🐈Chapter 6
နောက်တစ်နေ့လင်းနင်နိုးလာချိန်၌ သူ့အိမ်ထဲတွင် မဖိတ်ခေါ်ထားသောဧည့်သည်တစ်ယောက်ယောက်နေကြောင်းကို သူ မသိခဲ့ပေ။
ကြယ်စုမှလူများ၏အစားအသောက်အပေါ်စိတ်ဝင်စားမှုကိုသူလျှော့တွက်ခဲ့မိသည်။
ထို့ကြောင့် စနစ်က သူ့ကို အစားအသောက်ဘောင်ကွက်အားကြည့်ရန် စိတ်လှုပ်ရှားစွာပြောလာချိန်တွင် လင်းနင် နားမလည်ဖြစ်နေဆဲပင်။
ယုံကြည်မှုအမှတ်က ၅၀၀၀၀ကိုရောက်သွားခဲ့ပြီး ဆက်တိုက်တက်လာနေကြောင်းမြင်ချိန်မှာ သူ့အတွက် မည်မျှအဆင်ပြေသည့်ခေတ်ကိုရောက်နေသည်ကို သူသိသွားတော့သည်။
ဤကျတ်တီးမြေ၊အစားအသောက်ဆင်းရဲသည့်ခေတ်မှာ အကန့်အသတ်မဲ့သောအလားအလာများရှိသည်။
ဤကမ္ဘာတွင် အပင်မရှိဘဲ အသားဆိုလည်းအနည်းငယ်ပဲရှိကာ၊ပါဝင်ပစ္စည်းများဆိုလျှင်အလွန်ရှားပါးသည်ဟုဆိုနိုင်သည်။
သို့သော် သူ့မှာစနစ်နှင့်အပင်အခြေခံစွမ်းရည်ဟူ၍ ရွှေလက်ချောင်းနှစ်ခုရှိသဖြင့် သူ သိပ်ကိုကျေနပ်နေပြီဖြစ်၏။
သူ၏လက်ရှိယုံကြည်မှုတန်ဖိုးက သူလုပ်ချင်သည့်တစ်စုံတစ်ခုလုပ်နိုင်နေပေပြီ။
သို့သော် ယခုက အချိန်မကျသေးပေ။အစားအသောက်ယဥ်ကျေးမှုကို ပြန့်ပွားအောင်လုပ်နိုင်ရန်နှင့်အတိတ်ကဖြစ်ရပ်များကြောင့်တိုက်ခိုက်မခံရစေရန်အတွက် အဖြစ်မှန်ကို အများသိအောင်လုပ်ပြီး မူလပိုင်ရှင်၏ဖြူစင်မှုကိုပြန်လည်ရယူရန်လိုအပ်နေသေးသည်။
ထို့နောက် ဤနိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်းများ၏အသိအမှတ်ပြုမှုကိုရအောင်ယူရမည်။အပင်စွမ်းရည်များကြောင့် သံသယဝင်ခံရသည်မျိုး စူးစမ်းလေ့လာခံရသည်မျိုးအဖြစ်ခံ၍မရပေ။ပြီးမှသာ သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုအကျအနလုပ်နိုင်ပေလိမ့်မည်။
ထိုမတိုင်ခင်တော့ အခွင့်အလမ်းကိုစောင့်ပြီး တောင်ပံဖြန့်ရပေဦးမည်။သို့သော်လည်း သူ့အနေဖြင့် သူ၏အပင်စွမ်းရည်များကို လေ့ကျင့်၍ရလေသည်။သူ စနစ်ဈေးဆိုင်ကနေ ပန်းအိုးအနည်းငယ်ဝယ်လိုက်ပြီး ပန်းမျိုးစေ့နှင့်မြက်မျိုးစေ့တချို့ကိုလည်း ဝယ်စိုက်လိုက်သည်။ယခင်က ဘာပင်မှမစိုက်ဖူးသောကြောင့် ဘာတစ်ခုမှ သူ မသိပေ။သေသေချာချာစိုက်ခဲ့သော်လည်း ပေါက်ပါ့မလား တကယ်မသေမချာဖြစ်နေမိသည်။
[စနစ် ငါ့ရဲ့စွမ်းရည်ကိုသုံးပြီး သူတို့ကို ပျိုးလို့ရလား]
လင်းနင်က အနက်ရောင်မြေကြီးကိုကြည့်ကာ လမ်းကရှည်လျားပြီး ခက်ခဲကြမ်းတမ်းလိမ့်မည်ဟုခံစားနေရသည်။
[ရပါတယ်...မြေကြီးပေါ်မှာ လက်ဖဝါးနဲ့အုပ်ပြီး စွမ်းအားကို မြေကြီးထဲကအစေ့တွေထဲပို့ပေးကြည့်ပါ...ဒါကိုနေ့တိုင်းလုပ်ရင် သူတို့ရဲ့ကြီးထွားမှုကိုအရှိန်မြှင်တင်ပေးနိုင်ပြီး ဆေးဖက်ဝင်တန်ဖိုးကို တိုးစေနိုင်ပါတယ်]
စနစ်က ရှင်းပြလိုက်သည်။
လင်းနင်က သူ ပြောသည့်အတိုင်းလိုက်လုပ်လိုက်သည်။သူ့လက်ဖဝါးထဲက အစိမ်းဖျော့ရောင်အလင်းတစ်ခုထွက်လာပြီး တခဏလေးအတွင်းမှာပဲ ပန်းအိုးငယ်တစ်တန်းလုံးကိုထည့်ပေးပြီးသွားခဲ့သည်။ထိုအချိန်မှာ အေးမြသော လေညင်းတစ်သုတ်ဝင်လာပြီး သူ သန်းဝေလိုက်မိသည်။ပြတင်းပေါက်ပိတ်လိုက်ပြီးနောက် မနေ့ညက သူ ပြတင်းပေါက်မပိတ်ဘဲအိပ်ခဲ့သည်ကိုသတိပြုမိသွား၏။
"မြောင်——"
အစားအသောက်ပြင်ဆင်တော့မည့်အချိန်မှာပဲ ရုတ်တရက်ထွက်လာသည့် ကြောင်အော်သံကြောင့် သူ လန့်သွားလေသည်။
လင်းနင် လှမ်းကြည့်လိုက်သည့်အခါ ဆိုက်ဘေးရီးယန်းတောကြောင်ကြီးတစ်ကောင်က ပန်းအိုငယ်လေးများရှေ့မှာခွေနေပြီး ၎င်းတို့ကို စပ်စုလိုစွာဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လင်းနင် ၎င်းကိုတွေ့သွားသည်အားမြင်သော်
လည်း ကြောင်ကရှက်မသွားပေ။၎င်းက မာနကြီးစွာဖြင့် အမြှီးကိုယမ်းကာ ကြမ်းပေါ်မှာထိုင်လိုက်ပြီး ၎င်း၏အမွှေးပွပွအမြှီးကိုသုံး၍ ရှေ့ခြေနှစ်ချောင်းကိုရစ်ပတ်လိုက်လေသည်။၎င်းက လေးနက်တည်ကြည်သောမျက်နှာဖြင့် လင်းနင်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး ထိုအမူအရာလေးက အလွန်ကိုမှ ချစ်စရာကောင်းလေ၏။
! ! ! မနေ့က ဒဏ်ရာရထားတဲ့ကြောင်! ! !
လင်းနင် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်မိနေသည်။ရုတ်တရက် သူ့ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့သည်။သူ ပြတင်းပေါက်ကိုကြည့်လိုက်ပြီးနောက် ကြောင်ကိုကြည့်လိုက်သည်။ဤတစ်ခေါက်မှာ သူ့ပါးစပ်ကကြက်ဥတစ်လုံးဝင်ရလောက်သည်အထိ ပွင့်သွားခဲ့လေသည်။
"မီမီ မင်းပဲ...မင်းက တံစက်မြိတ်တွေပေါ်ကနေကျော်နိုင်ပြီး နံရံပေါ်မှာလမ်းလျှောက်နိုင်တယ်ပေါ့"
လင်းနင်က ကြောင်ချစ်သူဖြစ်သည်။ယခင်ဘဝတုန်းက စားဖိုမှူးတစ်ယောက်ဖြစ်သော သူ့အဖေသည် အမွှေးထူသည့်အကောင်များကိုမကြိုက်သဖြင့် သူ့ကို အိမ်မှာမွေးခွင့်မပြုခဲ့ပေ။
ဤဘဝသို့ လင်းနင်ရောက်လာလျှင်ရောက်လာချင်းမှာပဲ ပိုင်ရှင်မရှိပုံရသောသနားစရာကြောင်တစ်ကောင်ကိုမြင်ခဲ့ရသည်။သူ့နှလုံးသားက သနားမှုများနှင့်သောကများဖြင့်ပြည့်နေခဲ့သည်။ဤခံစားချက်က ကြောင်ဤနေရာကိုရောက်မနေသင့်သည့်အချက်ကိုပင် လွှမ်းမိုးသွားခဲ့သည်။ထို့အပြင် ကြောင်ကလူဟုတ်မနေသည်ကလည်း သူအတော်ကံကောင်းသည်။
မဟုတ်ရင် သူစနစ်ဈေးဆိုင်ထဲက ပန်းအိုထုတ်လိုက်တာက လေထဲပစ္စည်းတွေထုတ်လိုက်တဲ့သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်နေမှာမဟုတ်ဘူးလား...
မီမီ ဟူသောနာမည်ကိုကြားချိန်တွင် ကြောင်က အတော်လေးမနှစ်မြို့ဖြစ်သွားသည့်ပုံပေါ်လေ၏။၎င်း၏မျက်ခုံးများ အနည်းငယ်ကြုံ့သွားကာ တစ်ကိုယ်လုံးမှာခုခံလိုသည့်ရောင်ဝါဖျော့ဖျော့တစ်ခု ဖြာထွက်နေသည်။
လင်းနင်က ဤကဲ့သို့စိတ်ဝင်စားစရာကောင်းသောကြောင်တစ်ကောင်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ မနေနိုင်ဘဲဂရုစိုက်ပေးချင်မိလေသည်။သူ ဆေးသေတ္တာသွားယူခဲ့ပြီး ၎င်းနောက် ကြမ်းပေါ်မှာထိုင်ကာ ကြောင်ဆီကိုလက်လှမ်းလိုက်သည်။
"ဆေးထည့်ပေးမယ်လေ... နော်..."
လင်းနင် ပြုံးကာ သူ့လက်ထဲက ကုသရေးကိရိယာကိုယမ်းလိုက်သည်။ယခုခေတ်၌ နည်းပညာကတိုးတက်နေသဖြင့် အသားပေါ်ကဒဏ်ရာတချို့ကို အိမ်မှာပဲကုသ၍ရလေသည်။လက်ရှိမှာ ကြောင်ကသူ့ကိုမယုံသဖြင့် နာခံမှာမဟုတ်ပေ၊ထွက်ပြေးပင်ထွက်ပြေးနိုင်သည်။ကြောင် အလွန်ကြီးမခုခံတော့သည့်အချိန်မှ ဆေးရုံသွားသည်က ပိုကောင်းမည်။
"ငါမင်းကိုဆေးရုံခေါ်မသွားပါဘူး...ဆေးထည့်ပြီးရင် မင်းကိုအရသာရှိတဲ့ဟာကျွေးမယ်"
လင်းနင်က ချော့လိုက်သည်။
"ငါမင်းကို ငါးခြောက်၊ငါးသေတ္တာ၊ကြောင်စာ၊ငါးအူချောင်းတွေပေးမယ်..."
ဤလူသားပြောနေသည့်စကားများကိုကြောင်နားမလည်ပါချေ။ဤစကားများကို တစ်ခါမှမကြားဖူးပေ။သို့သော် တုံးတုံးအအပုံစံမပေါက်ချင်သဖြင့် လျှောက်သွားလိုက်သည်။ဤလူသားက ကုသရေးကိရိယာတစ်ခုကိုကိုင်ထားပြီး သူ၏လှုပ်ရှားမှုများကနှေးကွေးကာအန္တရာယ်မရှိပေ။မိမိအတွက်အန္တာရယ်မရှိဟုစိတ်ထဲမှာအကဲဖြတ်လိုက်သည်။
အနားကပ်မှသာ ဤကြောင်ကမည်မျှကြီးကြောင်းသိနိုင်၏။စစ်ဖြစ်နေသည့်နိုင်ငံက ကြောင်တစ်ကောင်ပီသစွာပဲ ၎င်း၏အလျားက သာမန်ကြောင်တစ်ကောင်၏သုံးဆနီးနီးရှိပြီး ၎င်း၏အမွှေးထူထူက တခြားကြောင်များထက်အလွှာအနည်းငယ်ပိုထူလေသည်။
လင်းနင် ကုသရေးကိရိယာကိုဖွင့်ပြီးကြောင်ကိုပဏာမကုသမှုပေးလိုက်သည်။အစောပိုင်းက အစေ့များထဲသို့ သူထည့်ခဲ့သည့်အပင်စွမ်းအားကြောင့် သူ့လက်ဖဝါးထဲမှလည်း အပင်စွမ်းအားမျှင်တချို့စိမ့်ထွက်နေပြီး အစိမ်းဖျော့ရောင်အလင်းတစ်ခုထုတ်လွှတ်နေသည်။
လင်းနင်က ၎င်းကိုသတိမပြုမိသော်လည်း ကြောင်ကအမြင်စူးရှပြီး မြင်လိုက်သည်နှင့်တန်းသတိပြုမိလေသည်။ထိုအစိမ်းရောင်အလင်းက ၎င်း၏ခန္ဓာကိုယ်ကိုလွှမ်းခြုံထားပြီး ကုသစွမ်းရည်က ကုသရေးကိရိယာမှယူဆောင်လာသည့်သက်ရောက်မှုထက်ပိုကောင်း၏။ဤသည်ကိုသတိပြုမိပြီးနောက် ခုနကလင်းနင်၏အစေ့များအပေါ်အပြုအမူနှင့်ဆက်စပ်ပြီး ကြောင်၏စိတ်ထဲမှာရဲတင်းသောခန့်မှန်းချက်တစ်ခုပုံပေါ်လာခဲ့သည်။
သူမတော်တဆဆုံခဲ့တဲ့ ဒီလူသားက အပင်အခြေခံကုသမှုစွမ်းရည်နိုးထခဲ့သူတစ်ယောက်ဖြစ်နေပါ့လား...
သူ၏မှတ်ဉာဏ်က ရှုပ်ထွေးနေပြီး ခေါင်းကမူးဝေကာ ကိစ္စအတော်များများကို သူမေ့သွားသော်လည်း ဤနိုင်ငံမှာအပင်အခြေခံစွမ်းရည်နိုးထသူ မရှိသည်ကသေချာသည်။
မဟုတ်ဘူး... ကြယ်စုတစ်ခုလုံးမှာပင်တစ်ယောက်မှမရှိပေ။
ကြောင်က ကြယ်စုအုံကြွမှုတစ်ခုဖြစ်လာစေနိုင်သည့်တစ်စုံတစ်ခုကိုတောင့်တောင့်ကြီးတွေးနေလေရာ... လင်းနင်က အမွှေးပွပွ၏သွေးဆောင်မှုကိုမခုခံနိုင်ဘဲ သူ၏နတ်ဆိုးလက်သည်းများကို ၎င်း၏ခန္ဓာကိုယ်ဆီ ဆန့်ထုတ်လာသည်အား မသိခဲ့ပေ။
သက်တောင့်သက်သာရှိလိုက်တာ...
လင်းနင်ကျိတ်ပြီးသက်ပြင်းချလိုက်သည်။
ကြောင်အကြီးကြီး ...ပုံစံကကြမ်းကြုတ်တဲ့ပုံပေါ်ပေမဲ့ အံ့ဩစရာကောင်းတာကချစ်စရာကောင်းတယ်...အမွှေးထူထူထဲ လက်နှစ်လိုက်တာ နူးညံ့နေတာပဲ...အရမ်းသက်တောင့်သက်သာရှိတယ်...
လူတစ်ယောက်နှင့်ကြောင်တစ်ကောင်က ၎င်းတို့၏ကိုယ်ပိုင်ကမ္ဘာများထဲမှာနစ်မြုပ်နေပြီး အခိုက်အတန့်တစ်ခုမျှ ထူးဆန်းသောသဟဇာတဖြစ်မှုထဲကိုရောက်နေခဲ့သည်။သူတို့က တစ်ယောက်ကိုတစ်ယောက် ဝင်မစွက်ဖက်ကြဘဲ မပြောဘဲနားလည်မှုရှိနေကြသည်ဟုဆိုနိုင်သည်။
"ကြောင်လေး မင်းမှာပိုင်ရှင်ရှိလား ... "
လင်းနင်က သူ့ကိုယ်သူပြောလိုက်သည်။ထို့နောက် သူကြောင်၏လည်ပင်းကိုစစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့်ပိုင်ဆိုင်မှုပြနာမည်ကတ်ပြားမှမတွေ့သလို ပိုင်ရှင်ရှိသည့်လက္ခဏာလည်းမတွေ့ရပေ။
ကြောင်က သူ့ကိုလျစ်လျူရှုထား၏။
"မင်းမှာအိမ်မရှိရင် ငါနဲ့နေလို့ရပါတယ်..."
လင်းနင်က ရေရွတ်လိုက်သည်။
"ငါက အကြွေးနစ်နေတုန်းပေမဲ့ ရည်မှန်းချက်ကြီးပြီးချစ်တတ်တယ်...ငါပိုက်ဆံရှာပြီးမင်းကိုကောင်းကောင်းဂရုစိုက်မှာပါ...ဒါနဲ့ အရသာရှိတဲ့ဟာစားချင်လား...အာ သွားပြီ ငါအရင်ကတစ်ခါမှ ကြောင်မမွေးဖူးတော့ကြောင်စာဘယ်လိုလုပ်ရမှန်းမသိဘူး..."
"ကြောင်ကလူစားတဲ့ဟာစားမရဘူး...ငါဘာလုပ်ရမလဲ ... "
လင်းနင်အတော်လေးစိတ်သောကရောက်နေသည်။သူအနည်းငယ်နောင်တရနေ၏။သူ ကြောင်များအတွက်ထုတ်ထားသည့်အာဟာရဖြည့်စွက်စာတချို့ဝယ်ခဲ့သင့်သည်။
ကြောင်က အမှုမထားသလို အမြှီးလှုပ်နေသော်လည်း အမှန်တွင်၎င်း၏မျက်လုံးများက လင်းနင်၏အစားအသောက်များပေါ်မှာရောက်နေပြီဖြစ်ကာ မသိမသာမျှော်လင့်မှုလေးပင်ရှိနေလေသည်။
အနီရောင်တစ်ခုလို အရသာရှိတဲ့ဟင်းရှိသေးရင် သူ ဒီအိမ်မှာခဏလောက်နေဖို့ စဥ်းစားပေးမည်။
လူစားတဲ့ဟာဆိုတော့ဘာဖြစ်လဲ...ကြောင်စာစားဖို့ငြင်းတယ်...
>>><<<
🐈🐈