Ch 4
Viewers 4k

အခန်း (၄) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး

လီယိုသည် သူ့ကို မြေကြီးပေါ်မှ လုံးလုံးမြှောက်သွားအောင် မတင်လိုက်သည်။ နဥ်စုန့်သည် ထိုကောင်လေး၏ ခါးကို လက်ဖြင့် ဖိကပ်ထားလိုက်မိရာ သွယ်လျသော လက်ချောင်းလေးများ ကွေးကောက်သွားရ၏။ လီယိုသည် ဆံပင်ကို ကတုံးကေညှပ်ထားပြီး ကျစ်လျစ်သွယ်လျသော ကိုယ်ခန္ဓာရှိကာ ကျောင်းယူနီဖောင်းကို ဟာလာဟင်းလင်း ဖွင့်ထားသည်။ အခြားသူများကဲ့သို့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားခြင်းမရှိဘဲ အနက်ရောင် Vestအင်္ကျီကိုသာ ဝတ်ဆင်ထားလေသည်။ ပါးလွှာသော အင်္ကျီသားမှတစ်ဆင့် လီယို၏ အချိုးအစားကျသော ဝမ်းဗိုက်ကြွက်သားများသည် ပူနွေးပြီး မာကျောနေကြောင်း နဥ်စုန့် ခံစားလိုက်ရသည်။

နဥ်စုန့်သည် သူတို့နှစ်ဦးကြားရှိ ခန္ဓာကိုယ် အရွယ်အစား ကွာခြားမှုနှင့် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တွေးဆလိုက်မိ၏။

သူ နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ကောကောပြည်ကြီးငါးသည် လက်ဝှေ့သမားတစ်ယောက် ဖြစ်ပုံရသည်။

နဥ်စုန့်သည် ရန်ပွဲအတွေ့အကြုံရှိသူဖြစ်ရာ မည်သူ့ကို မစသင့်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ထို့ပြင် အတွေ့အကြုံများလွန်းလှသဖြင့် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကိုလည်း သူ သိပေသည်။

ယိုကောကဲ့သို့သော လူမိုက်တစ်ယောက်သည် သူ့ထက် အဆပေါင်းများစွာ အားနည်းသူများကို အနိုင်ကျင့်ချင်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။

ထို့ကြောင့် နဥ်စုန့် ချက်ချင်းပင် ကြောက်လန့်တကြား ရုန်းကန်နေဟန်ဆောင်လိုက်ရာ သူ၏ သေးသွယ်ကျစ်လျစ်သော ခါးလေး ပေါ်သွားလေသည်။ သူ ပါးစပ်ဟလိုက်ပြီး သွားဖြူဖြူလေးများကြားမှ ရဲရဲတောက်နေသည့် လျှာဖျားလေးကို ထုတ်ပြကာ နာကျင်နေသည့် ပုံစံဖမ်းလိုက်သည်။

လီယို ကြောင်အမ်းသွားသည်။ ထိုမျှလောက် ပေါ့ပါးနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပုံရသည်။ သူအကြည့်တို့က နဥ်စုန့်မျက်နှာပြင်ပေါ် ဖြတ်သန်းသွားပြီးနောက် လွှတ်ပေးလိုက်လေသည်။

"ငါ ဘာမှ မမြင်လိုက်ပါဘူး" ရုန်းကန်ထားရသဖြင့် နဥ်စုန့်၏ မျက်နှာလေးမှာ အနည်းငယ် ရဲနေရှာသည်။

သူ စကားပြောပြီးသည်နှင့် နောက်ဘက်မှ ကောင်လေးတစ်ယောက်က ရယ်မောလိုက်သည်။

ထိုသူမှာ စောစောက ဝိုင်မော့သောက်နေသည်ကို သူ တစ်ချက်မြင်လိုက်ရသည့် အလွန်လှပသော ကောင်လေးပင် ဖြစ်၏။

ထိုကောင်လေးတွင် မက်မွန်ပွင့်သဏ္ဍန် မျက်ဝန်းများ၊ ရှည်လျားသော မျက်ခုံးများ၊ ဖွာလန်ကြဲနေသော ဆံပင်များ၊ ငန်းတစ်ကောင်ကဲ့သို့သော လည်တိုင်နှင့် ခါးသွယ်သွယ်လေး ရှိလေသည်။ သူသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလွန်းလှသည်။

ထိုကောင်လေး အတင်းအကျပ် ခိုင်းစေခံရသည်ဟု နဥ်စုန့် ထင်မှတ်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုကောင်လေးသည် အခြားကောင်လေးတစ်ယောက်၏ ပခုံးကို ပေါ့ပေါ့ပါးပါး ဖက်ထားပြီး နှုတ်ခမ်းများမှာလည်း စိုစွတ်နေသည်။ သူသည် ဈေးကြီးပေးရသော ကြောင်ဖြူလေးတစ်ကောင်ကဲ့သို့ အမြဲတစေ ပြုံးနေတတ်ပုံရ၏။

"မင်း မမြင်လိုက်ဘူး ဟုတ်လား" ထိုကောင်လေးသည် သူများမြင်သွားသည်ကို လုံးဝ ဂရုစိုက်ပုံ မရပေ။ "မင်းမြင်သွားအောင် ငါတို့ ထပ်လုပ်ပြရမလား"

နဥ်စုန့် ခေါင်းခါပြလိုက်ရာ ထိုကောင်လေးက သဘောကျပြီး ရူးမတတ်ပင် ပို၍ ရယ်မောလာတော့သည်။

"မင်းက ဒီကို အခုမှ ရောက်တာလား"

နဥ်စုန့် ခေါင်းညိတ်ပြလိုက်သည်။

ကောင်လေးအများအပြားက သူ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်ကြသည်။ "မင်းက အခန်း၃က အထူးဝင်ခွင့်ကျောင်းသားလား"

နဥ်စုန့် ထပ်မံ ခေါင်းညိတ်ပြလိုက်ပြန်သည်။ အတော်လေး မောက်မာပုံရသော အခြားကောင်လေးတစ်ယောက်က ပြောလာ၏။ "မင်းက ဘာလို့ ပိန်ခြောက်ခြောက် ပဲပင်ပေါက်လေး ဖြစ်နေရတာလဲကွ"

သူတို့အုပ်စုမှာ ငါးယောက် ခြောက်ယောက်ခန့်ရှိပြီး အားလုံးမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးများနှင့် ဆေးလိပ်နံ့၊ အရက်နံ့များ နံစော်နေကြသည်။ နဥ်စုန့်သည် ပုံမှန်အားဖြင့် စိတ်ဓာတ်ခိုင်မာသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ခေါင်းငုံ့ခံရန် ဆုံးဖြတ်လိုက်သည်။ သူ သနားကမား ပုံစံပေါက်ရဲ့လား ဆိုသည်ကိုတော့ သူ မသိပေ။

"မင်းတို့ အထဲမှာ ရှိနေမှန်း ငါတကယ်မသိခဲ့လို့ပါ" သူ ပြောလိုက်သည်။

"မင်းနာမည် ဘယ်သူလဲ" လီယိုက စကားဖြတ်ပြီး မေးလိုက်သည်။

"နဥ်စုန့် ပါ။ ငြိမ်းချမ်းတယ် (Níngjìng) ဆိုတဲ့နေရာက 'နဥ်'၊ ဂုဏ်ပြုတယ် (Gēsòng) ဆိုတဲ့နေရာက 'စုန့်' ပါ"

သူသည် မေးသည်ထက် ပိုဖြေလိုက်ခြင်း ဖြစ်၏။

သူ့လိုလူကို အနိုင်ကျင့်ရသည်မှာ ပျင်းစရာကောင်းသည်ဟု ထင်သွား၍လားမသိ၊ လီယိုသည် လက်လှမ်းလိုက်ပြီး နဥ်စုန့်၏ ပါးကို ပုတ်လိုက်ကာ ထွက်ခွာသွားလေသည်။

ပါးပုတ်လိုက်ခြင်းမှာ ဖွဖွလေးသာ ဖြစ်သော်လည်း အားပါပြီး ပေါ့ပြက်ပြက်နိုင်လှသည်။ သူ၏ လက်ချောင်းထိပ်များမှ အသားမာများသည် အံ့သြဖွယ်ကောင်းလောက်အောင် ကြမ်းတမ်းနေပြီး၊ နဥ်စုန့်၏ မျက်နှာကို အနည်းငယ် ပွန်းပဲ့သွားစေသည်။

"ယိုကော... ဒီအတိုင်းပဲ ထားလိုက်တော့မှာလား"

လီယိုသည် လက်ကို အိတ်ကပ်ထဲ ထည့်လျက် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ "ငှက်ပေါက်စလေး တစ်ကောင်ကို ငါက ဘာလုပ်နေရဦးမှာလဲ"

လှေကားထစ်များပေါ်တွင် ထိုင်နေသော ကောင်လေးနှစ်ယောက်လည်း ရယ်မောရင်း မတ်တတ်ရပ်လိုက်ကြပြီး၊ ထိုလူအုပ်သည် အောက်သို့ ဆင်းသွားကြရင်း ပြောဆိုနေကြသည်။ "ချီး... ငါဖြင့် သေမတတ် လန့်သွားတာပဲ။ ကျောင်းသားသမဂ္ဂ ရှောင်တခင် လာစစ်တယ် ထင်နေတာ။ လီးပဲကွာ... ဆေးလိပ်တစ်လိပ် သောက်ရတာတောင် ရင်တထိတ်ထိတ်နဲ့"

"ငါတို့ကျောင်းက ဘာလို့ စာဂျပိုးတွေကိုပဲ ခေါ်ခေါ်နေတာလဲ။ ဒီတစ်ခါတော့ ကောင်လေးချောချောလေး ရလာမယ် ထင်နေတာ"

"ကောင်လေးချောချောလေး ရလာတော့ရော မင်းက ဘာလုပ်မလို့လဲ။ ယိုကော မင်းကို ထိုးတာ ခံချင်လို့လား... ဟမ်"

ရယ်မောသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ နဥ်စုန့် လှမ်းကြည့်လိုက်ရာ လီယိုက သူ့အား ပြန်လှည့်ကြည့်သည်ကို မြင်လိုက်ရ၏။

ထိုမျက်ဝန်းများသည် တောက်ပပြီး စူးရှနေကာ နက်ရှိုင်းသော အထင်အမြင်တစ်ခုကို ကျန်ရစ်စေခဲ့သည်။ ထိုသူမှာ ပြုံးနေသော်လည်း အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းများတွင် အပြုံးရိပ် သိပ်မပါဝင်လှပေ။

လီယိုသည် သူ စိတ်ကူးယဉ်ထားသည်နှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။

ဇာတ်ကောင်ကတ်ပြားထဲကလောက် မချောမောသော်လည်း လူအစစ်ကို မြင်ရခြင်းက ပို၍ သက်ရောက်မှု ရှိသောကြောင့် ဖြစ်မည်၊ သူသည် ပို၍ အရိုင်းဆန်ပြီး ထိန်းချုပ်မရသော၊ ခက်ထန်ကြမ်းတမ်းသော အရောင်အဝါမျိုး ရှိနေသည်။

ဤအထက်တန်းစား ကျောင်းတော်ကြီးတွင် ဆင်းရဲသော ရပ်ကွက်မှ လာသည့် သူ့လို ပဲပင်ပေါက်လေးထက်ပင် လီယိုက နေရာနှင့် မလိုက်ဖက်ဘဲ ပို၍ ကွဲပြားနေပုံ ပေါက်ပေသည်။

ထိုလူအုပ်ထွက်ခွာသွားပြီးနောက် နဥ်စုန့်သည် ပစ္စည်းယူရန် ဂိုဒေါင်ခန်းထဲသို့ ဝင်ခဲ့ပြီး အထဲရှိ ဝိုင်ပုလင်းများနှင့် ဆေးလိပ်တိုများကိုပါ တစ်ပါတည်း ရှင်းလင်းလိုက်သည်။

ဤနေရာသည် သူတို့၏ စခန်းဖြစ်ပုံရသည်၊ သို့တည်းမဟုတ် သူတို့အဖွဲ့တင် မကဘဲ အခြားသူများပါ လာတတ်သည့်နေရာ ဖြစ်လောက်သည်။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်းတွင် ဝိုင်ပုလင်းများနှင့် ဆေးလိပ်တိုများ ရှိနေသောကြောင့်ပင်။


အီစတန်ကျောင်းတော်ကြီးတွင် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်ဟု ကျောင်းစည်းကမ်းတွင် ဖော်ပြထားသည်။


သူ ပြန်ထွက်လာသောအခါ အပြင်ဘက်ရှိ စွန့်ပစ်ထားသော စားပွဲများနှင့် ကုလားထိုင်များအောက်တွင် ပြန့်ကျဲနေသော ခဲဖတ်လေးထောင့်ခွံ အများအပြားကို တွေ့လိုက်ရလေသည်။


ကျစ်..


ယောက်ျားလေးအဆောင် အပေါ်ဆုံးထပ်နဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေ အများကြီး ရှိနေတာ သေချာသလောက်ပဲ။


သူ့မျက်လုံးများ ပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤနေရာရောက်သည့် ပထမဆုံးနေ့မှာတင် သူ၏ ကမ္ဘာ့အမြင်မှာ ရိုက်ချိုးခံလိုက်ရချေပြီ။


ထို့အပြင် နောက်ထပ်အရာတစ်ခုကိုလည်း သူ ရှာဖွေတွေ့ရှိလိုက်သည်။—လူအများအပြားက အထူးဝင်ခွင့်ကျောင်းသားသစ်ဖြစ်တဲ့ သူ့ကို အာရုံစိုက်နေကြခြင်းပင်။


သို့သော် လောလောဆယ်အထိတော့ လူတိုင်းက သူ့ကို အလွန်စိတ်ပျက်နေပုံရသည်။


ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့မယ်။


အဆောင်အခန်းကို သန့်ရှင်းရေးလုပ်ပြီးခါစမှာပင် အတန်းခေါင်းဆောင်ထံမှ မက်ဆေ့ခ်ျတစ်ခု ဝင်လာသည်ကို တွေ့လိုက်ရလေသည်။


၎င်းမှာ သူတို့၏ အတန်းချိန်ဇယား ဖြစ်သည်။


"ငါတို့နောက်အတန်းက ဂီတဆောင် အခန်း ၁၀၁ မှာတက်ရမယ့် ဆဲလ်လိုအတန်းကွ။ စောစောသွားနော်... ပထမဆုံးအတန်းကို နောက်မကျစေနဲ့"


နဥ်စုန့် လက်ဆေးပြီးနောက် အသစ်ထုတ်ပေးထားသော နွေဦးရာသီ ကျောင်းဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ကော်လံအထိ ကြယ်သီးတပ်ရသော ကြယ်သီးတစ်တန်းတည်းပါသည့် ကုတ်အင်္ကျီအနက်၊ အောက်ခံရှပ်အင်္ကျီအဖြူ၊ မီးခိုးရောင် ဘောင်းဘီရှည်နှင့် သားရေဖိနပ်အနက်တို့ ဖြစ်ကြသည်။


အီစတန်ယောက်ျားလေးကျောင်း၏ 

ယူနီဖောင်းသည် အရောင်ကာလာအရဖြစ်စေ၊ စတိုင်အရဖြစ်စေ အပျော်အပါးအာရုံခံစားမှုမရှိသည့် အငွေ့အသက်မျိုး ပေးစွမ်းပြီး၊ စောစောက ဂိုထောင်ခန်းထဲတွင် သူမြင်ခဲ့ရသည့် ဖရိုဖရဲနိုင်မှုများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။


အခန်းထဲမှ မထွက်ခွာမီ သူ မှန်ထဲသို့ ကြည့်လိုက်မိသည်။ ကျောင်းဝတ်စုံသည် သူ့ကိုယ်နှင့် သိပ်အဆင်မပြေလှဘဲ၊ လူကြီးအဝတ်အစားကို ခိုးဝတ်ထားသည့် ကလေးတစ်ယောက်လို သူ့ကို ပို၍ ပိန်လှီဖြူဖျော့သွားစေသည်။


သို့သော် ၎င်းက ပိုကောင်းပါသည်။ သူ့ကို ပို၍ သာမန်ဆန်သွားစေပြီး၊ မည်သည့်အားသာချက်မှ ရှာမတွေ့နိုင်လောက်အောင်ကို ရိုးရှင်းသွားစေသည်လေ။


သူ ဖုန်းကို ကြည့်လိုက်သည်။ အတန်းချိန်စရန် အချိန်လိုသေးသဖြင့် စာကြည့်တိုက်ကတ် လုပ်ရန် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။


အီစတန်ယောက်ျားလေးကျောင်း စာကြည့်တိုက်သည် အဆောင်နှင့် ကပ်လျက်တွင် တည်ရှိပြီး အနုပညာပြခန်းတစ်ခုကဲ့သို့ပင် ခမ်းနားထည်ဝါလှသည်။


ကတ်ရပြီးနောက် မြေပုံကို ကြည့်လိုက်ပြီး ပထမထပ် ဘယ်ဘက်အောက်ထောင့်ရှိ မဂ္ဂဇင်းကဏ္ဍသို့ သူ တန်းသွားလိုက်သည်။


စာသင်ချိန်ဖြစ်သောကြောင့် အထဲတွင် ကျောင်းသားဟူ၍ မရှိသလောက်ပင်။ တံခါးနားတွင် ကွန်ပျူတာဖြင့် ဖဲချပ်ဂိမ်းဆော့နေသော ဆရာတစ်ယောက်သာ ရှိလေသည်။


နဥ်စုန့်သည် Bookmark (စာညှပ်ကတ်)တစ်ခုကို ယူပြီး မဂ္ဂဇင်းများကို တစ်တန်းပြီးတစ်တန်း လိုက်ကြည့်ရာ၊ စတုတ္ထမြောက်တန်း၏ ထိပ်ဆုံးတွင် သူလိုချင်သော မဂ္ဂဇင်းကို တွေ့လိုက်ရသည်။


ထိုနေရာတွင် ဂိမ်းဖန်တီးမှုမှသည် အီလက်ထရောနစ် အားကစားနှင့် ဖျော်ဖြေရေးအထိ ဂိမ်းနှင့်ပတ်သက်သော မဂ္ဂဇင်းတစ်တန်းလုံး ရှိနေပြီး စုံလင်လွန်းလှသည်။


သို့ရာတွင် ဤမဂ္ဂဇင်းမျိုးကို ဖတ်တဲ့ကျောင်းသား နည်းပါးလို့ထင်ပါ၏။ အားလုံးကို စင်အမြင့်ကြီးပေါ်မှာ တင်ထားကြသည်။


အမြင့်ဆုံးစင်ပေါ်မှာ တင်ထားခြင်းဖြစ်၏။


သူ မမီပေ။


ဤစာကြည့်တိုက်မှာ အင်မတန် အဆင့်မြင့်လွန်းလှပြီး လှပခမ်းနားအောင် ဒီဇိုင်းထုတ်ထားသည့်အတွက် ကြည့်ကောင်းပေသော်လည်း လုံးဝ လက်တွေ့ကျမနေချေ။


သူ ခြေဖျားထောက်ပြီး စာညှပ်ကတ်လေးနှင့် မဂ္ဂဇင်းကို လှမ်းဆွဲချဖို့ ကြိုးစားလိုက်ပေမယ့်၊ စာအုပ် ပြုတ်ကျခါနီးလေးမှာတင် သူ့နောက်ကျောဘက်ဆီက လက်တစ်ဖက် ရုတ်တရက်ရောက်လာပြီး သူ့အတွက် မဂ္ဂဇင်းကို ယူပေးလိုက်လေသည်။


သူ လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်မိရာ၊ မြှောက်ထားသော ခြေဖနောင့်များ ပြန်ကျသွားသည်။ သူ့အကြည့်က တစ်ဖက်လူ၏ လည်စေ့အောက်နားလောက်မှာပဲ သွားဆုံလေ၏။


ထိုကောင်လေးက သူ့ထက် ခေါင်းတစ်လုံးလောက် ပိုရှည်ပြီး ပခုံးကျယ်သည်။၊ ကိုယ်ခန္ဓာမှာ ပိန်သော်လည်း ကြွက်သားများက ထင်းနေ၏။


လက်လှမ်းလိုက်သည့်အခါ သူ့ခန္ဓာကိုယ်က တောင်ပံကြီးတစ်ဖက်လို နဥ်စုန့်ကို လုံးဝ လွှမ်းခြုံသွားပြီး၊ အကယ်၍များ သူဆန္ဒရှိလျှင် အကူအညီတောင်းသံတွေပါမကျန် လွယ်လွယ်ကူကူ ဖုံးကွယ်ပစ်လိုက်နိုင်မည့် အနေအထားမျိုးပင်။


ကြောက်စရာကောင်းလိုက်တဲ့ အရပ်အမောင်း ကွာခြားချက်ပါလား။


အနှီကောင်လေးက သူ့ကို မဂ္ဂဇင်းကမ်းပေးလာ၏။ ခဏတာတော့ နဥ်စုန့်တစ်ယောက် မန့်ဟွထဲရောက်သွားသလို ခံစားလိုက်ရသည်။ ဒီလို အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ မန့်ဟွဇာတ်ကောင်လို ကောင်လေးမျိုးကို မြင်လိုက်ရတာကို တခြားဘယ်လို ရှင်းပြရပါ့မလဲ။


သူ အသိပြန်ဝင်လာပြီး မဂ္ဂဇင်းကို ဖက်ထားရင်း "ကျေးဇူးပါ" ဟု အမြန်ပြောလိုက်သည်။


တစ်ဖက်လူမှာ ထင်ရှားနက်မှောင်သော မျက်ခုံးများ ရှိ၏။ သူ့၏ နက်မှောင်သော မျက်ဝန်းအိမ်များထဲ၌မူ မည်သည့်ခံစားချက်မျှ ရှာမတွေ့နိုင်ချေ။


ကြည့်လိုက်သည်နှင့် သူသည် အင်မတန်မှိုင်းညို့နေပြီး အချစ်ရော ရမ္မက်ရော ဘာမှမရှိတဲ့ပုံပေါက်သည်။


သို့ပေသိ သူ့မျက်နှာက ဖြောင့်မတ်ပြီး ပြေပြစ်ကျော့ရှင်းနေ၏။ စာတော်သော ကျောင်းသားကောင်းတစ်ယောက်မှာ ရှိတတ်သည့်မျက်နှာမျိုးပင်။


သူ့အသားအရေက ညက်ညောပြီး၊ လည်ပင်းက ဆွဲဆောင်မှုရှိတဲ့ မှဲ့နက်လေးကတော့ သူ့အရေပြားပေါ်က တစ်ခုတည်းသော အပြစ်အနာအဆာဖြစ်ကာ၊ သာမန်လူသားဆန်သည့် စိတ်ခံစားမှု အရိပ်အယောင်လေး ကျန်ရစ်နေသယောင်ယောင်ရှိသည်။


စာကြည့်တိုက်ထဲက ဤမြင်ကွင်းသည် နဥ်စုန့်ကို ၁၉၉၅ ခုနှစ်ထွက် "Love Letter" ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို သတိရသွားစေသည်။


ထိုရုပ်ရှင်ထဲရှိ အသက်၁၈နှစ်အရွယ် မင်းသား Takeshi Kaneshiro သရုပ်ဆောင်ခဲ့သည့် ဇာတ်ကောင်နှင့် ယှဉ်လျှင် ဤကောင်လေးက ပို၍ မှုန်ကုပ်နေခြင်းသာ ကွာခြားသည်။ စာကြည့်တိုက်ထဲတွင် လေတိုး၍ လွင့်ပျံနေသော လိုက်ကာအဖြူလေး မရှိခြင်းကလွဲလျှင် အရာအားလုံး တူညီနေသည်။


သူသည်ကား ရာဇဝတ်မှုမြောက်လောက်အောင်ကို ချောမောခန့်ညားလွန်းသည်။


သူ့အား မဂ္ဂဇင်းလှမ်းယူပေးပြီးနောက် ထိုကောင်လေးသည် နောက်ထပ် "ဂိမ်းဖန်တီးမှုအပတ်စဥ်" မဂ္ဂဇင်းတစ်အုပ်ကို လှမ်းယူကာ လှန်လှောကြည့်ရှုနေသည်။


ဤဇာတ်ကောင်က မည်သူဖြစ်သည်ကို နဥ်စုန့် လုံးဝမသိ။ မည်သည့်ကတ်ပြားက သူနှင့်သက်ဆိုင်သည်ကိုလည်း မမှတ်မိတော့ပေ။


မှိုင်းညို့ခြင်းဆိုသည်မှာ ပုံဆွဲပြဖို့ ခက်ခဲသည့်အရာမို့ဖြစ်နိုင်၏။


သူ့အရပ်က ၁၉၀ စင်တီမီတာလောက်တော့ ရှိလောက်သည်။ အရပ်အမောင်း သိသိသာသာ ကွာခြားမှုကို သတိပြုမိလိုက်ခြင်းက နဥ်စုန့်ကို အနည်းငယ် ထိတ်လန့်သွားစေသည်။


ကံကောင်းသည်ကား နောက်တစ်ခဏမှာ ထိုမှိုင်းညို့ညို့ကောင်လေး၏ ရင်ဘတ်ပေါ်က ရင်ထိုးတံဆိပ်ဆီ သူ အာရုံရောက်သွားခဲ့၏။


ဤအနက်ရောင်တံဆိပ်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


အနက်ရောင် ယူနီဖောင်းပေါ်မှ အနက်ရောင်တံဆိပ်သည် သိပ်ပြီး ထင်ရှားခြင်း မရှိလှသော်လည်း အရောင်ငြိမ်ငြိမ်နှင့် ခမ်းနားထည်ဝါမှုမျိုးရှိနေသည်။ တံဆိပ်ပေါ်မှ နှင်းဆီနှင့် ဓားပုံသဏ္ဍာန်သည် အနက်ရောင်ပင် ဖြစ်သော်လည်း ယူနီဖောင်း၏ အနက်ရောင်နှင့် အနည်းငယ် ကွဲပြားသည်။ အလင်းရောင်နှင့် ထိတွေ့လိုက်သည့်အခါ မှိန်ဖျဖျ တောက်ပနေတတ်၏။


နဥ်စုန့်၏ အဖြူရောင် တံဆိပ်နှင့်တော့ လုံးဝ ဆန့်ကျင်ဘက်ပင်။


နဥ်စုန့် သူယူထားသော "Electronic Sports" မဂ္ဂဇင်းကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် စာအုပ်စင်များ၏ နောက်ကွယ်မှ အသံတစ်သံကို ကြားလိုက်ရ၏။


သူ လှည့်ကြည့်လိုက်ရာ စာအုပ်စင်နှစ်တန်း၏ အကြားမှတဆင့် နောက်ပေါက်နားရှိ ထောင့်တစ်နေရာတွင် ကောင်လေးနှစ်ယောက် ပွေ့ဖက်ထားကြသည်ကို မြင်လိုက်ရသည်။


"မလှုပ်နဲ့"


"သူတို့ မြင်သွားလိမ့်မယ်!"


"မမြင်သေးဘူး…ငြိမ်ငြိမ်နေ”


နဥ်စုန့်: "..."


အာသာငမ်းငမ်း နမ်းရှိုက်သံများနှင့် သနားစဖွယ် ညည်းညူသံသဲ့သဲ့ကို ကြားနေရသည်။


သူတို့... နမ်းနေကြတာပဲ။


ပိုသွယ်လျသော ကောင်လေး မတ်တပ်မရပ်နိုင်တော့သည့် အခြေအနေအထိ သူတို့ နမ်းရှိုက်နေကြသည်။ ထိုကောင်လေးသည် ပြင်းပြသော အနမ်းများကို မခံနိုင်တော့ပုံရသော်လည်း အရပ်ပိုရှည်သော ကောင်လေး၏ လက်ဖဝါးကျယ်ကြီးက သူ့ခေါင်းကို ဖိထိန်းထားသဖြင့် ရုန်းထွက်၍ မရနိုင်ဖြစ်နေသည်။


သောက်ကျိုးနည်း။


ယောက်ျားချင်း နမ်းနေတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၍ အဖြောင့်တစ်ယောက်ဖြစ်သော သူ့အတွက်တော့ ကြီးမားသော တုန်လှုပ်ချောက်ချားမှုကြီး ဖြစ်ရသည်။



ဒီကျောင်းမှာ နေရမယ့် သူ့ဘဝရဲ့ နေ့ရက်တိုင်းက ဒီလိုပဲ ဖြစ်နေတော့မှာလား။


သူ မဂ္ဂဇင်းကို ယူပြီး စာဖတ်ခန်းထဲသို့ ဝင်ကာ နေရာလွတ်တစ်ခုရှာပြီး ထိုင်လိုက်သည်။


မကြာမီ ထိုမှိုင်းညို့နေသောကောင်လေး  ထွက်လာသည်။


ထိုစုံတွဲလေးလည်း ထွက်လာကြသည်။


တစ်ယောက်က အသားညိုညို၊ ဆံပင်ကေတိုတိုနှင့် အားကစားသမား ကျောင်းသားပုံစံဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်နှင့် အနုပညာဆန်သည့် အငွေ့အသက် ရှိနေသူဖြစ်သည်။


အို့!


ကျောင်းတွင်း BL အချစ်ဝတ္ထုတွေရဲ့ ရင်းနှီးနေကျ ဖော်မြူလာကြီးပါလား!


ထိုစုံတွဲလေး ထိုင်လိုက်သည်မှာ နှစ်မိနစ်ပင် မပြည့်သေး၊ လူအများကို ဂရုမစိုက်ဘဲ တစ်ယောက်ကိုတစ်ယောက် မှီနွဲ့နေကြပြန်ပြီ။


ဒါကလည်း ရင်းနှီးပြီးသား မြင်ကွင်းပါပဲ။


အထက်တန်းကျောင်းမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်မှာပဲဖြစ်ဖြစ် စာကြည့်တိုက်တွေဆိုတာ အချစ်ငှက်လေးတွေနဲ့ ဘယ်တုန်းကမှ မကင်းကွာခဲ့ဖူးပါဘူးလေ။


အနုပညာကျောင်းသားလေးက အရှက်သည်းတတ်ပုံရပြီး တစ်ဖက်လူကို အမြဲ တွန်းထုတ်နေတတ်သော်လည်း အသံထွက်ရဲပုံ မပေါ်ပေ။ အားကစားသမားကောင်လေးကတော့ ဗိုလ်ကျစိုးမိုးချင်သည့် ပုံစံမျိုးဖြစ်ပြီး တစ်ဖက်လူ ရှက်နေသည်ကို မြင်လေလေ ပိုပြီး စိတ်တက်ကြွလေလေ ဖြစ်နေပုံရသည်။


သူတို့က နဥ်စုန့်နှင့် အေးစက်မှိုင်းညို့နေသော ကောင်လေးကို သူတို့၏ ကစားပွဲထဲ ဆွဲထည့်ချင်နေပုံရ၏။


ကျွတ်...။


နဥ်စုန့် သူ့လိုပင် ပွဲကြည့်ပရိသတ်အဖြစ် အတင်းအကျပ် အသွတ်သွင်းခံထားရသည့် မှိုင်းညို့ညို့ကောင်လေးကို ခိုးကြည့်လိုက်မိသည်။


အမျိုးသားဇာတ်လိုက်ပီသပါပေ၏။ သူကား မည်သည့်အမူအရာမှ ပြမနေဘဲ သူ့ရှေ့တည့်တည့်မှာ လာလုပ်ပြနေလျှင်ပင် မျက်ခွံတစ်ချက် ပင့်ကြည့်မည့်ပုံ မပေါ်ပေ။


အနှီသူသည် နွေဦးအစောပိုင်းမှ ရေခဲရိုက်ထားသော သံတိုင်တစ်ချောင်းလိုပင် လောကီအာရုံကာမဂုဏ်တို့ ကင်းစင်နေတော့သည်။


 


***


စာရေးသူမှာပြောစရာရှိပါတယ်။


Easter egg:

[ဇာတ်လမ်းနောက်ဆက်တွဲအမြည်း]


ဆင်းရဲသားရပ်ကွက် ညဈေးတန်း လမ်းမတစ်ခုတွင်၊ ရွှေရောင်ပိရမစ်ကြီး၏ ထိပ်ဆုံး၌ ရပ်တည်နေသူ ဖူယွီသည် နဥ်စုန့်၏ ကျောပိုးအိတ်ကို လွယ်ထားပေးပြီး လက်ကို ဆုပ်ကိုင်ထားလေသည်။ နဥ်စုန့်ကတော့ လက်တစ်ဖက်တွင် ပူပူနွေးနွေး မုန့်ကိုကိုင်၍ စားသောက်ရင်း သူတို့နှစ်ဦးသည် သက်ဝင်လှုပ်ရှားနေသော မီးရောင်များနှင့် မီးခိုးငွေ့များကြားတွင် လမ်းလျှောက်နေကြလေ၏။


***


[Cela ၏ မှတ်စု]


အီစတန်ယောက်ျားလေးကျောင်းရဲ့ နာမည်ရင်းက "上东男子公学" ဖြစ်ပြီး၊ စာသားအတိုင်းဆိုရင် "အရှေ့အထက်ပိုင်း ပုဂ္ဂလိကယောကျာ်းလေးကျောင်း" လို့ အဓိပ္ပာယ်ရပါတယ်။


ဒီဝတ္ထုက အင်္ဂလန်ကို ကိုးကားထားတာ သေချာပါတယ်။ အင်္ဂလန်မှာ "ပုဂ္ဂလိကကျောင်း" ဆိုတာက တကယ်တော့ အမေရိကန်တွေခေါ်တဲ့ "ကိုယ်ပိုင်ကျောင်း” ကို ဆိုလိုတာပါ။ အီစတန်ကျောင်းလိုမျိုး ကျောင်းလခပေးရတဲ့ ကျောင်းမျိုးပေါ့။


(Mrs. Dalloway ဝတ္ထုထဲက ရှင်းလင်းချက်မှတ်စုကနေတစ်ဆင့် ကျွန်မ ဒါကို သိခဲ့တာပါ) Britishက စာဖတ်သူတွေကလွဲရင် ကျန်တဲ့သူတွေ ဇဝေဇဝါ မဖြစ်ရအောင် ကျွန်မက "ပုဂ္ဂလိက" ဆိုတဲ့ စကားလုံးကို ဖြုတ်ထားခဲ့ပါတယ်။


ဝတ္ထုထဲမှာတော့ ဒီကျောင်းနာမည်ကို "上东公学" (အီစတန်ပုဂ္ဂလိကကျောင်း) လို့ အတိုကောက် ခေါ်လေ့ရှိတယ်။ ဇာတ်ကောင်တွေက "上东州" မှာ နေကြတာဖြစ်ပြီး၊ ကျွန်မကတော့ "အီစတန်ပြည်နယ်"  လို့ ဘာသာပြန်ထားပါတယ်။


"州" ဆိုတဲ့ စကားလုံးကို "ခရိုင်"၊ "ပြည်နယ်" (ကယ်လီဖိုးနီးယား ပြည်နယ်လိုမျိုး) ဒါမှမဟုတ် တခြား အုပ်ချုပ်ရေးဒေသ အခေါ်အဝေါ်တွေနဲ့လည်း ဘာသာပြန်လို့ရပါတယ်။ ကျွန်မကတော့ အနောက်တိုင်း ဆန်ဆန်ဖြစ်အောင်နဲ့ နာမည်တစ်ခုအနေနဲ့ ပိုပြီး သဘာဝကျအောင် "အရှေ့အထက်ပိုင်း" အစား "အီစတန်" လို့ပဲ ရွေးချယ်သုံးနှုန်းထားပါတယ်။