Ch 5
Viewers 2k

🐈Chapter 5



"ကျေးဇူးတင်ပါတယ်"


မနက်ခင်းတုန်းက သူဆုံခဲ့သည့်လူငယ်က

ဤမျှကူညီဖော်ရလိမ့်မည်ဟုသူမထင်ထားခဲ့ပေ။သေသေချာချာကြည့်လိုက်သည့်အခါမှ ထိုလူငယ်က အတော်လေးငယ်ပြီး အသက်နှစ်ဆယ်ခန့်သာရှိကြောင်းတွေ့လိုက်ရသည်။ပုံစံကတောက်ပနွေးထွေးပြီးချောမောကာ ၂၁ရာစုကကောင်မလေးမလေးများကြိုက်သည့်"ဝံပုလွေခွေးလေး"ပုံစံနှင့်အတိအကျတူသည်။


စိတ်ထဲမှ တစ်ဖက်လူ၏ရုပ်ရည်နှင့်အမူအကျင့်ကို တိတ်တိတ်လေးလက်မထောင်ပြလိုက်ရင်း လင်းနင် ထရပ်ပြီးသူ့ကိုယ်ပေါ်ကဖုန်များကိုခါချလိုက်သည်။


"ရပါတယ်...ဒါနဲ့ ငါတို့ နေ့ခင်းတုန်းကလည်းဆုံခဲ့တာပဲ...တစ်ယောက်နဲ့တစ်ယောက်သိကျွမ်းရအောင်...ငါ့နာမည်က ကျန်းကျိနင်...ဒါပေမဲ့မင်းအဆင်ပြေရဲ့လား...ဆရာဝန်နဲ့ပြချင်လား"


ကျန်းကျိနင်က လင်းနင်၏ခြေထောက်ကို စိုးရိမ်စွာကြည့်လိုက်သည်။ခုနက သူအချိန်မီတားချိန်မရလိုက်ပေ။အကန်ခံရသည်ကအတော်လေးနာမည့်ပုံပေါ်သည်။


"ရဲခေါ်ပေးရ..."


"မလိုပါဘူး"

လင်းနင်က ခေါင်းခါကာသူအဆင်ပြေကြောင်းပြလိုက်သည်။


"ငါ့နာမည်ကလင်းနင် ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်...ထပ်ဆုံကြပြန်ပြီ တိုက်ဆိုင်လိုက်တာ"


"အင်း"

ကျန်းကျိနင်က သွားဖြိီးပြလာပြီး သူ့မျက်လုံးများကတလက်လက်တောက်ပနေသည်။သူက အလွန်အရပ်ရှည်ပြီး ၁.၈မီတာကျော်မည့်ပုံပေါ်သည်။အခုမှ လူမှုအသိုင်းအဝိုင်းထဲဝင်လာခါစဖြစ်မည်။သူ့မှာကျောင်းသားတစ်ယောက်၏ငယ်ရွယ်ပျိုမျစ်သောရိုးအမှုရှိနေပြီး ဘက်စကတ်ဘောကွင်းထဲမှထွက်လာခါစ ခပ်ချောချောကျောင်းမြက်လေးနှင့်တူသည်။


"ဒါနဲ့ မင်းရဲ့အထုပ်ထဲက အနံ့လေးကမွှေးနေတာပဲ...စားစရာလား"


လင်းနင်ကခေါင်းညိတ်လိုက်သည်။

"ကြိုက်ရင် ငါ့အိမ်လိုက်ခဲ့မလား...မင်းအတွက်တစ်ပွဲလုပ်ပေးမယ်"


လင်းနင်က ဤမျှစကားပြောရလွယ်လိမ့်မည်ဟု ကျန်းကျိနင်မမျှော်လင့်ထားပေ။ယနေ့သူ [လီမွန်မီးဖိုချောင်လေး]အ​ကောင့်ကိုလှန်လှောမွှေနှောက်ခဲ့ပြီး သူ့ဗိုက်က စိတ်လှုပ်ရှားမှုကြောင့် တဂွီဂွီမြည်နေခဲ့သည်။နောင်ကျလျှင် လင်းနင်ပို့သည့်ပစ္စည်းမှန်သမျှကို သူပဲတာဝန်ယူမည်ဟုတွေးထားခဲ့သည်။မမျှော်လင့်ဘဲ အကူအညီသေးသေးလေးအတွက်နှင့် လင်းနင်ကသူ့ကို သူ့အိမ်သို့ဖိတ်ခေါ်လာလေသည်။


"မ မလိုက်တော့ပါဘူး...ငါဒီနေ့ကျောင်းပြန်သွားရဦးမှာ အရေးတကြီးလုပ်စရာရှိတယ်...ဒါပေမဲ့ ငါမင်းကိုသူငယ်ချင်းအပ်လို့ရမလား"

 

တစ်ဖက်လူက စိတ်ဓာတ်ကျမှုနှင့်မျှော်လင့်မှုများရောထွေးနေသော ချစ်စရာဝံပုလွေခွေးကြီးတစ်ကောင်နှင့်တူပြီး သူ့နောက်မှာမရှိသည့်အမြှီးကြီးတစ်ခုက လှုပ်ယမ်းနေသည့်အတိုင်းပင်။


လင်းနင်၏စိတ်အ​ခြေအနေကချက်ချင်း ကြည်လင်သွားသည်။


"စိတ်မကောင်းစရာပဲ ဒါဆိုလည်းသူငယ်ချင်းအပ်ကြရအောင်...နောင်ကျအခွင့်အရေးရှိရင်ငါ့ကိုဆက်သွယ်လိုက်ပါ...ကျေးဇူးတင်တဲ့အနေနဲ့ထမင်းတစ်နပ်ဖိတ်ကျွေးပါ့မယ်..."

 

"တကယ်လား..."


ကျန်းကျိနင်၏မျက်လုံးများအစိမ်းရောင်ပြောင်းလုနီးပါးပင်။


ဗီဒီယိုထဲက အစားအ​သောက်များက ဆွဲဆောင်နိုင်လွန်းလှ၏။သူက ကြီိးထွားနေဆဲယောကျာ်းလေးတစ်ယောက်ဖြစ်သဖြင့် ဤကဲ့သို့သောသူတစ်ခါမှမ​မြင်ဖူးသည့်စားစရာမျိုးနှင့်ကြုံရသည့်အခါ ကိုယ့်ကိုကိုယ် ဝက်စာစားပြီးကြီးလာသလိုခံစားရသည်။


"အမ်း ဒါပေါ့ ..."


လင်းနင်မှာ စကားပြောနိုင်သည့် အသက်ဝင်တောက်ပသော မျက်ဝန်းလှလှတစ်စုံရှိသည်။သူလခြမ်းပုံမျက်ခုံးကွေးများဖြင့်ကတိပေးလိုက်ချိန်မှာ တစ်ဖက်သား၏ရင်ထဲမှာနွေးထွေးသွားရပြီး သူတို့၏ရင်ထဲအသည်းထဲကနေ သူ့ကိုယုံကြည်မိစေသည်။


နှစ်ယောက်သား နှုတ်ဆက်စကားဆိုပြီးနောက် လင်းနင်လှည့်ကာအပေါ်ထပ်သို့တက်လာခဲ့သည်။ယနေ့က အနည်းငယ်ပင်ပန်းသဖြင့် သူကောင်းကောင်းနားရန်လိုပေသည်။


မနေ့က စီချွမ်းစတိုင်ငါးပြုတ်ကမကုန်သေးဘဲ ထမင်းလည်းကျန်သေးသည်။အိမ်ပြန်ရောက်ပြီး ရေခဲသေတ္တာထဲက လက်ကျန်စီချွမ်းစတိုင်ငါးပြုတ်နှင့် ထမင်း၏ဒေတာများကို *light brain computer * ထဲသို့ထည့်ပြီးနောက်

Shining Live မှာစီချွမ်းစတိုင်ငါးပြုတ်၏ အရသာခံစားမှု လုပ်ဆောင်ချက်ကိုဖွင့်လိုက်သည်။


အကုန်လုံးပြီးသည့်နောက်မှာ လင်းနင်အိပ်ချင်လွန်း၍မျက်လုံးပင်မဖွင့်နိုင်တော့ပေ။


စီချွမ်းစတိုင်ငါးပြုတ်ကို ရေခဲသေတ္တာထဲပြန်မထည့်ဘဲ စားပွဲပေါ်တိုက်ရိုက်တင်ထားလိုက်သည်။ရေချိုးပြီးနောက် လင်းနင် အိပ်ရာဝင်ခဲ့သည်။အထပ်မြင့်မှာနေခြင်းဖြစ်၍ လင်းနင်ပြတင်းပေါက်မပိတ်ထားပေ။ ညလေညင်းက ပြတင်းပေါက်မှတဆင့် စီချွမ်းငါးပြုတ်၏ရနံ့ကိုသယ်ဆောင်သွားလေသည်။


***


အင်တာနက်​ပေါ်မှ အင်တာနက်သုံးစွဲသူများ ရူးသွပ်သွားကြပြန်သည်။


ဖြတ်သွားဖြတ်လားများဖြစ်စေ အစပိုင်းမှာ [လီမွန်မီးဖိုချောင်လေး]ကိုဆူဆဲခဲ့ကြသူများဖြစ်စေ၊ [လီမွန်မီးဖိုချောင်လေး]ကိုအာရုံစိုက်နေပြီး Hot Searchကနေတဆင့် Shining Liveကိုတွေ့သွားသရွေ့ အကုန်လုံး လင်းနင်၏ဖန်များ ဖြစ်ကုန်ကြသည်။


ဘာကြောင့်လဲ...လူတွေက ပိုက်ဆံနှင့်အစားအသောက်အတွက်သေဆုံးကြသည်။တစ်သက်လုံး အာဟာရဖြည့်စွက်စာများဘဲမှီဝဲခဲ့ကြသော အင်တာနက်သုံးစွဲသူများသည် ရုတ်တရတ် မယုံနိုင်စရာကောင်းလောက်အောင်မွှေးသောအရသာကိုရှာဖွေတွေ့ရှိသွားကြသည်။အွန်လိုင်းကနေမြည်းစမ်းပြီးနောက် အသား၏အရသာကအင်မတန်ကောင်းပြီး၊နူးညံ့ချိုမြိန်သောပေါက်စီများကလည်း သိပ်ကောင်းကာ၊စွပ်ပြုတ်ကလည်း သိပ်အရသာရှိကြောင်းကိုသိလိုက်ရသဖြင့် သူတို့အကုန်လုံး သိမ်းသွင်းခံလိုက်ကြရသည်။


မနက်စာနှင့်စီချွမ်းစတိုင်ငါးပြုတ်၏ အရသာခံလုပ်ဆောင်ချက်ကိုဖွင့်ပြီးနောက် အင်တာနက်သုံးစွဲသူများက အတူတကွအလုပ်ကြိုးစားကာ သက်ဆိုင်ရာ စကားစုပေါင်းစုံကို Hot Searchပေါ်သို့တွန်းတင်လိုက်ကြသည်။


#ဒီနေ့စီချွမ်းစတိုင်ငါးပြုတ်စားပြီးပြီလား#


#စွပ်ပြုတ်၊အသားပေါက်စီ၊ကြက်ဥကြော် ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ#


#အမေကနောင်ဆုံးတော့ငါ့ကို တိုက်ရိုက်ထုတ်လွှင့်မှုတွေကြည့်ခွင့်ပြုပြီ#


#တစ်မိသားစုလုံး အွန်လိုင်းမြည်းစမ်းခြင်းလုပ်နေကြ#


#လီမွန်မီးဖိုချောင်လေးရှောင်ကောကောကဘယ်သူလဲ#


#ယုန်ဖက်တီးက မနက်စာကြွားနေ#


နားမလည်ဖြစ်နေကြသောအင်တာနက်သုံးစွဲသူများစွာက နှိပ်ကြည့်ကြပြီးနောက် စိတ်အားထက်သန်နေသောအင်တာနက်သုံးစွဲသူပေါင်းစုံ၏သင်ကြားပေးမှုကိုခံလိုက်ရသည်။ သူတို့ Shining Liveကိုအမြန်ဒေါင်းလုတ်ဒ်ဆွဲလိုက်ကြပြီး အစားအသောက်စွဲလမ်းသူများဖြစ်ကုန်ကြလေသည်။ Hot Searchများ၏နာမည်ကြီးမှုက အကြာကြီးခံနေခဲ့ပြီး ယင်းကကြယ်စုကွန်ယက်၏မဟာအံ့ဖွယ်တစ်ခုဖြစ်ခဲ့လေသည်။


[ငါဒီနေ့တကယ်အားကျတယ်...ယုန်ဖက်တီးကကံကောင်းလွန်းတယ်...အဓိကအချက်က သူကတကယ်ချမ်းသာတာပဲ...လီမွန်မီးဖိုချောင်​လေးပို့လိုက်တဲ့မနက်စာကိုငါမြင်လိုက်ရတယ်...ဘုရားရေ ငါသွားရည်ယိုနေပြီ...]


[ဒီနေ့ ငါ့မိသားစုကိုလာမြည်းကြည့်ဖို့ပြောခဲ့တယ်...အစပိုင်းမှာ ငါ့မိဘတွေနဲ့အဘိုးအဘွားတွေက ငါ့ကိုလျစ်လျူရှူပြီး အ​ရေးမဟုတ်တာကိုအရာလုပ်နေတယ်ပြောတယ်...ဒါပေမဲ့အခုတော့ သူတို့ကိုကဗီဒီယိုကိုမလွှတ်တမ်းကိုင်ထားပြီး လီမွန်မီးဖိုချောင်လေးဘယ်တော့updateလုပ်မှာလဲမေးနေကြတယ်...]


[ငါပါ...ဒီနေ့ငါ့မိသားစုက ငါ့ကိုလီမွန်မီးဖိုချောင်လေးဆီကအစားအသောက်တွေကိုဘယ်လိုဝယ်ရမလဲမေးနေကြတယ်...ငါကမသိဘူး တိုက်ရိုက်ထုတ်လွှင့်မှု​ကြည့်မှသိမှာလို့ပြောလိုက်တယ်...အမေက ငါ့ကိုအသုံးမကျဘူးတဲ့]


[ဒီနေ့အတန်းထဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုကိုခိုးကြည့်တာ ပါမောက္ခမိသွားတယ်...အနံ့ပိတ်ဖို့မေ့သွားတာ စာသင်ခန်းတစ်ခုလုံး ဝက်သားမှိုစတူးပေါက်စီနံ့နဲ့ပြည့်သွားတယ်လေ...ပါမောက္ခဆီကနာမည်အခေါ်ခံရတော့သေပြီမှတ်တာ...နောက်ဆုံးကျ ရုပ်တည်ကြီးနဲ့ပါမောက္ခအိုကြီးက ငါ့ကိုဘာကြည့်နေလို့အနံ့ကဒီလောက်မွှေးတာလဲလို့မေးတယ်...]


[ငါရောပဲ ...ဒီနေ့အိပ်ရာထဲမှာ အပျင်းတစ်နေတာ အမေက ငါ့ကို ကြောင်ငပျင်းလို့ဆူတယ်...ငါသူ့ကို ကျောက်ပွင့်စွပ်ပြုတ်၊ကြက်ဥကြော်၊အသားပေါက်စီနဲ့ စီချွမ်းစတိုင်ငါးပြုတ်ကိုလည်း အွန်လိုင်းကနေမြည်းစမ်းခိုင်းလိုက်ရော သူက ငါ့ကိုအပျင်းတစ်နေဖို့ခွင့်ပြုတယ်ပြောတယ်...ဒါပေမဲ့ လီမွန်မီးဖိုချောင်လေးကို မျက်စိထောက်ထောက်ကြည့်​နေ၊စားစရာရှိရင်အိမ်အတွက်တစ်ယောက်စာဝေစုရအောင် လုပ်ရမယ်တဲ့]


[ငါ့အဖေက ငါ့ကိုပိုက်ဆံပို့ပေးပြီး မနက်ဖြန်ကျ Streamerကိုလက်ဆောင်ပေးပြီးStreamerရဲ့အာရုံစိုက်မှုကိုရအောင်ကြိုးစားရမယ် ပြီးရင် Streamerကို ငါတို့ကိုအစားအသောက်ပို့ခိုင်းလို့ပြောတယ် ORZ(ဒူးထောက်) ...ဒါက မှန်ကန်တဲ့ချဥ်းကပ်နည်းမဟုတ်ပေမဲ့ ငါလုံးဝသွေးဆောင်ခံလိုက်ရတယ်]


[ငါလူဆင်းရဲလေးဆိုတော့ မှတ်ချက်ရေးဖို့ စာလုံးရေ၈၀၀ရှိတဲ့ စာစီစာကုံးတစ်ပုဒ်ပြင်ဆင်ထားတယ်..အစားအသောက်ပို့ဖို့လူရွေးတဲ့အခါကျရင် ရှောင်ကောကော ငါ့ကို သတိပြုမိဖို့မျှော်လင့်ပါတယ်]


[အာ အတူတူပဲ(စီးကရက်ကိုမီးညှိ)...ရိုးရိုးသားသားပြောရရင် ငါကစာလုံးရေးသုံးထောင်ပြင်ထားတာ...ဖားတဲ့နေရာမှာငါကအတော်ဆုံးပဲ...လီမွန်​ရှောင်​ကောကော ကျွန်တော့်ကိုကြည့်ကြည့်]



[!!!]


ရုန်ရှင်းရှင်း Hot Searchကိုကြည့်ပြီး မဖော်ပြတတ်အောင် စိတ်လှုပ်ရှားနေမိသည်။ 


ယနေ့ လင်းနင်တိုက်ရိုက်ထုတ်လွှင့်ပြီး မိနစ်ငါးဆယ်အကြာမှာ သူ မနက်စာကိုလက်ခံရရှိခဲ့သည်။


ပူနွေးနေသောမနက်စာလေး သူမလက်ထဲရောက်လာချိန်မှာ သူမ၏နှလုံးသားအရည်ပျော်သွားရသည်။ယနေ့၌ တိုက်တိုက်ဆိုင်ဆိုင် သူမ​၏အမေက အိမ်မှာရှိနေသဖြင့် သူမ သူမ၏အမေကို အပြင်ထွက်လာပြီး သူမနှင့်အတူစားရန်ခေါ်ခဲ့သည်။


မူလက ကျန်းဖုန်းကိုဂရုမစိုက်သည့်အတွက် သူမအမေက သူမကိုစိတ်ဆိုးနေခဲ့သည်။သူမ အပူထိန်းဘူးကို ကိုင်ထားသည်အားမြင်ချိန်မှာ ရိုးရိုးဒလီဗာရီဟုထင်ပြီး ပေါ်တင်တစ်မျိုးသွယ်ဝိုက်၍တစ်ဖုံ စောင်းပါးရိပ်ခြည်ပြောလေတော့သည်။


ရုန်ရှင်းရှင်းက သူမ၏အမေကိုထိုင်ခိုင်းပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောအမူအရာဖြင့် အပူထိန်းဘူးကိုဖွင့်လိုက်သည်။


ယနေ့ သူမအမေ၏အမူအရာက စပ်စုလိုဟန်မှစွဲလမ်းမှုအဖြစ်ပြောင်းသွားသည်အား သူမမျက်မြင်ကြုံတွေ့လိုက်ရပြီး ယင်းကတကယ်စိတ်ဝင်စားစရာကောင်းလေသည်။သူမအမေ၏ဘဝမှာဘာတစ်ခုမှမစားခဲ့ဖူးဘဲ အာဟာရဖြည့်စွက်စာများကိုလည်းသောက်ခဲ့လေသည်။သူမအမေက အစားအသောက်ကိုစိတ်မဝင်စားသည့် အထက်တန်းလွှာသခင်မစစ်စစ်ဖြစ်သည်။အများဆုံးမှ သူမ ကျန်းမာရေးနှင့်အလှအပရေးရာတချို့ကိုသာဂရုစိုက်သည်။

 

ကျောက်ပွင့်စွပ်ပြုတ်က ချိုပြီး​စေးကပ်ကာ အစာအိမ်ကိုနွေး​ထွေး​စေသည်၊ဝက်သားမှိုစတူးက မွှေးပြီးသွားရည်ယိုစရာကောင်းသည်၊ကြက်ဥကြော်ကကြွပ်ရွကာ အကိုက်တိုင်းမှာ အရသာရှိ၏။ဤသည်က အာဟာရဖြည့်စွက်စာများဘယ်တော့မှမပေးနိုင်သည့်ပျော်ရွှင်မှုဖြစ်သည်။သားအမိနှစ်ယောက် စားကြည့်ပြီးနောက် စကားပြောဖို့အရေးကိုဂရုမစိုက်တော့ဘဲ အစားအသောက်အတွက်စတင်တိုက်ခိုက်ကြလေသည်။


"ချစ်သမီးလေး ဒီအရည်အသွေးမြင့်အာဟာရဓာတ်စာကို ဘယ်ကဝယ်ခဲ့တာလဲ...ငါတို့အသိုင်းအဝိုင်းထဲမှာလည်း ဘာသတင်းမှမတွေ့မိပါလား...အခုကနေစပြီး ငါတို့မိသားစု အနပ်တိုင်းမှာ ဒီအတိုင်းစားကြမယ်...ခဏလေး ငါတို့ဗီဒီယိုနဲ့နင်ရိုက်ထားတဲ့ဓာတ်ပုံတွေပို့ပေး...ငါအဲဒါတွေကို ဟိုစိတ်ကြီးဝင်နေတဲ့သခင်မတွေဆီပို့ပေးပြီး သူတို့မနာလိုပြီးသေအောင်လုပ်ပစ်မယ်..."


"ဘုရားရေ ဖြေးဖြေးစားပါ အမေရယ်...ရှောင်ကောကောပေးတဲ့မနက်စာက များပါတယ်...နင်းကန်မစားနဲ့...အရမ်းအရသာရှိတယ်မလား"


"ရှောင်ကောကော...သမီး အဲလိုလူမျိုးကိုဘယ်ကနေတွေ့ခဲ့တာလဲ"


"မ​နေ့က Shining Liveကြည့်နေရင်း [လီမွန်မီးဖိုချောင်လေး]ဆိုတဲ့Streamerကိုတွေ့ခဲ့တယ်...သူက ရှောင်ကောကောပဲ

...ဒါကိုသူလုပ်ထားတာ...ကျွန်မသူ့ကို တော်ပီဒိုနည်းနည်းလောက်လက်ဆောင်ပေးခဲ့တယ်...ဒါပေမဲ့သူကကျွန်မကိုကျောင်းသားထင်ပြီး သူ့ကိုအများကြီးလက်ဆောင်ပေးခွင့်မပြုဘူး...ပြီးတော့ ကျွန်မကို ဒါပို့ပေးလိုက်တာလေ ဟီးဟီးဟီးဟီ..."


"အမေ့အတွက်လည်း အကောင့်ဖွင့်ပေး...အမေလည်းသူ့ကိုလက်ဆောင်ပေးမယ်...ငါတို့မနက်ဖြန်ကျ ဒါပဲစားရအောင် နင့်အဖေအတွက်လည်းချန်ထားကြမယ်..."


"အမေ ဒါက ဒီအတိုင်းလွယ်လွယ်ရတာမဟုတ်ဘူး...အခုဆိုအဲဒါကိုဝယ်ဖို့လူဘယ်နှစ်ယောက်လောက်​စောင့်​နေလဲအမေမသိဘူး...သူက တစ်ခါမှမရောင်းဘူးရယ်...ကျွန်မနဲ့တခြားအင်တာနက်သုံးစွဲသူနှစ်ယောက်ကိုပဲပို့ပေးခဲ့တာ...

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ဖန်အရေအတွက်က ၁၀၀၀၀ ကျော်လုနီးပါးပဲ...Hot Searchထဲရောက်ပြီးရော ဖန်အရေအတွက်ကထိုးတက်လာတာ...ကျွန်မတို့ဒါကိုကြာကြာမစားနိုင်မှာစိုးရတယ်"


***


ညအချိန်တွင်  ငိုက်မျည်းနေသောကြောင်တစ်ကောင်က ၎င်း၏မျက်လုံးများကိုဖွင့်လိုက်လေသည်။လေထဲက အနံ့ဖျော့ဖျော့ကိုရပြီး ခေါင်းခါကာ ၎င်း၏အကြည့်ကို တစ်ခုသောအထပ်ကပြတင်းပေါက်ဆီပို့လိုက်၏။


ဒီအနံ့က ဘာလို့ဒီလောက် မွှေးနေရတာလဲ...


အတော်လေးဗိုက်ဆာနေ၍ဖြစ်မည်၊


ကြောင်က အောက်ထပ်ဆီတလျှောက်လုံးပြေးသွားခဲ့သည်။အလင်းဦးနှောက်မရှိသော သာမန်ကြောင်တစ်ကောင်က လူ​နေအဆောက်အဦးထဲကိုဝင်မရပေ။


သို့သော် ဤကြောင်က ဘာအတားအဆီးမှမရှိဘဲ အဆောက်အဦး၏တံခါးထဲသို့ဝင်သွားခဲ့ပြီး တစ်ခုသော အစိမ်းရောင်အလင်းနှင့်အထပ်ဆီသို့တန်းတန်းမတ်မတ်သွားလေသည်။

 

၎င်းကတံခါးဝမှာ ခဏရပ်ကာ အမြှီးယမ်းလိုက်သည်။အနံ့ခံကြည့်သည့်အခါ ဤသည်က ယနေ့သူ့ကိုဆေးရုံခေါ်သွားချင်သည့်လူငယ်၏အိမ်ဖြစ်​နေသည်။၎င်းက ခေါင်းငုံ့ကာ နှာရှုံ့လိုက်သည်၊သူ့ကိုစွဲလမ်းစေသောအနံ့က သည်ကနေလာခြင်းဖြစ်သည်။


ဘယ်အချိန်တုန်းက ဒီလိုမျိုး အနံ့ရလိုက်ရုံနဲ့လူတွေကိုစွဲလမ်းစေတဲ့ အဆင့်ရှိတဲ့ဆေးမျိုး ဒီနိုင်ငံမှာရှိသွားတာလဲ...


​ကြောင်က စင်္ကြံမှပြတင်းပေါက်ပေါ်ကိုခုန်တက်လိုက်ပြီး ကြမ်းအပြင်ဘက် စင်တီမီတာအနည်းငယ်မျှသာရှိသောအစွန်ငယ်လေးကနေ လင်းနင်၏အိမ် ပြတင်းပေါက်ဆီတလျှောက်ခုန်ကူးလိုက်သည်။အထဲကိုခုန်ဝင်လိုက်သည်နှင့် အနံ့က ၎င်းကိုအာသာငမ်းငမ်းဖြစ်လာစေလွန်း၍ အမြှီးကိုမျက်နှာဆီကွေးကာလုံအောင်ရစ်ပတ်လိုက်သည်။ထမင်းစားပွဲပေါ်ခုန်တက်လိုက်ပြီးနောက် ပန်းကန်တစ်ချပ်ကိုတွေ့လိုက်ရ၏။


ထိုပန်းကန်ထဲမှာ...စားစရာ ပန်းကန်တစ်ဝက်စာ ရှိနေသည်။


နီနီရဲရဲနှင့် ထိုထဲကတချို့ကဟင်းရွက်များဖြစ်ပုံရပြီး တချို့ကအသားဖြစ်ပုံရသည်။တခြားပန်းကန်လုံးတစ်ခုထဲမှာလည်း အဖြူရောင်အစေ့သေးသေးလေးများရှိနေသည်။၎င်း၏မှတ်ဉာဏ်ထဲမှ အနည်းငယ်သောမှတ်ဉာဏ်များအရ ဤအရာများကို...ထမင်း၊အသားနှင့်ဟင်းရွက်ဟင်းရည်ဟုခေါ်ပုံရကြောင်းမှတ်မိ၏။


သိချင်စိတ်နှင့်သတိအပြည့်ရှိနေသော ခပ်သဲ့သဲ့ညည်းသံတစ်ခု၎င်း၏လည်ချောင်းထဲကထွက်လာပြီး အသံသေးသေးလေးက 

ပင်မအိပ်ခန်းထဲမှာအိပ်နေသည့်လူ မကြားအောင်မတရားသတိထားနေသည့်အတိုင်းပင်။

 

ဒါက အဆိပ်ရှိလား...


အဆိပ်ရှိမရှိမသိသည့်အတွက် လက်ဖဝါးလေးကိုထုတ်ကာထိကြည့်လိုက်သည်။အနည်းငယ်အေးသည်။ဗိုက်ကဆာလောင်မှုကြောင့်တဂျုတ်ဂျုတ်မြည်လာသော်လည်း ကြောင်လေးက အတန်ကြာအတွေးလွန်ဆွဲနေပြီး မစားဘဲတင်းခံနေဆဲပင်။


၎င်း၏ခန္ဓာကိုယ်က ဒဏ်ရာအများကြီးရထားသဖြင့် ခေါင်းကမူးဝေနေသည်။ တိတ်တိတ်လေးလင်းနင်၏အိပ်ခန်းထဲကိုဝင်ကာ လင်းနင်၏အချက်အလက်ပေါင်းစုံကို လှန်လှောရှာ​ဖွေလိုက်၏။ လင်းနင်၏အထောက်အထားက အန္တရာယ်မရှိကြောင်းအတည်ပြုလိုက်ပြီးမှ အနည်းငယ် စိတ်သက်သာရာရသွားလေသည်။

 

ပြုံးလိုက်သည့်အခါ အန္တရာယ်မရှိပုံပေါ်သည့် မအောင်မြင်သောအနုပညာရှင်ငယ်လေး၊ဖျော်ဖြေရေးလောကထဲသာပစ်ထည့်လိုက်ပါက အရိုးပါမကျန်ဝါးစားခံရပေလိမ့်မည်။


ကုတင်ပေါ်မှာအိပ်နေသည့်လူမှာ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာတစ်ခုရှိပုံရပြီး တကယ်ကိုဖျော်ဖြေရေးလောကအတွက် ကောင်းမွန်သောကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်သည်။သို့သော် ယနေ့ ထိုသူစကားပြောစဥ်က သူ၏လည်ချောင်းကဒဏ်ရာရထားပုံရသည်။လက်ကောက်ဝတ်မှာလည်းဒဏ်ရာများရှိပြီး ကိုယ့်ကိုကိုယ်အနာတရ​​ဖြစ်အောင်လုပ်ထားခြင်းသို့မဟုတ် ကိုယ့်ကိုကိုယ်သတ်သေထားခြင်းဖြစ်ဖို့များသည်။


သို့သော် ဘာကြောင့်မှန်းမသိ ဤလူအနားမှာနေရသည်ကတင် သူ့ကိုအလွန်သက်တောင့်သက်သာရှိစေ​ပြီး သူ့ခန္ဓာကိုယ်က အနွေးဓာတ်​များဖြာထွက်နေသည့်အတိုင်းဖြစ်၏။


စိတ်ရှုပ်ထွေးမှုနှင့်သတိထားမှုအရိပ်အယောင်တစ်ခုကြောင်၏မျက်လုံးများထဲမှာဖြတ်ပြေးသွားပြီး ၎င်းနောက် တိတ်ဆိတ်စွာ အသာလေးထွက်လာခဲ့သည်။


***

1.Light brain(ဝါ)optical brain computer အလင်းကိုအသုံးပြုပြီးဦးနှောက်နှင့်ကွန်ပျူတာတို့ကြားမှာတိုက်ရိုက်ဆက်သွယ်ပေးသည့်နည်းပညာ = အလင်းဦးနှောက်လို့ပဲ တိုက်ရိုက်သုံးသွားပါမယ်


>>><<<


🐈🐈🐈