Ch 15
Viewers 4k

အခန်း (၁၅) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး


နဉ်စုန့် အဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် သန်းခေါင်ယံပင် ကျော်နေလေပြီ။ ပိတ်ရက်ဖြစ်သည့်အတွက် ကျောင်းဝင်းထဲတွင် လူရှင်းပြီး တိတ်ဆိတ်နေသည်။


သူဝယ်လာသော လိုက်ကာအသစ်ကို တပ်ဆင်လိုက်သည့်အခါမှ စိတ်လုံခြုံမှုအပြည့်အဝ ရသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ မနက် ၂ နာရီကျော်သည်အထိ ကုဒ်များကို အသည်းအသန် ရိုက်ထည့်နေတော့သည်။


နဉ်စုန့် ရေဒီယာပုလဲကျွန်းသို့ တစ်ခါမှ မရောက်ဖူးကြောင်း ကြားသိရသောအခါ၊ စနေနေ့တွင် ချောင်ချောင်က သူ့ကို အပျော်ခရီးအဖြစ် ကျွန်း၏ စီးပွားရေးအချက်အချာကျသော Queen's Avenue သို့ အတင်းဆွဲခေါ်သွားလေတော့သည်။


ထိုနေရာတွင် ကြိုဆိုပွဲတုန်းက ချောင်ချောင်ကို ခေါ်ထုတ်သွားသော လူနှင့် သွားဆုံလေသည်။


ထိုလူ၏ နာမည်မှာ သန့်ရွှင် ဖြစ်ပြီး၊ ချောင်ချောင်၏ ငယ်သူငယ်ချင်း အိမ်နီးချင်းတစ်ဦး ဖြစ်သည်။


သူတို့နှစ်ဦးသည် ငယ်ချစ်ဦး စုံတွဲများလားဟုပင် နဉ်စုန့် သံသယဝင်မိသည်။


အဘယ်ကြောင့်ဆိုသော် သန့်ရွှင်သည် ချောင်ချောင်အပေါ် အလွန်အမင်း တင်းကျပ်သောကြောင့် ဖြစ်၏။


ရေခဲရေ မသောက်ရ၊ အစပ်စာ မစားရ၊ ရှားရှားပါးပါး ပိတ်ရက် အပြင်ထွက်လည်သည်ကိုပင် ချောင်ချောင်၏ အိမ်စာများကို စစ်ဆေးနေသေးသည်။


သို့သော် ချောင်ချောင်က သူ့ကို လုံးဝ မကြိုက်ပေ။ နဉ်စုန့်ရှေ့တွင် မကြာခဏဆိုသလို သူ့အကြောင်း အတင်းပြောတတ်သည်။


ကျွတ်... ဒါက ငယ်ချစ်ဦးတွေပါတဲ့ ကျောင်းသားအချစ်ဝတ္ထုနဲ့ ပိုပိုပြီး တူလာနေပြီ။


ချောင်ချောင်က သူ့လိုပင် သာမန်ရုပ်ရည်သာ ရှိသော်လည်း၊ သန့်ရွှင်ကတော့ တကယ့်ကို လူချောလေးပင် ဖြစ်သည်။ A အဆင့် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး၊ ဖခင်က ဖက်ဒရယ်အထက်လွှတ်တော်အမတ် ဖြစ်သည့်အပြင်၊ ဂန္ထဝင်ဝတ္ထုဇာတ်လိုက်တစ်ယောက်၏ အင်္ဂါရပ်အားလုံးနှင့်လည်း ပြည့်စုံလေသည်။


နဉ်စုန့်က ချောင်ချောင်ကို သူ့လိုပင် အရံဇာတ်ကောင်တစ်ယောက်ဟု ထင်ထားခဲ့မိသော်လည်း၊ လက်တွေ့တွင်တော့ သူတစ်ယောက်တည်းကသာ အရာမဝင်သည့် နိုးဘာဒီအစစ် ဖြစ်နေခဲ့၏။


ချောင်ချောင်မိသားစုက သိပ်ပြီး ချမ်းသာကြွယ်ဝလှသည်တော့ မဟုတ်။ အနည်းဆုံးတော့ ဖူယွီတို့အဖွဲ့နှင့် ယှဉ်လျှင်ပေါ့။ သူ့မိသားစုက ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။


တနင်္ဂနွေနေ့ မနက်တွင် ချောင်ချောင် ပစ္စည်းပြန်ယူရန် အိမ်ပြန်သွားသည်။ လုပ်စရာမရှိသည်နှင့် နဉ်စုန့်သည် လက်ပ်တော့ကိုယူကာ စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။ သူသည် အကြံဉာဏ်သစ်များ ရထားသဖြင့် သူ့ဂိမ်းကိုရေးရင်း မဂ္ဂဇင်းအချို့ကို ဖတ်ရှုရန် စိတ်ကူးထားသည်။


မဂ္ဂဇင်းယူရန် ခြေဖျားထောက်ဖို့ ပြင်လိုက်စဉ်မှာပင်၊ ဂိမ်းမဂ္ဂဇင်းများကို အောက်ဘက်စင်သို့ ရွှေ့ထားသည်ကို တွေ့လိုက်ရသည်။


အမြင့်က ယခုမှ သူ့အတွက် ကွက်တိဖြစ်နေလေပြီ။


တစ်ချိန်တည်းမှာပင် သူ ဘယ်လိုမှ လှမ်းမမီနိုင်သော အပေါ်ဆုံးစင်ကမူ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်။


သူသည် ဝင်ပေါက်နားရှိ စာကြည့်တိုက်မှူးဘက်သို့  လှမ်းကြည့်လိုက်သည်။


စာကြည့်တိုက်မှူးက ကွန်ပျူတာရှေ့တွင် အမူအရာကင်းမဲ့စွာဖြင့် အေးဆေး ဂိမ်းထိုင်ဆော့နေဆဲပင်။


ဒီလောက်ဆို သုံးရအဆင်ပြေလှပါပြီလေ... သူတို့လို အရပ်ပုတဲ့သူတွေကို ထည့်စဉ်းစားပေးသားပဲ။


အရပ်အမောင်းအကြောင်း ပြောရမည်ဆိုလျှင်၊ သူ တကယ်ကို အရပ်နည်းနည်းလောက် ပိုရှည်ချင်မိသည်။


ဝတ္ထုတွေထဲက အမျိုးသားဇာတ်လိုက်တွေရဲ့ ပျမ်းမျှအရပ်က ၁၈၅ စင်တီမီတာလေ။ သူက အရံဇာတ်ကောင်တစ်ယောက်မို့ ၁၈၀ စင်တီမီတာလောက် ဖြစ်ခွင့်မရှိဘူးလား။ ဒါမှမဟုတ် အနည်းဆုံး ၁၇၈ လောက်ဖြစ်ဖြစ်ပေါ့။ ၁၇၈ ကျော်တဲ့ ဘယ်ယောကျ်ားလေးမဆို ၁၈၀ လို့ အနီးစပ်ဆုံး သတ်မှတ်လို့ ရတာပဲဟာ။


နေ့လယ်စာမစားမီလေးတွင် ချောင်ချောင် ပြန်ရောက်လာပြီး၊ နဉ်စုန့်ကို ကျောင်းတွင်း အစားအသောက်တန်းသို့ ခေါ်သွားပြီး ကျွေးမည်ဟု ပြောသည်။


အီစတန်ယောက်ျားလေးကျောင်း၏ အဆောင် ၂ နှင့် ၃ ကြားတွင် အဆင့်မြင့်စားသောက်တန်းတစ်ခု ရှိသည်။ သို့သော် ထိုနေရာရှိ စားသောက်ဆိုင်အားလုံးမှာ အလွန်ခမ်းနားပြီး ဈေးကြီးပေးရသဖြင့် သာမန်လက်လှမ်းမီသော နေရာမျိုး မဟုတ်ပေ။


နဉ်စုန့်ကမူ ပိုက်ဆံကုန်ကျစရိတ် သက်သာသော ကန်တင်း၌ စားရသည်ကိုသာ ပိုသဘောကျသည်။


သို့သော် ချောင်ချောင်က အီစတန်ကျောင်းသားများ မဖြစ်မနေ သွားစားသင့်သည့်၊ ထိပ်တန်းစာရင်းဝင် အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်ကို သူ သိထားသည်ဟု အတင်းပြောလာသည်။


ဆိုင်သို့ ရောက်သောအခါ ဝိတ်တာတစ်ဦးက ဝင်ပေါက်တွင် သူတို့ကို တားလိုက်သည်။


ဆိုင်တစ်ဆိုင်လုံးကို ချင်ယိနှင့် သူ့အဖွဲ့က ကြိုတင်ငှားရမ်း ထားပြီး ဖြစ်နေသည်။


မှန်တံခါးမှတစ်ဆင့် ချင်ယိသည် အခြားကောင်လေး ၃ ယောက်နှင့်အတူ စားသောက်နေသည်ကို သူတို့ လှမ်းမြင်နေရသည်။


ထိုနူးနူးညံ့ညံ့ကောင်လေးက ချင်ယိဘေးတွင် ကပ်နေဆဲပင်။ ဆိုင်မန်နေဂျာနှင့် စားဖိုမှူးတို့ကလည်း သခင်လေး၏ မှတ်ချက်ကို စောင့်မျှော်နေသည့်ပုံစံဖြင့် ဘေးတွင် မျက်နှာလိုမျက်နှာရ ရပ်နေကြသည်။


ဆိုင်က အတော်လေးကျယ်ဝန်းပြီး ခုံလွတ်အများကြီး ရှိနေသော်လည်း၊ သူတို့ကို ပေးမဝင်သည်မှာ ရှင်းလင်းနေသည်။


"ဒီကောင်က အဆိုးဆုံးပဲကွာ... ဘယ်သွားသွား နေရာတစ်ခုလုံးကို သိမ်းကျုံးငှားတတ်တယ်။ သူချမ်းသာမှန်း လူတွေမသိမှာ ကြောက်နေတဲ့အတိုင်းပဲ" ချောင်ချောင်က မကျေမနပ် ပြောလိုက်သည်။


"ကန်တင်းမှာပဲ သွားစားကြစို့... နောက်မှပဲ လာစားကြတာပေါ့" နဉ်စုန့် ပြောရင်း ချောင်ချောင်ကို ဆွဲခေါ်လိုက်သည်။


ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေး၊ တစ်ယောက်ယောက်က သူတို့ကို လှမ်းခေါ်လာ၏။


လှည့်ကြည့်လိုက်ရာ၊ ဆိုင်မန်နေဂျာက ဝင်ပေါက်နားသို့ ရောက်နေပြီး၊ မှန်တံခါးကို ဖွင့်ပေးထားကာ ပြုံးလျက် ပြောလာသည်။ "မင်းတို့နှစ်ယောက် အတူတူ ညစာသုံးဆောင်ကြမလား။ အထဲကြွပါ"


နဉ်စုန့်နှင့် ချောင်ချောင် တခဏမျှ ကြောင်အသွားသည်။ မှန်တံခါးမှတစ်ဆင့် ချင်ယိက သူတို့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။


နဉ်စုန့် ပြုံးပြီး ခေါင်းခါပြလိုက်သည်။ "မဟုတ်ပါဘူး၊ ကျွန်တော်တို့က ဒီတိုင်းကြည့်ရုံပါ။ ဒီနေရာက ဈေးကြီးလွန်းတော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး"


သူ ချောင်ချောင်ကို ဆွဲခေါ်လာခဲ့သည်။ ချောင်ချောင်က တိုးတိုးရေရွတ်သည်။ "ဘာလို့ ရုတ်တရက်ကြီး ငါတို့ကို ပေးဝင်တာလဲ။ သေချာပေါက် စေတနာနဲ့တော့ မဖြစ်နိုင်ဘူး"


ချင်ယိအနေဖြင့် သူတို့နှင့်အတူ ညစာစားရန် ဖိတ်ခေါ်စရာအကြောင်းမရှိပေ။


သူတို့ကို စိတ်ဝင်စားနေဖို့ဆိုတာလည်း မဖြစ်နိုင်။


"ကျောင်းသားသစ်" ဆိုတဲ့ အရှိန်ကြောင့် ဖြစ်နိုင်လောက်သည်။


ချင်ယိက BL အချစ်ဇာတ်လမ်းဆန်ဆန် အန္တရာယ်ရှိတာမျိုး မဟုတ်ဘဲ၊ တခြားလူတွေကို ကြိုးဆွဲကစားခြင်း၊ အနိုင်ကျင့်ခြင်း စသည်တို့ကို သဘောကျသည့် အန္တရာယ်မျိုး ဖြစ်သည်။


"သူ့ဘေးနားမှာ ထိုင်နေတာ ဘယ်သူလဲ" နဉ်စုန့် မေးလိုက်သည်။


ထိုကောင်လေးက သနားစရာကောင်းပြီး အတင်းအဓမ္မ သိမ်းပိုက်ချုပ်နှောင်ခံထားရသည့် အငွေ့အသက်မျိုး သိသိသာသာ ထွက်နေသည်။


ချောင်ချောင်၏မျက်နှာ ပြောင်းသွားသည်။ "လုဝေ့တဲ့... မင်းမရောက်ခင်လေးတင်မှ အထူးဝင်ခွင့်နဲ့ ကျောင်းပြောင်းလာတာ။ ကြားတာတော့ ချင်ယိ ကိုယ်တိုင်စီစဉ်ပြီး ဒီကို ခေါ်လိုက်တာတဲ့။ အရင်က ချင်းချွမ်အထက်တန်းကျောင်းမှာ တက်ခဲ့တာ... ချင်ယိက တကယ့် ဆိုက်ကိုကောင်ကြီးကွ။ သူ့ဘေးနားကလူကို တစ်လနှစ်လနေ တစ်ခါ လဲပစ်တတ်တယ်။ နောက်ထပ် ကံဆိုးမယ့်သူက ဘယ်သူဖြစ်မလဲမသိဘူး”


ဝတ္ထုများတွင် အတင်းအဓမ္မ ပိုင်ဆိုင်လိုမှု ဇာတ်ကွက်များသည် စိတ်လှုပ်ရှားစရာ ကောင်းပုံရတတ်သည်။ သို့သော် လက်တွေ့ဘဝတွင် မြင်တွေ့ရသည့်အခါ၊ ဖြစ်နိုင်ခြေ ရှိသည်ကို တွေးမိကြည့်ရုံနှင့် ထိတ်လန့်စရာ ကောင်းလှသည်။


လုဝေ့က အခွံလွတ်တစ်ခုလို ဖြစ်နေခဲ့ပြီ။


လှပပေမဲ့ ခံစားချက်မဲ့နေတယ်။


ကြိုဆိုပွဲညတုန်းက ချင်ယိ၏ အကြည့်ကို နဉ်စုန့် ရုတ်တရက် သတိရသွားသည်။ ထိုစဉ်က လုဝေကို ချင်ယိ ပွေ့ဖက်ထားခဲ့သည့် ပုံစံကိုဖြစ်၏။


လုဝေ့က နိမ့်လိုက်မြင့်လိုက် လှုပ်ရှားနေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်သွယ်သွယ်လေးက မြွေနက်တစ်ကောင်၏ အမြီးတွင် ထိုးစိုက်ခံထားရသလိုမျိုး နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ ချင်ယိ၏မျက်လုံးများကမူ အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အေးစက်စက် အရောင်မျိုး တောက်ပနေခဲ့၏။


အီစတန်ယောက်ျားလေးကျောင်းရှိ ထောင်ပေါင်းများစွာသော ကျောင်းသားများထဲတွင်၊ ချင်ယိသည် သေချာပေါက် ဝေးနိုင်သမျှဝေးဝေး ရှောင်ရှားရမည့်သူ ဖြစ်ပေသည်။


သူတို့ စောစောရောက်သွားသဖြင့် ကန်တင်းတွင် လူရှင်းနေလေသည်။ နဉ်စုန့်သည် ပုံမှန်စားနေကျအပြင် နွားနို့တစ်ပုလင်းကိုပါ ထပ်ယူလိုက်သည်။


ချောင်ချောင်က သူ့ရှေ့သို့ နောက်ထပ်တစ်ပုလင်း ချပေးလိုက်သည်။ "နောက်တစ်ပုလင်း ထပ်သောက်လိုက်ဦး"


နဉ်စုန့် သတိထားမိလိုက်သည်မှာ ချောင်ချောင်သည် သူ့ကို အစာကျွေးရသည်ကို အမှန်တကယ် သဘောကျနေခြင်း ဖြစ်သည်။


စားသောက်ပြီးနောက်၊ ချောင်ချောင်သည် လှီးဖြတ်ထားသော လတ်ဆတ်သည့် သစ်သီးဘူးတစ်ဘူးနှင့် ချောကလက်တစ်အိတ်ကို အေးအေးလူလူ ထုပ်ပိုးလာသည်။ "ဒါ မင်း နေ့လယ်စာစားဖို့"


"ငါ တကယ် ဗိုက်ပြည့်နေပါပြီ၊ ညစာတောင် စားနိုင်ပါ့မလား မသိဘူး" နဉ်စုန့် ပြောလိုက်သည်။


"မင်း ဘာမှလည်း သိပ်မစားရသေးပါဘူး" ချောင်ချောင်က ကန့်ကွက်လေသည်။ "အစာအိမ်ကလည်း သေးလိုက်တာ"


နဉ်စုန့် ရယ်မောလိုက်သည်။


ယင်းကိစ္စနဲ့ပတ်သက်၍ ချောင်ချောင် မမှားပေ။


သူ့ခန္ဓာကိုယ် အားနည်းရခြင်းမှာ အကြောင်းရင်းရှိသည်၊ အစားအစာအများစုက သူ့ကို ပျို့အန်ချင်စိတ် ဖြစ်စေတတ်သည်။ ဤရက်ပိုင်း သူ အစာစားနေသည်မှာ အရသာခံဖို့မဟုတ်ဘဲ ဝလာဖို့သက်သက်သာ ဖြစ်၏။


"ဒီတစ်ပတ် ငါ နည်းနည်း ဝလာတယ် ထင်တယ်" သူ ချောင်ချောင်ကို ပြောလိုက်သည်။


"အောက်ထပ်မှာ ဆေးဆိုင်ရှိတယ်လေ... သွားတိုင်းကြည့်ရအောင်" ချောင်ချောင် အကြံပြုပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "ဪ... ဒါနဲ့၊ ငါ့အမေ ဝိတ်ချတုန်းက App တစ်ခု သုံးဖူးတယ်။ ကယ်လိုရီ တွက်ပေးတာလေ... တချို့အစားအစာတွေက ကယ်လိုရီများပြီး အလွယ်တကူ ဝစေတယ်၊ တချို့ကျတော့ ကယ်လိုရီနည်းလို့ မဝစေဘူးတဲ့။ သူတောင် ဝိတ်ကျဖို့ ကယ်လိုရီနည်းတာတွေ ရွေးစားလို့ရရင်၊ မင်းလည်း ဝလာအောင် ကယ်လိုရီများတာတွေ ရွေးစားလို့ ရတာပဲမလား"


အဖြေကိုပင် မစောင့်တော့ဘဲ ချောင်ချောင်က သူ့အမေဆီ ချက်ချင်း ဖုန်းဆက်လေသည်။


နဉ်စုန့်က သူ့ကို အမြန်တားလိုက်ရသည်။ "အဲဒါ ငါ သိပြီးသားပါကွာ! ငါ အခု ကယ်လိုရီများတဲ့ အစားအသောက်တွေပဲ ရွေးစားနေတာပါ"


သူတို့သည် ကိုယ်အလေးချိန်ချိန်ရန် အောက်ထပ်ရှိ ဆေးဆိုင်သို့ သွားကြသည်။


တစ်ပတ်လုံး မနားတမ်း စားသောက်ခဲ့ခြင်းက အရာထင်လာခဲ့ပြီ၊ သူ ၂ ပေါင်တိတိ တက်လာခဲ့လေ၏။


"၁၀၄ ပေါင် ရှိသွားပြီ!" နဉ်စုန့် ဝမ်းသာအားရ ရေရွတ်လိုက်သည်။


ချောင်ချောင် မျက်နှာမဲ့သွားသည်။ "ကြောက်စရာကောင်းလောက်အောင် ပိန်လွန်းနေတုန်းပဲ”


"တစ်ညတည်းနဲ့ ဝုန်းခနဲ ဝလာလို့မှ မရတာ၊ ကျန်းမာရေး ထိခိုက်မှာပေါ့" ပေါင်ချိန်စက်ပေါ် ရပ်လျက် နဉ်စုန့်သည် ဝမ်းသာအားရ ဓာတ်ပုံရိုက်ပြီး သူ့အမေဆီ ပို့လိုက်သည်။


သန်မာလာဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ!


ဒါပေမဲ့ စားနေရုံနဲ့ မလုံလောက်သေး။


လေ့ကျင့်ခန်းလည်း လုပ်ဖို့ လိုသေးသည်။


"ဒီနေ့ နေ့လယ် ရေသွားကူးကြစို့" ချောင်ချောင်က အကြံပြုသည်။ "ငါ သင်ပေးမယ်"


ပြီးခဲ့သည့်အပတ်က ရေကူးချိန်တုန်းက ရယ်စရာတစ်ခု ဖြစ်ခဲ့ရသည်။ နဉ်စုန့်က ရေတိမ်ပိုင်းမှာပဲ ကစားနေခဲ့ရခြင်းဖြစ်၏။ တစ်ယောက်ယောက်က သူ့ကို ခိုးရိုက်ပြီး ကျောင်းဖိုရမ်မှာ တင်လိုက်ရာ၊ အတင်းအဖျင်းသမားများက သူ့၏ ပိန်လှီသော ခန္ဓာကိုယ်နှင့် ရေမကူးတတ်သည့်အဖြစ်ကို လှောင်ပြောင်ခဲ့ကြသည်။


ဒုတိယကန်တင်း၌ နေ့လယ်စာစားပြီး ပြန်လာကြစဉ် ကားတစ်စီးက လမ်းပိတ်ရပ်လိုက်သည်။


အမိုးဖွင့် ပြိုင်ကားတစ်စီး ဖြစ်သည်။


နေရောင်အောက်တွင် လုဝေ့သည် အခွံနွှာထားသော ကြက်ဥလေးတစ်လုံးနှယ် ချင်ယိ၏ဘေး၌ ယုံနိုင်စရာမရှိလောက်အောင် ဖြူစင်နေသည်။ သို့သော် အနီးကပ် သေချာကြည့်လိုက်သည့်အခါတွင်မူ၊ သူ့အကြည့်များက ဗလာဟင်းလင်းဖြစ်နေပြီး၊ ကျိုးပဲ့ကြေမွလုမတတ် ဖြစ်နေလေ၏။


နဉ်စုန့်က ယဉ်ကျေးစွာဖြင့် ဦးအောင် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ စီနီယာ"


ချောင်ချောင်လည်း စိတ်မပါတပါဖြင့် လိုက်နှုတ်ဆက်လေသည်။


အီစတန်ယောက်ျားလေးကျောင်းတွင် စီနီယာများက ဂျူနီယာများအပေါ် အာဏာသက်ရောက်မှု ရှိကြသည်။ ဤရေးမထားသော စည်းမျဉ်းသည် အရောင်ခွဲခြားထားသော ကျောင်းသားရင်ထိုးများထက်ပင် ပို၍ အရေးပါတတ်သည်။


တနင်္ဂနွေနေ့ဖြစ်သည့်အတွက် ကျောင်းဝင်းထဲတွင် စနေနေ့ကထက် လူပိုများနေသည်။ ကျောင်းသားအချို့ စောစောပြန်ရောက်နေကြပြီ ဖြစ်၏။ နွေဦးနေရောင်ခြည်နုနုက အရာရာကို နွေးထွေးစွာ လွှမ်းခြုံထားသည်။ အလင်းရောင်အောက်တွင် နဉ်စုန့်၏ ဆံပင်များက ပို၍ ရွှေရောင်တောက်နေပြီး၊ မျက်နှာသွင်ပြင်က ပိုပေါ်လွင်ကာ ပိန်ပါးမှုကလည်း ပိုသိသာနေသည်။


"အတန်းဖော်အသစ်က သိပ်ရိုင်းတာပဲ" ချင်ယိက အမှုမဲ့အမှတ်မဲ့ ပြောလာသည်။


ချောင်ချောင်က နဉ်စုန့်ကို သူ့နောက်သို့ ဆွဲပို့လိုက်သည်။ "စီနီယာ ငှားထားတဲ့စားသောက်ဆိုင်ထဲ ဘယ်သူက ဝင်ရဲမှာလဲ"


နေ့ခင်းကြောင်တောင်ဖြစ်၍ ချင်ယိ၏နဖူးပေါ်မှ အမာရွတ်က ပို၍ ဆိုးရွားပုံပေါ်နေသည်။ အရှိန်အဝါကြီးမားသည့် ပုံစံရှိနေဆဲဖြစ်သော်လည်း၊ ကြိုဆိုပွဲညတုန်းကလောက် ရက်စက်ကြမ်းကြုတ်ပုံ မပေါ်တော့ပေ။


မျက်ကွင်းညိုကြီးများဖြင့် စိတ်မနှံ့သူတစ်ယောက်လို ဆွေးမြေ့နေသည့် ခံစားချက်မျိုး ဖြစ်နေသည်။


ချင်ယိက နဉ်စုန့်ကို ကြည့်ပြီး မေးလိုက်သည်။ "မင်းနာမည် ဘယ်သူလဲ"


"နဉ်စုန့်ပါ"


"ဘယ်အတန်းကလဲ"


"ဒုတိယနှစ်၊ အခန်း ၃ပါ"


သစ္စာရှိသော သူငယ်ချင်းပီပီ၊ ချောင်ချောင်က သတ္တိမွေးပြီး မေးလိုက်သည်။ "ချင်ယိ... မင်း ဘာလိုချင်လို့လဲ"


"ဂျူနီယာက စီနီယာနာမည်ကို တပ်ခေါ်ရဲတယ်ဆိုတော့... သတ္တိကောင်းလှချည်လား" ချင်ယိဘေးမှ ကောင်လေးတစ်ယောက်က ဝင်ပြောသည်။


"စီနီယာ..." နဉ်စုန့် အမြန် ဝင်ပြောလိုက်သည်။ "ကျွန်တော်တို့က စီနီယာတို့ကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ပြီးတော့ အဲ့ဒီဆိုင်က အရမ်းဈေးကြီးလွန်းတယ်။ ဒီနေ့က ချောင်ချောင်ကို ကျွန်တော် ဒကာခံကျွေးမှာဆိုတော့ အဲ့လိုဆိုင်မျိုး မတတ်နိုင်ပါဘူး"


ဆင်းရဲသားရပ်ကွက်က ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က ဤမျှ အကျိုးသင့်အကြောင်းသင့် သနားစရာကောင်းအောင် ပြောလိုက်သည်က ချင်ယိကို သဘောကျသွားစေသည် ထင်သည်။ သူ တဟားဟား ရယ်မောလိုက်လေသည်။ "ငါ ဘာမှမလုပ်ရသေးပါဘူးကွာ... မင်းက ဘာလို့ ငါ့ကို ဒီလောက်ကြောက်နေရတာလဲ လူသစ်လေးရဲ့။ လီယိုရဲ့ သူငယ်ချင်းဆိုတာ ငါ့သူငယ်ချင်းပါပဲ။ နောက်တစ်ခါကျ လီယိုကိုပါ ခေါ်လာခဲ့လေ၊ အတူတူ ထမင်းစားကြတာပေါ့။ မင်း ငါ့ကို ထပ်မငြင်းတော့ဘူးမလား"


နဉ်စုန့်သည် စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး အမြန် ပြောလိုက်သည်။ "ကျွန်တော် လီယိုနဲ့ မရင်းနှီးပါဘူး"


ချင်ယိက သူ့ကို လီယို၏ နောက်လိုက်တစ်ယောက်ဟု အထင်မှားနေမှန်း သူ သံသယရှိလိုက်သည်။ 


ဆရာကြီးနှစ်ယောက်က ပြိုင်ဘက်တွေမို့ ချင်ယိက သူ့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်။


ကြိုဆိုပွဲညတုန်းက သူ တစ်ခုခု လွတ်သွားခဲ့တာများလား။


မင်းတို့ရဲ့ ဇာတ်လိုက်ဘဝတွေထဲမှာ ငါ့ကို အရေးမပါတဲ့ အရံဇာတ်ကောင်လေးအဖြစ်ပဲ ပေးနေခိုင်းလို့မရဘူးလားကွာ!


ချင်ယိက သူ့အဖော်များဘက် လှည့်ပြောလိုက်သည်။ "ဝါး... သူ ငါ့ကို တကယ်မျက်နှာသာမပေးပါလား"


လေသံက နောက်ပြောင်နေသော်လည်း မျက်နှာထားကတော့ အေးစက်နေသည်။


ချောင်ချောင်က ဖြည့်ပြောသည်။ "ကျွန်တော်တို့ တကယ် လီယိုနဲ့ မရင်းနှီးပါဘူး။ သူ ဘယ်သူတွေနဲ့ ပေါင်းလဲဆိုတာ ခင်ဗျားတို့အသိဆုံးပဲလေ။ နဉ်စုန့်က အခုမှ ရောက်တာ၊ လီယိုနဲ့ စကားတောင် ကောင်းကောင်း မပြောဖူးသေးဘူး။ လီယိုက နဉ်စုန့်အတွက်နဲ့ ကြိုဆိုပွဲကို လာစရာအကြောင်း လုံးဝမရှိဘူး... အဲ့တုန်းက သူတို့က တွေ့တောင် မတွေ့ဖူးသေးဘူး”


ထို့နောက် ပိုပြီး သေချာသွားစေရန် ချောင်ချောင်က ထပ်လောင်းပြောလိုက်သည်။ "အနည်းဆုံးတော့ လီယိုက ကျွန်တော်တို့လိုလူတွေကို အနိုင်မကျင့်ဘူး"


ချင်ယိအား လီယိုနှင့် နှိုင်းယှဉ်လိုက်ခြင်းက တည့်တည့်ထိသွားသည်။ ချင်ယိ၏မျက်နှာ ချက်ချင်း မည်းမှောင်သွားလေသည်။


လေထုအခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့်၊ နဉ်စုန့်က ချောင်ချောင်ကို သူ့နောက်သို့ ဆွဲပို့ပြီး ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။


ချောင်ချောင်က စိတ်ကြီးပြီး ဗိုလ်ကျတတ်သော်လည်း၊ တကယ်တမ်းကျတော့ သန့်ရွှင်နှင့် အခြားသူများ၏ ကာကွယ်မှုအောက်တွင် ကြီးပြင်းလာခဲ့သည့် ကလေးတစ်ယောက်သာ ဖြစ်သည်။ သူ ပြန်ကိုက်ရင်တောင် သိပ်နာမှာ မဟုတ်။ တကယ်တမ်း ရန်ပွဲဖြစ်လာလျှင် နဉ်စုန့်ကသာ ဦးဆောင်ရမည် ဖြစ်၏။


သူသည် လမ်းဘေးမှ အလေလွင့်ခွေးလေးတစ်ကောင် ဖြစ်သည်။ သူ နာချင်နာသွားမည်၊ သို့သော် ပြိုင်ဘက်ကိုလည်း အသားတစ်ဖဲ့ ပါအောင်တော့ ပြန်ကိုက်ခဲ့ဦးမည်ဖြစ်၏။ 


ချင်ယိက လှောင်ရယ် ရယ်လိုက်သည်။ "ဒါကို အနိုင်ကျင့်တယ် ခေါ်လား"


သူ ဘာမှဆက်မပြောတော့သော်လည်း၊ လေသံထဲရှိ ခြိမ်းခြောက်မှုကတော့ ထင်ရှားလွန်းလှသည်။


နဉ်စုန့် ပြောလိုက်သည်။ "စီနီယာ... ကျွန်တော် တကယ် လီယိုနဲ့ မရင်းနှီးပါဘူး။ သူ့ဖုန်းနံပါတ်တောင် ကျွန်တော့်မှာ မရှိပါဘူး"


ဖြတ်သွားဖြတ်လာ ကျောင်းသားများက သူတို့ကို ကွင်းရှောင်သွားကြပြီး အဝေးမှသာ လှမ်းကြည့်နေကြသည်။


ပုံမှန်ဆို ချင်ယိ၏သူငယ်ချင်းများက ဝင်ထောက်ခံပေးကြမည်ဖြစ်သော်လည်း၊ ယနေ့မှာမူ သူတို့ ငြိမ်နေကြသည်။ ချင်ယိက အထိမခံသမားဖြစ်ပြီး လီယိုကို မုန်းလွန်းအားကြီး၍သာ ဤပိန်လှီသော ပဲပင်ပေါက်လေးကို ရစ်နေခြင်းဖြစ်ကြောင်း သူတို့ ခံစားမိကြသည်။ သူတို့၏အမြင်မှာတော့ နဉ်စုန့်က လီယိုနှင့် ပတ်သက်မှုရှိပုံမရပေ။


တကယ်တမ်းပြောရရင် လီယို ကြိုဆိုပွဲညကို ဘာကိစ္စနဲ့ လာခဲ့တာလဲဆိုတာ သူတို့လည်း နားမလည်နိုင်ကြဘူးလေ။


ရုတ်တရက် ချင်ယိ စိတ်ကုန်သွားပုံရသည်။ "Tch, ပျင်းစရာကြီး"


ကားပေါ်မှ ကောင်လေးတစ်ယောက်က လှမ်းအော်ပြောသည်။ "လာပါ ချင်ကောရာ… Jiudao Bay ဘက် ကားသွားမောင်းကြစို့။ ဒီကောင်လေးနှစ်ယောက်အပေါ် ဘာလို့ အချိန်ကုန်ခံနေမှာလဲ"


ချင်ယိက ဘာမှထပ်မပြောဘဲ လှည့်ပြီး ကားပေါ်တက်လိုက်သည်။ ထို့နောက် ကျယ်လောင်သော ဟိန်းသံနှင့်အတူ သူ့ Aston Martin ကားကြီးက မောင်းထွက်သွားလေသည်။


အီစတန်ကျောင်းဝင်းထဲတွင် ကားမောင်းခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။


ဒီဥပဒေမဲ့နေတဲ့ သူဌေးသား... နောက်ကျရင် ဇာတ်လိုက်အဖွဲ့ ရှင်းထုတ်တာကို ခံရတော့မှာပဲ!


နဉ်စုန့် ကျောပြင်တစ်ခုလုံး ချွေးတွေ ရွှဲနစ်နေသည်။


သူကား ချင်ယိ၏အာရုံစိုက်မှုကို လုံးဝ မလိုချင်။ သူက နုံအသူမဟုတ်သည့်အတွက် ငွေကြေးလုပ်ငန်းစုကြီးတစ်ခု၏ အမွေဆက်ခံသူကို ယှဉ်ပြိုင်ဖို့ သူ့မှာ အင်အားမရှိသည်ကိုသိသည်။


သူ့မှာ နောက်ခံမရှိသလို၊ ကံတရား၏ဖေးမမှုလည်း မရှိပေ။


"ကျေးဇူးပါကွာ" သူ ချောင်ချောင်ကို ပြောလိုက်သည်။


ချောင်ချောင်က ချင်ယိထွက်သွားရာဘက်ကို စိုက်ကြည့်နေဆဲပင်။ "ဘာအတွက်လဲ။ ငါက အာဏာအလွဲသုံးစားလုပ်တဲ့ကောင်တွေကို ကြည့်မရလို့ပါ"


"မင်း တကယ်ရော အဆင်ပြေရဲ့လား" နဉ်စုန့် မေးလိုက်သည်။


ချောင်ချောင်၏မိသားစု နောက်ခံက ချင်ယိ၏အဆင့်လောက် ရှိမှာမဟုတ်။


ချောင်ချောင် နှာမှုတ်လိုက်သည်။ "ငါ သန့်ရွှင်နဲ့ ရင်းနှီးတာ သူသိတယ်လေ"


ပြီးမှ ခဏရပ်ပြီး သူ ထပ်ဖြည့်ပြောသည်။ "အနည်းဆုံးတော့ ရင်းနှီးတယ်လို့ သူ ထင်နေတာပေါ့"


ဪ... ဒါဆို နောက်ခံ ရှိတာပေါ့။


နဉ်စုန့် မေးလိုက်သည်။ "မင်း တကယ် သန့်ကောနဲ့ မရင်းနှီးဘူးလား"


ချောင်ချောင် မျက်လုံးပြူးသွားသည်။ "သူက သေလောက်အောင် စိတ်ရှုပ်စရာကောင်းတာကွ! ငါ့အမေလိုပဲ ပွစိပွစိလုပ်လွန်းတယ်"


နဉ်စုန့် ရယ်မောလိုက်သည်။ ထိုရယ်သံက ကျန်ရှိနေသေးသော တင်းမာမှုများကို အရည်ပျော်ကျသွားစေသည်။


နေ့လယ် ၂ နာရီတွင် သူနှင့် ချောင်ချောင် ကျောင်းရေကူးကန်သို့ သွားကြသည်။


ဂီတဆောင်ကို ဖြတ်သွားချိန်တွင်၊ ကန်ဘောင်မြက်ခင်းပြင်နား၌ လူအုပ်စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ပိတ်ရက်ဖြစ်သဖြင့် ကျောင်းကို အပြင်လူများ ဝင်ခွင့်ပြုထားရာ၊ ယခုအခါ ယောက်ျားလေးကျောင်းကြီးတစ်ခုလုံး မိန်းကလေးများဖြင့် ပြည့်နှက်နေလေသည်။ လူအုပ်က သက်ဝင်လှုပ်ရှားနေပြီး၊ သာယာငြိမ့်ညောင်းသော အီလက်ထရစ်ဂစ်တာသံစဉ်တစ်ခုက လေထဲတွင် ပျံ့လွင့်နေသည်။


ချောင်ချောင်က သူ့ကို အတင်းဆွဲခေါ်သွားသည်။


အနားမရောက်ခင်မှာပင် နဉ်စုန့် ရှန့်ယန်းကို လှမ်းတွေ့လိုက်သည်။


နွေဦးနေရောင်ခြည်အောက်တွင် အစိမ်းရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ထင်းနေသော ဆံပင်အဖြူရောင်နှင့်အတူ သူသည် လူငယ်ဆန်သော တောက်ပမှုတို့ဖြင့် လင်းလက်နေကာ သီချင်းဆိုနေသည်။


"ရိုမန့်တစ်ဆန်တဲ့ စကြဝဠာကြီးထဲက တဖျပ်ဖျပ်တောက်နေတဲ့ မီးတောက်လေး ဖြစ်ပါရစေ၊

တဒင်္ဂ မီးပွားလေး၊

တဒင်္ဂ မီးပွားလေး၊

စကြဝဠာထဲ ဖြတ်ပြေးရင်း မင်းကို ပျော်ရွှင်မှုအခိုက်အတန့်တွေ ယူဆောင်လာပေးမယ်၊

အဆုံးမဲ့ ဂလက်ဆီကြီးထက်တောင် မင်းကို ပိုပြီး တောက်ပခွင့်ပေးမယ်”


သူ တီးခတ်သီဆိုနေပုံမှာ သက်တောင့်သက်သာနှင့် ပျင်းရိပျင်းတွဲ ဆွဲဆောင်မှုမျိုး ရှိနေ၏။ အထူးတလည် ကြိုးစားအားထုတ်နေစရာမလိုဘဲ သဘာဝအတိုင်းကို တောက်ပနေသည့်ပုံပင်။ ထိုအချက်ကို သူကိုယ်တိုင် သိနေခြင်းက သူ့ကို အနည်းငယ် ဂရုမစိုက်တတ်သည့်ပုံ ပေါက်စေပြီး၊ ရိုင်းပျပျ လွတ်လပ်သည့် အရှိန်အဝါကို ပို၍တိုးစေသည်။


ဘေးပတ်ဝန်းကျင်မှ ကောင်လေး ကောင်မလေးများက တောက်ပအားကျသောမျက်လုံးများဖြင့် သူ့အား ငေးကြည့်နေကြသည်။


ဘယ်သောအခါမျှ မကုန်ဆုံးတော့မည့် နွေရာသီတစ်ခုလိုပါပင်။


"ဒီနှစ် နွေဦးပွဲတော်ကလည်း သူ့စင်မြင့် ဖြစ်ဦးမှာပါပဲ" ချောင်ချောင်က ပြောသည်။ "သောက်ရမ်းချောတဲ့ကောင်... သူ ကျောင်းပြီးသွားမှပဲ အကျော်အမော် ကျောင်းသားအသစ်တစ်ယောက် ပေါ်လာဖို့ စောင့်ရတော့မယ် ထင်တယ်"


နွေဦးပွဲတော်...


ကျောင်းဝင်းထဲမှာ တရုတ်ပန်းပွားပင်များ ပွင့်ဖူးစပြုနေပြီ။ ပန်းပွင့်ချိန်က ကြာမြင့်ပြီး မတ်လအထိ ခံသည်။ မတ်လကုန်တွင်၊ နောက်ဆုံးပန်းပွင့်များ ကြွေကျချိန်၌ အရှေ့အထက်ပိုင်းရှိ ထိပ်တန်းကျောင်းများအားလုံး ကျောင်းအလိုက် ဖျော်ဖြေပွဲများနှင့်အတူ နွေဦးပွဲတော် ကျင်းပကြမည်။


ထိုအကြောင်းတွေးမိသည်နှင့် နဉ်စုန့် ခေါင်းကိုက်သွားရသည်။ နောက်တစ်ပတ်ဆို သူ ဇာတ်တိုက်ရတော့မည်။


သူ ပြဇာတ်ထဲပါရသည်ကို သိထားသော ချောင်ချောင်က ရှန့်ယန်းကို လက်ညှိုးထိုးပြပြီး ပြောသည်။ "ရှန့်ယန်းက အဲ့ဒီပြဇာတ်ရဲ့ ဇာတ်လိုက်မင်းသားလေ။ မင်းပါရတဲ့ ပြဇာတ်က ငါတို့အတန်းနဲ့ အခန်း ၄ပေါင်းလုပ်တာမလား"


ထိုပြဇာတ်သည် ငယ်စဉ်ကတည်းက ကွဲကွာသွားပြီး ကြီးလာသောအခါ ရန်သူများ ဖြစ်လာကြသည့် ညီအစ်ကိုနှစ်ယောက်အကြောင်း စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာသည့် ညီဖြစ်သူက ဘုရင်ဖြစ်လာသော အစ်ကိုဖြစ်သူကို သတ်ဖြတ်ရန် စေလွှတ်ခံရလေသည်။


ရှန့်ယန်းက အစ်ကိုကြီးနေရာမှ သရုပ်ဆောင်မည်ဖြစ်ပြီး၊ အတန်းနှစ်ခုလုံးမှ ကျောင်းသားများက ညီငယ်နေရာရရန် လုနေကြသည်ဟု ဆိုသည်။


သူတို့က ညီအစ်ကိုမေတ္တာဆိုတာကို ဘာများမှတ်နေကြတာလဲ။


ညီငယ်နေရာက မဆုံးဖြတ်ရသေး၊ လူအများအပြား ယှဉ်ပြိုင်နေကြသည်။


သို့သော် သေချာပေါက် သူတော့ မဖြစ်နိုင်။


သူ့နေရာက သတ်မှတ်ပြီးသား။


ဇာတ်ညွှန်းရေးသူ ချန်မော့က သူ့ကို ဘုရင်၏အနီးကပ်အမှုထမ်းနေရာ ပေးထားသည်။ ဇာတ်ကောင်နာမည်ပင် မရှိလောက်သည့် သေးငယ်သော နေရာလေး ဖြစ်သည်။


ဂန္ထဝင်နောက်ခံဇာတ်ကောင် နံပါတ်၁ပေါ့လေ။


[စာရေးသူ၏ မှတ်ချက်]


လှလာဖို့ ပထမအဆင့် - ၁၀ ပေါင်တက်အောင် လုပ်ပါ။