သို့ရာတွင်
သူတို့၏ ခန္ဓာကိုယ်တွေ အရမ်းနီးကပ်နေတာကို သတိပြုမိသွားပြီး ကျီကျောက်သည်လည်း တစ်ခုခုတော့
မှားနေပြီဆိုတာ သတိထားမိလိုက်သည်။