Chapter 58
Mori Sue:
Daddy's little ( 58)
လင်းလန်က အေးဆေးစွာပင်ဆက်ပြောလိုက်သည် ။
" ဟုတ်တယ် ငါဒီကိုပြောင်းလာမှာ "
ပါကာကာ ရူပ်ထွေးနေကာမေးလိုက်သည် ။
" ငါကမင်း တခြားနေရာသစ်တစ်ခုမှာပြန်ပြီးအစပြုမယ်ထင်ထားတာ "
" ငါစဥ်းစားခဲ့ဖူးပါသေးတယ် အရမ်းပျော်ဖို့ကောင်းခဲ့ပေမဲ့ ငါဒီမြို့မှာဘဲပြန်နေချင်တယ်...ငါရင်းနှီးနေတဲ့နေရာလေးကမစွန့်ခွာချင်ဘူး အမှတ်တရကောင်းတွေမရှိခဲ့ပေမဲ့ အတိတ်မှာကျန်နေခဲ့ပြီလေ... ကဖေးလေးတစ်ခုလိုပါဘဲ အချိုမုန့်လေးတွေရောင်းမယ် ဖတ်ဖို့စာအုပ်လေးတွေနဲ့ဆိုင်သေးသေးလေးပါဘဲ "
လန်လင်းက သူ၏ခေါင်းကိုပွတ်သပ်ရင်းပြောလိုက်သည် ။
" ငါတို့က အခုအရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေပြီမဟုတ်လား မင်းငါ့ကိုကူညီပေးချင်လား "
ပါကာက လန်လင်းအားကြည့်လိုက်သည် ။ သူ၏အမူအရာမှာစစ်မှန်ပြီး သူငယ်ချင်းတစ်ယောက်အားတောင်းဆိုမူပြုနေသကဲ့သို့ပင် ။
" အိုကေလေ ဒါပေမဲ့ငါက ဒရိတ်ခ်ရဲ့မွေးနေ့ပြီးတဲ့အချိန်လောက်မှအားမှာ "
" ရပါတယ် ငါစောင့်နိုင်တယ် "
" မင်း ဒရိတ်ခ်ရဲ့မွေးနေ့ကိုလာမလား "
" မလာတော့ပါဘူး အချိန်ကောင်းမဟုတ်ဘူးလို့ငါထင်တယ် တစ်ခါတစ်လေငါလာလည်ပါ့မယ် "
ထိုနောက်တွင် စကားအနည်းငယ်ဆက်လက်ပြောဆိုကာ လန်လင်းပြန်သွားသည် ။ သူ့အနေနှင့် ပါကာနှင့်အဆက်အသွယ်ပြုလုပ်သည်မှာအကြောင်းမရှိသော်လည်း ဒရိတ်ခ်နှင့်ချယ်လ်စီလေးတို့၏ မျက်နှာအားမြင်ရလျှင် အားနာစိတ်တို့သာပေါ်ထွက်လာရမည်ဖြစ်၍ ကောင်းမွန်သောဆက်ဆံရေးတစ်ခုအားမပျက်စီးစေချင်ပါပေ ။
ဒရိတ်ခ်နှင့်ချယ်လ်စီလေးတို့ အပြင်မှပြန်ရောက်လာသည့်အခါ၌ ပန်းကန်အလွတ်ကြီးအားပြုံးကြည့်နေသောပါကာ အားတွေ့လိုက်ရလေသည် ။ ပါကာမှာ အတွေးနွံနစ်နေပုံပေါ်၍ ဒရိတ်ခ်ကမေးလိုက်သည် ။
" တစ်ခုခုဖြစ်လို့လား "
ပါကာက ဒရိတ်ခ်အား နမ်းရင်းပြောလေသည် ။
" ပြန်ရောက်ပြီလား "
" ပါးပါး... ဒီမှာကြည့် သမီးပါးပါးနဲ့ဖေဖေရဲ့ပုံစံလုပ်လာတယ် "
သူမ၏လက်သေးသေးလေးအတွင်းမှ ရွံ့စေးဖြင့်ပြုလုပ်ထားသည့် လူရုပ်နှစ်ရုပ်ကိုထုတ်ပြလာ၏ ။ ပုံပန်းသွင်ပြင်မှာမလှပပါသော်ငြား ဆေးရောင်တချို့ပင်ချယ်ထားလေသည် ။
" အင်း... သမီးလုပ်ထားတာအရမ်းကြည့်လို့ကောင်းတယ် "
ပါကာက ချယ်လ်စီလေးအားချီ၍ အိပ်ခန်းထဲသို့ဝင်သွားကာ ရေချိုးပေးရင်းသူမလေးအား စေ့စေ့စပ်စပ်ကြည့်ရူလိုက်သည် ။ သူမလေးမှာအရပ်အနည်းငယ်ရှယ်လာ၍ အနည်းငယ်ဝိတ်တက်လာကာထွားလာပုံရပြီး ယခင်ကထက်လည်းပိုမိုပျော်ရွှင်လာပုံရသည် ။
ပါကာက သူမလေးနှင့်ဒရိတ်ခ်အားကြည့်ကာ အပြစ်ရှိသလိုခံစားနေရသည် ။ သူ့ခင်ပွန်းနှင့်သမီးလေးမှာ မည်သည့်အကြောင်းကိစ္စကြောင့်မဆို အမြဲသူ့ဘက်မှရပ်တည်ကာကွယ်ပေးမည်ဖြစ်သော်လည်း သူကမူအတုယောင်သာဖြစ်နေသောကြောင့် လိမ်ညာထားမိသလိုပင် ။
ချယ်လ်စီလေး အားချော့သိပ်ပြီးသည့်နောက်တွင် ဒရိတ်ခ်က သွားတိုက်နေပြီး ပါကာမှာသူ၏ဆံပင်များကိုအခြောက်ခံနေသည် ။ ပါကာ့၏အမူအယာများမှာ ထူးဆန်းနေသောကြောင့် ဒရိတ်ခ်စိတ်ပူသွားရသည် ။
ဒရိတ်ခ်က ပါကာ၏ခါးကိုဆွဲလှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်စေ၍ ပေါင်ပေါ်သို့ဆွဲတင်လိုက်လေသည် ။ ဒရိတ်ခ်၏ရုတ်တရက်အပြုအမူကြောင့် ပါကာမှာအူကြောင်ကြောင်လေးဖြစ်သွားရ၏ ။
ထူးထူးဆန်းဆန်း ဝမ်းနည်းနေပုံရသော ပါကာ၏ အပြုအမူမှာ ဒရိတ်ခ်၏ မျက်စိအောက်မှပြေးမလွတ်ချေ ။
သူက အသံတိုးတိုးနှင့်ညင်သာစွာမေးလိုက်သည် ။
" မင်းဘာဖြစ်နေတာလဲ "
" ဟမ်...ကျွန်တော်ဘာဖြစ်လို့လဲ "
" မင်းကြည့်ရတာ စိတ်ဓာတ်ကျနေသလိုဘဲ.... ကိုယ်ပြောမယ်နော် အတိတ်ကကိစ္စတွေကိုအတိတ်မှာဘဲထားခဲ့လိုက်ပါ အမှားတွေလုပ်ခဲ့ပေမဲ့ ကိုယ်တို့အတွက်အားတင်းပြီးရှေ့ဆက်သွားပေးလို့ရမလား "
ပါကာက ပြုံးလိုက်ပါသော်လည်း သူ၏အပြုံးမှာ ဝမ်းနည်းနေပုံပေါ်သည် ။ ဒရိတ်ခ်မှာ သူ၏ဘက်၌အမြဲရပ်တည်ပေးလေ ပို၍အပြစ်ရှိသလိုခံစားရလေပင် ။
တစ်နှစ်လောက်လိမ်ညာနိုင်ခဲ့ပေမဲ့ နှစ်တွေအကြာကြီး ဆက်လိမ်ညာနိုင်ပါ့မလား...
" ဒါပေမဲ့ ကျွန်တော်က သူခိုးတစ်ယောက်ဆိုရင်ရော သူများရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေရင်း သူများရဲ့ဘဝကိုခိုးယူထားတာမျိုးလေ "
ပါကာ၏ အသံမှာစိုးရိမ်စိတ်အပြည့်နှင့်ပင် တုန်တုန်ရီရီဖြင့်မေးရှာ၏ ။
" အဲ့လိုသာဖြစ်ခဲ့မယ်ဆိုရင်လည်း မင်းကငတုံးလေးမှမဟုတ်တာကွာ "
ဒရိတ်ခ်က ရီမောရင်း ပါကာ၏ နှာဖျားလေးထံခပ်ဖွဖွအနမ်းပေးလိုက်သည် ။
" မင်းက ဆိုးသွမ်းပြီး ခင်ပွန်းသည်နဲ့ကလေးအပေါ်သံယောဇဥ်မရှိတဲ့လူဆိုးရဲ့ ခန္ဓာကိုယ်ထဲကိုဝင်ပြီး သူ့အစားအိမ်မူကိစ္စတွေလုပ်ရင်း ဖခင်တစ်ယောက်ရဲ့တာဝန်ကိုကျေပွန်အောင်လုပ်ပေးနေရတယ်လေ... မင်းကတကယ့်ကို သနားစရာကောင်းတာဘဲကွာ "
ဒရိတ်ခ်၏ စနောက်သောစကားများကြောင့် ပါကာမှာအနည်းငယ်စိတ်ပေါ့ပါးသွားရသည် ။ သူချစ်မြတ်နိုးသောအမျိုးသားမှာ ဤကဲ့သို့သောလူမျိုးပင် ။ သူ့ဘက်၌အမြဲရပ်တည်ပေးနေမည်ဖြစ်ပြီး စွန့်ခွာသွားမည်မဟုတ်ပေ ။
ပါကာက ဒရိတ်ခ်အားတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည် ။ သူ၌ အရမ်းကောင်းသောခင်ပွန်းသည်နှင့်အတူ အလွန်ပင်ချစ်ဖို့ကောင်းသော သမီးငယ်လေးပင်ရှိသေး၏ ။ မူလပါကာ၏စိတ်ရူပ်ဖို့ကောင်းသည့်မိသားစုဝင်များအားဖယ်ထားလိုက်ပါက သူအမြဲတောင့်တခဲ့ရသောမိသားစုဘဝလေးတစ်ခုပင် ။
အထီးကျန်ကာလမ်းပျောက်နေခဲ့ရသောကလေးငယ်လေးတစ်ဦး၏ အိပ်မက်မှာ နွေးထွေးသောမိသားစုဘဝလေးအားပိုင်ဆိုင်လိုခြင်းဖြစ်သည် ။ အခြားသူများအလွယ်တကူပိုင်ဆိုင်နေသော အရာများမှာသူ့အတွက် စိတ်ကူးရန်သာတတ်နိုင်ခဲ့လေ၏ ။
အိပ်မက်ဆိုးများမက်ချိန်၌ သူ့အားပွေ့ဖက်ကာနှစ်သိမ့်ပေးမည့်မိသားစုဝင်တစ်ဦး...
သူလမ်းပျောက်နေချိန်၌ လက်တွဲကာအိမ်ပြန်ခေါ်သွားပေးမည့် မိသားစုဝင်တစ်ဦး...
နောက်ဆုံး၌ သူ၏အိပ်မက်များမှာလက်တွေ့ဖြစ်လာခဲ့ရလေပြီ ။
ဒရိတ်ခ်က ပါကာအားကုတင်ပေါ်သို့ချီသွား၍ တိတ်ဆိတ်စွာတစ်ယောက်နှင့်တစ်ယောက်ကြည့်နေမိကြသည် ။
Xxxxxxx