အခန်း (၆) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
အပြင်ပန်းကြည့်လျှင် တိတ်ဆိတ်ပြီး စကားနည်းပုံရသည့် ထိုကောင်ချောလေး၏ နာမည်မှာ ဖူယွီဖြစ်ပြီး၊ ဖူဒါစီဆိုသည်မှာ သူ့နာမည်ပြောင်ဖြစ်သည်။
အလယ်တန်းကျောင်းတက်တုန်းက ကျောင်းကပွဲတစ်ခုတွင် 'Pride and Prejudice' ပြဇာတ်ကရာ၌ သူသည် မစ္စတာဒါစီအဖြစ် သရုပ်ဆောင်ခဲ့ဖူးသည်။ ထိုစဉ်က လူတိုင်းက သူ့ကို မစ္စတာဒါစီ၏အလယ်တန်းကျောင်းသားဗားရှင်းဟု တွေးခဲ့ကြသည်။
ပြီးတော့ သိလား... သူတို့နှစ်ယောက်က တကယ်လည်း တူတယ်လေ!
အတန်းထဲရှိ ကောင်လေးများ အားလုံးသည် ရုပ်ရည်ချောမောကြသည်။ တကယ်တော့ သူတို့အားလုံးသည် တမျိုးမဟုတ်တမျိုး ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက် ဆက်ခံသူများ ဖြစ်ကြသဖြင့် သူတို့၏ အရပ်အမောင်းနှင့် ပုံစံသွင်ပြင်သည် ထင်ရှားပေါ်လွင်နေကြသည်။
သို့သော် ဖူယွီသည် အားလုံးထဲတွင် အထူးချွန်ဆုံး ဖြစ်သည်။ ဂုဏ်သတင်းကြီးသော ကျောင်းများတွင် ချမ်းသာပြီး အာဏာရှိသော ကျောင်းသားများ မရှားပါးသော်လည်း၊ ဖူယွီ၏ မိသားစုသည် လူမှုအလွှာ ပိရမစ်ကြီး၏ ထိပ်ဆုံး၌ ရှိနေသည်။
ချောင်ချောင်က အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။ "သူ့အဘိုးကဖူမင်ခယ့်လေ"
မည်သည့် ဂုဏ်ပုဒ်ရာထူးမှ မပါဘဲ ရိုးရှင်းသော နာမည်တစ်ခုသာ ဖြစ်သော်လည်း အကြောင်းပြချက် တစ်ခုတည်းကြောင့် လုံလောက်နေသည်။ ထိုနာမည်သည် ဤကမ္ဘာတွင် လူတိုင်းသိသော နာမည်တစ်ခု ဖြစ်နေသောကြောင့်ပင်။
နဥ်စုန့်သည် ထိုနာမည်ကို ဖုန်းဖြင့် တိတ်တဆိတ် ရှာဖွေကြည့်လိုက်သည်။
သူ ချက်ချင်းပင် ဤမိသားစုအကြောင်းကို အမှတ်ရသွားသည်။
အဘယ်ကြောင့်ဆိုသော် နဥ်စုန့်၏ ဖခင်သည် ဖူမိသားစု၏ ဒရိုင်ဘာတစ်ဦးဖြစ်သောကြောင့်ပင်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာ ၉ ရက်နေ့ အဓိကရုဏ်းအတွင်း မစ္စတာဖူသည် ဆူပူသောင်းကျန်းသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုစဉ်က နဥ်စုန့်၏ ဖခင်သည် မတော်တဆ ဖြတ်သွားမိရာမှ အသက်စွန့်၍ ရာဇဝတ်ကောင်ကို မြေကြီးပေါ်သို့ လဲကျအောင် တိုက်ခိုက်ခဲ့သည်ဟု ဆိုကြသည်။
ထို့နောက်တွင် မစ္စတာဖူက သူ့အား ငွေအမြောက်အမြား ပေးရုံသာမက ဖူမိသားစု၏ ယာဉ်မောင်းဒရိုင်ဘာအဖြစ်ပါ ခန့်အပ်ခဲ့သည်။ နဥ်စုန့်၏ မိခင်သည်လည်း ဆင်းရဲသားရပ်ကွက်ရှိ အဝတ်လျှော်ဆိုင်မှ အလုပ်ထွက်ပြီး ဖူမိသားစုအိမ်တော်တွင် အိမ်ဖော်အဖြစ် ဝင်လုပ်ခဲ့ရသည်။ မစ္စတာဖူ၏ ဇနီးသည် နဥ်စုန့်၏ ထူးချွန်သော အမှတ်စာရင်းများအကြောင်း ကြားသိရသောအခါ အီစတန်ယောက်ျားလေးကျောင်းသို့ အထူးဝင်ခွင့်ဖြင့် ဝင်ရောက်နိုင်ရန် ထောက်ခံပေးခဲ့ခြင်း ဖြစ်သည်။
နဥ်စုန့်၏ မိဘများသည် အလွန်ကျေးဇူးတင်ကြပြီး ဝမ်းသာလွန်း၍ ဘာလုပ်ရမှန်းမသိပင် ဖြစ်ခဲ့ကြရသည်။ သူတို့သား ကျောင်းပြောင်းသည့်နေ့တွင် သူတို့မှာ ခွင့်ပင် မတိုင်ရဲခဲ့ကြပေ။
အီစတန်ယောက်ျားလေးကျောင်းတွင် ကိုယ်ပိုင်ပိရမစ်တစ်ခု ရှိခဲ့ပါလျှင် ဖူယွီသည် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်ပြီး၊ နဥ်စုန့်သည် အောက်ဆုံး၌ ရှိနေပေလိမ့်မည်။
တစ်ကျောင်းလုံးတွင် သူတို့နှစ်ယောက်ထက် ပို၍ ကွာခြားသောသူ နှစ်ယောက်ဟူ၍ ရှိနိုင်မည် မဟုတ်ချေ။
သူ ဖူယွီဘေးတွင် ဝင်ထိုင်လိုက်စဉ်က အတန်းဖော်များ သူ့ကို ထိုကဲ့သို့ ကြည့်ခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ငါတို့အတန်းက အတော်လေး အေးဆေးပါတယ်။ ငါတို့ထက် ပိုစည်းလုံးတဲ့အတန်း မရှိဘူး" ချောင်ချောင်က ရယ်မောရင်း ပြောလိုက်သည်။ "ဖူဒါစီ နဲ့ ကျန်းကျန်းကလွဲလို့ပေါ့"
"ကျန်းကျန်း?”
နဥ်စုန့်သည် ပထမတန်းတွင် ထိုင်နေသော လှပသည့်အရာလေးကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။
ချောင်ချောင်က ဆက်ပြောသည်။ "ကျန်းကျန်းက နည်းနည်း အနေအေးတယ်။ လူတွေနဲ့ စကားပြောရတာ သိပ်မကြိုက်ပေမယ့် သူက လူကောင်းပါ"
အနှီသူသည် လှပနုနယ်သည်၊ အနည်းငယ် လူတောမတိုးချင်သော သူဌေးသားဖြစ်သည်။ သူ့၌ ထင်ရှားသော ကျစ်ဆံမြီးတိုလေးရှိပြီး Buffsအများအပြား ပိုင်ဆိုင်ထားသည်။
(T/N Buff= အရည်အချင်း၊အားသာချက်နှင့် အထောက်အပံ့ကောင်းများ)
သူက ဖူယွီနဲ့ အတွဲများ ဖြစ်နေမလား။
သူ ဖူယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အတန်းစသည်နှင့် ဆဲလ်လိုဆရာမက သူ့အဆင့်ကို သိရအောင် သီချင်းတစ်ပုဒ် တီးခိုင်းလေသည်။
သူ ဆဲလ်လိုတီးတာ အလွန်ညံ့ဖျင်းပါသည်။
အမှန်ကား သူသည် လွန်ခဲ့သော နှစ်လအတွင်း၌သာ အတင်းအကျပ် လေ့လာမှတ်သားခဲ့ရခြင်း ဖြစ်၏။ အီစတန်ယောက်ျားလေးကျောင်း ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီးကတည်းက၊ နဥ်စုန့်၏ မိဘများသည် သူ့ကို အမြန်သင်တန်းများစွာတွင် ချက်ချင်း စာရင်းသွင်းပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အာရှဖက်ဒရေးရှင်းရှိ ကျောင်းကြီး ၄ ကျောင်းသည် သာမန် အထက်တန်းကျောင်းများနှင့် မတူဘဲ ကျောင်းသားများ၏ ဘက်စုံအရည်အချင်းကို အလေးပေးသောကြောင့် ဖြစ်သည်။
သူ ယခင်တက်ခဲ့သည့် သာမန် အထက်တန်းကျောင်းတွင် နဥ်စုန့်သည် ပညာရေးဘက်၌ ထူးချွန်သော်လည်း အနုပညာနှင့် အားကစား စွမ်းရည်များတွင်မူ ဤအထက်တန်းစားကျောင်းမှ သူဌေးသားများနှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေပေသည်။
ကံမကောင်းစွာဖြင့် သူသည် သင်ယူလေ့လာရာတွင် အားစိုက်ထုတ်မှု သိပ်မရှိခဲ့ချေ။
သူလည်း မတတ်နိုင်ခဲ့ပါ၊ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာစဉ်က မည်သည့်ဝတ္ထုထဲ ရောက်နေမှန်း သူ မသိခဲ့ပေ။ အီစတန်ယောက်ျားလေးကျောင်းသို့ အင်တာဗျူးလွှတ်ရန် နည်းလမ်းရှိကြောင်း သူ့မိခင်က ဝမ်းသာအားရ ပြောကြားမှသာ၊ ကျောင်းနာမည်က ရင်းနှီးနေသလို ခံစားရပြီး ဝတ္ထုထဲ ရောက်နေပုံရသည်ကို တုန်လှုပ်စွာဖြင့် သတိထားမိလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ကူးပြောင်းရောက်ရှိလာပြီးနောက် သူ ပထမဆုံးလုပ်သည့်အရာမှာ ပိုက်ဆံရှာရန် နည်းလမ်းရှာဖွေခြင်းပင် ဖြစ်သည်။
သူ့တွင် ထူးခြားသော ပါရမီဟူ၍ မရှိပေ။ မိဘမဲ့တစ်ဦးအနေဖြင့် ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာခဲ့သည်။ စာသင်ကြားခြင်းအပြင် ဂိမ်းကစားခြင်းကိုလည်း သူ နှစ်သက်ခဲ့သည်။
အစပထမတွင် သူသည် ဂိမ်းကစားခြင်းကိုသာ နှစ်သက်သော်လည်း နောက်ပိုင်းတွင် ကိုယ်ပိုင်ဂိမ်း ဖန်တီးရခြင်းကို သဘောကျလာခဲ့သည်။
မိဘမဲ့ဂေဟာတွင် လျိုကျောက်ဟွေအမည်ရှိသော ဆရာတစ်ဦးက သူ့ကို အလွန်ပံ့ပိုးကူညီပေးခဲ့သည်။ နဥ်စုန့်သည် မူလတန်း စတုတ္ထတန်းအရွယ်ကတည်းက ပရိုဂရမ်းမင်း စတင်သင်ယူခဲ့ပြီး အခြားကလေးများက သူ့ကို ဉာဏ်ကြီးရှင်ဟု ပြောဆိုခဲ့ကြသည်။
သူ့ကိုယ်သူတော့ ဉာဏ်ကြီးရှင်ဟု မထင်မှတ်ခဲ့ဘဲ ပရိုဂရမ်းမင်းကို စစ်မှန်စွာ မြတ်နိုးခြင်းသာ ဖြစ်သည်။
ထို့ပြင် သူသည် သူချစ်ခင်မြတ်နိုးသော အရာများနှင့်ပတ်သက်လျှင် အလွန်စွဲလမ်းတတ်သူ တစ်ဦးဖြစ်သည်။
မကြာသေးမီက Shark E-Art ဟုခေါ်သော ဂိမ်းကုမ္ပဏီတစ်ခုနှင့် သူ အဆက်အသွယ် ရခဲ့သည်။ ဂိမ်းဖန်တီးခြင်းကို တစ်ဦးတည်း လုပ်ဆောင်၍ မရနိုင်ပေ။ ဈေးကွက်ရှာဖွေရေးနှင့် ကြော်ငြာအားမြှင့်တင်ရေးသည် အလွန်အရေးကြီးသည်။ Shark E-Art သည် ကုမ္ပဏီသစ် ဖြစ်သော်လည်း နာမည်ကောင်းရှိပြီး၊ ပါရမီရှင်အသစ်များကို ရှာဖွေပျိုးထောင်ပေးရသည်ကို နှစ်သက်သည်။ သူ ရေးဆွဲဒီဇိုင်းထုတ်ထားသော ဂိမ်းတစ်ခုကို သူတို့ထံ ပေးပို့လိုက်သည်။ ဤဂိမ်းကို အလယ်တန်းကျောင်းသားဘဝက ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ကုဒ်များအားလုံးကို အလွတ်ပြန်ရေးရန် မမှတ်မိတော့ပေ။ ယခုတလော အားလပ်ချိန်များတွင် ဤဂိမ်းကို ပြန်လည်မွမ်းမံနေပြီး Shark E-Art ၏ အကဲဖြတ်ချက်နှင့် တုံ့ပြန်မှုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ကိုယ်ကျွမ်းကျင်ပြီး တကယ်လည်း ချစ်မြတ်နိုးသည့် အလုပ်တစ်ခုကို ရရှိရန်မှာ ရှားပါးလှပေသည်။ ဘဝအဆက်ဆက် သေပြီးပြန်မွေးလျှင်ပင် သူ့ရည်မှန်းချက် ပြောင်းလဲမည် မဟုတ်ချေ။
ဂိမ်းဖန်တီးရာတွင် စွဲလမ်းလွန်းနေသဖြင့် အစားပင် ဖြောင့်ဖြောင့်မစားနိုင်ရာ ဆဲလ်လိုသင်ယူရန် မည်သည့်အားအင်မျှ ရှိတော့မည် မဟုတ်ချေ။
ဆယ်စုနှစ်တစ်ခုကျော် သူ၏ဘဝတွင် ဂိမ်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိသကဲ့သို့ပင်။
သူသည် ပျင်းစရာကောင်းသူဖြစ်ပြီး၊ သူကျွမ်းကျင်သည့် တစ်ခုတည်းသောအရာမှာ ပရိုဂရမ်းမင်းကဲ့သို့ စိတ်ဝင်စားစရာမကောင်းသည့်အရာ ဖြစ်နေသည်။ ကခုန်တတ်သော၊ စန္ဒရားတီးတတ်သော၊ သို့မဟုတ် အနုပညာလိုက်စားသော ဇာတ်လိုက်ကျော်များနှင့် သူ မတူပေ။ သူတို့ ဂိမ်းစိတ်ဝင်စားလျှင်ပင် သူတို့သည် ချောမောသော E-sports ကစားသမားများ၊ သို့မဟုတ် စိတ်ကြီးသော်လည်း ဆွဲဆောင်မှုရှိသော Livestream Anchor များသာ ဖြစ်နေတတ်သည်။
သူသည် ဤနေရာ၌ တန်ဖိုးမရှိသည့် အသုံးချခံသက်သက် ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
ထို့ကြောင့် သူ ဆဲလ်လိုတီးပြီးသောအခါ အတန်းဖော်အချို့က ခိုးရယ်ကြပြီး ဆရာမမှာမူ အံ့အားသင့်သွားရလေသည်။
သို့သော် ဆရာမသည်လည်း မူလကတည်းက သူ့ကို မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိပုံမရပေ။ ဆင်းရဲသားရပ်ကွက်မှ လာသော အထူးဝင်ခွင့်ကျောင်းသားတစ်ဦးအနေဖြင့် တူရိယာသင်ယူရန်မဆိုထားနှင့်၊ ကျောင်းတက်ရန် ငွေကြေးတတ်နိုင်သည်ကပင် လုံလောက်နေပြီ ဖြစ်သည်။ အနုပညာဆိုသည်မှာ သူဌေးသားများအတွက် ပြည့်စုံပြီးသားဘဝကို ပိုလှသွားအောင် မွမ်းမံခြယ်သမှုတစ်ခုသာ ဖြစ်ပေ၏။
ထို့ကြောင့် ဆရာမသည် အားပေးသည့် မူဝါဒကိုသာ ဆုပ်ကိုင်လိုက်သည်။ "မဆိုးပါဘူး... မင်း သီချင်းတစ်ပုဒ်လုံးကို အစကနေ အဆုံးထိ ပြီးအောင် တီးနိုင်သားပဲ"
ရှက်ရကောင်းမှန်းမသိသော ဆင်းရဲသားရပ်ကွက်မှ ဤကျောင်းသားလေးသည် တကယ်ပင် ပြုံးနေပြီး၊ သီချင်းတစ်ပုဒ်လုံး ပြီးအောင် တီးနိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ကျေနပ်နေပုံရလေသည်။
ဆဲလ်လိုက သူ့ကို မှီနေသည်လား၊ သူက ဆဲလ်လိုကို မှီနေသည်လား မသဲကွဲသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ဆဲလ်လိုကြီးက သူ့ကို ဖိမိပြီး ချေမှုန်းပစ်တော့မည့်ပုံ ပေါက်နေသည်။
ချက်ချင်းဆိုသလိုပင် တစ်ယောက်ယောက်က အီစတန်ယောက်ျားလေးကျောင်းရှိ သူ၏ ပထမဆုံးအတန်းချိန်အကြောင်းကို ဓာတ်ပုံများနှင့်တကွ ကျောင်းဖိုရမ်တွင် တိုက်ရိုက်ထုတ်လွှင့် တင်လိုက်ကြသည်။
နေ့လယ်ခင်းသို့ ရောက်သောအခါ နဥ်စုန့်၏ ဓာတ်ပုံများသည် တစ်ကျောင်းလုံးသို့ ပျံ့နှံ့သွားလေတော့သည်။
အားလပ်ချိန်တွင် သူ သန့်စင်ခန်းသို့သွားပြီး ကျောင်းဖိုရမ်ကို ခိုးကြည့်လိုက်သည်။
Log in ဝင်လိုက်သည်နှင့် နေရာတိုင်းတွင် သူ့အကြောင်း ပို့စ်များသာ တွေ့ရလေသည်။
"အထူးဝင်ခွင့်ကျောင်းသားသစ်က ဘာဖြစ်တာလဲဟ"
"သူက အောက်ဆိပ်ကမ်းကလေ၊ မင်းက ဘာမျှော်လင့်နေတာလဲ။ အဲ့ဒီမှာ ချောတဲ့ကောင်လေးတွေ ရှိလို့လား။ ချောတဲ့ကောင်လေးတွေအားလုံး မြေအောက်ဘားတွေနဲ့ KTV တွေဆီ အဆွဲခံလိုက်ရလောက်ပြီ!"
"သူက မျက်မှန်မပါတဲ့ စာဂျပိုးတစ်ကောင်ပါပဲကွာ"
"သူ့မှာ ကျန်းမာရေးပြဿနာ တစ်ခုခုများ ရှိနေလား။ ကြည့်ရတာ အရမ်းဖြူဖျော့နေသလိုပဲ"
"ပြောရခက်တယ်၊ အောက်ဆိပ်ကမ်းက ပတ်ဝန်းကျင်က ကြောက်စရာကောင်းတယ်လေ! သူက ရောဂါသည်ပုံ ပေါက်နေတယ်၊ ငါတို့ကျောင်းမှာ ဝင်ခွင့်ဆေးစစ်တာတွေ ရှိလို့ တော်သေးတာပေါ့၊ သူ့ဆီမှာ ကူးစက်ရောဂါ တစ်ခုခု ပါလာမလားလို့ ငါ စိတ်ပူနေတာ!"
နဥ်စုန့်သည် သူ့ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။
သူသည် ပိန်ခြောက်ခြောက်ဖြစ်ပြီး၊ မျက်လုံးများသည် သဘာဝမကျအောင် ပြူးကျယ်နေကာ နှုတ်ခမ်းများသည်လည်း ဖျော့တော့သော အရောင် ဖြစ်နေသည်။ တယောထိုးနေခြင်းဆိုလျှင် တစ်မျိုး၊ သို့မဟုတ် စန္ဒရားကဲ့သို့ ပိုကြီးသော တူရိယာဆိုလျှင်ပင် ကောင်းနေဦးမည်၊ သို့သော် ယခုမူ ဆဲလ်လို ဖြစ်နေသည်။
တူရိယာကြီးက သူ့ကို အရိုးနှင့် အရေသာ ရှိတော့သကဲ့သို့ ဖြစ်စေပြီး လက်ကောက်ဝတ်များသည် သေးသွယ်ဖြူဆွတ်နေကာ ခေါင်းလေးက အနည်းငယ် ငိုက်ကျနေသည်။
သူ့တွင် မျက်နှာအစိတ်အပိုင်းကောင်းများ ရှိသော်လည်း၊ ပိန်လွန်းလှပြီး မည်သည့် အသက်ဓာတ်မျှ မရှိသကဲ့သို့ ဖြစ်နေသည်။ မြင်မြင်ချင်းမှာတော့ အတော်လေး စိတ်ပျက်စရာကောင်းပြီး သဘာဝကျစွာပင် သူ့မျက်နှာသွင်ပြင်ကို သေချာကြည့်ချင်သူ မရှိကြပေ။
ဖိုရမ်ပေါ်မှ ကျောင်းသားသစ်များသည် သူ့ကို အဆုံးမရှိ စော်ကားနှိမ့်ချနေကြသည်။ စိတ်ဓာတ်ပျော့ညံ့သူသာဆိုလျှင် ဤအရာများကို ဖတ်ပြီး စိတ်ဓာတ်ကျသွားလောက်ပေသည်။
ကံကောင်းစွာပင် သူ ဂရုမစိုက်ပေ။
ရှုပ်ထွေးသော Gay အချစ်ဇာတ်လမ်းများထဲ သူ ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ခဲ့မိသေးသည်။
သို့သော် ထိုသို့ ဖြစ်လာမည့်ပုံ မပေါ်ချေ။
သို့ရာတွင် တစ်ယောက်ယောက်က ဖန်သားပြင်ပေါ်ရှိ သူ့ဓာတ်ပုံများကို စိုက်ကြည့်နေသည်ကို သူ မသိလိုက်ပေ။
နဥ်စုန့်သည် ဆဲလ်လိုတီးနေပြီး တီးပြီးသွားသောအခါ ဆရာမကို ပြုံးပြနေသည်။
သူ့ဆံနွယ်များသည် နူးညံ့ပြီး အနည်းငယ် တွန့်လိမ်နေသည်။ အသားအရေမှာ နုနယ်ဖြူဝင်းပြီး အရပ်မပုသော်လည်း ကြည့်ရသည်မှာ အနည်းငယ် အားနွဲ့နေပုံရသည်။
ထိုသူသည် ပုံကို ထပ်ခါထပ်ခါချဲ့လျက် မှန်ဘီလူးဖြင့် ကြည့်သကဲ့သို့၊ ဖန်သားပြင်တစ်ခုလုံး သူ့မျက်နှာ သို့မဟုတ် သူ့လက်ပုံသာ ဖြစ်သွားသည်အထိ ချဲ့ကြည့်နေသည်။ သူသည် နဥ်စုန့်ကို ခေါင်းအစ ခြေအဆုံး သေချာလေ့လာကြည့်ရှုနေလေသည်။
သူနှင့် ထိုကောင်လေးကြားတွင် ခန္ဓာကိုယ်အရွယ်အစား အလွန်ကွာခြားသည်။ ထိုကောင်လေးကို သူ့ရင်ခွင်ထဲတွင် ထည့်ထားလိုက်လျှင် ထွက်ပြေး၍ မရနိုင်လောက်အောင် ကွက်တိဖြစ်နေပေလိမ့်မည်။
ဖန်သားပြင် မည်းသွားချိန်တွင် အပြာရောင်သန်းသော မျက်မှန်တစ်လက်၏ ပုံရိပ် ထင်ဟပ်သွားပြီး၊ ထိုမှန်သားပါးပါးလေးများ၏ နောက်ကွယ်တွင် ချစ်စိတ်ပြင်းပြပြီး နူးညံ့သော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတစ်စုံ ရှိနေလေသည်။
***
[Cela ၏ မှတ်စု]
အတန်းခေါင်းဆောင် ချန်မော့ရဲ့ နာမည်က 陈墨 ဖြစ်ပါတယ်။ "ပြသခြင်း" နဲ့ "မင်ရည်" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ စာပေဆန်ပြီး လိုက်ဖက်တဲ့ နာမည်လေးပါပဲ။