အခန်း (၂) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
တစ်နာရီခန့် ကြာသောအခါ အမှတ်(၁) စိန့်မိုက်ကယ်ရိပ်သာလမ်း သို့ ရောက်ရှိလာကြပြီး၊ ကားပြတင်းပေါက်မှတစ်ဆင့် အီစတန်ယောက်ျားလေးကျောင်းတော်ကြီး၏ ခမ်းနားထည်ဝါသော ဂိတ်တံခါးကြီးကို သူ လှမ်းမြင်လိုက်ရသည်။
ရှေးဟောင်း ရောမစတိုင် ဂိတ်တံခါးကြီးတွင် နှင်းဆီနှင့် ဓားပုံသဏ္ဌာန် ထွင်းထုထားသော ဂရင်းနိုက်ကျောက်တိုင်များ ရှိပြီး၊ အောက်ဘက်တွင် အနီရောင်နောက်ခံပေါ်၌ အနက်ရောင် စာလုံးများဖြင့် "အီစတန်ယောကျာ်းလေးကျောင်း" ဟု ရေးသားထားလေသည်။
ဂိတ်တံခါးမှ ဝင်လိုက်သည်နှင့် ဘယ်ဘက်တွင် တံတိုင်းတစ်ခု ရှိပြီး၊ ညာဘက်တွင် ဝါးတဲလ်ပန်းဖြူများ ဖုံးလွှမ်းနေသော တောင်ကုန်းတစ်ခု ရှိသည်။
ယခုအချိန်သည် ဝါးတဲလ်ပန်းဖြူများ ပွင့်သည့် ရာသီဖြစ်သဖြင့်၊ မွှေးပျံ့သော ပန်းဖြူပွင့်ကြီးများသည် နှင်းကဲ့သို့ ဖြူစင်သန့်ရှင်းနေကြသည်။
လေတိုက်ခတ်လိုက်သောအခါ ပြင်းရှသော ရနံ့များက ရေတံခွန်ပမာ စီးဆင်းလာပြီး၊ အလွန်အမင်း ချိုအီသော ရေမွှေးနံ့မှာ ပြင်းထန်လာသည့်အခါ ကောင်လေးများထံမှ ရတတ်သည့် ရနံ့ကဲ့သို့ပင် မွှေးသလိုလိုနှင့် နံသလိုလို ဖြစ်လာတော့သည်။
ထောင့်ချိုးတစ်ခုကို ကွေ့လိုက်ရာ လိမ်ယှက်နေသော သစ်ကိုင်းများနှင့် မြင့်မားသော သစ်ပင်ကြီးများကို တွေ့လိုက်ရ၏။ ရွှေရောင် နေရောင်ခြည်အောက်တွင် မြူပါးပါးလေး တွဲခိုနေပြီး ၎င်း၏ အောက်တွင် အနီရောင်အုတ်ကြွပ်မိုး၊ အညိုရောင်နံရံနှင့် အဆောက်အအုံများ တန်းစီလျက် ရှိနေလေသည်။
အဆောက်အအုံများသည် ဟောင်းနွမ်းနေပြီး ဆွေးမြေ့နေသော ခမ်းနားထည်ဝါမှုမျိုးကို ထုတ်လွှတ်နေသည်။ အဝေးမှ ခေါင်းလောင်းစင်ကြီးတစ်ခု ရုတ်တရက် ထိုးစပြုလာခဲ့၏။
ခေါင်းလောင်းစင်၏ ပြတင်းပေါက်များကို ရောင်စုံမှန်များဖြင့် ပြုလုပ်ထားပြီး ဘုရားသခင်၏ သရဖူကဲ့သို့ပင် တောက်ပနေလေသည်။
လေထုထဲတွင် မွှေးပျံ့သော ရနံ့များ ပြည့်နှက်နေ၏။ သူ ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ မနက် ၉ နာရီတိတိ ရှိနေပြီဖြစ်သည်။
ခေါင်းလောင်းသံ တိတ်သွားသည်နှင့် ကျောင်းဝင်းတစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားလေသည်။
ယူနီဖောင်းနှင့် သားရေဖိနပ်များ ဝတ်ဆင်ထားသော ကျောင်းသားအုပ်ကြီး မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ဆူညံသော အသံဗလံများက စိမ်းလန်းသော သစ်ပင်များကို လှုပ်ခတ်သွားစေသည်။
ဤမြင်ကွင်းသည် ကျောင်းတက်ဖူးသူတိုင်းအတွက် ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော် မြင်ကွင်းထဲရှိ ကျောင်းသားအားလုံးမှာ ဆယ်ကျော်သက် ကောင်လေးများသာဖြစ်ပြီး ရှုပ်ယှက်ခတ် သွားလာလှုပ်ရှားနေကြသည်ဟူသော အချက်တစ်ခုသာ ကွာခြားလေသည်။
လေထုထဲတွင် တက်ကြွလန်းဆန်းပြီး နုပျိုသော ဟော်မုန်းများ လှိုင်လှိုင်ထနေသကဲ့သို့ ခံစားရပြီး၊ နဥ်စုန့်အား ယောက်ျားလေးသီးသန့်ကျောင်းဟူသော အသိစိတ်ကို ကွက်ကွက်ကွင်းကွင်း ခံစားမိစေသည်။
၎င်းသည် သူ ယခင်က နေထိုင်ခဲ့သော ကမ္ဘာနှင့် လုံးဝ ကွဲပြားခြားနားသည့် ကမ္ဘာတစ်ခု__ BL စကြာဝဠာကြီးတစ်ခုပင်တည်း။
ယခင်က ဘာသာရေးကျောင်းဖြစ်ခဲ့သော ဤကျောင်းကို ယခုအခါ အီစတန်ပြည်နယ်၏ ဂုဏ်အသရေအရှိဆုံးနှင့် ခေတ်အမီဆုံး ယောက်ျားလေးကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
နှစ်စဉ် ကျောင်းလခ အေစီကွိုင်တစ်သန်းနီးပါး ရှိပြီး၊ အာရှဖက်ဒရေးရှင်း၏ ဂုဏ်အသရေအရှိဆုံး ယောက်ျားလေးကျောင်းကြီး ၄ ကျောင်းထဲမှ တစ်ကျောင်းဖြစ်ကာ သာမန်လူများအတွက် လက်လှမ်းမမီနိုင်သော အထွတ်အမြတ်နေရာတစ်ခုလည်း ဖြစ်သည်။
စည်းကမ်းနှင့် ဖရိုဖရဲနိုင်မှုများ ဒွန်တွဲနေပြီး အခွင့်ထူးခံများအတွက်မူ သုခဘုံပင်။
ကျောင်းကားကြီးသည် သူ့ကိုတင်ဆောင်လျက် လူအုပ်ကြားထဲ ဖြတ်မောင်းလာခဲ့သည်။ ယူနီဖောင်းဝတ်ဆင်ထားသော သခင်လေးများအားလုံးက သူ့ကို လှည့်ကြည့်ကြ၏။
စာသင်ဆောင်ရှေ့ရှိ မယ်တော်မာရီ ရုပ်တုကြီးကမူ နူးညံ့ပြီး ကြင်နာသနားတတ်သော အကြည့်ဖြင့် ငုံ့ကြည့်နေသည်။
နဥ်စုန့်၏ နုနယ်ပြီး ဖြူဖျော့ဖျော့မျက်နှာလေးမှာမူ ကားပြတင်းပေါက်မှန်မှတစ်ဆင့် ဖြတ်ပြေးနေသော အလင်းနှင့် အရိပ်များကြားတွင် ဖုံးကွယ်နေပြီး၊ သာမန်ကာလျှံကာနှင့် ပိန်ပိန်ပါးပါးလေးသာ ရှိလေသည်။
လမ်းဘေးရှိ ကောင်လေးများသည် ကျောင်းကားစီးလာသော နဥ်စုန့်ကို လက်ညှိုးထိုး၍ တီးတိုးပြောနေကြသည်။
"ဟိုမှာကြည့်စမ်း၊ အဲ့ဒါ အထူးဝင်ခွင့်ကျောင်းသား မဟုတ်လား"
"ဘယ်သူလဲ"
"ဒုတိယနှစ် အခန်း ၃က အထူးဝင်ခွင့်ကျောင်းသားလေ၊ ဟုတ်တယ်မလား"
"သူက အီစတန်ကျောင်းတော်ကြီးရဲ့ ၁၁၂ နှစ်တာ သမိုင်းတစ်လျှောက်မှာ ဆင်းရဲသားရပ်ကွက်ကနေ ပထမဆုံးရောက်လာတဲ့ အထူးဝင်ခွင့်ကျောင်းသားပဲ"
ကျောင်းကားသည် ကျောင်းဝင်းအနှံ့ မောင်းနှင်လာပြီး တရုတ်နှင့် အနောက်တိုင်း စတိုင် ရောစပ်တည်ဆောက်ထားသော အနီရောင်နံရံ၊ အနက်ရောင်အမိုးကြွပ်များနှင့် နှစ်ထပ်အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
"မင်းကို ဒီနားမှာပဲ ချပေးဖို့ ညွှန်ကြားထားတယ်။ ခဏနေ တစ်ယောက်ယောက် ဆင်းလာပြီး မင်းကို လာတွေ့လိမ့်မယ်" ဟု ဒရိုင်ဘာက ပြောလိုက်သည်။
ဖြစ်နိုင်ချေကို ဒရိုင်ဘာ တွေးလိုက်မိသည်။
သူသည် မည်သူမျှ သိပ်ဂရုစိုက်မည်မဟုတ်သော အထူးဝင်ခွင့်ကျောင်းသားလေး တစ်ယောက်သာ ဖြစ်သည်။ လျစ်လျူရှုခံရခြင်းဆိုသည်မှာ သူ နောက်နောင် ရင်ဆိုင်ရမည့် အခက်အခဲပေါင်းများစွာထဲမှ အသေးအဖွဲဆုံး ကိစ္စလေးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
နဥ်စုန့် ကားပေါ်မှဆင်းပြီး ဒရိုင်ဘာကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ဒရိုင်ဘာက သူ့ကို အဓိပ္ပာယ်ပါပါဖြင့် ခဏတာ စိုက်ကြည့်နေမိသည်။ လေတစ်ချက်ဝှေ့လိုက်သဖြင့် နဥ်စုန့်၏ ဆံပင်များက မျက်ခုံးများကို ဖုံးလုမတတ် ဖြစ်သွားသည်။ ဒရိုင်ဘာက တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ကားမောင်းထွက်သွားပါတော့သည်။
နဥ်စုန့်သည် လေးလံသော ကျောပိုးအိတ်ကြီးကို လွယ်လျက် အဆောက်အအုံအောက်တွင် ခဏလောက် ရပ်နေစဉ် ရုတ်တရက် အနီးနားရှိ သစ်တောအုပ်လေးထဲမှနေ၍ ကျောင်းယူနီဖောင်းဝတ် ကောင်လေးနှစ်ယောက် လက်ချင်းချိတ်ပြီး ထွက်လာသည်ကို မြင်လိုက်ရ၏။
Damn, this really is a school for gay boys!
သောက်ကျိုးနည်း... ဒါ တကယ်ကြီး ဂေးကျောင်းကြီးပဲဟ!
သူ သတိလက်လွတ်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိရာ "ဂျွတ်" ဆိုသော အသံနှင့်အတူ ပန်းခက်တစ်ခက်ကို တက်နင်းမိသွားသည်။
ထိုအရာသည် တောက်လောင်နေသော ပန်းရောင်ပန်းပွင့်များပါသည့် သစ်ကိုင်းတစ်ခက်ဖြစ်ပြီး၊ သူ နင်းမိလိုက်သောနေရာတွင် ပန်းပွင့်ဖတ်များသည် ရွှံ့များနှင့်ရောကာ ကြက်သွေးရောင် အရာအထပ်ထပ် ဖြစ်သွားရရှာသည်။
အေးစက်ကြည်လင်သော ယောက်ျားလေးအသံတစ်ခုက အေးတိအေးစက် မေးလာ၏။ "မင်းက အောက်ဆိပ်ကမ်း အထက်တန်းကျောင်း အမှတ်၃ကနေ ပြောင်းလာတဲ့ ကျောင်းသားသစ် နဥ်စုန့် လား"
နဥ်စုန့် လှည့်ကြည့်လိုက်ရာ မျက်မှန်တပ်ထားပြီး အနက်ရောင်ယူနီဖောင်း၊ မီးခိုးရောင် ဘောင်းဘီရှည်နှင့် အနက်ရောင် သားရေဖိနပ် စီးထားသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဖိနပ်ပေါ်ရှိ လိပ်ပြာပုံကြိုးချည်နည်းသည်ပင်လျှင် ထောင်လွှားတင့်တယ်မှုမျိုး ရှိနေ၏။ သူသည် နဥ်စုန့်အား မျက်လွှာအသာချပြီး ကြည့်နေလေသည်။
ယခင်က သူ၏ စိတ်မရှည်တတ်သော အကျင့်ဖြင့်သာဆိုလျှင်၊ ဤကဲ့သို့ မောက်မာသောလူမျိုးကို ဂရုစိုက်နေမည် မဟုတ်ချေ။
ယခုမူ တစ်ဖက်လူ၏ရင်ဘတ်ပေါ်ရှိ ရွှေရောင် နာမည်တံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ သူ ချိုချိုသာသာလေး ပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေး ခါးညွတ်၍ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ စီနီယာ"
ကျိုးလွီဟု ခေါ်သော ဤစီနီယာသည် တော်တော်လေး တည်တင်းပြီး အေးစက်သော မျက်နှာထားမျိုး ရှိသည်။ သူ့မျက်ဝန်းထဲမှ စိတ်ပျက်မှုနှင့် အထင်သေးမှုတို့ကို ဖုံးကွယ်ထားရန် ခက်ခဲနေပုံရ၏။ "ငါ့နောက်လိုက်ခဲ့" ဟု သူက ပြောလာသည်။
နဥ်စုန့် သူ့နောက်မှ လိုက်ပါသွားခဲ့၏။ လမ်းလျှောက်နေရင်း စီနီယာကျိုးက လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်း အသက်ဘယ်လောက်လဲ"
"ဆယ့်ခုနစ်နှစ်ပါ" ဟု နဥ်စုန့် ပြန်ဖြေလိုက်သည်။
"မင်းက ဓာတ်ပုံထဲကထက် ပိုငယ်တဲ့ပုံပေါက်နေတယ်။ မြင်မြင်ချင်း ငါ လူမှားပြီတောင် ထင်လိုက်တာ"
"ဓာတ်ပုံထဲမှာ နည်းနည်း ပိုဝနေလို့ ဖြစ်မှာပါ" နဥ်စုန့်က ပြုံးပြီး ပြောလိုက်သည်။
သူ ပြုံးလိုက်သောအခါ နှုတ်ခမ်းထောင့်မှ အပြုံးရာလေးများ ထင်ရှားလာပြီး သူ့ကို ပို၍ပင် ပိန်သွားသယောင် ထင်ရစေသည်။ စီနီယာကျိုးက မောက်မာသောပုံစံဖြင့် မျက်ခုံးပင့်လိုက်ပြီး သူ့ကို ဆက်မကြည့်တော့ချေ။
အီစတန်ကျောင်းတော်ကြီးသည် ကျောင်းသားများသမဂ္ဂကို လုပ်ပိုင်ခွင့်အာဏာ အများအပြား ပေးအပ်ထားသည်။ ရုံးအဆောက်အအုံတစ်ခုလုံးနီးပါးတွင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များဖြင့် ပြည့်နှက်နေပြီး၊ စီမံခန့်ခွဲရေး အလုပ်အများစုကို သူတို့ကပင် တာဝန်ယူရသည်။ ကျိုးလွီသည် ဒုတိယနှစ်ကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်ပြီး ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ သုံးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။
သမဂ္ဂအဖွဲ့ဝင်များက သူ၏ ဝင်ခွင့်အဆင့်ကို ပြန်လည်အကဲဖြတ်ပြီး အဆင့်သတ်မှတ်ပေးကြသည်။ ကျိုးလွီက သူ့အား နာမည်တံဆိပ်တစ်ခု ကမ်းပေးရင်း ပြောသည်။ "ဒါ မင်းရဲ့ နာမည်တံဆိပ်ပဲ။ ကျောင်းဝင်းထဲမှာ ရှိနေသရွေ့ အချိန်တိုင်း ဒါကို တပ်ထားရမယ်။ စစ်ဆေးတဲ့အချိန် မပါရင် အမှတ်လျော့ခံရလိမ့်မယ်။ ဒီစည်းကမ်းတွေအကုန်လုံးကို ဝတ်စားဆင်ယင်မှု စည်းကမ်းချက်ထဲမှာ ရေးထားတယ်။ မင်း ဖတ်ပြီးပြီမလား"
နဥ်စုန့် ခေါင်းညိတ်လိုက်သည်။ "ဖတ်ပြီးပါပြီ"
နာမည်တံဆိပ်ပေါ်တွင် အီစတန်ကျောင်းတော်ကြီး၏ တံဆိပ်နှင့် သူ့နာမည် ပါရှိသည်။
တံဆိပ်မှာ အဖြူရောင်ဖြစ်ပြီး၊ နှင်းဆီဖြူပန်းစည်း ဝန်းရံထားသည့် ကြက်ခြေခတ် ပုံစံ ဓားနှစ်လက် ပါရှိသည်။
သို့သော် စီနီယာကျိုး၏ နာမည်တံဆိပ်ကို ကြည့်လိုက်မိချိန်တွင်မူ ၎င်းမှာ ရွှေရောင်တောက်နေသည်ကို တွေ့လိုက်ရ၏။
ဤဝတ္ထု၏ပရိသတ်များဖန်တီးသော ဗီဒီယိုများထဲတွင် အီစတန်ကျောင်းတော်ကြီးမှ ကျောင်းသားများကို အဖြူ၊ အနီ၊ ရွှေနှင့် အနက်ရောင်စစ်စစ်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားကြောင်း၊ ထိုအဆင့်များကို ကျောင်းတွင်း စုစုပေါင်းရမှတ်များအပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း သူ တွေ့မြင်ဖူးထားသည်။
ယခု သူသည် အဖြူရောင် နာမည်တံဆိပ်ကို ပိုင်ဆိုင်ထားသဖြင့် အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်မှာ ထင်ရှားလှပေ၏။
ဝတ္ထုထဲမှ ဇာတ်လိုက်အများစုသည် အနက်ရောင် နာမည်တံဆိပ်များကို ပိုင်ဆိုင်ထားကြသည်ကို သူ ပြန်လည်အမှတ်ရမိလိုက်သည်။
အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသော ကလေးများသည် ငယ်စဉ်ကတည်းက အကောင်းဆုံးသော ပညာရေးကို သင်ယူခွင့်ရရှိခဲ့ကြရာ၊ သဘာဝကျစွာပင် သူတို့၏ စုစုပေါင်းရမှတ်များမှာ မြင့်မားနေလေ့ရှိကြစမြဲပင်။
သူ့ကဲ့သို့သော နောက်ခံအခြေအနေရှိသူ တစ်ယောက်အဖို့မူကား သူတို့နှင့် မည်သို့မျှ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။
သူသည် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များ၏ နာမည်တံဆိပ်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုသူများမှာ လူအများစု ပိုင်ဆိုင်ထားသည့် အနီရောင် သို့မဟုတ် ရွှေရောင် အဆင့်များသာ ဖြစ်ကြ၏။
ကြည့်ရသည်မှာ သူသည် အောက်ဆုံးအဆင့်မှနေ၍ အပေါ်သို့ တက်လှမ်းရတော့မည့်ပုံပင်!
လုပ်ငန်းစဉ်များအားလုံး ပြီးဆုံး၍ ရုံးအဆောက်အအုံထဲမှ ပြန်ထွက်လာချိန်တွင် သူ့လက်ထဲ၌ ကတ်ထူဘူးနောက်တစ်ဘူး ထပ်မံပါလာခဲ့လေသည်။ ထိုအထဲတွင် စာသင်နှစ်အသစ်အတွက် ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသားသစ် လက်ဆောင်ပက်ကေ့ချ်နှင့် နွေဦးရာသီအတွက် ကျောင်းဝတ်စုံများ ပါဝင်လေသည်။
မူလကတည်းက ကြီးမားသော ကျောပိုးအိတ်ကြီးကို လွယ်ထားရသည့်အပြင် ယခု သေတ္တာတစ်ဘူးကိုပါ ထပ်မံပွေ့ပိုက်ထားရသဖြင့် သူ၏ ပိန်လှီသော ခန္ဓာကိုယ်လေးမှာ ဝန်ပိနေပုံရသော်လည်း အဆောင်သို့ လိုက်ပို့ပေးသော ကျိုးလွီကမူ သူ့အား ကူညီပေးရန် အစီအစဉ် ရှိပုံမရချေ။
ရုံးအဆောက်အအုံသည် ဘောလုံးကွင်းနှင့် ကပ်လျက်တွင် ရှိပြီး၊ ထိုနေရာ၌ ဘောလုံးကန်ပြီးစ ကောင်လေးတစ်သိုက်သည် အနီးရှိ ရေကန်တွင် မျက်နှာသစ်နေကြလေသည်။
နဥ်စုန့်သည် ကျိုးလွီနောက်မှလိုက်ပါရင်း ထိုကောင်လေးတစ်သိုက်၏ ရှေ့မှ ဖြတ်လျှောက်သွားရာ လူတိုင်းက သူ့အား စိုက်ကြည့်နေကြသည်ကို သတိပြုမိလိုက်၏။
...ဒီလူတွေ ဘာတွေများ စားပြီး ကြီးပြင်းလာကြလို့ ဒီလောက်တောင် အရပ်ရှည်နေကြတာလဲ?!
သူတို့၏ ပျမ်းမျှအရပ်သည် ၁၈၅ စင်တီမီတာ အထက်တွင် ရှိနေသည်မှာ သေချာလှသည်။ သူတို့သည် အရပ်ရှည်ကာ သန်မာထွားကျိုင်းကြပြီး၊ သူ့ခန္ဓာကိုယ်အရွယ်အစား၏ နှစ်ဆခန့်ပင် ရှိလောက်ပေသည်။
ဒီလောက် အရပ်အမောင်း ကွာခြားချက်ကြီးနဲ့သာဆိုရင်... သူ အဖြောင့်ဖြစ်နေတာ ကံကောင်းသွားတာပဲ!
ဤကောင်လေးများမှာ အရပ်ရှည်ရုံသာမက ရုပ်ရည်လည်း အလွန်ချောမောကြပေသေးသည်။ အဆိုးဆုံးဟု ဆိုနိုင်သူတောင်မှ သာမန်ထက် ချောမောသော ကောင်လေးတစ်ယောက် ဖြစ်နေဆဲပင်။ တစ်ယောက်ချင်းစီတိုင်းသည် ချမ်းသာကြွယ်ဝပြီး ချောမောသော ပန်းခင်းကြီးထဲမှ ပန်းပွင့်လေးများသဖွယ် ဖြစ်နေကြသည်။
သူတို့သည် အားကစားဘောင်းဘီတိုနှင့် ခြေအိတ်ရှည်များကို ဆင်တူဝတ်ဆင်ထားကြရာ ဖြူဝင်းသော ခြေသလုံးသားများ ပေါ်လွင်နေပြီး၊ လူပျိုပေါက်အရွယ် ဟော်မုန်းဓာတ်များမှာ လွှမ်းမိုးလျက် ရှိနေလေသည်။
သို့သော် နဥ်စုန့်၏ အာရုံသည် အလယ်တွင်ရှိသော ကောင်လေးတစ်ယောက်ထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုကောင်လေးသည် ဆံပင်ကို ထင်းနေသော ငွေရောင်ဆိုးထားပြီး၊ ခြေတစ်ဖက်ကို ရေကန်ဘောင်ပေါ်တင်ကာ ဖိနပ်ကြိုးချည်ရင်း ရပ်နေလေသည်။ သူသည် အားကစားခြေအိတ်ဖြူ၊ ပွပွချောင်ချောင် ဟူဒီအင်္ကျီနှင့် သရီးကွာတား ဒူးဖုံးဘောင်းဘီမီးခိုးရောင်ကို ဝတ်ဆင်ထားရာ သန်မာပြီး ရှည်လျားသော ခြေတံများကို ဖော်ပြနေသကဲ့သို့ ရှိ၏။
သူသည် နဥ်စုန့်အား အမှုမဲ့အမှတ်မဲ့ လှည့်ကြည့်လိုက်ပြီးနောက်၊ ချက်ချင်း ပြန်လှည့်သွားကာ ရေပိုက်ခေါင်းကို ဖွင့်၍ လက်ဆေးနေတော့သည်။
သူ့ပုံစံသည် နေ့ခင်းကြောင်တောင်တွင် ပစ်ဖောက်လိုက်သော မီးရှူးမီးပန်းများပမာ လှပပြီး အချုပ်အနှောင်ကင်းမဲ့နေကာ ပူပြင်းသော နေရောင်အောက်တွင် တောက်ပလန်းဆန်းနေလေသည်။
ဤဇာတ်ကောင်သည် မန့်ဟွရုပ်ပြစာအုပ်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည့်အတိုင်းပင်။
ရှန့်ယန်း!
ဒါက မီးတောက် 火 သုံးခုနဲ့ ဖွဲ့စည်းထားတဲ့ နာမည်ပိုင်ရှင် ရှန့်ယန်း 焱 ပဲ…
"စီနီယာကျိုး... ကျောင်းသားသစ် ရောက်လာတာလား" ဘောလုံးကိုင်ထားသည့် အရပ်ရှည်ရှည် ကောင်လေးက မေးလိုက်သည်။
သူသည် အလွန်ချောမောပြီး ပြုံးလိုက်သည့်အခါ ပါးပြင်ပေါ်တွင် ပါးချိုင့်လေးများ ပေါ်လာတတ်သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေ၏။
ကျိုးလွီ ခေါင်းညိတ်လိုက်သော်လည်း သူ၏ အကြည့်တို့က ရှန့်ယန်းထံသို့သာ ရောက်နေသည်။ သူက ပြုံးလိုက်ရင်း "ဘေးခန်းကလေ" ဟု ပြောပြီးမှ "ဟို... အထူးဝင်ခွင့် ကျောင်းသားလေ" ဟု ဖြည့်စွက်ပြောလိုက်သည်။
သို့သော် ရှန့်ယန်းက သူ့အား စိတ်ဝင်စားပုံ မရ။ ကျန်သောသူများကသာ အထူးဝင်ခွင့်ကျောင်းသား ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သူ့အား အကြိမ်ကြိမ် လှမ်းကြည့်လာကြသည်။
နဥ်စုန့်၏ ဆံပင်မှာ အနည်းငယ် ရှည်လျားနေပြီး၊ အရောင်ဖျော့ကော်လာပါရှိသော ဂျာကင်အနက်နှင့် အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော ခပ်ပွပွ ကာကီရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားလေသည်။ သူစီးထားသည့် စနီကာဖိနပ် အသစ်စက်စက်က ကျန်သော ဝတ်စားဆင်ယင်မှုများနှင့် လိုက်ဖက်ညီခြင်းမရှိဘဲ တစ်မျိုးကြီး ဖြစ်နေ၏။
ဤပုံစံသည် အမှန်တကယ်ပင် သာမန်ဆန်လွန်းနေသည်။ ယင်းမှာ သူတို့ မြင်ဖူးသမျှထဲမှာ သာမာန်အဆန်ဆုံးပင် မဟုတ်သေးပေ။ မနှစ်ကလည်း သူတို့ကျောင်းသို့ အထူးဝင်ခွင့်ကျောင်းသား နှစ်ယောက် ရောက်လာဖူးပြီး ထိုအထဲမှ တစ်ယောက်ဆိုလျှင် ပုကွကွနှင့် မဲမဲသည်းသည်းဖြစ်ကာ အတော်လေး မှတ်မိလွယ်သော ပုံစံမျိုး ရှိခဲ့ဖူးသည်။
နဥ်စုန့်နှင့် ကျိုးလွီတို့ ထွက်ခွာသွားကြပြီးနောက်၊ ကောင်လေးတစ်ယောက်သည် ကျောင်းဝတ်စုံကို ပိုက်လျက် ကွင်းထဲမှ ပြေးထွက်လာသည်။ လူတိုင်း နဥ်စုန့်ကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ သူက မေးလိုက်သည်။ "ယွမ်ကော... ဘယ်သူ့ကို ကြည့်နေတာလဲ"
သူ ယွမ်ကောဟု ခေါ်လိုက်သော ကောင်လေးက နဥ်စုန့်ကို အထင်သေးစွာဖြင့် လှမ်းကြည့်လာ၏။ "တော်တော်လေး စိတ်ပျက်ဖို့ကောင်းတဲ့ အရုပ်သစ်လေး တစ်ရုပ်ပါပဲ”
"အထူးဝင်ခွင့်ကျောင်းသားဆိုပြီး သတင်းတွေ အကြီးအကျယ် ထွက်နေတာ... တကယ်တမ်းကျတော့ ဒါလေးလား"
"သတင်းကြီးနေတယ် ဟုတ်လား" ရှန့်ယန်းက စိုစွတ်နေသော လက်ကို ခါလိုက်၏။ "မင်း အားနေရင် ဘောလုံးပဲ ပိုလေ့ကျင့်စမ်းပါ။ ရှုံးမဲမဲနေတဲ့ကောင်ကများ အရေမရအဖက်မရ အတင်းအဖျင်းတွေကို စိတ်ဝင်စားနေတုန်းလား"
လီချင်းယွမ် ရယ်မောလိုက်သည်။ "သူသာ ခပ်ချောချောကောင်လေးဆိုရင် စိတ်ဝင်စားဖို့ ကောင်းမှာပဲ… လီယို နဲ့ ချင်ယိ တို့ သူ့ကို လုကြဦးမှာ"
ယခုတော့ နှမြောစရာ ကောင်းနေချေပြီ။
အီစတန်ပုဂ္ဂလိကကျောင်းတော်ကြီးတွင် အထူးဝင်ခွင့်ကျောင်းသား နှစ်မျိုးနှစ်စားသာ ရှိလေသည်။ တစ်မျိုးမှာ အထူးဝင်ခွင့် ခွဲတမ်းခေါင်းစဉ်ကို ငှားရမ်းပြီး အဆက်အသွယ်ဖြင့် ဝင်ရောက်လာကြသော ချမ်းသာသည့် မိသားစုမှ ကျောင်းသားများ ဖြစ်ကြသည်။ ဤကဲ့သို့သော ကျောင်းသားမျိုးကတော့ အဆင်ပြေပြေ နေနိုင်ကြသည်။ အခြားတစ်မျိုးမှာမူ စစ်မှန်သော အထူးဝင်ခွင့်ကျောင်းသားများ ဖြစ်ကြသည်။ ကံကောင်းသည်ဟု အခေါ်ခံရသော ထိုကျောင်းသားများသည် တကယ်တမ်းတွင် ထင်သလောက် ကံမကောင်းကြရှာပေ။ အလွန်ထူးချွန်ပြောင်မြောက်သော လူနည်းစုမှလွဲ၍ ကျန်သူများ၏ ကံကြမ္မာမှာ အတူတူပင် ဖြစ်လေ့ရှိကြသည်။ သူတို့သည် သူဌေးသားတို့၏ ကစားစရာအရုပ်များ ဖြစ်လာကြသည်၊ သို့မဟုတ်ပါက အရည်အချင်းရော ရုပ်ရည်ပါ သာမန်သာရှိသဖြင့် သူဌေးတို့၏ လောကထဲသို့ အမှန်တကယ် ဝင်ရောက်ခွင့်ရရန်မှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုသဖွယ် ဖြစ်လာကြရသည်။ ကျောင်းတိုင်းတွင် ပိရမစ်ထိပ်ဆုံး၌ ရှိနေသူအချို့ ရှိတတ်စမြဲဖြစ်သလို သဘာဝကျစွာပင် အောက်ဆုံး၌ ရှိနေသူအချို့လည်း ရှိတတ်ကြပေသည်။
ဤပြောင်းလာသော ကျောင်းသားသစ်သည် ဒုတိယအမျိုးအစား ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။
သူသည် ပြဿနာဖြစ်ပွားရန်ပင် မထိုက်တန်သော်လည်း ကျောင်းတစ်ခုလုံး၏ အောက်ဆုံးအဆင့်တွင် ရှိနေမည့်သူတော့ သေချာပေါက် ဖြစ်ပေလိမ့်မည်။
လီချင်းယွမ်သည် အလင်းရောင်ထဲသို့ တိုးဝင်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော နဥ်စုန့်၏ ပုံရိပ်ကို ကြည့်ကာ ပြောလိုက်လေသည်။ "အဲ့ဒီ ပဲပင်ပေါက်လေး သိပ်ပြီး ဒုက္ခမရောက်ဖို့ပဲ ငါ မျှော်လင့်ပါတယ်ကွာ"
***
စာရေးသူမှာ ပြောစရာမှာရှိပါတယ်။
စိန့်မိုက်ကယ်ရိပ်သာလမ်းထက်ရှိ နေဝင်ချိန်၌ Aston Martin ကားတစ်စီးသည် ကျောပိုးအိတ်လွယ်ထားသော နဥ်စုန့်၏ နောက်မှ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့သည်။ မိုးရွာနေသော နေ့တစ်နေ့တွင် အိမ်ပြန်ပို့ခံရသော နဥ်စုန့်သည် သူ့အိမ်တံခါးဝ၌ ထိုင်နေသည့် လူတစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ မြေအောက်မြို့တော်၌ အဓိကရုဏ်း ဖြစ်ပွားချိန်တွင် ကောင်လေးနှစ်ယောက်သည် လူအုပ်ကြားမှနေ၍ နဥ်စုန့်ထံသို့ ပြေးလာခဲ့ကြသော်လည်း၊ တစ်ယောက်က သူ့လက်ကို ဦးအောင် ဆွဲကိုင်လိုက်သည်။ သက်ဝင်လှုပ်ရှားနေသော လူငယ်ကပွဲတစ်ခုတွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် နဥ်စုန့်သည် လူအုပ်ကြား၌ တက်ကြွစွာ ကခုန်သီဆိုနေခဲ့ပြီး၊ လူအုပ်ထဲတွင် ပုန်းကွယ်နေသော မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေကြသည်။ ရောင်စုံ ဒစ္စကိုဘောလုံးသည် တဖျပ်ဖျပ် လက်နေပြီး၊ သီးသန့်အခန်းတစ်ခုရှိ စားပွဲပေါ်တွင် ဘီယာပုလင်းတစ်လုံး အရှိန်ပြင်းစွာ လည်နေသည်။ အကြိတ်အနယ်ယှဥ်ပြိုင်ရာ လူငယ်အားကစားကွင်းထဲ၌၊ ထောင်ပေါင်းများစွာသော လူများဖြင့် ပြည့်ကျပ်နေသည့် ဂီတဖျော်ဖြေပွဲတစ်ခု၌၊ မြန်ဆန်သော အသက်ရှူသံများကိုသာ ကြားနိုင်သည့် မှောင်မည်းနေသော အခန်းကျဉ်းလေးတစ်ခု၌၊ ပြေးလွှားခြင်း၊ ပွေ့ဖက်ခြင်း၊ အင်္ကျီဇစ် တပ်ပေးခြင်း၊ ထီးမိုးပေးခြင်း... ။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ချက် ထွက်ပေါ်လာပြီး ညကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပွင့်ဖာသွားကြသည်။ လူတစ်ယောက်က သူ့နောက်တွင် ရပ်လျက် သူ့မျက်လုံးများကို အုပ်မိုးကာ ထိန်းချုပ်မရသော စိတ်အဟုန်ဖြင့် သူ၏ ဖြူဖွေးသွယ်လျသော လည်တိုင်ကျောဘက်၌ မျက်နှာအပ်လိုက်လေသည်။
နောက်ဆုံးတွင် မည်သူရိုက်ကူးထားမှန်းမသိသော Vlog တစ်ခု ပေါ်လာသည်။ ထိုဗီဒီယိုထဲတွင် ပဲပင်ပေါက်လေးတစ်ပင်လို ဖြစ်နေသည့် ကျောင်းစတက်ကာစ နဥ်စုန့်၊ ထို့နောက် အရပ်စရှည်လာသော နဥ်စုန့်၊ ထို့နောက် အတန်းကိုယ်စားပြု ဖြစ်လာသော နဥ်စုန့်၊ နောက်ဆုံးတွင် အပြုံးမပျက် အမူအရာတိုင်းက မျက်တောင်မခတ်တမ်း ငေးကြည့်ချင်စရာကောင်းလှသော နဥ်စုန့်တို့ကို မှတ်တမ်းတင်ထားသည်။ တုန်ရီနေသော ကင်မရာမြင်ကွင်းက စွဲလမ်းရူးသွပ်စရာကောင်းလှသော တိတ်တခိုးချစ်ရသူကို ဖမ်းယူရိုက်ကူးထားလေသည်။
ဗီဒီယိုအဆုံး၌ လူတစ်ယောက်က ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ “နဥ်စုန့်”
ယခုအခါ ဂုဏ်သတင်းကြီးမားသော ကျောင်းကြီးလေးကျောင်း၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်သော နဥ်စုန့်သည် လှည့်ကြည့်လိုက်ပြီး ကင်မရာကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများသည် မွှေးရနံ့ပြင်းပြင်း စိမ့်ဝင်နေသည့် နှင်းဆီပန်းများသဖွယ်၊ ပုံရိပ်ယောင်တစ်ခုပမာ လှပနေလေသည်။
ဇာတ်လမ်း စပါပြီ! ဒီတစ်ခါမှာတော့ အဓိကဇာတ်ကောင်က လူတိုင်းရဲ့ အသည်းကျော်လေးဖြစ်ပြီး လိုက်ပိုးသူတွေ၊ ချစ်ခင်သူတွေ၊ ကိုးကွယ်သူတွေ တစ်ယောက်ပြီးတစ်ယောက် သူ့နောက်က လိုက်နေကြပါလိမ့်မယ်။ အဓိကအားဖြင့်တော့ သာမန်လူတစ်ယောက်ဘဝကနေ အတန်းရဲ့အလှဆုံး၊ ပြီးတော့ ကျောင်းရဲ့အလှဆုံး၊ နောက်ဆုံးမှာ တစ်ကျောင်းလုံးကို ပွက်လောရိုက်သွားစေမယ့် အရှုပ်တော်ပုံတွေနဲ့ အသည်းကျော်လေး ဖြစ်လာမယ့် ဇာတ်လိုက် 'ရှို့'လေးအကြောင်းပါပဲ!
နောက်တစ်ခေါက် ပြန်တွေ့ကြမယ်!
***
[Cela ၏ မှတ်စု]
ရှန့်ယန်းရဲ့ နာမည်က 盛焱 ဖြစ်ပြီး၊ စာသားအတိုင်း ဘာသာပြန်မယ်ဆိုရင် "ခမ်းနားကြီးကျယ်သော မီးတောက်များ" လို့ အဓိပ္ပာယ်ရပါတယ်။