Ch 8
Viewers 2k

🐈Chapter 8





လင်းနင် နိုင်လွန်ပုစွန်ဖက်ထုပ်နှစ်ပန်းကန်လုပ်ထားခဲ့သည်။တစ်ပန်းကန်ကိုရေခဲသေတ္တာထဲထည့်ရန်ရည်ရွယ်​ပြီး သူခွဲထားခြင်း​​ဖြစ်သည်။၎င်းနောက် ကြောင်စာကိုလည်းစားပွဲပေါ်တင်လိုက်သည်။


အကုန်လုံးပြင်ဆင်ပြီးနောက် သူ့အကြည့်ကကြောင်ပေါ်ရောက်သွားလေသည်။ကြောင်က သူ့ကိုတစ်မနက်ခင်းလုံးလိုက်ကြည့်နေပြီး ယခုအချိန်မှာ သူ့အပေါ်သတိထားမှုလျော့သွားပုံရသဖြင့် လင်းနင်းစိတ်ထဲမှာကျိတ်ပျော်နေမိသည်။


သူ လက်ယက်ခေါ်လိုက်သည်။


"လာစားလေ မီမီ~"


"မီမီ"ဟူသည့်နာမည်ကိုအတော်လေးမကျေမနပ်ဖြစ်နေသောကြောင်က ထမင်းစားပွဲပေါ်ခုန်တက်လိုက်သည်။ကြော့ရှင်းတည်ငြိမ်သော​ခြေလှမ်းများဖြင့် စားပွဲပေါ်ခြေချအပြီးမှာ ၎င်းကကြောင်စာ၏အရှေ့မှာရပ်လိုက်၏။၎င်း၏လှုပ်ရမ်းနေသောအမြှီးက ၎င်း၏စိတ်ကောင်းဝင်နေမှုကိုမသိမသာလှစ်ဟပြနေလေသည်။


သူက သတိကြီးကြီးထားကာ ကြောင်စာကို တရှုံံ့ရှုံ့အနံ့ခံလိုက်သော်လည်း ကြောင်စာက ပုစွန်ဖက်ထုပ်များလောက်စားချင်စရာမကောင်းသည်ကိုတွေ့လိုက်ရသည်။၎င်းက အလျင်အမြန်ပဲ အာရုံစူးစိုက်မှုကို နေရာပြောင်းလိုက်ကာ ခြေလှမ်းအနည်းငယ်အကွာက နိုင်လွန်ပုစွန်ဖက်ထုပ်တစ်ပန်းကန်ဆီ ခပ်ဖွဖွ နင်းလျှောက်သွားလေသည်။


ကြောင်စာနှင့်ပုစွန်ဖက်ထုပ်နှစ်ခုလုံးက သူ့အတွက်ဖြစ်မည်ဟုယူဆထားသဖြင့် ပုစွန်ဖက်ထုပ်ကိုအရင်ရွေးလိုက်၏။အနံ့လေးကအရသာရှိမည့်ပုံပေါ်သည်။ဗိုက်က ဟာလာဟင်းလင်းဖြစ်နေပြီးသက်တောင့်သက်သာမရှိပေ။ကြောင်က ခေါင်းငုံ့လိုက်ပြီး မွှေးကြိုင်နေသော နူးနူးညံ့ညံ့ဖက်ထုပ်လေးကိုတစ်ကိုက်ကိုက်ရန် အဆင့်သင့်ဖြစ်နေလေပြီ။


လင်းနင်က ပန်းကန်ကို​ကြောင်၏နှာခေါင်းအောက်မှ လှမ်းဆွဲလိုက်သည်။ဤပုစွန်ဖက်ထုပ်များက လူသားများ၏အရသာခံနိုင်စွမ်းအတွက်လုပ်ထားပြီး ကြောင်တစ်ကောင်နှင့်မကိုက်ညီပေ။ကြောင်စားလိုက်လျှင် နေမကောင်းဖြစ်နိုင်သည်။သို့သော်လည်းကြောင်ကလျင်သည်။လင်းနင်လက်လှမ်းလိုက်သည့်အခါ ၎င်းက သူ၏အမွှေးပွပွလက်လေးကိုမြှောက်ကာ လင်းနင်း၏လက်ကိုဖိလိုက်သည်။


ကြောင်၏လှုပ်ရမ်းနေသောအမြှီးကငြိမ်သွားသည်။စိတ်ထဲမှာ အပြေးအလွှားတွေးနေလေသည်။


'သူငါ့ကိုအရသာရှိတဲ့ဟာကျွေးမယ်လို့ကတိပေးထားတယ်လေ...ဒီလူသားက ကတိဖျက်ဖို့ကြိုးစားနေတာလား'


လင်းနင်က ညင်သာစွာချော့လိုက်၏။

"မင်းကဒါစားလို့မရဘူး...မင်းက ကြောင်လေ ကြောင်စာစားရမယ် ..."


သူက ကြောင်စာပန်းကန်ကိုလက်ညှိုးထိုးပြလိုက်သည်။ပြင်ထားသည်က များပြီး သေချာပေါက်ကို ကြောင်အတွက်လုံလောက်လေသည်။


ကြောင်က မကျေမနပ်ဖြစ်သွားပြီး သူ၏ဒေါင်လိုက်မျက်ဆံများကို မှေးကျဥ်းလိုက်သည်။သူ၏လက်ကို လင်းနင်၏လက်ဆီမှပြန်ရုတ်လိုက်သော်လည်း ကြောင်စာကို​တော့မကြည့်ပါချေ။ထိုအစား သူ၏ကြယ်လိုမျက်လုံးများက လင်းနင်ကိုပဲစူးစိုက်ကြည့်နေသည်။


လင်းနင်က ကြောင်၏မထုံတက်သေးမျက်နှာပေါ်က 'ဒါပဲလိုချင်တယ်'ဟူသည့်အမူအရာကို ဖတ်နိုင်ပုံရလေသည်။


ဤကြောင် သူ့အစာကိုစောင့်ကြပ်နေသည့်ပုံက ချစ်စရာကောင်းလွန်းလှသည်။မျက်လုံးများက ကြမ်းကြုတ်ပုံပေါ်ပေမဲ့ လက်၏လှုပ်ရှားမှုက ညင်သာပြီး လင်းနင်ကိုအနာတရ​ဖြစ်စေချင်သည့်ရည်ရွယ်ချက်ရှိပုံမရပေ။ဤဆန့်ကျင်ဘက်သဘောတရားက အလွန်ချစ်စရာကောင်းပေသည်။ကြောင်က မခံမရပ်နိုင်ဖြစ်စွာခေါင်းလေးကိုအနည်းငယ်စောင်းလိုက်သည့်အခါ လင်းနင်လိုကြောင်ချစ်သူတစ်ယောက်၏အသည်းနှလုံးကိုကြေမွသွား​စေလု​နီးနီးပင်။


လင်းနင် အရှုံးပေးလိုက်၏။

"ကောင်းပြီ စားလို့ရတယ်...ဒါပေမဲ့နည်းနည်းပဲနော်...မင်းစားဖို့နည်းနည်းဖယ်ပေးမယ် ပြီးရင် လိမ်လိမ်မာမာနဲ့ကြောင်စာစားရမယ်ဟုတ်ပြီလား...ကြောင်စာကိုလည်းငါသေသေချာချာလုပ်ထားတာပါ...မင်းမကြိုက်ရင် နောက်တစ်ခါကျပိုကောင်းအောင်လုပ်ပါ့မယ် အိုကေ ..."


သူ၏လေသံက စိတ်ရင်းမှန်ပြီးနူးညံ့ကာ နုနယ်ပျက်စီးလွယ်သောရတနာတစ်ခုကိုပြောနေသည့်အတိုင်းပင်။ကြောင်ကိုကြည့်နေသည့်သူ့မျက်လုံးများက ဂရုစိုက်မှုနှင့်နူးညံ့မှုများဖြင့်ပြည့်နေသည်။


လင်းနင်က နှင်းဆီရောင်နှုတ်ခမ်းများ၊သွားတန်း​​ဖြူ​​​ဖြူများ၊မျက်လုံးတောက်တောက်လေးများနှင့် တကယ်ကို သူမတူအောင်ကြည့်ကောင်း၏။သူက ငယ်ရွယ်ပျိုမျစ်သောအပြစ်ကင်းစင်မှုနှင့်ညင်သာနူးညံ့သောရင့်ကျက်မှုတို့ပေါင်းစပ်ထားသည့်အလှတရားကိုပိုင်ဆိုင်ထားလေသည်။သူ့ဆီက အပြုံးလေးတစ်ပွင့်ကတင် မည်သူ့ကိုမဆိုဆွဲဆောင်နိုင်စွမ်းရှိသည်။ယင်းက အိုင်ဒေါပြိုင်ပွဲတွင် သူထိပ်ဆုံးဆယ်ယောက်ထဲကနေ ပွဲဦးထွက်နိုင်ခဲ့သည့်အကြောင်းအရင်းပဲဖြစ်သည်။

 

သူ့မျက်နှာက မိတ်ကပ်မပါဘဲနှင့်ပင် တကယ်အသက်ရှူမှားလောက်သည်။ဖျော်ဖြေရေးလောကတစ်ခုလုံးမှာ လင်းနင်၏ပင်ကိုရုပ်ရည်ကိုယှဥ်နိုင်သူအနည်းငယ်သာရှိပေလိမ့်မည်။


လင်းနင်က ရုတ်တရက် ​ကြောင်၏အနားသို့တိုးကပ်သွားကာ တောက်ပစွာ ပြုံးလိုက်သည်။သူ့၏ချောမောသောမျက်နှာကြောင့် သတိလွတ်သွားသောကြောင်မှာ အနည်းငယ်တောင့်တင်းသွား၏။


'ဒီခေတ်ကလူသားတွေက ဒီလောက်သတိပေါ့လျော့ကြတာလား'

ကြောင်ကတွေးလိုက်သည်။


'ပထဆုံး အမည်မသိသတ္တဝါကို အိမ်ထဲဝင်ခွင့်ပြုတယ်...နောက်ကျ ဒီရူးကြောင်ကြောင်ပြုံးနေပြန်တယ်...သူ့ပုံစံက တကယ်အနိုင်ကျင့်လို့လွယ်မဲ့ပုံ...ငါကသာအန္တရာယ်ရှိနေရင်ဘယ်လိုလုပ်မလဲ'


ကြောင်က အေးစက်စက်မျက်နှာလွှဲလိုက်ပြီး ၎င်း၏မျက်နှာမှာ အနည်းငယ်ပူနွေးနေသလိုခံစားရလေသည်။သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်ကမူရိုးသားစွာပြုမူပြီး လင်းနင်ဘေးဖယ်ပေးထားသော ပုစွန်ဖက်ထုပ်အနည်းငယ်ကိုစားလိုက်၏။ပထမဆုံးအကိုက်တွင် ပါးလွှာသည့်ဖက်ထုပ်ရွက် အစာထူထူဆီသို့လမ်းဖယ်ပေးလိုက်ပြီး မွှေးပျံ့လေးပင်သော အသားတွင်းရည်ကိုထုတ်လွှတ်လိုက်သည်။


လတ်ဆတ်သောပုစွန်က အံ့ဩစရာကောင်းလောက်အောင် ထူးခြားသောအသားကိုပေးစွမ်းပြီး အသားနိုင်းချင်းပါသလို နှစ်သက်အားရဖွယ်လတ်ဆတ်နူးညံ့၍နေသည်။


!!!


ကြောင်၏မျက်လုံးလေးများ တောက်ပသွား၏။၎င်းက စားသည့်နှုန်းအားအရှိန်တင်လိုက်ပြီး ဖက်ထုပ်အနည်းငယ်ကိုနှစ်ကိုက်သုံးကိုက်အတွင်းအပြီးသတ်လိုက်လေသည်။စားပြီးသွားပြီးနောက် ၎င်းကတင့်တယ်ကြော့ရှင်းစွာ လျှာသပ်လိုက်ပြီး ပန်းရောင်လျှာလေးက ချစ်စရာကောင်းမှုကိူနှစ်ဆတိုးစေ၏။သို့သော်လည်း လက်ရှိမှာပြောင်စင်နေသောပန်းကန်ပြားလေးကိုကြည့်ပြီး ကြောင်က​ငြိမ်ကျသွားလေသည်။


နည်းလိုက်တာ...သွားကြာတောင်မညပ်ဘူး...


သို့သော်လည်း မိမိအနေဖြင့် ချစ်စရာကောင်းအောင်လုပ်ပြပြီးအစာတောင်းသည်မျိုးမလုပ်နိုင်ပေ။စိတ်ထဲမှာအခိုက်အတန့်တစ်ခုမျှအ​တွေးလွန်ဆွဲနေပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အရိပ်အယောင်ဖြင့် ကြောင်စာပန်းကန်ဆီလျှောက်သွားလိုက်သည်။လင်းနင်၏မျှော်လင့်နေသောအကြည့်အောက်မှာ ၎င်းကစမ်းပြီးတစ်ကိုက်ကိုက်ကြည့်လိုက်သည်။အရသာက ပေါ့ရွှတ်နေပြီး ကြောင်၏အရသာခံနိုင်စွမ်းအတွက်အထူးတလည်ကွက်တိလုပ်ထား​ခြင်းဖြစ်သည်။ဤလူသားက တကယ်အားစိုက်ထုတ်၍လုပ်ထားခြင်းဖြစ်မှန်းသိသာသည်။သို့သော်လည်း...


သူက လူသားလည်းဖြစ်​နေ​​သေးသည်။ကွဲပြားခြားနားစွာဆက်ဆံမခံရချင်ပေ။သူ့ခန္ဓာကိုယ်က လက်ရှိမှာ​ကြောင်တစ်ကောင်ဖြစ်နေပေမဲ့ သူ၏အရသာခံနိုင်စွမ်းနှင့်အကျင့်များက လူသားဖြစ်နေဆဲဖြစ်သည်။ဤအထူးပြုလုပ်ထားသောကြောင်စာက တကယ်သူ့အကြိုက်မဟုတ်ပေ။သို့သော်လည်း လင်းနင်တစ်မနက်ခင်းလုံး မည်မျှအလုပ်ရှုပ်နေသည်ကိုမြင်ခဲ့သောကြောင့် သူလင်းနင်းကိုစိတ်ပျက်အောင် မလုပ် ရက်ပေ။


သူနာခံစွာ​ဖြင့် ကြောင်စာပန်းကန်​ကြီးတစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်သည်။


လင်းနင်က ဖက်ထုပ်စားရင်းကြောင်ကိုအကဲခတ်နေသည်။ဤကြောင်မှာ အေးစက်တည်ကြည်သောအမူအကျင့်ရှိသည်ကို သူသတိပြုမိ၏။၎င်းက အစားစားနေချိန်မှာပင် မတ်မတ်ထိုင်နေကာ ခေါင်းဆောင်ငယ်လေးတစ်ယောက်၏ခံ့ညားထည်ဝါသောအရှိန်အဝါမျိုးဖြာထွက်နေသည်။ကြောင်တစ်အုပ်ထဲသာချထားလိုက်လျှင် ပိုင်နက်ကိုစောင့်ရှောက်သည့် လှည့်ကင်းတပ်ဖွဲ့၏ဦးဆောင်သူဖြစ်လာနိုင်လောက်သည်။


၎င်းက ကြောင်စာကိုနာခံစွာစားနေသော်လည်း ၎င်း၏မထုံတက်တေး မျက်နှာပေါ်မှ စိတ်ပျက်မှုအရိပ်အယောင်ကိုလင်းနင်ဖမ်းမိနိုင်၏။အမွှေးဖွာဖွာနားရွက်များက အနည်းငယ်ငိုက်ကျနေပြီး ပုစွန်ဖက်ထုပ်စားနေစဥ်ကလိုမျိုး တက်ကြွမနေပေ။


ဖူး...ဒီကြောင်က ကြောင်ဝိညာဥ်များလား...


ကြောင်တစ်ကောင်နှင့်လူတစ်ယောက်တို့ တိတ်ဆိတ်စွာစားနေကြသည်။ခဏအကြာ၌ အခန်းကတိတ်လွန်းသည်ဟုခံစားရသဖြင့် လင်းနင်TVဖွင့်လိုက်သည်။အနာဂတ်ရှိTVများကဖွင့်လိုက်သည့်အခါမှ ရုပ်ပုံများပြသသော ဖန်သားပြင်အကြည်များဖြစ်သည်။လင်းနင် သူ့အိမ်ကTVကိုအခုမှဖွင့်ဖူးခြင်းဖြစ်သည်။


ဖန်သားပြင်ပေါ်တွင် အဆိုပြိုင်ပွဲတစ်ခုပြသနေသည်။ထိုပြိုင်ပွဲက ကြယ်စုကွန်ယက်တစ်ခုလုံးမှာအလွန်ကိုနာမည်ကြီးလေသည်။မရေမတွက်နိုင်သော ဂီတဧကရာဇ်များနှင့်ဧကရီများက ၎င်းတို့၏နာမည်ကျော်သီချင်းများကိုဤပွဲမှာလာရောက်ဖျော်ဖြေထားခဲ့ကြပြီး မရေမတွက်နိုင်သောအိပ်မက်နောက်လိုက်သူများက နေ့ချင်းညချင်း အကျော်အမော်များဖြစ်သွား​ကြပြီး လူထုအသဲစွဲအဖြစ်ဆီသို့လမ်းကြောင်းကိုစတင်နိုင်ခဲ့​ကြသည်။


"နောက်ထပ် ကျွန်တော်တို့ရဲ့လေးယောက်မြောက်ဧည့်သည်တော် ကျန်းဖုန်းကိုကြိုဆိုလိုက်ကြရအောင်...သူက သူ့ရဲ့အထင်ကရသီချင်းဖြစ်တဲ့ 'မင်းဆီသို့တမ်းတ​ခြင်း'ကိုဖျော်ဖြေမှာဖြစ်ပါတယ်...ဒီနှစ်တွေမှာထိပ်တန်းကြယ်ပွင့်တွေထဲကတစ်ယောက်၊သူမတူတဲ့အဆိုစွမ်းရည်နဲ့အကစွမ်းရည်တွေကိုပိုင်ဆိုင်ထားရုံသာမက သီချင်းရေးစပ်တဲ့နေရာလည်းအာဂပါရမီရှင်တစ်ယောက်ဖြစ်တဲ့ကျန်းဖုန်း...သူ့သီချင်းတွေက ဆုတွေရခဲ့ပြီး ဂီတလောကထဲကသူ့ရဲ့နေရာကိုခိုင်မာစေခဲ့တယ်..."


ဖန်သားပြင်က ချောမောသောလူငယ်လေးတစ်ယောက်ကိုပြောင်း၍ပြသလာသည်။သူ၏ဝင်ရောက်လာမှုက ပရိသတ်ဆီကအားပေးကြွေးကြော်သံများကိုညံသွားစေခဲ့ပြီး ဒိုင်များဆီကလည်း စိတ်အားထက်သန်သောလက်ခုပ်သံများထွက်လာစေခဲ့သည်။ရင်သက်ရှုမောဖွယ်ရာအထူးပြုလုပ်ချက်များပါ ထပ်ပေါင်းလိုက်သည့်အခါ စကြဝဠာတစ်ခွင်လုံးထိန်ထိန်ညီးအောင်တောက်ပသည့်ကြယ်တစ်ပွင့်အလားပင်။


ကြောင်က စားနေစဥ်နှင့်အိမ်နေစဥ်မှာ ပုံမှန်အားဖြင့် အသံမထွက်သည့်အကျင့်ကိုကျင့်သုံးပေမဲ့ လက်ရှိမှာ ၎င်းက သူများအမိုးအောက်ရောက်နေခြင်းဖြစ်သည်။၎င်း၏အကြည့်ကလည်း ဖန်သားပြင်ဆီကို အလိုလိုပြောင်းသွားခဲ့သည်။


"နွေရာသီရဲ့ကောင်းကင်ပြာက သိပ်ကြည်နူးစရာကောင်းတယ်လို့မင်းပြောတယ်...


ကိုယ်က​တော့ နှင်းဝေတဲ့ဆောင်းညကမီးပုံးတွေကိုပဲကြည့်ချင်တယ်...

ရှေးဟောင်းမြို့တွေက သိပ်လွမ်းမောစရာကောင်းတယ်လို့မင်းပြောတယ်...

ကိုယ်​တော့ တမ်းတမှု​တွေကို အစိမ်းရောင်တောင်တန်းတွေနဲ့ရေကြည်ကြည်ကြားမှာသာအပ်နှံထားချင်တယ်...

ဖူးသစ်စမိုးမခကိုင်းတွေကိုမှီကာ

မက်မွန်နီရောင်ဇာပဝါပါးကိုခြုံလွှမ်းလို့ သိမ်မွေ့စွာကခုန်တယ်...

သစ်ရွက်တွေစကြွေတဲ့အခါ မိသားစုရန်ငြိုးတွေ၊တိုင်းပြည်ရဲ့အမုန်းတရားနဲ့မိုးထိုးနေတဲ့ရည်မှန်းချက်​တွေအကြောင်းတမ်းချင်းတစ်ပုဒ် ကိုယ်ရေးမယ်..."


ကောင်းမွန်းလွန်းလှသည့်အသံကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းပစ္စည်းကိရိယာများ၏ပံ့ပိုးခြင်းကိုပါခံထားရသည့်အခါ ကျန်းဖုန်းက ပထမဆုံးစာသားမှာပင် ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့၏။သီချင်းက ကြည်နူးစရာလွမ်းမောစရာကောင်းပြီး ၎င်း၏နောက်ခံဇာတ်လမ်းကလည်း  ခမ်းနာကြီးကျယ်လေသည်။


ကြောင်ပင် ဤသီချင်းကိုမှတ်မိ၏။


ကြယ်တာရာစစ်ပွဲများက ဆက်ဖြစ်နေပြီး ဝရုန်းသုန်းကားဖြစ်နေသည့်ကာလက ဆက်တိုက်ရှိနေ၏။လွန်ခဲ့နှစ်အနည်းငယ်က ကြယ်စုရေတပ်၏ပထမဆုံးအမျိုးသမီးဗိုလ်ချုပ်ဖြစ်သောလင်းရိုသည် *ကြယ်တာရာခုန်ကူးမှုတစ်ခုအတွင်းမှာ ပျောက်ကွယ်သွားပြီး ယခုတိုင်ပျောက်ဆုံးနေဆဲဖြစ်သည်။


ဤဆုတံဆိပ်များစွာရရှိထားသောစစ်ပွဲသူရဲကောင်းက ကြယ်စုတလွှားမှာမရေမတွက်နိုင်သောဖန်များရှိပြီး စစ်တပ်အတွင်းမှာလည်း များစွာသော သဘောကျနှစ်သက်သူများရှိ၏။လူများက သူမအတွက်နှင့် သူမ၏သင်္ဘော၏​ဘေးကင်းလုံခြုံစွာ​​ပြန်​ရောက်လာ​ရေးအတွက် ထက်သန်ပြင်းပြစွာဆုတောင်းပေးခဲ့ကြသည်။အချိန်ကြာလာသည်နှင့်အမျှ အသက်ရှင်နိုင်သည့်မျှော်လင့်ချက်က တစ်စတစ်စလျော့ပါးလာပြီး များစွာသောသူများက ၎င်းတို့၏ဝမ်းနည်းကြေကွဲမှုကို တီထွင်ဖန်တီးမှုရှိသော  ချီးကျူးဂုဏ်ပြုမှုများဖြင့်ဖော်ပြလာကြသည်။


နာမည်အကြီးဆုံးချီးကျူးဂုဏ်ပြုမှုက အိုင်ဒေါပြိုင်ပွဲ ဖိုင်နယ်အတွင်း ကျန်းဖုန်းဆီကဖြစ်လေသည်။ကျန်းဖုန်းက သူ့ကိုယ်သူလင်းရိုကိုသဘောကျလေးစားသူပါဟုဆို၍ ဤသီချင်းကို ဖိုင်နယ်မတိုင်ခင်မှာရေးစပ်ခဲ့သည်။သူက စင်မြင့်ပေါ်မှာ နီရဲနေသောမျက်ဝန်းများဖြင့်ထိုသီချင်းကိုဖျော်ဖြေခဲ့ပြီး နိုင်ငံ့သူရဲကောင်းအတွက်သူ၏ဝမ်းနည်းမှုများကိုသွန်ချခဲ့သည်။အဆုံးမှာ သူ့မျက်နှာထက်တွင်မျက်ရည်များစီးကျလာခဲ့ပြီး မရေမတွက်နိုင်သောကြည့်ရှုသူများကို မျက်ရည်ကျသည်အထိ ရင်ထဲထိစေခဲ့လေသည်။


ကျန်းဖုန်း၏ဖိုင်နယ်ဖျော်ဖြေမှုဗီဒီယိုကို အင်တာနက်သုံးစွဲသူများက အကြီးအကျယ် မျှဝေခဲ့ကြသည်။ကျန်းဖုန်းက နေ့ချင်းညချင်း လူသိများလာပြီး ရှာဖွေမှုအဆင့်သတ်မှတ်ချက်များ၏ထိပ်ဆုံးကို ရောက်ရှိခဲ့သည်။သူ၏ကျော်ကြားမှုက တခြားပြိုင်ပွဲဝင်များထက် ချက်ချင်းဆိုသလို မြင့်တက်လာပြီး သူ့အဖွဲ့၏ 'center 'အဖြစ်နှင့် ပွဲဦးထွက်နိုင်ခဲ့ကာ အရှိန်အဟုန်ပြင်းပြင်းနှင့်လူကြိုက်များလာသော နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့လေသည်။


ကျန်းဖုန်းက ဤသီချင်းနှင့် ဆုပေါင်းများစွာ ရရှိခဲ့ပြီး ဖန်များက သူ့ကို ဖျော်ဖြေရေးလောကမှာ မျိုးချစ်စိတ်အရှိဆုံး နာမည်ကျော်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဤဂုဏ်သတင်းကိုလည်း သူတို့က အားကြိုးမာန်တက် မြှင့်တင်ပေးခဲ့သည်။


လင်းနင်နားထောင်နေရင်းနှင့် သူ့မျက်လုံးထောင့်စွန်း​များကနေ မျက်ရည်များ ထိန်းမရအောင် စီးကျလာခဲ့သည်။သူ့ရင်ထဲမှာလည်း စိတ်ပျက်ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေပြီး သူ့နှလုံးသားကဖျစ်ညှစ်ခံထားရသလိုမျိုး စူးအောင့်နာကျင်လျက် ချဥ်စူးကာအသက်ရှူရခက်လာခဲ့သည်။မူလကိုယ်၏ကျန်ရစ်ခဲ့သော ခံစားချက်များက ရေကြီးသလို ဝင်ရောက်လာပြီး လင်းနင်ကို လွှမ်းမိုးသွားခဲ့လေသည်။သူ့စိတ်နှင့်ခန္ဓာကိုယ်က သူကိုယ်တိုင် ဤမချိမဆန့်ဝေဒနာကို ခံစားခဲ့ရသလိုမျိုး ထပ်တူပဲ့တင်သံခတ်လာခဲ့သည်။


လင်းနင်၏ဝိဉာဉ်ပြိုကွဲလုနီးပါး တုံ့ပြန်မှုကို မြင်ရာတွင် ကြောင်လေးက စဉ်းစား​နေဟန်နှင့် သူ့အမြီးကို ဆတ်ခနဲရမ်းလိုက်သည်။၎င်း၏မျက်လုံးများထဲမှာလည်း အနက်​ရောင်​အလင်းတစ်ခု လက်သွားခဲ့၏။


1.နေရာခုန်ကူးမှု(interstaller jump)

စကြဝဠာထဲက နေရာတစ်နေရာကနေ နောက်တစ်နေရာကို အချိန်တိုအတွင်း ခုန်ကူးသွားလာ​ခြင်း။


အသုံးပြုလေ့ရှိသော နည်းလမ်းများ

 * Warp Drive: အာကာသအချိန် (spacetime)ကို ကွေးညွှတ်စေပြီး အာကာသယာဉ်ကို ရှေ့သို့ တွန်းပို့တဲ့နည်းလမ်း။ယာဉ်ကိုယ်တိုင်က အရှိန်နဲ့ သွားတာမဟုတ်ဘဲ၊ယာဉ်ရဲ့ပတ်ဝန်းကျင်က အာကာသအချိန်ကို ရွေ့လျားစေတဲ့ သဘောပါ။

 * 

 * Wormholes: စကြဝဠာရဲ့ နေရာနှစ်ခုကို ဥမင်လိုဏ်ခေါင်းတိုလိုမျိုး ဆက်သွယ်ထားတဲ့ လမ်းကြောင်းအတိုလေးတွေကို ဖြတ်ပြီး သွားလာတဲ့ နည်းလမ်း။

 * Hyperspace: ပုံမှန်စကြဝဠာကနေ  သီးခြားdimension ထဲကို ဝင်ရောက်ပြီး အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ခရီးသွားလာတဲ့ နည်းလမ်း။


>>><<<


🐈🐈