အခန်း (၁) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
"ကြားပြီးပြီလား... ငါတို့ကျောင်းမှာ အထူးဝင်ခွင့်ရကျောင်းသား နောက်တစ်ယောက် ရောက်လာပြန်ပြီတဲ့။ ဒီနေ့ ကျောင်းလာအပ်မယ်လို့ ထင်တာပဲ"
"ငါလည်း ကြားပြီးပြီ" *စိတ်လှုပ်ရှားစွာဖြင့် လက်အချင်းချင်း ပွတ်သပ်ရင်း*
"မင်း သွားရည်ကျနေတာ ရပ်လိုက်လို့ရမလား... မင်း ဘယ်လောက်တောင် မျှော်လင့်တကြီး ဖြစ်နေလဲ ဖုန်း screen ပေါ်ကနေတောင် အနံ့ရနေတယ်!"
"ကစားစရာ အရုပ်အသစ်လေး ရောက်လာတော့မှာကို ငါက ဘာလို့ စိတ်မလှုပ်ရှားဘဲ နေရမှာလဲ။ ကြားတာတော့ ဒီတစ်ယောက်က အောက်ဆိပ်ကမ်း ဆင်းရဲသားရပ်ကွက်ကတဲ့လေ... ဘာနောက်ခံမှလည်း မရှိဘူးဆိုပဲ... ဟဲဟဲ”
'ဟဲဟဲ...မင်းအမေကို ဟဲဟဲနေလိုက်... သောက်ကျိုးနည်း!
ကျောင်းဖိုရမ်ပေါ်မှ ဤပို့စ်ကို ကြည့်ရှုနေရင်း နဥ်စုန့်သည် ပူရှိန်းသကြားလုံးတစ်လုံးကို သွားဖြင့် ကိုက်ခဲဝါးစားလိုက်လေသည်။
ကျောင်းသစ်ရောက်၍ ဤသူဌေးသားများနှင့် တကယ်တမ်း ထိပ်တိုက်တွေ့ဆုံလာရပါက သူ၏ လက်ရှိခန္ဓာကိုယ်အနေအထားဖြင့် လူဘယ်နှယောက်လောက်ကိုများ ဖြိုလှဲနိုင်မည်နည်းဟု သူ တွေးတောမိလိုက်၏။
သူ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ရိုင်းစိုင်းလှသော မှတ်ချက်များကို ပွတ်ဆွဲကျော်ဖတ်လိုက်စဉ်မှာပင် "နဥ်စုန့်လား" ဟု မေးမြန်းလိုက်သည့် အသံဩဩကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
နဥ်စုန့် မော့ကြည့်လိုက်ရာ "အီစတန်ယောကျာ်းလေးကျောင်း" ဟု စာတန်းထိုးထားသော ကျောင်းကားတစ်စီးသည် သူ့ရှေ့တည့်တည့်တွင် ထိုးဆိုက်ရပ်နားထားသည်ကို တွေ့လိုက်ရ၏။ ယူနီဖောင်းဝတ်ဆင်ထားသော ဒရိုင်ဘာသည် သူ့အား စိုက်ကြည့်နေလေသည်။
သူသည် ဖုန်းကိုသိမ်းလိုက်ပြီး မျက်ဝန်းထဲမှ မှုန်မှိုင်းနေမှုများကို ချက်ချင်းဖျောက်ကာ အပြုံးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ခါးညွတ်၍နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ"
ဒရိုင်ဘာသည် အနီးရှိ ဓာတ်တိုင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စကပ်ထားသော ကြော်ငြာစာရွက်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "မင်းအိမ်က ရှာရတာ တော်တော်ခက်တာပဲ"
အီစတန်ယောက်ျားလေးကျောင်းတော်ကြီး၏ ဒရိုင်ဘာတစ်ဦးအနေဖြင့် ကျောင်းသားလာကြိုရာတွင် ဤနေရာမျိုးသို့ လာရောက်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ဤနေရာသည် အီစတန်ပြည်နယ်တွင် အထင်ရှားဆုံးသော ဆင်းရဲသားရပ်ကွက်ဖြစ်ပြီး ရာဇဝတ်မှုများဖြင့် ပွက်လောရိုက်နေသည့် မြေအောက်မြို့တော်နှင့် ကပ်လျက်တွင် တည်ရှိလေသည်။
အထက်တန်းစား ကျောင်းတော်ကြီး၏ တံဆိပ်ပါရှိသော ကျောင်းကားကို မောင်းနှင်လာရသဖြင့် သူသွားလေရာရာ၌ လူတို့၏ စိုက်ကြည့်ခြင်းကို ခံနေရ၏။
ဤနေရာသည် အန္တရာယ်များလှသည်ဟု သတင်းကြားဖူးထားသဖြင့် သူသည် တစ်ချိန်လုံး စိတ်လှုပ်ရှားနေခဲ့ရပြီး လမ်းရှာမတွေ့ဘဲ အကြာကြီး ပတ်မောင်းနေခဲ့ရသည့်အတွက် စိတ်တိုချင်စပြုလာခဲ့သည်။
သူ ဒေါသပေါက်ကွဲချင်လာသော်လည်း နောက်တစ်စက္ကန့်တွင် ကောင်လေးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ခါးညွတ်၍ "တောင်းပန်ပါတယ်၊ ကျွန်တော် ဒုက္ခပေးသလို ဖြစ်သွားပြီ" ဟု ပြောလိုက်သည်ကို မြင်လိုက်ရလေသည်။
လိမ္မာလိုက်တဲ့ ကလေးပဲ။
ပိန်လွန်းနေတာလေး တစ်ခုပါပဲ။
သူသည် စက္ကူတစ်ရွက်ပမာ ပါးလျပြီး မေးစေ့လေးမှာ ချွန်နေ၏။
အနည်းငယ် လှိုင်းတွန့်နေသော သူ၏ ဆံနွယ်များသည် အလွန်နူးညံ့ပျော့ပျောင်းပုံရပြီး၊ သူ၏ မျက်ဝန်းများကဲ့သို့ပင် ပယင်းရောင်ရှိလေသည်။
သူ့၌ အာဟာရပြတ်လပ်နေပုံပေါက်ပြီး ဖြူဖျော့သော အသားအရေနှင့် ကျဉ်းမြောင်းကာ အနည်းငယ် အောက်သို့ကျနေသော ပခုံးစွန်းများ ရှိ၏။
သူ့ကျောဘက်တွင် လွယ်ထားသော ကျောပိုးအိတ်ကြီးသာ မရှိလျှင် သူ၏ ကျောရိုးဆစ်များကိုပင် မြင်ရလောက်ပေသည်။
ဖေဖော်ဝါရီလကုန်နေပြီ ဖြစ်သော်လည်း လွန်ခဲ့သောရက်အနည်းငယ်က ရာသီဥတု အေးစိမ့်သွားခဲ့ပြီး မိုးအနည်းငယ် ရွာသွန်းခဲ့သေးသည်။
ဤနေရာရှိ လမ်းများသည် ကျဉ်းမြောင်းလွန်းလှသဖြင့် နေရောင်ခြည်ဝင်ရောက်ရန်ပင် ခက်ခဲကာ အေးစက်စိုစွတ်နေလေသည်။
အအေးဒဏ်ကြောင့် နှာခေါင်းထိပ်လေး ရဲနေသည်ကို ကြည့်ခြင်းအားဖြင့် သူ စောင့်နေရသည်မှာ ကြာနေပြီဖြစ်ပုံရပြီး၊ ထိုအရာက သူ့မျက်နှာကို ပို၍ပင် ဖျော့တော့နွမ်းနယ်သွားစေသည်။
စုတ်ပြတ်နေသော အိုးမဲ့အိမ်မဲ့များ၊ မီးနီရပ်ကွက်ကြော်ညာများ** ဝန်းရံလျက်ရှိနေသော သူ့ပုံစံက မြင်ရသူအဖို့ စိတ်မကောင်းစရာပင်။
(T/N **ကာမအပျော်အပါးဆိုင်ရာ ကြော်ညာဆိုင်းဘုတ်တွေကို ပြောတာပါ)
ဤကဲ့သို့သော ကောင်လေးတစ်ယောက်ကို သူ မဆူရက်တော့သဖြင့် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်တော့သည်။ "တက်ခဲ့"
နဥ်စုန့် ကျောပိုးအိတ်ကို လွယ်လျက် ကားပေါ်သို့ တက်လာခဲ့ရာ ဒရိုင်ဘာက နောက်ကြည့်မှန်မှတစ်ဆင့် သူ့အား တစ်ချက်လှမ်းကြည့်ပြီး မေးလာသည်။ "အထူးဝင်ခွင့်လား"
နဥ်စုန့် ခေါင်းညိတ်ပြပြီး မော့ကြည့်လိုက်ရာ နောက်ကြည့်မှန်ထဲမှ ဒရိုင်ဘာ၏ အကြည့်နှင့် ဆုံသွားတော့သည်။
ဒရိုင်ဘာ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း၊ နောက်ဆုံးတွင်မူ သူ ဤသို့သာ ပြောလိုက်နိုင်တော့သည်။
"မလွယ်ခဲ့လောက်ဘူး... ဂုဏ်ပြုပါတယ်"
နဥ်စုန့် နှုတ်ခမ်းကို ကွေးညွတ်၍ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်ဗျာ”
သူ ပြုံးလိုက်သောအခါ နှုတ်ခမ်းထောင့်တွင် အပြုံးရာရေးရေးလေးပေါ်လာပြီး သူ၏ အမူအရာတွင် ထိရှလွယ်သော နုနယ်မှုတစ်မျိုး ကပ်ငြိနေလေသည်။
ဒရိုင်ဘာသည် ဘာမှထပ်မပြောတော့ဘဲ အီစတန်ယောက်ျားလေးကျောင်းတော်ကြီးဆီသို့ ကားမောင်းထွက်လာခဲ့တော့သည်။
ဒရိုင်ဘာက သူ့ကို ဘာကြောင့် ယခုလိုကြည့်ခဲ့သည်ကို နဥ်စုန့် သိနေခဲ့ပါသည်။
ဆင်းရဲသားရပ်ကွက်မှ ကံကောင်းထောက်မစွာဖြင့် အီစတန်ကျောင်းတော်ကြီးသို့ ရောက်လာနိုင်သည့် ကလေးမျိုးမှာ အလွန်ရှားပါးလှသည်သာ။
သူသည်ကား Gentlemen's Gift ဟုခေါ်သော ဝတ္ထုကို မဖတ်ဖူးသော်လည်း ထိုဝတ္ထုမှာ အလွန်ရေပန်းစားလှသဖြင့် နေရာတိုင်းတွင် ထိုဝတ္ထုမှ ခွဲထွက်လာသော ဇာတ်လမ်းများကို တွေ့နေရတတ်သည်။
သူ့သူငယ်ချင်းမလေးဆိုလျှင် ထိုဝတ္ထုကို စွဲလမ်းလွန်းအားကြီးသဖြင့် သူ့ကိုပါ ဖတ်ကြည့်ရန် အမြဲတစေ တိုက်တွန်းနေတတ်၏။
သူမအတွက် ဝတ္ထုထုတ်ကုန်ပစ္စည်းများကို တန်းစီဝယ်ပေးရန် သူ ကူညီပေးဖူးသော်လည်း၊ ပစ္စည်းများမှာ အမြဲလိုလို ချက်ချင်း ရောင်းကုန်သွားတတ်သည်။
အဆုံးမှာတော့ သူမ၏မွေးနေ့လက်ဆောင်အဖြစ် ရှန့်ယွီ(အွန်လိုင်းစျေးဆိုင်)မှတဆင့် ဈေးခေါင်ခိုက်နေသည့် အထူးထုတ်ကတ်ဂိမ်းတစ်ခုကို သူ ဝယ်ယူပေးခဲ့လေသည်။
ထိုအရာသည် ဤဝတ္ထုနှင့် သူ အနီးစပ်ဆုံး ထိတွေ့ဖူးခြင်းပင် ဖြစ်၏။
စုစုပေါင်း ကတ် ၂၀ ပါရှိပြီး လွန်ခဲ့သော ရက်အနည်းငယ်က သူသည် သူ၏ မှတ်ဉာဏ်ထဲရှိသလောက် ကတ် ၁၀ ကတ်ခန့်ကို ပုံတူကူးဆွဲထားခဲ့သေးသည်။
သူသည် အိတ်ကပ်ထဲမှ ထိုကတ်များကို ထုတ်လိုက်ပြီး တစ်ချပ်ချင်းစီ လှန်လှောကြည့်လိုက်သည်။
ပထမဆုံး ကတ်ပြားပေါ်မှ ကောင်လေးသည် ကြမ်းတမ်းပြီး ရိုင်းစိုင်းပုံရသည်။ ဤဇာတ်ကောင်ကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေရသည့် အကြောင်းအရင်းမှာ သူ၏ တက်တူးများကြောင့် ဖြစ်၏။
'ဒါက စိတ်ကူးယဉ် ဝတ္ထုပဲလေ... တက်တူးတွေ ရှိမှာပေါ့' ဟု ထိုအချိန်က သူ တွေးမိခဲ့သေးသည်။ သူ အထက်တန်းကျောင်းသားဘဝတုန်းကတော့ မြင်သာထင်သာရှိသည့် နေရာမျိုးတွင် တက်တူးထိုးရဲသူ တစ်ယောက်မှ မတွေ့ဖူးခဲ့ချေ။
2D ဇာတ်ကောင်သာ ဖြစ်သော်လည်း ကတ်ပြားပေါ်တွင် ထိုဇာတ်ကောင်၏ အသွင်အပြင်များကို ပီပြင်စွာ ဖော်ပြထားနိုင်ပေသည်။ ထိုသူသည် ဇာတ်ကောင်အားလုံးအနက် ကြေးညိုရောင်အသားအရေနှင့် အတောင့်တင်း အကြံ့ခိုင်ဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ပြင် ကတ်ပြားများထဲတွင် ကျောင်းယူနီဖောင်းကို သေသပ်စွာ မဝတ်ဆင်ထားသည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။ လက်ဝှေ့လက်အိတ်ကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော လူဆိုးကောင်လေးတစ်ယောက်အဖြစ် ပုန်ကန်လိုသော လူမိုက်ပုံစံ ပေါက်နေလေသည်။
ကတ်ပြား၏ ထိပ်တွင် သူ့နာမည်ကို ရေးသားထားသည်၊ "လီယို"။
သူ့သူငယ်ချင်းကတော့ ဤဇာတ်ကောင်ကို "ကောကော ပြည်ကြီးငါးဟု ခေါ်လေ့ရှိပြီး၊ ရက်စက်တတ်သည့် ဂိုဏ်းစတားဖြစ်ဖို့ရန် တစ်လှမ်းပဲလိုတော့သော “လမ်းလျှောက်နေတဲ့ ဟော်မုန်းစက်ကြီး”ဟု တင်စားလေ့ရှိသည်။
ကတ်ပြား၏ အောက်ခြေတွင် သူမှတ်မိနေသော ဇာတ်ကောင်၏ အချက်အလက်များ ပါရှိသည်– အသက် - ၁၈ နှစ်၊ အရပ် - ၁၈၇ စင်တီမီတာ၊ နာမည်ပြောင် - "ကျောင်းဝတ်စုံနှင့် လူမိုက်"။
ထိုကတ်ပြားကို ကျော်ပြီး လှန်လိုက်ရာ ဆံပင်ဖြူနှင့် လှပသော ကောင်လေးတစ်ယောက်၏ ပုံ ပေါ်လာလေသည်။
သူ့သူငယ်ချင်း ပြောစကားအရဆိုလျှင် ဤတစ်ယောက်သည် တစ်ကျောင်းလုံး၏ ရုပ်ရည်အဆင့်အတန်းကို သယ်ပိုးထားသူ ဖြစ်သည်သာ။
သူ့နာမည်က ရှန့်ယန်း။ နဥ်စုန့် ထိုနာမည်ကို မှတ်မိနေရခြင်းမှာ ဇာတ်ကောင်စရိုက်နှင့် အလွန်လိုက်ဖက်ညီနေသောကြောင့် ဖြစ်သည်။ သူသည် ထက်မြက်ပြီး အချုပ်အနှောင်ကင်းမဲ့သူ ဖြစ်၏။
ဖြူဝင်းသော အသားအရေပေါ်တွင် အနက်ရောင် နားကပ်ကို ဝတ်ဆင်ထားပြီး၊ သူ့နာမည် "Yan 焱" တွင် ပါဝင်သည့် မီးတောက် 火သုံးခု ပေါင်းစပ်ထားသကဲ့သို့ပင် ထင်ရှားတောက်ပလွန်းလှသည်။
ကတ်ပြားအောက်ခြေရှိ အချက်အလက်များက ဆိုသည် - အသက် - ၁၇ နှစ်၊ အရပ် - ၁၈၅ စင်တီမီတာ၊ ကျောင်း၏ အချောဆုံး ကောင်လေး၊ အီစတန်ကျောင်းတော်ကြီး၏ သခင်လေး ငါးယောက်အနက် တစ်ဦး။
ထို့ပြင် သူ့အကြောင်းနှင့် ပတ်သက်၍ အလွန်ကွဲပြားခြားနားသော အချက်တစ်ချက်ကိုလည်း နဥ်စုန့် မှတ်မိနေသေးသည်။ အနှီသူသည် အလွန် ရက်စက်ကြမ်းကြုတ်သော ခွေးတစ်ကောင်ကို မွေးထားသော်လည်း ထိုခွေးနာမည်ကို "မိန်းကလေး" ဟု ပေးထားခြင်းပင်။
နောက်ထပ် ကတ်ပြားတစ်ခုတွင် မျက်မှန်တပ်ထားသော နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ခန့်ညားသည့် လူငယ်တစ်ယောက်ကို တွေ့ရသည်။ နဥ်စုန့် သူ့နာမည်ကို မမှတ်မိတော့ပေ၊ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ကြောင်းနှင့် သူ့သူငယ်ချင်း အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်ကြောင်းသာ မှတ်မိတော့သည်။
သူသည် ဆက်ဆိုဖုန်း* မှုတ်တတ်သည်။ ဘတ်စကက်ဘောကို လက်တစ်ဖက်တည်းဖြင့် ဖမ်းနိုင်သည်။ ကျောင်းပရိဝုဏ်မှ နှင်းဆီခိုင်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်း အားလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
(*လက်နှိပ်ရန် ခလုတ်များပါသော ကြေးလေမှုတ်တူရိယာ တစ်မျိုး။)
မိန်းကလေးများက ဤကဲ့သို့ လန်းဆန်းသော အငွေ့အသက်ရှိသည့် ပုံစံမျိုးကို ပိုသဘောကျကြပုံရ၏။
နောက်ထပ် ကတ်ပြားတစ်ခုတွင်လည်း အလားတူ မျက်မှန်တပ်ထားသည့် အရပ်ရှည်ရှည်နှင့် ခန့်ညားသော ကောင်လေးတစ်ယောက်ကို ပြထားသော်လည်း သူ့မျက်နှာထားက ပို၍ မောက်မာပုံရလေသည်။ သူ့ပုံရိပ်တစ်ခုလုံးက သန့်ပြန့်တင့်တယ်နေသော်လည်း မောက်မာဝင့်ကြွားသော ဥဒေါင်းတစ်ကောင်ကဲ့သို့ ယုတ်ညံ့သည့် စိတ်ဓာတ်ရှိပုံ ပေါက်နေသည်။
သူ့ဇာတ်ကောင် မိတ်ဆက်တွင် "ဥဒေါင်း" ဟူသော အသုံးအနှုန်းကို တွေ့ဖူးခဲ့သည်ဟု နဥ်စုန့် မှတ်မိနေသည်။
နောက်ထပ် နှစ်ယောက်ကတော့ သူ့မှတ်ဉာဏ်ထဲတွင် ထင်ရှားနေဆဲပင်။ တစ်ယောက်မှာ မိန်းကလေးတစ်ယောက်နှင့် အလွန်တူနေပြီး မယုံနိုင်လောက်အောင် လှပသောကြောင့် ဖြစ်သော်လည်း၊ ထိုသူ့နာမည်ကို သူ မမှတ်မိတော့ပေ။ သူသည် အလွန်လှပသော "ရှို့" ဇာတ်ကောင်တစ်ဦး ဖြစ်ရပေမည်။
ကျန်တစ်ယောက်ကိုမူ ခေါင်းနောက်တွင် ပိုနီတေးစည်းထားပြီး အလွန်ချစ်စရာကောင်းသူဟု သူ မှတ်မိနေသည်။
ကျန်သော ကတ်ပြားများနှင့် ပတ်သက်၍မူ သူ သိပ်မမှတ်မိတော့ပေ။ အက သင်တန်းသားတစ်ယောက်၊ ဘတ်စကက်ဘော ကစားသမားတစ်ယောက်၊ ကျန်တာက အတော်ဆုံးကျောင်းသား အနည်းငယ် စသဖြင့် အသေးစိတ် အချို့ကိုသာ ဝေဝါးဝါး မှတ်မိတော့သည်။
သူတို့အားလုံးသည် အရပ် ၁၈၀ စင်တီမီတာ ကျော်ကြပြီး အချို့ဆိုလျှင် ၁၉၀ စင်တီမီတာပင် ကျော်လွန်ကြသေးသည်။
သူ့သူငယ်ချင်းက "18 guys"နှင့်"19 guys" ဟု ပြောနေသည်ကို ကြားဖူးသောကြောင့် ဤအချက်ကို သူ သိနေခြင်း ဖြစ်၏။
ဤသည်ကား ဇာတ်ကောင်စုံ ပါဝင်သည့် BL ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ဇာတ်လမ်းက အထက်တန်းစား အထက်တန်းကျောင်းတစ်ကျောင်းတွင် တည်ရှိသော်လည်း ဤကျောင်းဝင်းကြီးကမူ လက်တွေ့ကမ္ဘာတွင် သူ ရင်းနှီးကျွမ်းဝင်ခဲ့သည့် မည်သည့်ကျောင်းနှင့်မျှ မတူညီပေ။
ဤသည်ကား Boys' Love ကျောင်းတော်ကြီးတစ်ခုသာဖြစ်ပြီး နေရာတိုင်းတွင် Gay အချစ်ဇာတ်လမ်းများ ရှိနေသောကြောင့်ပင်!
သို့ဆိုလျှင် မေးခွန်းထုတ်စရာ ရှိလာချေပြီ…. ဒီဝတ္ထုကမ္ဘာမှာ သူက ဘယ်အခန်းကဏ္ဍကပါနေတာလဲ?..
သူ၊ နဥ်စုန့်သည် ဆင်းရဲသော ရပ်ကွက်တစ်ခုမှ အထူးဝင်ခွင့်အစီအစဉ်ဖြင့် အထက်တန်းစား ကျောင်းတော်ကြီးဆီသို့ ပြောင်းရွှေ့လာသော အသက် ၁၇ နှစ်အရွယ် ဒုတိယနှစ် အထက်တန်းကျောင်းသား တစ်ဦးဖြစ်သည်။
သူ့အရပ်က ၁၇၅ စင်တီမီတာ၊ ကိုယ်အလေးချိန်က ပေါင် ၁၀၀ ကျော်ရုံသာရှိပြီး တင်ပါးတွင် အသားဟူ၍ မရှိသလောက်ပင်။ အလှတရားဆိုသည်မှာ သူနှင့် လားလားမျှ မသက်ဆိုင်ချေ။
သာမန် BL ဇာတ်လိုက်တစ်ယောက်တွင် ရှိတတ်သည့် အလှတရား၊ စွံ့ကားနေသောတင်ပါးနှင့် အရပ်အမောင်းမျိုး သူ့၌ မရှိပေ။
သူသည် ညှို့ဓာတ်မရှိ၊ ဝင်တိုက်လိုက်ရုံနှင့် ပြိုလဲသွားမည့် အားနည်းသူ တစ်ယောက်မျှသာ။
သူ့လက်ထဲရှိ ကတ်ပြားအားလုံးကို ဖြန့်ချလိုက်ရာ ချောမောသော အထက်တန်းကျောင်းသား ကောင်လေးများ၏ ပုံ တစ်ဒါဇင်ကျော် ပေါ်ထွက်လာသည်။
ထိုအဓိကဇာတ်ကောင် ကတ်ပြား ၂၀ ထဲတွင် သူ မပါဝင်ကြောင်း အတော်လေး သေချာနေသည်။
ထိုအဓိကဇာတ်ကောင် ၂၀ ကို ဖယ်လိုက်လျှင် အီစတန်ကျောင်းတော်ကြီး၏ ထောင်နှင့်ချီသော ကျောင်းသားများထဲမှ ရာပေါင်းများစွာသော အရံဇာတ်ကောင်များ၊ အမြောက်စာများ၊ သို့မဟုတ် လူပိုများထဲမှ တစ်ယောက်သာ ဖြစ်လောက်ပေသည်။
အီစတန်မြို့တွင် ခရိုင် ၁၄ ခု ရှိပြီး၊ အဆင်းရဲဆုံးမှာ အောက်ဆိပ်ကမ်း ဖြစ်ကာ အချမ်းသာဆုံးမှာ ရေဒီယာပုလဲကျွန်းဖြစ်သည်။
ဖြစ်ချင်တော့ ချမ်းသာမှုကွာဟချက် အကြီးမားဆုံးဖြစ်သည့် ဤခရိုင်နှစ်ခုသည် ပင်လယ်ကူးတံတားလေး တစ်စင်းသာ ခြားလျက် ကပ်လျက်တည်ရှိနေကြသည်။
ယိုယွင်းပျက်စီးနေသော အဆောက်အအုံများနှင့် တဲအိမ်များ လွှမ်းမိုးထားသည့် အောက်ဆိပ်ကမ်းမှ ကားထွက်ခွာလာပြီး၊ ပင်လယ်ကူးတံတားကို ဖြတ်၍ ရေဒီယာပုလဲကျွန်းသို့ ဝင်ရောက်လာသည်နှင့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
အနာဂတ်ဆန်သော မိုးမျှော်တိုက်ကြီးများနှင့် ရှေးဟောင်း ဥရောပစတိုင် အဆောက်အအုံများသည် ယှဉ်တွဲတည်ရှိနေပြီး အာရှဖက်ဒရေးရှင်း၏ မိုးမျှော် မျှော်စင်ညီနောင်သည် မိုးကောင်းကင်ကို ထိုးဖောက်မတတ် မြင့်မားစွာ တည်ရှိနေလေသည်။
ဤချမ်းသာသော ရပ်ကွက်ရှိ ပင်လယ်ရေသည်ပင်လျှင် အောက်ဆိပ်ကမ်းရှိ ရေထက် ပို၍ ပြာလဲ့နေသယောင်။
အီစတန်ပြည်နယ်၏ အချမ်းသာဆုံး ရပ်ကွက်သို့ သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး၊ ရေဒီယာပုလဲကျွန်းသည် ပင်လယ်ထဲတွင် မြှုပ်နှံထားသော ပုလဲတစ်လုံးကဲ့သို့ပင် တကယ်ကို လှပလွန်းလှသည်။
ဤကမ္ဘာသည် ကြီးမားသော ချမ်းသာကြွယ်ဝမှု ကွာဟချက်ရှိသည့် ထူးဆန်းသော ကမ္ဘာတစ်ခုဖြစ်ပြီး၊ အဖိုးတန်ပစ္စည်းများကို လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းကြီးများကသာ ခြယ်လှယ်ထားကြသည်။
၎င်းသည် ဆင်းရဲသားရပ်ကွက်မှ ကျောင်းသားတစ်ဦးဖြစ်သည့် သူ တစ်ခါမျှ မကြုံဖူးခဲ့သော သူဌေးတို့၏ ကမ္ဘာပင် ဖြစ်ချေသည်။