အပိုင်း ၉၀
Viewers 13k

Chapter 90


Mori Sue:

Daddy's little ( 90)


ပါကာက ချယ်လ်စီလေး သီချင်းဆိုပြနေသည်အား မျက်ရည်အဝိုင်းသားနှင့် နားထောင်နေလေသည် ။ သူမ၏အသံမှာ နတ်သက်ကြွေလာသည့် နတ်သမီးလေးတစ်ပါး တေးသံသီကျူးနေသကဲ့ပင် သာယာနာပျော်ဖွယ်ရှိလှသည် ။


ပါကာက နှပ်ချေးညှစ်ရင်းငိုသံကြီးဖြင့်ထပြောလေ၏ ။ 


" ဒီအရည်အချင်းက သေချာပေါက် ဒရိတ်ခ်ဆီကနေအမွေရခဲ့တာဘဲဖြစ်မယ်... "


ဝီလီယမ်က ကို့ယို့ကားယားပြုံးမိလေသည် ။ ပါကာသီချင်းဆိုသည်အား တစ်ခါမှမကြားဖူးပါချေ ။ ပန်းချီဆွဲခြင်းနှင့် ချက်ပြုတ်ခြင်းတို့အား မကြာခဏပြုလုပ်လေ့ရှိပါသော်လည်း သီချင်းတော့မဆိုပေ ။ 


ထို့အပြင် ပါကာ၏ပြောင်းလဲလာသည့်စရိုက်အရ ချယ်လ်စီလေးအား ကိုယ်ဝန်ဆောင်စဥ်ကသကဲ့သို့အော်ဟစ်သောင်းကျန်းခြင်းမပြုဘဲ နင်းကန်စားသောက်နေခြင်းနှင့် အချိန်တိုင်းဒရိတ်ခ်အား ကပ်တွယ်နေခြင်းသာရှိသည် ။


မွေးဖွားချိန်နီးကပ်လာသည်နှင့်အမျှ ပါကာ၏စိတ်မှာပို၍ပင်ခန့်မှန်းရခက်ခဲလာပြီး ငိုလိုက်ရီလိုက် စားသောက်လိုက်ဖြင့် စိတ်ခွဲဆယ့်ငါးခုလောက်ရှိနေသကဲ့သိုပင် ။


တစ်ခါတစ်ရံ ဒရိတ်ခ်အားမျက်စိအောက်မှအပျောက်မခံပါသော်လည်း တစ်ခါတစ်ရံ၌အော်ထုတ်နေတတ်သည် ။ တစ်ခါတစ်ရံ အအေးစာစားချင်သည်ဟုညည်းတွားနေတတ်ပြီး ငါးမိနစ်ကြာရုံဖြင့်ပူစပ်သည့်အစားအစာများစားချင်နေပြန်သည် ။


ဝီလိီယမ် အနေဖြင့်ကလေးများထိန်းကျောင်းရခြင်းထက် ကိုယ်ဝန်သည်ကိုပြုစုရခြင်းကပို၍ပင်ခက်ခဲကြောင်းတွေ့ရှိသွားရ၍ ကလေးချစ်သော်လည်းအိမ်ထောင်ပြုချင်စိတ်မရှိတော့ပေ ။


" ပါးပါး မီးမီးဆိုတာကောင်းလားဟင် "


ပါကာက ချယ်လ်စီလေးအားပွေ့ဖက်ကာပြောလိုက်သည် ။


" ဒါပေါ့ ပါးပါးက ချယ်လ်ချယ်လ်လေးရဲ့ နံပါတ်တစ်ပရိသတ်ဘဲ "


သူမလေးက လက်သုံးချောင်းထောင်ကာရေတွက်ရင်းပြောလေ၏ ။


" မီးမီးက ပါးပါးနဲ့ဖေဖေ ပြီးတော့ဦးဦးဝီလီယမ်နဲ့ နောက်တော့ မောင်လေးပါဂုဏ်ယူရအောင်ကြိုးစားမှာ "


သူမ၏ပြောပုံလေးက ပါကာအားပို၍ပင်မျက်ရည်လည်သွားစေသည် ။ ဝီလီယမ်က လည်း ပွေ့ဖက်နေသည့်သားအဖအားကြည့်ကာပြုံးနေလေ၏ ။


ခဏမျှကြာသောအခါ ပါကာရေခဲမုန့်စားချင်လာ၍ချယ်လ်စီလေးအားခေါ်ကာ မုန့်စားထွက်တော့သည် ။ ဒရိတ်ခ်က ပါကာ့အတွက်ကားမောင်းခြင်းကအဆင်မပြေဖြစ်နိုင်သည်ဟုတွေးမိသောကြောင့်  ဝီလီယမ်မှာ အလိုလိုနေရင်း ဒရိုင်ဘာအဖြစ်တာဝန်ထမ်းဆောင်ရလေတော့သည် ။


ပါကာနှင့်ချယ်လ်စီလေး တို့မှာပန်းခြံသို့သွားကာ ရေခဲမုန့်ဝယ်ရန်တန်းစီစောင့်ဆိုင်းနေလေသည် ။ ပါကာ၏ကိုယ်ဝန်ကြောင့် တန်းစီရာ၌လူအများကဦးစားပေးကြသော်လည်း တစ်စုံတစ်ယောက်မှာမူဖယ်မပေးခဲ့ပေ ။


ထိုသူက ပါကာ့အားကြည့်ကာ ခနဲ့၍ပြောလိုက်သည် ။


" အို...ဒါကပါကာမဟုတ်လား "


ဟမ်...ငါသူ့ကိုသိလို့လား?


ပါကာက ထိုသူအားသူသိသလောဟုဗိုက်ကလေးပွတ်ရင်းစဥ်းစားနေလေသည် ။ ထိုလူက ဗိုက်ကိုကြည့်ကာထပ်မံ၍ရွဲ့စောင်းပြောဆိုပြန်သည် ။


" မင်းကိုယ်ဝန်ရှိနေတာလား...ကလေးအဖေကဘယ်သူလဲငါ သိချင်စမ်းပါရဲ့...မင်းရဲ့သူငယ်ချင်းကြီးတော့မဟုတ်လောက်ဘူးမလား...မင်းတို့ကအမြဲတမ်းအတူတူသွားလာနေကြတာလေ "


ထိုသူက မည်သူဖြစ်မှန်း ပါကာအမှန်ပင်မသိပါချေ ။


ထိုလူ၏ခြေထောက်နားတွင်ရပ်နေသော ကောင်လေးကပြောလိုက်သည် ။


" ဒက်စ်တာ ရေခဲမုန့်ရနေပြီ "


ဒက်စ်တာက ရေခဲမုန့်ဖိုးရှင်း၍ကောင်လေးအား ဆွဲဆောင့်ခေါ်လိုက်သည့်အချိန်၌ ကောင်လေး၏ပခုံးပေါ်မှ လည်စည်းပဝါလေးပြုတ်ကျသွားခဲ့သည် ။ ချယ်လ်စီလေးက လည်စည်းပဝါကိုကောက်ယူရင်း ခပ်လှမ်းလှမ်းသို့ရောက်နေပြီဖြစ်သောကောင်လေးအားအော်ပြောလိုက်သည် ။


" နင့် လည်စည်းပဝါလေးကျကျန်ခဲ့ပြီ "


ဒက်စ်တာမှာ ခဏမျှရပ်တန့်သွားပြီးနောက် ချာယ်လ်စီလေးကိုလှည့်ကြည့်ကာပြောလိုက်သည် ။


" အသုံးမဝင်တဲ့ဟာကိုလွှင့်ပစ်လိုက်တော့ "


" ဒါ..."


ကောင်လေးက သွားယူချင်ပုံပေါ်သော်လည်း ဒက်စ်တာမှာလွှတ်မပေးပါချေ ။


" ထားလိုက်တော့လို့ငါပြောနေတယ်လေ "


" အဲ့ဒါက ကလေးအတွက်အရေးကြီးတယ်ထင်တယ် "


" အဲ့ဒီလည်စည်းအစုတ်က အသစ်ထပ်ဝယ်လို့ရတယ် ငါ့ကိစ္စတွေမှာလာဝင်မရူပ်စမ်းပါနဲ့ "


ဒက်စ်တာထွက်သွားသည်နှင့် ပါကာမှာ ချယ်လ်စီလေးအားဖက်ကာပြောလိုက်သည် ။


" အခုတော့သမီး သိမ်းထားပြီးအဲ့ဒီကောင်လေးနဲ့ထပ်တွေ့မှပြန်ပေးလိုက်နော် "


" ဟုတ်ကဲ့ပါးပါး "


×××


တစ်ပတ်ခန့်ကြာမြင့်ပြီးသည့်အချိန်တွင် ကာလိုဒ်ကဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကာ တိုက်ခန်းအသစ်သို့ပြောင်းရွေ့သွားခဲ့သည် ။ သူမကဝီစကီတစ်ပုလင်းကိုထုတ်ယူကာမော့သောက်ရင်းပြောလိုက်သည် ။


" ငါဒီတစ်ပုလင်းလုံးကုန်အောင်သောက်လိုက်ရင်တော့ အိပ်ပျော်နိုင်လောက်မှာပါ "


ထို့နောက် သူမက ပုလင်းအလွတ်အားကြောင်အစွာငေးကြည့်နေလေတော့သည် ။


×××


ဂျိမ်းစ်မှာ အိပ်မက်ဆိုးကြောင့်ချွေးများရွဲနစ်၍နိုးလာရသည် ။ ကောင်းကောင်းမွန်မွန်မအိပ်စက်ရသည်မှာနှစ်အတန်ကြာပြီဖြစ်၍ သူ၏မှတ်ဥာဏ်ထဲတွင်းစွဲမြဲနေသောမတော်တဆမူဖြစ်သည့်နေ့ရက်များအကြောင်းနှင့် ကာလိုဒ်၏ဖောက်ပြန်မူအကြောင်းကိုသာထပ်တလဲလဲမက်နေခဲ့သည် ။


သူသည် သူ၏သားလေးနှင့် သွေးရင်းကလေးအားဆုံးရူံးခဲ့ရလေသည် ။ သုံးနှစ်တာပြုစုပျိုးထောင်ခဲ့ရသောကလေးငယ်မှာသူ၏သွေးသားရင်းမဟုတ်ဘဲ မတော်တဆမူကြောင့်ဆုံးပါးခဲ့ရသည် ။


တစ်ဖန် သူ၏သွေးသားအရင်းအချာမှာလည်း ကာလိုဒ် ၏သေကြောင်းကြံမူကြောင့်ဆုံးပါးခဲ့ရပြန်သည် ။ 


သူကဘဲ လူတိုင်းကိုရွေးချယ်စရာမရှိသောလမ်းကိုတွန်းပို့နေခဲ့သည်လော သူကသာဖခင်တစ်ယောက

်ဖြစ်ရန်မထိုက်တန်၍ပြစ်ဒဏ်ခတ်ခြင်းခံရသည်လော မတွေးတတ်ပါချေ ။


ကံကြမ္မာမှာ နည်းမျိုးစုံဖြင့်လှည့်စားနေခဲ့လေ၏ ။


ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်၍ နာရီကြည့်မိသောအခါ တစ်နာရီနှစ်မိနစ်ဖြစ်သည် ။ စားသောက်ရန်တစ်ခုခုကိုရှာဖွေရန် ရေခဲသေတ္တာအားဖွင့်သောအခါ ပါကာ့အတွက်လုပ်ထားသောမုန့်များအားတွေ့လိုက်ရပြီး လန်လင်း၏သတိပေးစကားကိုကြားယောင်လာသည် ။


" ဂျိမ်းစ်...အဲ့ဒီမုန့်တွေကိုသွားမထိနဲ့နော်...ပါကာ စားချင်တဲ့အချိန်မပို့ပေးနိုင်ရင်သူငါ့ကိုသတ်လိမ့်မယ်... ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ဒေါသကအရမ်းကြောက်ဖို့ကောင်းတာ "


ဂျိမ်းစ်က လန်လင်း၏အမူအယာလေးအားပြေးမြင်သွားကာပြုံးလိုက်မိသည် ။ ပါကာ့၏မုန့်များအားထိရန်မဖြစ်နိုင်သည့်အတွက် ကိုယ်တိုင်သာလိမ္မော်ရည်တစ်ခွက်ဖျော်လိုက်လေသည် ။


ကွာရှင်းပြီးတဲ့အခါကျရင်တော့ သူ့နှလုံးသားထဲကအစိုင်အခဲကြီးကိုလွှတ်ချနိုင်လောက်လိမ့်မယ်မလား...


Xxxxx