Ch 7
Viewers 2k

🐈Chapter 7




မနေ့က တစ်နေကုန်လျှောက်လည်ပြီးနောက် တအားပင်ပန်းထားသဖြင့် ယနေ့သူအတော်လေးနောက်ကျမှထခဲ့သည်။ထို့ကြောင့် သူ နေ့လယ်စာပဲလုပ်ရန်ဆုံးဖြတ်လိုက်သည်။မနေ့က စီချွမ်းစတိုင်ငါးပြုတ်ကို လွှင့်ပစ်ပြီးနောက် လင်းနင် နေ့လယ်စာစတင်ပြင်ဆင်လေသည်။


သူ့ကိုအံ့ဩ​စေသည်က ကြောင်ကသူအလုပ်ရှုပ်နေသည်ကိုမြင်သောအခါ နေကြာပန်းလေးလိုမျိုး သူသွားရာနောက် တကောက်ကောက် လိုက်ကြည့်နေလေသည်။ကြောင်၏ထူးဆန်းသောစပ်စုချင်စိတ်ကို သူသက်ပြင်းမချမိဘဲမနေနိုင်ခဲ့ပေ။ကံကောင်းထောက်မစွာဖြင့် ကြောင်ကရေချိုးခန်းထဲကိုတော့မလိုက်ခဲ့ပေ။မဟုတ်လျှင် သူ အလွန်ရှက်နေရမှာဖြစ်သည်။


သူ တိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ကာ  ကြောင်ကိုမမြင်ရသည့် ရှုထောင့်ကိုရွေးလိုက်သည်။တိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်ရန် သူအဆင်သင့်ဖြစ်နေ၏။အခန်းဖွင့်လိုက်သည်နှင့်  လူငါးသောင်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကိုပြုံတိုးဝင်လာလေသည်။တိုးလာနေဆဲဂဏန်းများကိုကြည့်ပြီး လင်းနင်လည်း ရင်ထဲခံစားချက်လှိုင်းထလာရသည်။


သူ့အဖေသာ သူ၏လက်ရှိအခြေအနေကိုသိလျှင် အလုပ်ကိုကောင်းကောင်းမလုပ်သည့်အတွက် သူ့ကိုဒေါသတကြီးဆူမှာသေချာသည်။သူ၏နူးညံ့ညင်သာသောအမေနှင့်ယှဥ်လျှင် သူ့အဖေက တကယ်ကိုစည်းကမ်းတင်းကြပ်၏။


ကလေးတုန်းက သူ အလွန်ဆိုးခဲ့သည်။သူကကောင်ငယ်လေးတစ်ဖွဲ့နှင့်အတူကစားပြီး ပွက်လောရိုက်နေတတ်သည်။အဖေက သူ့ကိုတစ်ကြိမ်မက ရိုက်ခဲ့သည်၊တုတ်ကိုအမြင့်ကြီးမြှောက်ပြီး သာသာလေးပဲ ပြန်ချကာ သူ့ကိုဘယ်တုန်းကမှတကယ်မရိုက်ခဲ့​သော်​ငြားပင်။ထိုသို့ဖြစ်လင့်ကစား အဖေ့ကို သူအလွန်လေးစားသည်။

 

ရင်းနှီးနေသောမီးဖိုချောင်ထဲတွင် လင်းနင်၏လက်ပေါ်လာချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ရူးသွပ်နေသောမှတ်ချက်များဖြင့်ပြည့်သွားခဲ့သည်။လူအများစုက ဘယ်တော့အစားအသောက်ပို့ပေးမည်ကို မေးနေကြသည်။မည်သို့ပင်ဖြစ်စေ အွန်လိုင်းမှမြည်းစမ်းခြင်းက ပုံရိပ်ယောင်ဖြစ်၍ တကယ်ဗိုက်မပြည့်ပါချေ။ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသူတချို့က လက်ဆောင်များပေးနေကြပြီဖြစ်သည်။


ယခင်က အများစုသည် လက်ပစ်ဗုံးနှင့်တော်ပီဒိုများဖြစ်သည်။ယနေ့တွင် တော်ပီဒိုနှင့်လေယာဥ်တင်သင်္ဘောများ အများအ​ပြားပါပြီး ရံဖန်ရံခါအာကာသယာဥ်အနည်းငယ်ကိုပါမြင်နိုင်သည်။ဤအရာများအားလုံးကို ပိုက်ဆံနှင့်ဝယ်ရခြင်းဖြစ်သည်။


လင်းနင် ကြယ်စုမှလူများ၏စိတ်အားထက်သန်မှုကြောင့် ထိတ်လန့်မှင်သက်သွားခဲ့သည်။ဆက်တိုက် တိုးလာနေသောလက်ဆောင်များကိုကြည့်ပြီး သူ ဝမ်းသာဂုဏ်ယူသွားသလိုကျေးဇူးလည်းတင်မိသည်။


"အားပေးမှုအတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ်...တကယ်ကျေးဇူးတင်ပါတယ်"


သူတို့က ဤမျှစိတ်အားထက်သန်နေပြီးမှတ်ချက်ထဲမှာမေးခွန်းများစွာရှိနေသည်ကိုမြင်လျှင် သူ ၎င်းတို့ကို ဖြေရန်ဆုံးဖြတ်လိုက်သည်။


"မှတ်ချက်ထဲမှာ မေးခွန်းတွေမေးလို့ရပါတယ် ကျွန်တော် ဖြေပေးမယ်...မေးပြီးသာဟာကိုထပ်မမေးပါနဲ့ ကျေးဇူးပါ"


[ရှောင်ကောကော ခင်ဗျားချက်ထားတာတွေက ဘေးကင်းကြောင်းသက်သေပြဖို့ဘယ်တော့အစားအသောက်ကြီးကြပ်ရေးဗျူရိုမှာမှတ်ပုံတင်မှာလဲ]


"အဖြေကိုသိပြီးသားဖြစ်မှာပါ...ကျွန်တော်ချက်ထားတဲ့ဟာတွေက သတ်မှတ်ချက်တွေနဲ့မကိုက်ညီရင် အွန်လိုင်းမြည်းစမ်းခြင်းလုပ်ဆောင်ချက်​တောင်ဖွင့်လို့ရမှာမဟုတ်ဘူး...ဘယ်အစားအစာမဆိုအွန်လိုင်းမြည်းစမ်းခြင်းလုပ်ရင် အစားအသောက်အရည်အသွေးအကဲဖြတ်မှုကို ခံရတယ်...စိတ်ချယုံကြည်ရဖို့အတွက် ကျွန်တော် မှတ်ပုံတင်အတွက် လျှောက်လွှာတင်ထားပါတယ် မကြာခင်ပြီးလိမ့်မယ်လို့ယုံကြည်ပါတယ်... "


[အွန်လိုင်းရေမွှေးliveအတော်များများက အွန်လိုင်း​အတွေ့အကြုံရဲ့နောက်ပိုင်းအဆင့်မှာ ပိုက်ဆံတောင်းတယ်...မင်းရော နောက်ပိုင်းမှာ အွန်လိုင်းမြည်းစမ်းခြင်းအတွက် အခကြေးပေးအဆင့်ထည့်မှာလား]


"မထည့်​ဘူး...ကျွန်တော့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အွန်လိုင်းမြည်းစမ်းခြင်းက အမြဲတမ်းအခမဲ့ဖြစ်နေမှာပါလို့ ကတိပေးပါတယ် ... "


ထို့သို့ပြောပြီးနောက် မှတ်ချက်ဘားတန်း၏တစ်ဖက်စွန်းက ဖန်များစိတ်လှုပ်ရှားသွားကြမှန်းသိသာပြီး စကားဝိုင်းကပို၍ပွက်လောရိုက်လာလေသည်။


[လူကြီးမင်းလီမွန်မီးဖိုချောင်လေး ငါတို့အတွက် အစားအသောက်ဝယ်ဖို့ အပြင်ဆိုင်ဘယ်တော့ဖွင့်ပေးမှာလဲ...ဆိုင်ဖွင့်ဖို့စဥ်းစားထားလား အိမ်အရောက်ပို့လုပ်မှာလား]


"အခုတလော ဖြေရှင်းစရာကိစ္စလေးရှိနေလို့ ပြီးသွားတဲ့အခါကျမှ ဒါတွေကိုစဥ်းစားမှာပါ ... "


[ဘာလို့မျက်နှာမပြတာလဲ...နင်က ချောတယ်လို့ငါတို့အကုန်လုံးလောင်းရဲတယ်]


"ချီးမွမ်းမှုအတွက်ကျေးဇူးတင်ပါတယ်...မင်းတို့ကလည်း အရမ်းချောပြီးလှကြပါတယ်...နောက်ပိုင်းအခွင့်အရေးရှိရင်မျက်နှာပြချင်ပြမှာပါ...ဒါပေမဲ့အခုတော့မဟုတ်ဘူး"


[ပါဝင်ပစ္စည်းတွေဘယ်ကရတာလဲ]


"ဒီအကြောင်းကို နောက်ကျရင်ပြောပြမယ်...ကောင်းပြီး ချက်ဖို့အချိန်ရောက်ပြီ...အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုကနေကြိုဆိုပါတယ်...ကျွန်တော်က လီမွန်မီးဖိုချောင်လေးပါ ... "


ဤခေါင်းစဥ်များက လက်ရှိပြဿနာများဖြစ်သည်။ဖြေပြီးနောက် လင်းနင်မျက်နှာပေါ်မှာချွေးအလွှာပါးတစ်ခုကိုခံစားလိုက်ရသည်။ကြောင်ကို ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ကြောင်က သူ့ကို ဂြိုလ်သားတစ်ကောင်ကိုမြင်ရသလိုမျိုးကြည့်နေ၏။


???


'ဒီ​ကြောင်က သူတိုက်ရိုက်ထုတ်လွှင့်တာကိုကြည့်နေတာလား...အရမ်းစိတ်ဝင်စားစရာကောင်းတယ်'


လင်းနင်က တွေးလိုက်သည်။


ရေခဲသေတ္တာထဲက ပါဝင်ပစ္စည်းများကိုထုတ်ပြီး သူ စတင်ရှင်းပြလိုက်သည်။


"ဒီနေ့ နိုင်လွန်ပုစွန်ဖက်ထုပ်လို့ခေါ်တဲ့အထူးစားဖွယ်တစ်မျိူးလုပ်မှာပါ ... "


သူ ပုစွန်လတ်လတ်ဆတ်ဆတ်များကိုအခွံခွာပြီး ချေးကြောင်းကိုဖယ်လိုက်သည်။ပုစွန်တစ်ကောင်လုံးကိုရေဆေးပြီးနောက် မုန့်ဖုတ်ဆိုဒါထည့်ဖျော်ထားသော ရေထဲမှာစိမ်လိုက်သည်။


ခဏမျှစိမ်ထားပြီးနောက် ၎င်းကိုရေသေချာဆေးကာ ဟင်းခတ်အမွှေးအကြိုင်များထည့်ကာအရသာနှပ်ထားလိုက်သည်။၎င်းနောက် ပုစွန်အကောင်သေးများကို အသားနှစ်ဖြစ်အောင်ဓားနှင့်နုတ်နုတ်စင်းပြီး ဝက်သားအနည်းငယ်နှင့်ရောလိုက်သည်။အချိန်ကျလာသည့်အခါ အသားနှစ်မျိုးကိုပေါင်းလိုက်ပြီး ချင်း၊ဆား၊ဟင်းချက်ဝိုင်နှင့်တခြားဟင်းခတ်အမွှေးအကြိုင်များထည့်ကာ မွှေကြော်လိုက်၏။


"အခု ကျွန်တော်အစာပြင်နေတာပါ...လောလောဆယ်တော့ပြီးသွားပြီ...နောက်တစ်ခုက ဖက်ထုပ်အရွက်ပြင်ရမယ် ..."


လင်းနင် ဂျုံမှုန့်၊ဆားနှင့်ပီလောပီနံမှုန့်တို့ကိုရောကာ ရေထည့်ပြီးမွှေလိုက်သည်။၎င်းနောက် မုန့်သားစနယ်သည်။သူ၏လှုပ်ရှားမှုများက ကျွမ်းကျင်ပြီးသွက်လက်လှ၏။မကြာမီပဲ ရောထားသောအမှုန့်က ဖြူဖွေးနူးညံ့သောမုန့်ညက်အဖြစ်သို့ပြောင်းသွားလေပြီ။


မှတ်ချက်များက စတင်၍လှုပ်လှုပ်ရှားရှားဖြစ်လာသည်။


[ငါသိပြီ ဒါက ဝက်သားမှိုစတူးပေါက်စီလုပ်တဲ့နည်းနဲ့မတူဘူးလား ? !]


[ဟုတ်တယ် ဟုတ်တယ် အဲဒါကိုငါကြည့်ပြီးပြီ...နိုင်လွန်ပုစွန်ဖက်ထုပ်ရဲ့အရသာက ပေါက်စီနဲ့တူမယ်ထင်တယ်]


[လုံးဝဘဲ ဒါကပုစွန် ဟိုဟာကဝက်သား...မတူဘူး...ဒီတစ်ခုက ခရစ်စတယ်လိုကြည်နေတာ...ငါတော့စောင့်မျှော်နေပြီ]


[ရှောင်ကောကော ဒါကိုရောင်းမှာလား... ရောင်းပါနော်!!!]


ကြောင်က အနှီဆက်တိုက်လှုပ်ရှားမှုများကြောင့် မှင်သက်နေပြီး အမြှီးကြီးကလှုပ်ယမ်းနေကာ စိတ်ကောင်းဝင်နေပုံရလေသည်။အထူးသဖြင့် ၎င်း၏မျက်လုံးများက လင်းနင်ကိုမျက်တောင်မခတ်တမ်းကြည့်နေ၏။အလုပ်ရှုပ်နေသောလင်းနင်၏နဖူးမှာ ချွေးစို့နေပြီဖြစ်ပေမဲ့ သူ့မျက်လုံးများကမူ တလက်လက်တောက်ပနေလေသည်။ဤအလုပ်ပေါ်ထားသည့် သူ၏အချစ်ကိုမြင်နိုင်၏။


သူတို့စကားပြောနေစဥ်မှာပင် လင်းနင်က တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပြီးသွားပြီဖြစ်သည်။


လက်ရှိမှာ သူကဖက်ထုပ်လုပ်နေသည်။သူဖက်ထုပ်အရွက်ဝိုင်းဝိုင်းလေးများကို အနားမှာထပ်တွန့်ပါသော ဖက်ထုပ်လေးများဖြစ်အောင်ထုပ်လိုက်သည်။၎င်းတို့က ဖြူဖွေးနူးညံ့ကာချစ်စရာကောင်းပြီး ​လုံးဝန်ပြည့်ဖောင်းသောဖက်ထုပ်များက နှစ်လိုဖွယ်ရာအတိဖြစ်နေလေသည်။


မှတ်ချက်ဘားတန်းက ဖက်ထုပ်ရေနေကြပြီဖြစ်သည်။အင်တာနက်သုံးစွဲသူများက ဖက်ထုပ်အရေအတွက်ပေါ်အခြေခံပြီး လင်းနင် အလကားပေးမှာလားရောင်းမှာလားဆိုသည်ကိုခန့်မှန်းရန်ကြိုးစားနေကြ၏။


လင်းနင် ပေါင်းအိုးကိုထုတ်ကာ အဝတ်ဖြူခင်းလိုက်ပြီး ဖက်ထုပ်များကိုဂရုတစိုက်ထည့်လိုက်သည်။ထို့နောက် ရေထည့်ပြီးမီးဖွင့်လိုက်သည်။


"မှတ်ထားရမှာက ယေဘုယျအားဖြင့် ဖက်ထုပ်တွေကပြုတ်ရတာ...ဒါပေမဲ့ ဒါကတော့ခြွင်းချက် ပေါက်စီတွေလိုပဲပေါင်းရတာ...အပေါင်းလွန်လို့မရဘူး...နိုင်လွန်ပုစွန်ဖက်ထုပ်ပေါင်းတွေက ခရစ်စတယ်လိုကြည်ပြီး အရောင်က ပန်းရောင်ဖျော့ဖျော့သန်းနေတဲ့အဖြူရောင်လေး...နူးညံ့ချောမွေ့နေပြီး ခံတွင်းထဲမှာမွှေးနေရော"


"ခဏစောင့်ရအောင် ဒါစောင့်ရင်း ကျွန်တော် တခြားတစ်ခုခုလုပ်လိုက်ဦးမယ်...ဒါနဲ့ဒီနေ့ဧည့်သည်ရှိတာမလို့ အစားအသောက် ပို့မပေးပါဘူး...ဒါပေါ့ အရသာခံစားမှု လုပ်ဆောင်ချက်တော့ဖွင့်ပေးမှာပါ ..."


စကားပြောရင်း လင်းနင်က ကြောင်စာ စတင်ပြင်ဆင်နေပြီဖြစ်သည်။ကြောင်စာ ဘယ်လိုလုပ်ရမှန်းသူမသိသော်လည်း စစ်ဆေးကြည့်ပြီးနောက် လူစားသည့်ဟာက ကြောင်များအတွက်မသင့်တော်ဟုခံစားရသည်။


ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုက်လျော့ထားသည့်စားစရာတချို့လုပ်ပြီးကြောင်ကြိုက်မကြိက် အရင်ဆုံးကြည့်ရန်စီစဥ်ခဲ့သည်။


မှတ်ချက်ဘားတန်းထဲရှိ အရသာခံရန်စောင့်နေကြသောအင်တာနက်သုံးစွဲသူများက စောင့်နေရင်းအာရုံလွှဲရန်အတွက် ခေါင်းစဥ်များရှာနေကြပြီဖြစ်သည်။


[ကြားကြလား...လီမွန်​ရှောင်ကောကောက ဒီနေ့ဧည့်သည်ရှိတယ်လို့ပြောတယ်...ငါလည်းသူ့ဧည့်သည်ဖြစ်ချင်တယ်လေလို့]


[ငါသူ့နာမည်ကိုသိချင်တယ်]


[ရှောင်ကောကောရဲ့အိမ်ကိုသွားလည်ချင်တယ်+1...ငါ့အမေက သူချက်ထားတာကိုဝယ်ပြိးအိမ်ယူခဲ့ခိုင်းထားတယ်...ဒါပေမဲ့ရှောင်ကောကောက မရောင်းဘူးတဲ့...ဘယ်လိုလုပ်ရမလဲ...QAQ]


[ရှောင်ကောကောမှာ ပါဝင်ပစ္စည်းအလုံအလောက်မရှိလို့လား...ဒါမှမဟုတ်တခြားအရေးကြီးကိစ္စတွေနဲအလုပ်ရှုပ်နေလို့လား...နောင်ကျရင် သူ ပရီမီယမ် လျှာကဝေလမ်းကြောင်းကိုသွားနိုင်မယ်လို့ငါခံစားနေရတယ်...ဈေးကြီးလိမ့်မလား"


[မင်းပြောလိုက်ပြီပဲ...မှန်တယ်လို့ခံစားနေရတယ်]


[စားရဖို့အတွက် ပိုက်ဆံရှာဖို့အလုပ်ကြိုးစားရမယ့...အချစ်နဲ့အစားအသောက်က စိတ်ပျက်စေလို့မရဘူး]


[ရှောင်ကောကောရဲ့ဧည့်သည်အကြောင်းသိချင်နေတာငါတစ်ယောက်တည်းလား...ယောကျာ်းလေးလားမိန်းကလေးလား...ကြည့်ကောင်းလား...သူ့တို့ကဘာဆက်ဆံရေးလဲ...ရှောင်ကောကောမှာသဘောကျရမဲ့သူရှိနေပြီလား...နောင်ကျရင်ချက်ပြုတ်တတ်ပြီးနူးညံ့ညင်သာတဲ့လူနဲ့လက်ထပ်ချင်တယ်လို့ အခုလေးတင်မှငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းကိုပြောထားတာ...ငါအသဲကွဲရတော့မှာလား]


လင်းနင် မှတ်ချက်များကိုတစ်ချက်ကြည့်လိုက်သည့်နောက် အင်တာနက်သုံးစွဲသူများ၏အထိန်းအကွပ်မဲ့သော ထင်မြင်ချက်များကြောင့် ရှော့ရသွားလေသည်။သူက ပြုံးကာ ပျော်ရွှင်စွာ ရှင်းပြလိုက်သည်။


"တကယ်တော့ ဧည်သည်က အိမ်မွေးတိရိစ္ဆာန်လေးပါ...လျှောက်မခန့်မှန်းကြပါနဲ့ ..."

 

သူ၏စကားလုံးများက တုန်နေအောင် ချစ်မှုများနှင့်ပြည့်နေပြီး အိမ်မွေးတိရိစ္ဆာန်လေးကို အတော်လေးသဘောကျပုံရလေသည်။သူ၏အနည်းငယ်အက်ရှရှဖြစ်နေသောအသံက အနည်းငယ်ရင်ခုန်ချင်စရာကောင်းပြီး သူ၏နူးညံ့ညင်သာသော သွယ်လျလျလက်ချောင်းလှလှများနှင့်ပေါင်းလိုက်သည့်အခါ ကြည့်ရှုသူများအား အားခနဲအော်မိစေသည်။


နူးညံ့ပြီးချစ်စရာကောင်းသောတိရိစ္ဆာန်လေးကိုစိတ်ရှည်လက်ရှည်ပြုစုစောင့်ရှောက်နေသောရှောင်ကောကောချောချောလေး။


ဤသည်က အမျိုးသမီးဖန်များ၏မိခင်မေတ္တာကိုတကယ်လှုံ့ဆော်နိုင်လေသည်။


[ညီအစ်မတို့!!!ရှောင်ကောကောရဲ့ဟော်မုန်းတွေကိုခံစားမိကြလား]


[အဲဒါကို ခံစားမိတာ နင်တစ်ယောက်တည်းမဟုတ်ဘူး!!!]


[ဘုရားရေ ငါ့မှာသာ ဒီလိုရုပ်ချော၊နူးညံ့ညင်သာပြီး ချက်​ပြုတ်တတ်တဲ့ သားတစ်ယောက်ရှိရင်!!!]


[ရှောင်ကောကော ဘာလို့မျက်နှာမပြတာလဲ...ငါတို့ ကောကောကိုcenterနေရာကနေပွဲဦးထွက်ရအောင်လုပ်ပေးမယ်...ကောကောသီချင်းဆိုပါလို့ သွေးစာရေးပြီးတောင်းဆိုပါတယ်...အရမ်းမိုက်မှာသေချာတယ်]


[!!! !!! ထောက်ခံတယ်!!! ရှောင်ကောကောသီချင်းဆိုပါနော် ကောကောကို လက်ဆောင်တွေ​ကြဲပေးပါ့မယ်]


[ချစ်စရာကောင်းသူလေး[ယုန်ဖက်တီး]က လေယာဥ်တင်သင်္ဘောတစ်စီးပေးပို့ခဲ့သည်။]


[ချစ်စရာကောင်းသူလေး[ယုန်ဖက်တီး]က လေယာဥ်တင်သင်္ဘောတစ်စီးပေးပို့ခဲ့သည်။]


[ချစ်စရာကောင်းသူလေး[မျက်ခုံးစိမ်း]က တော်ပီဒိုတစ်လုံးပေးပို့ခဲ့သည်။]


[ချစ်စရာကောင်းသူလေး[ဝါရင့်ခရီးသွား]က လက်ပစ်ဗုံးတစ်လုံးပေးပို့ခဲ့သည်။]

...


ဖက်ထုပ်ကျက်သွားပြီးနောက် လင်းနင်က ဟင်းပွဲပြင်ရင်း ဖန်များကိုစိတ်ရှည်လက်ရှည်နှစ်သိမ့်ပေးနေသည်။


"အခုက သီချင်းဆိုလို့အဆင်မပြေဘူး...လည်ချောင်းက အဆင်မပြေဖြစ်နေတာမလို့...အခွင့်အရေးရရင် မင်းတို့ကို သီချင်းဆိုပြဖို့ကြိုးစားပါ့မယ် ... "


သူက ဖြူဖွေးနူးညံ့နေသာ နိုင်လွန်ပုစွန်ဖက်ထုပ်များကို ခိုအီငါးတစ်ကောင်ပုံ အနုစိတ်စွာထွင်းထားသည့် အပြာဖျော့ဖျော့ပန်းကန်ပြားတစ်ချပ်ထဲထည့်လိုက်သည်။စားစရာနှင့်ပန်းကန်က အတူပေါင်းစပ်ကာ အချင်းချင်း ပြည့်စုံစေပြီးအလွန်တရာလှပလေသည်။


ကြောင်စာက ပမာဏများပြီး ယင်းကို ပန်းကန်လုံးတစ်ခုထဲမှာထည့်ထားသည်။


တကယ်အိမ်မွေးတိရိစ္ဆာန်များအတွက်ဖြစ်ပုံရသည်။သို့တိုင် ယင်းကအလွန်ဆွဲဆောင်နိုင်နေ၏။


[ဘာလို့ အိမ်မွေးတိရိစ္ဆာန်ဆီကအစာကိုလုချင်စိတ်ပေါက်လာရတာလဲ]


[မင်းတစ်ယောက်တည်းမဟုတ်ဘူး]


[ငါ့ဆီ အိမ်​မွေးတိရိစ္ဆာန်အစာတချို့ပို့ပေးဖို့ ရှောင်ကောကောကိုဒူးထောက်ပြီးတောင်းဆိုပါတယ်...ငါကအစားမရွေးပါဘူးတကယ်]


အစားအသောက်ကိုဒေတာအဖြစ်ပြောင်းပြီး​နောက် လင်းနင်၏ယနေ့အလုပ်က ပြီးသွားလေပြီ။သူက ပြုံးကာ တာ့တာ့ပြ၍နှုတ်ဆက်လိုက်သည်။


လင်းနင်၏လုပ်ရပ်ကိုမြင်သော် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ကြိမ်မက ကြည့်ရှုခဲ့ပြီးသူများမှာ နောက်ဘာဆက်ဖြစ်မည်ကိုသိကြလေသည်။လင်းနင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုအဆုံးသတ်တဲ့အရှိန်ကတကယ်မြန်တယ်...ပြီးတော့ဘယ်တော့မှ သူစားတာကို live လွှင့်မပြဘူး...


ရှောင်ကောကော liveလွှင့်ပြီးစားပြတာကို သူတို့တကယ်ကြည့်ချင်သည်။တွေးကြည့်ရုံနှင့်ပင် အတော်လေးစားချင်စဖွယ်ဖြစ်သည်...အာ အရသာဆိုးလွန်းတဲ့ အာဟာရဖြည့်စွက်စာတွေ...


လင်းနင် တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်လိုက်ချိန်၌ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ကြည့်ရှုနေကြသည့် အင်တာနက်သုံးစွဲသူသုံးသိန်းနီးနီးရှိ​​လေသည်။အထူးသဖြင့် နိုင်လွန်ပုစွန်ဖက်ထုပ်များပြီးသွားချိန်တွင် ဖန်အရေအတွက်က ထိုးတက်လာခဲ့သည်။အင်တာနက်သုံးစွဲသူများက သူတို့၏မိတ်ဆွေအပေါင်းအသင်းများကိုခေါ်ကြည့်ခိုင်း စားကြည့်ခိုင်းခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။


လင်းနင်မသိသည်မှာ လူသစ်တစ်ယောက်ဖြစ်သည့်သူက လုံးဝနာမည်ကြီးနေပြီဖြစ်သည်ကိုပင်။သူက Hot Searchပေါ်မှာနာမည်ရခဲ့ရုံသာမက Shining Liveမှာ ချက်ချင်းလက်ငင်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ဒုံးပျံတစ်စီးလိုထိုးတက်လာသည့် ဤလူသစ်ကလေးအကြောင်း မသိသည့် တိုက်ရိုက်ထုတ်လွှင့်သူ မရှိပေ။


မားကတ်တင်းမပါ၊ရုပ်ရည်မပါ၊အဖွဲ့မရှိ၊ရန်ပုံငွေမရှိပါဘဲ တစ်ယောက်တည်းဖြင့် အချိန်တိုအတွင်း အံ့ဖွယ်သရဲဖြစ်ရပ်တစ်ခုကိုဖန်တီးခဲ့သည်။


အတိတ်တုန်းက ညတွင်းချင်းနာမည်ကြီးလာသည့်လူများရှိသော်လည်း အများစုက မားကတ်တင်းတို့ ရုပ်ရည်တို့ကဲ့သို့သော အကြောင်းအရင်းမျိုးစုံရှိကြသည်။ထို့အပြင် သူတို့၏နာမည်ကြီးမှုက ကြာရှည်ခံမှာမဟုတ်ဘဲ တောက်ပသည့်မီးပန်းတစ်ခုလို ကာလတိုမှန်းသိသာသည်ကများသည်။


သို့သော်လည်း [လီမွန်မီးဖိုချောင်လေး]၏ဖန်များက သိန်းဂဏန်းသို့လျင်မြန်စွာရောက်ရှိလာပြီး တန့်နေသည့်လက္ခဏာလည်းလုံးဝမရှိပေ။အနာဂတ်မှာ Hot Searchပေါ်မှာပုံမှန်ရှိ​နေသည့်သူဖြစ်လာမည့်ပုံစံပင်ရှိနေ၏။


[နိုင်လွန်ပုစွန်ဖက်ထုပ် - အရသာရှိလွန်းလို့ငိုမိစေတယ်]က တခဏတွင်းချင်း Hot Searchပေါ်ရောက်လာကာ အာရုံစိုက်မှုပေါင်းဆယ်သန်း​ကိုချက်ချင်းဆွဲဆောင်နိုင်ခဲ့သည့်အပြင် ၎င်းကအလွန်လျင်မြန်စွာမြင့်တက်လာနေပြီး ပေါက်ကွဲတော့မည့်အဆင့်ကိုရောက်လာခဲ့သည်။


အရသာရှိသည့်အစားအသောက်ကို တစ်ခါမှမစားဖူးကြသောကြယ်စုမှလူများက "အရသာရှိလွန်း၍ငိုမိစေသော"အရာဆိုသည်က ဘာမှန်းတကယ်မသိကြပေ။အဖြေနောက်ကိုလိုက်ရင်း အင်တာနက်သုံးစွဲသူတစ်သုတ်ပြီးတစ်သုတ် Hot Searchကို ပြုံတိုးနှိပ်ခဲ့ကြပြီး ယင်းက ချက်ချင်းဆိုသလိုပဲ Shining Liveဆီသို့ *trafficအကြီးကြီးကိုယူဆောင်လာခဲ့လေသည်။

 

အစားအသောက်က မာရှယ်ကိုစိတ်ပူနေကြသည့်ကြယ်စုမှလူများဆီသို့ ပျော်ရွှင်မှုအနည်းငယ်ကိုယူဆောင်လာခဲ့သည်။လက်ရှိမှာ ကြယ်စုမှလူသားများ၏အခြေအနေက အကောင်းဘက်မှာရှိမနေပေ။ဇာ့ဂ်များကအချိန်မရွေးတိုက်ခိုက်လာနိုင်သည်။မာရှယ်က အပြင်းအထန်ဒဏ်ရာရနေပြီးဆေးရုံတင်ထားရသည်။သူတို့ တကယ်စိုးရိမ်သောကရောက်နေကြ၏။


***


ဇိမ်ခံပစ္စည်းများဖြင့်ပြည့်နေသော အခန်းထဲတွင် စိတ်ညစ်နေသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် သူ၏ခေါင်းပြောင်ပြောင်ကိုပွတ်နေသည်။သူ့မျက်ခုံးပင်မပြေလျော့သေးချိန်မှာ တစ်စုံတစ်ယောက်ကအခန်းတံခါးကိုခေါက်လာလေသည်။


"သူဌေး သူဌေး Hot Searchကိုကြည့်လိုက်...ဒီလီမွန်မီးဖိုချောင်လေးက Hot Searchပေါ်ရောက်နေပြန်ပြီ...ပေါက်တော့မယ်ဗျ ..."


Shining Live၏ CEO၏အတွင်းရေးမှူးက စိတ်လှုပ်ရှားစွာပြောလာ၏။


"အခုလေးတင်နည်းပညာပိုင်းကိုမေးလိုက်တာ...ဒီနေ့လီမွန်မီးဖိုချောင်​လေး တိုက်ရိုက်ထုတ်လွှင့်မှုစပြီးတဲ့နောက် ကျွန်တော်တို့Shining Live အက်ပ်ရဲ့ downloadဆွဲတဲ့ပမာဏနဲ့လက်ဆောင်ပမာဏက အမြင့်ဆုံးကိုရောက်သွားတယ်တဲ့...ဒါက ကျွန်တော်တို့အကျဥ်းချုပ်ထားတဲ့​ဒေတာရီပို့ပါ... တစ်ချက်ကြည့်ပါခင်ဗျ ... "


"တကယ်လား ..."


သက်လတ်ပိုင်းလူကြီးက ရုတ်တရတ်ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံစာကိုယူကာဖတ်လိုက်သည်။


အစီရင်ခံစာက လီမွန်မီးဖိုချောင်လေး သူတို့ပလက်ဖောင်းဆီသို့ယူဆောင်လာသည့် လူပမာဏအကြီးကြီးနှင့်ဝင်ငွေကို သေသေချာချာ ပိုင်းခြားစိတ်ဖြာထားသည်။၎င်းကိုဖတ်နေရင်း သက်လတ်ပိုင်းလူကြီး၏လက်များ မထိန်းနိုင်အောင်တုန်လာလေသည်။


ကုမ္ပဏီက တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကြီးများ၏ ဖိနှိပ်မှုကိုခံနေရသည်မှာနှစ်ပေါင်းများစွာရှိလေပြီ။သူတို့ကိုအားပေးနေသည့်ဖန်ဟောင်းများရှိနေသော်လည်း ဆက်မလည်ပတ်နိုင်သည့်အခြေအနေကို ရောက်နေပြီဖြစ်သည်။အပြောင်းအလဲတစ်ခုခုမဖြစ်လျှင် ရှေ့ဆက်ဖို့ရာခက်ပေလိမ့်မည်။ကုမ္ပဏီ၏သူဌေးဖြစ်သည့်သူ့မှာ ဖိအားများစွာအောက်ရောက်နေခဲ့ရသည်။


Shining Liveကျဆင်းသွားတာဘယ်လောက်ကြာပြီလဲ...ဒီ[လီမွန်မီးဖိုချောင်လေး]က ဘယ်လိုနတ်ဘုရားလိုကယ်တင်ရှင်မျိုးလဲ သူတို့ကိုချောက်ကမ်းပါးစွန်းကနေ ကယ်တင်ပေးသွားတာ...


[လီမွန်မီးဖိုချောင်လေး]က ဘုရားသခင်က Shining Liveဆီကိုစေလွတ်လိုက်တဲ့ လာဘ်ကောင်လေး၊ငွေနွားလေးဆိုတာသေချာတယ်...သူနဲ့သာအကြာကြီးပူးပေါင်းနိုင်ရင် နာမည်ကျော် စတင်မာတွေကိုဖြစ်ဖြစ် e-sports ကြယ်ပွင့်တွေကိုပဲဖြစ်ဖြစ်ငှားပြီး ကြော်ငြာခိုင်းဖိုကုန်မဲ့ကုန်ကျစရိတ်တောင် သက်သာနိုင်တယ်...ဘာကြောင့်လဲဆိုတော့ [လီမွန်မီးဖိုချောင်လေးကိုယ်၌က သူတို့ပလက်ဖောင်းကိုအကြီးကြီးပေါက်အောင်လုပ်နိုင်တဲ့ နာမည်ကြီးမျိုးဖြစ်နေလို့လေ...


***


စာရေးသူမှာပြောစရာရှိတယ်

မာရှယ်: :  နိုင်လွန်ပုစွန်ဖက်ထုပ်တွေကချစ်စရာကောင်းတယ် ...လူကပိုလို့တောင်ချစ်စရာကောင်းတယ်(စိုက်ကြည့်လျက်)


လင်းနင်:...(ရှက်သွေးဖြာနေ)



1."Traffic"ဆိုတာက အင်တာနက်စာမျက်နှာတစ်ခု၊ ဝက်ဘ်ဆိုဒ်တစ်ခု ဒါမှမဟုတ် အပလီကေးရှင်းတစ်ခုကို ဝင်ရောက်ကြည့်ရှုသူ ဒါမှမဟုတ် အသုံးပြုသူ အရေအတွက်ကို ပြောတာပါ။

ဥပမာအားဖြင့်၊ လူတွေ အင်တာနက်စာမျက်နှာတစ်ခုပေါ်ကို သွားရောက်ကြည့်ရှုကြတဲ့အခါ အဲဒီစာမျက်နှာအတွက် Trafficတက်လာတယ်လို့ သတ်မှတ်ပါတယ်။ Traffic များလေလေ၊ အဲဒီဝက်ဘ်ဆိုဒ် ဒါမှမဟုတ် စာမျက်နှာဟာ လူသိများပြီး လူစိတ်ဝင်စားမှု များလေလေ ဖြစ်ပါတယ်။


 * Trafficများတယ် ဆိုရင် လူကြည့်များတယ်၊ လူသုံးများတယ်လို့ အဓိပ္ပာယ်ရပါတယ်။

 * 

 * Traffic နည်းတယ် ဆိုရင်တော့ လူသိနည်းတယ်၊ လူကြည့်နည်းတယ်လို့ ဆိုလိုတာပါ။


>>><<<


🐈🐈