အခန်း (၅) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
ထိုစုံတွဲသည် ရမ္မက်အရှိန်တက်လုနီးပါး ဖြစ်လာသဖြင့် ကမန်းကတန်း ပစ္စည်းသိမ်းကာ ထွက်သွားကြလေသည်။
အသားညိုညိုနှင့် အားကစားသမားကောင်လေးသည် အင်္ကျီလက်ကို ပင့်တင်လိုက်ရာ သူ့ပါတနာ၏ အသားအရောင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော ဂျုံစေ့ရောင် အသားအရေ ပေါ်လာ၏။
သူသည် သူတို့နှစ်ဦးလုံး၏ ကျောပိုးအိတ်များကို ပခုံးပေါ်တွင် လွယ်ပိုးလိုက်ပြီး သူ့ပါတနာကို ဘာတစ်ခုမှ ပေးမသယ်ဘဲ လက်မောင်းကိုဆွဲ၍ အပြင်သို့ ခေါ်ထုတ်သွားလေသည်။
သူတို့ အလောတကြီး ထွက်သွားကြသည့် အကြောင်းအရင်းကို သုံးနှစ်သားအရွယ် ကလေးပင် ခန့်မှန်းကြည့်လျှင် သိနိုင်ပေသည်။
ဘုရားရေ...
သူ ဒီနေရာကို ပညာဗဟုသုတ ရှာမှီးဖို့ လာခဲ့တာ ဖြစ်ပေမယ့်လည်း ဂျပန်အပြာကားတွေထဲက ဘာမှမသိနားမလည်တဲ့ ဘေးလူတစ်ယောက်လို ဖြစ်သွားရပြီ။
ဒီစုံတွဲတွေက စာကြည့်တိုက်ကိုတော့ ချမ်းသာပေးထားကြလို့ မရဘူးလားကွာ။
ထိုစုံတွဲ ထွက်သွားပြီးနောက် စာကြည့်တိုက်ထဲတွင် သူနှင့် မှိုင်းညို့ညို့မျက်နှာထားရှိသော ချောမောသည့် ကောင်လေးတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
လေထုသည် ပိုမို သန့်ရှင်းသွားသယောင်ရှိပြီး၊း စာရွက်လှန်သံများသာ လေထုထဲတွင် ပြည့်နှက်နေလေသည်။
မဂ္ဂဇင်းများသည် အသစ်စက်စက်များဖြစ်ပြီး လူကိုင်ထားခြင်း သိပ်မရှိသေးသဖြင့် မင်နံ့သင်းသင်းလေး ရနေဆဲပင်။ စာမျက်နှာအချို့တွင် မင်အသားကြောင့် စေးကပ်ကပ် အထိအတွေ့လေးပင် ကျန်ရှိနေသေးသည်။
သူ့ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်နေသော အပူဓာတ်မှာ ပြယ်လွင့်မသွားသေးချေ။ သူ ခေါင်းငုံ့လိုက်သည်။
သူ့ဆံနွယ်များမှာ တွန့်ကွေးနေပြီး ဂုတ်သားနှင့် လက်များသည် ဖြူဖျော့ကာ သွယ်လျနေ၏။ ပိန်ပါးလွန်းသောကြောင့် သူ့နားရွက်များသည် သိသိသာသာ ပေါ်လွင်နေပြီး၊ ပန်းရောင်သမ်းနေကာ သူ၏ခန္ဓာကိုယ်ပေါ်မှ အရောင်အနည်းငယ်ရှိသော နေရာများထဲမှ တစ်ခုအပါအဝင် ဖြစ်နေတော့သည်။
သူ ခေါင်းငုံ့ထားသောကြောင့် ထိုမှိုင်းညို့ညို့ကောင်လေးက သူ့ကို ခဏခဏ လှမ်းကြည့်နေသည်ကို လုံးဝ သတိမထားမိလိုက်ပေ။
သူသည် ၁၀ နာရီ ၄၀ မိနစ်အထိ စာကြည့်တိုက်ထဲတွင် စာဖတ်ရင်း နေလိုက်သည်။
၁၁ နာရီမှ ၁၂ နာရီအထိ သူ ဆဲလ်လိုအတန်း တက်ရမည် ဖြစ်သည်။
နဥ်စုန့်သည် မိနစ် ၂၀ ကြိုတင်ပြီး ထွက်လာခဲ့ကာ ဂီတဆောင်သို့ တန်းသွားလိုက်သည်။
သူသည် လမ်းမမှတ်မိတတ်သူသာဖြစ်၏။ ကျောင်းကြီးကလည်း အလွန်ကျယ်ဝန်းလှသဖြင့် သူ့ကို ခေါင်းမူးသွားစေသည်။
နေမင်းကြီးက မြောက်ဘက်တွင် သာနေသကဲ့သို့၊ အရပ်မျက်နှာအားလုံး ပြောင်းပြန်ဖြစ်နေသကဲ့သို့ သူ အမြဲလိုလို ခံစားရတတ်သည်။ တောင်ဘက်သို့ လျှောက်နေသည်ဟု သိနေသော်လည်း မြောက်ဘက်သို့ သွားနေသလို ခံစားနေရ၏။ သူ ဘယ်လိုမှ အမှန်မခွဲခြားနိုင်ပေ။
ကျောင်းဝင်းအလယ်ရှိ ဝါးတဲလ်းအပင်ဖြူကြီးများသည် ၁၀ မီတာကျော် မြင့်မားပြီး၊ သစ်ကိုင်းများပေါ်တွင် ပန်းပွင့်များ ဝေဆာနေသည်။ လေတိုက်ခတ်လိုက်သောအခါ သစ်ကိုင်းများ ယိမ်းနွဲ့သွားကြပြီး၊ ပန်းရနံ့များက သူ့ကို လွှမ်းခြုံသွားလေသည်။
ဝါးတဲလ်ပန်းဖြူသည် အီစတန်ပြည်နယ်၏ ပြည်နယ်ပန်း ဖြစ်သည်။ ယခင်က ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးသည် ဤပန်းကို အလွန်နှစ်သက်သဖြင့် တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရန် တိုက်တွန်းအားပေးခဲ့သည်ဟု ဆိုကြသည်။
လမ်းများစွာ မှားပြီးနောက် နောက်ဆုံးတွင် ဂီတခန်းသို့ ရောက်ရှိလာသောအခါ ထိုမှိုင်းညို့ညို့ကောင်လေးနှင့် ထပ်မံ ဆုံတွေ့ရပြန်သည်။
သူသည် အရပ်ရှည်သည်၊ ခါးသိမ်သည်၊ မျက်နှာသွင်ပြင် ထင်ရှားသည်။
မျက်နှာမှလွဲ၍ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ထောင့်ချိုးကျနေသည်။ သူ့ခန္ဓာကိုယ်မှာ သွယ်လျသော်လည်း ထက်ရှပေါ်လွင်နေသည့်ပုံစံရှိလေသည်။
ထိုမှိုင်းညို့ညို့ကောင်လေးသည် သူဝင်ရမည့် စာသင်ခန်းထဲသို့ပင် ဝင်သွားလေသည်။
သူတို့က အတန်းတူတူ ဖြစ်နေကြသည်သာ။
နဥ်စုန့် သူ့နောက်မှ ကပ်လိုက်သွားသည်နှင့် မူလက ဆူညံနေသော ဂီတခန်းသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကောင်လေး ဒါဇင်ပေါင်းများစွာက သူ့ကို လှည့်ကြည့်လာကြသည်။
သူတို့အားလုံးသည် ယူနီဖောင်းအနက်ရောင် ဆင်တူ ဝတ်ဆင်ထားကြရာ၊ သူတို့၏ အကြည့်များက သူ့ကို အနက်ရောင် ရေဝဲကြီးတစ်ခုထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားရစေသည်။
အတန်းထဲတွင် အဖြူရောင်တံဆိပ်တပ်ထားသူဟူ၍ သူတစ်ယောက်တည်းသာ ရှိလေသည်။
အရပ်ရှည်ရှည်နှင့် ချောမောသော ကောင်လေးတစ်ယောက်က သူ့ကို ပြောလိုက်သည်။ "မင်းရဲ့ ဆဲလ်လို သွားယူ”
ကြည့်လိုက်တော့ သူတို့၏ အတန်းခေါင်းဆောင် ချန်မော့ဖြစ်နေသည်။ သူ လွန်ခဲ့သော တစ်ပတ်က ဆိုရှယ်မီဒီယာတွင် သူ့ကို add ထားခဲ့ဖူးသည်။
ချန်မော့တွင် လူငယ်ဆန်သော လေသံပါသည့် အသံဩဩကြီး ရှိသောကြောင့် သူ ချက်ချင်း မှတ်မိလိုက်သည်။
သူသည် သွေးမထားသော ကျောက်စိမ်းရိုင်းတုံးတစ်တုံးကဲ့သို့ သန့်ရှင်းပြီး သိမ်မွေ့ယဥ်ကျေးမှုရှိသည်။
လူတွေကို အထင်သေးတတ်သည့် စီနီယာကျိုး၏ မောက်မာသော အကျင့်နှင့်မတူဘဲ၊ အတန်းခေါင်းဆောင်က အေးစက်စက် နေတတ်ရုံသာ ရှိပြီး မေးခွန်းမေးလျှင် အမြဲ ဖြေကြားလိုစိတ် ရှိသည်။ အကူအညီတောင်းလျှင် ကူညီပေးတတ်သော်လည်း မည်သည့် စိတ်ခံစားချက်တုံ့ပြန်မှုကိုမျှ ပေးမည်မဟုတ်ပေ။
အီစတန်ယောက်ျားလေးကျောင်း၏ စည်းမျဉ်းများကို ပထမ နှစ်လအတွင်းမှာပင် နဥ်စုန့် လေ့လာသိရှိခဲ့သည်။ ဂီတတူရိယာများနှင့် အားကစားပစ္စည်းများကဲ့သို့သော ကျောင်းသင်ခန်းစာများအတွက် လိုအပ်သည့်အရာ အားလုံးကို ကျောင်းက ထောက်ပံ့ပေးထားသည်။ စီးပွားရေးနောက်ခံ မတူညီသော ကျောင်းသားများကြား ကွာဟချက်ကို လျှော့ချလိုသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။
တစ်ဖက်တွင် ရှင်းလင်းပြတ်သားပြီး တင်းကျပ်သော အဆင့်အတန်းစနစ်ကို တည်ဆောက်ထားပြီး၊ အခြားတစ်ဖက်တွင်မူ အဆင့်အမျိုးမျိုးကြား ကွာခြားချက်များကို ဖုံးကွယ်ရန် ကြိုးစားထားကြပြန်သည်။ ဤကမ္ဘာကြီးသည် တကယ်ကို ရှေ့နောက်မညီ ဖြစ်နေချေပြီ။
သူသည် ကမန်းကတန်းပင် သူ့ဆဲလ်လိုကို သွားယူလိုက်သည်။ သူက လူကောင်သေးသဖြင့် ဆဲလ်လိုကြီးသည် သူ့ခန္ဓာကိုယ်နှင့် အချိုးအစားမကျဘဲ တစ်မျိုးကြီး ဖြစ်နေလေသည်။
ကံကောင်းစွာပင် လွန်ခဲ့သော နှစ်လအတွင်း သူ လေ့ကျင့်ထားခဲ့သောကြောင့်သာ၊ သို့မဟုတ်ပါက သူ၏ အားနည်းသောခန္ဓာကိုယ်ဖြင့် ထိုအရာကို သယ်နိုင်ခဲ့မည် မဟုတ်လောက်ပေ။
ဆဲလ်လိုကို သယ်ဆောင်ရင်း ထိုင်ခုံလိုက်ရှာရာ၊ သူ့အကြည့်နှင့် မှိုင်းညို့ညို့ကောင်လေး၏ အကြည့်တို့ ဆုံသွားကြသည်။
မှိုင်းညို့ညို့ကောင်လေးက သူ့ကို မှတ်မိပုံရပြီး၊ တစ်ချက် လှမ်းကြည့်လာသည်။
နဥ်စုန့်သည် သူ့ဘေးရှိ လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်သည်။
သူ့လိုလူမျိုးနှင့် တွေ့ဆုံရသဖြင့် သူ ဝမ်းသာမိသည်။
လူတိုင်းသိကြသည့်အတိုင်း ကျောင်းသားများနှင့် အထက်တန်းကျောင်းသား အချောအလှများသည် မျိုးစိတ်ချင်း မတူညီကြပေ။
သူ့လို သာမန် အထက်တန်းကျောင်းသားများ ရှိနေသောကြောင့်သာ၊ ထိုမှိုင်းညို့ညို့ ကောင်လေးကဲ့သို့ ရင်သပ်ရှုမောဖွယ် ရုပ်ရည်ရှိသော အထက်တန်းကျောင်းသားများက ပို၍ ထင်ရှားပေါ်လွင်နေခြင်း ဖြစ်သည်။
ပြောင်းပြန်အနေဖြင့်လည်း ထိုနည်းတူပင်။ ထိုမှိုင်းညို့ညို့ ကောင်လေးကဲ့သို့ လူမျိုးများသည် လမင်းကြီးနှင့် တူသည်။ သူ့လို မှိန်ဖျော့သော ကြယ်မှုန်လေးမှာ ထိုသူ့အနားတွင် ရှိနေလျှင် ပျောက်ကွယ်သွားနိုင်လေသည်။
သူ အခြားသူများကို ဝေ့ဝဲကြည့်လိုက်ပြန်သည်။
သူ၏ ယခင်က စိုးရိမ်ပူပန်မှုများသည် အနည်းငယ် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းရာကျသည်ဟု သူ ခံစားလိုက်ရသည်။
ဤကျောင်းတွင် ချောမောသော ကောင်လေးများ များပြားလွန်းလှသည်။ သူသည် အတန်းထဲတွင် မထင်မရှားဆုံး လူတစ်ယောက်သာ ဖြစ်သည်။
သူ ဟန်ဆောင်နေစရာပင် မလိုတော့၊ သူ့ရုပ်ရည်နှင့် အရပ်အမောင်းသည် တိုက်ရိုက်ပင် အောက်ဆုံးအဆင့် ရောက်နေချေပြီ။
အတန်းဖော်သစ်များ အားလုံးသည် ငွေကြေးနှင့် အာဏာမှ လာသော တက်ကြွမှုနှင့် တောက်ပမှုများဖြင့် ပြည့်နှက်နေကြသည်။
အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်သောအခါ သူတို့၏ ရုပ်ရည်နှင့် စိတ်နေသဘောထားများက အတူတူလောက်နီးပါး ဖြစ်နေသည်ကို တွေ့ရသည်။ နှစ်ယောက်သာလျှင် ထူးခြားကွဲပြားနေ၏။
တစ်ယောက်မှာ ထိုမှိုင်းညို့ညို့ကောင်လေး ဖြစ်သည်။ ပြောစရာပင်မလို၊ သူသည် ကျောင်းတွင်းဇာတ်လမ်း ဇာတ်လိုက်တစ်ယောက်၏ ပြည့်စုံသော ပုံစံခွက်ပင် ဖြစ်သည်။ သူသည် ရိုးရှင်းစွာပင် တည်ငြိမ်ထိုင်းမှိုင်းလွန်းလှပြီး ချောမောလွန်းနေသည်။
အခြားတစ်ယောက်မှာ ပထမတန်းတွင် ထိုင်နေသော ကောင်လေးတစ်ယောက် ဖြစ်သည်။
ထိုကောင်လေးသည် နဥ်စုန့်နှင့် အရပ်ချင်း တူလောက်ပြီး ပိန်ပါးသော်လည်း နဥ်စုန့်နှင့် မတူသည်မှာ ထိုကောင်လေးသည် ကြွေရုပ်ကလေးတစ်ရုပ်ကဲ့သို့ နုနယ်နေခြင်းပင်။ သူ့တွင် သမင်မျက်လုံးများ ရှိသော်လည်း၊ နဥ်စုန့်၏ အကြည့်နှင့် ဆုံသည်နှင့်တပြိုင်နက် ချက်ချင်း လွှဲဖယ်သွားပြီး၊ နဥ်စုန့်၏ မြင်ကွင်းထဲတွင် သူ့ခေါင်းနောက်ပိုင်းကိုသာ ချန်ထားရစ်ခဲ့လေသည်။ သူ့ခေါင်းနောက်တွင် လက်ချောင်းတစ်ချောင်းစာခန့် ရှည်သော ကျစ်ဆံမြီးလေးတစ်ချောင်း ပါရှိသည်။
ထိုကတ်ပြား ၂၀ ထဲတွင် သူ့ကို နဥ်စုန့် မြင်တွေ့ဖူးခဲ့သည်!
အတန်းတစ်တန်းထဲမှာ ဇာတ်လိုက်နှစ်ယောက် ပါနေတယ်ဆိုရင် လုံလောက်ပြီ မဟုတ်လား။
လူသစ်တစ်ယောက်အနေဖြင့် သူသည် သဘာဝကျစွာပင် တစ်တန်းလုံး၏ အာရုံစိုက်ရာ ဖြစ်နေသည်။ ကောင်လေးအချို့က အင်္ဂလိပ်လို ပြောပြီး သူ့အကြောင်း ဆွေးနွေးနေကြသည်။
"သူက တကယ်ပဲ အောက်ဆိပ်ကမ်းက လာတာလား"
"လုကျစ်ရွှမ်း... မင်း ခိုးမရိုက်နဲ့ကွာ။ သူ မမြင်စေနဲ့"
"ငါတို့ပြောတာကို သူ နားလည်မယ် ထင်လား" ဟူ၍ သူတို့ ပြောနေကြသည်ကိုလည်း သူ ကြားနေရသည်။
"ဒါဆို ပြင်သစ်လို ပြောင်းပြောကြမယ်လေ"
"သူ ဘာမှမတုံ့ပြန်ဘူး။ သူ နားမလည်တာသေချာတယ်”
မင်းတို့ ပျော်သလိုသာ လုပ်ကြပါကွာ။
နဥ်စုန့်သည် သူ့ဆဲလ်လိုကို အနည်းငယ် နေရာပြန်ပြင်လိုက်သည်။
"မင်းက နဥ်စုန့် လား"
အတော်လေး ရိုးရိုးရှင်းရှင်းပုံပေါက်ပြီး မျက်မှန်တပ်ထားသော ကောင်လေးတစ်ယောက်က ကိုယ်ကိုကိုင်းပြီး မေးလာသည်။
"ဟုတ်ပါတယ်၊ မင်္ဂလာပါ" နဥ်စုန့်က ပြုံးပြီး နှုတ်ဆက်လိုက်သည်။
ထိုကောင်လေးက အတော်လေး ဖော်ရွေသည်။ "ဟိုင်း... ငါ့နာမည် ချောင်ချောင်ပါ။ ရှောင်ချောင်ထဲက 'ချောင်' နဲ့၊ နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုး ကိုခေါ်တဲ့ ဟွားချောင် ထဲက 'ချောင်' ပါ"
ချောင်ချောင်တွင် သူ့လိုပင် သာမန်မျက်နှာမျိုးရှိပြီး၊ အသားဖြူဖြူ စာဂျပိုးတစ်ယောက်နှင့် တူနေသည်။ သူ့တွင် နှုတ်ခမ်းပါးပါးလေးများရှိပြီး၊ ဝတ္ထုထဲတွင် အတင်းအဖျင်းဖြန့်ရန် တာဝန်ယူရသည့် ဇာတ်ကောင်နှင့် တူလေသည်။
ထင်သည့်အတိုင်းပင် ချောင်ချောင်သည် သူ့အရင်က ဘယ်မှာ ကျောင်းတက်ခဲ့သလဲ၊ ဘာကြောင့် အထက်တန်း ဒုတိယနှစ်ကျမှ ကျောင်းပြောင်းလာတာလဲ စသည်ဖြင့် သူ့အား စိတ်အားထက်သန်စွာ မေးမြန်းစကားပြောလာလေသည်။
"ငါ့ဘေးနား လာထိုင်ပါလား" ချောင်ချောင်က တိုးတိုးလေး ပြောလိုက်သည်။
နဥ်စုန့်သည် နာခံစွာပင် ရွှေ့သွားလိုက်သည်။
ပတ်ဝန်းကျင်အသစ်တွင် အမြန်ဆုံးမိတ်ဖွဲ့ရန် လိုအပ်ပေသည်။ သူငယ်ချင်းဖွဲ့ရန် ကမ်းလှမ်းလာသူကို ငြင်းပယ်ရမည့် အကြောင်းရင်း မရှိပေ။ ထို့ပြင် ချောင်ချောင်၏ ဝတ်စားဆင်ယင်မှုနှင့် အပြုအမူကို ကြည့်ခြင်းအားဖြင့် သူသည် အနိုင်ကျင့်ခံနေရသူပုံ မပေါက်ပေ။
ဤအချက်သည် အလွန်အရေးကြီးသည်။ အကယ်၍ လူသစ်တစ်ယောက်သည် ဖယ်ကြဉ်ခံထားရသူတစ်ယောက်နှင့် မိတ်ဖွဲ့လိုက်ပါက၊ သူကိုယ်တိုင်လည်း လွယ်ကူစွာ ဖယ်ကြဉ်ခံရနိုင်ပေသည်။
ချောင်ချောင်က တိုးတိုးလေးပြောလာသည်။ "မင်း ဖူဒါစီနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်။ သူ့နား လူတွေကပ်တာကို သူ မကြိုက်ဘူး"
"ဖူဒါစီ ဟုတ်လား"
နဥ်စုန့် ဘာမှမသိမှန်းမြင်သောအခါ ချောင်ချောင်က ခေါင်းညိတ်ပြလိုက်ပြီး နောက်ခံအချက်အလက်တချို့ကို ခိုးကြောင်ခိုးဝှက် ပြောပြလေသည်။