Ch 14
Viewers 4k

အခန်း (၁၄) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး



ချောင်ချောင်က သူ့ကိုခေါ်ပြီး သူငယ်ချင်းအချို့နှင့် မိတ်ဆက်ပေးသည်။ သူငယ်ချင်းအများစုမှာ တခြားကျောင်းမှဖြစ်ပြီး အားလုံးက သူဌေးသားများ ဖြစ်ကြသည်။ ညစာစားပြီးနောက် သူတို့သည် ရေဒီယာပုလဲကျွန်းရှိ Starjoy ဟုခေါ်သော KTV သို့ သီချင်းဆိုရန် သွားကြသည်။


အဆောက်အအုံနှင့် ပစ္စည်းများအနေဖြင့် ကြည့်လျှင် သာမန်သာဖြစ်ပြီး အတော်လေးဟောင်းနေသော KTV တစ်ခုဖြစ်သော်လည်း၊ ဂုဏ်သတင်းအရဆိုလျှင် ရေဒီယာပုလဲကျွန်းတွင် ၎င်းထက်သာသည်ဟု ပြောရဲသူ မရှိပေ။ ၎င်းသည် ကျွန်းပေါ်တွင် အကောင်းဆုံးနေရာကို ဦးစီးထားပြီး အလွန်အမင်း နာမည်ကြီးလှသည်။


နဉ်စုန့်က သူ့အသံ ဆိုးလှပြီဟု ထင်ထားသော်လည်း၊ ချောင်ချောင်နှင့် သူ့သူငယ်ချင်းများက ပိုဆိုးနေကြသေးသည်။


အသံကုန် ဟစ်အော်သံများကြောင့် သူ ခေါင်းကိုက်လာရသည်။ ချောင်ချောင်ဘက်သို့ ကိုင်းညွတ်ပြီး သူ ပြောလိုက်သည်။ "ငါ လေရှူဖို့ အပြင်ခဏသွားဦးမယ်"


ချောင်ချောင်က မိုက်ခရိုဖုန်းကို ချက်ချင်းချလိုက်သည်။ "ငါ လိုက်ခဲ့မယ်လေ"


"မလိုပါဘူး" နဉ်စုန့် သူ့ကို တားလိုက်သည်။ "ငါ ဝရန်တာပေါ်တက်ပြီး လေကောင်းလေသန့် ရှူရုံပါပဲ”


လာတုန်းက သူ သတိထားမိလိုက်သည်မှာ ဤ KTV သည် မြစ်နှင့်ပင်လယ်ဆုံရာ မြစ်ဝနှင့် ကပ်လျက်တွင်ရှိပြီး၊ ရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်သော လှပသည့် ဝရန်တာတစ်ခု ရှိနေခြင်း ဖြစ်သည်။


သူသည် သီးသန့်ခန်းထဲမှ ထွက်လာပြီး အပြင်လေကို ရှူရှိုက်လိုက်ရာ အနည်းငယ် သက်သာသွားသလို ခံစားလိုက်ရသည်။ သူ ဓာတ်လှေကားဖြင့် အပေါ်သို့ တက်လိုက်သည်။ ပိတ်ရက်ဖြစ်သောကြောင့် လူများနေသဖြင့် ဓာတ်လှေကားရောက်လာရန် အတော်စောင့်လိုက်ရသည်။ ဓာတ်လှေကားရောက်လာသောအခါ ဝဝဖိုင့်ဖိုင့် နားရွက်ကားကားနှင့် လူကြီးအချို့ ထွက်လာကြသည်။ "ချီး... Starjoy က ဝိတ်တာတွေ အခုနောက်ပိုင်း ဒီလောက်တောင် ကြည့်ကောင်းနေကြတာလား... ခြေတံရှည်ရှည် ဖင်လုံးလုံးနဲ့"


"သခင်လေးဝမ် သဘောကျရင် ခဏနေ ငါတို့ဆီ အချိုရည်လာပို့ခိုင်းလိုက်မယ်လေ"


"အဲ့ကောင်လေးက သိပ်တော့ မလွယ်ကြောပဲ... ခုနက ငါ သူ့လက်ကို ကိုင်လိုက်တော့ သူ့မျက်လုံးတွေက လူသတ်မတတ် ကြည့်လာတာကွ"


"ဘာကြောက်စရာ ရှိလို့လဲကွ။ ပိုက်ဆံသာ လောက်အောင်ပေးရင် သူ့ပါးစပ်ထဲ ဘာမဆို ထိုးထည့်လို့ရတယ်!"


"အေးလေ... ပြီးခဲ့တဲ့တစ်ခေါက်က ဝိတ်တာကောင်လေးဆိုလည်း ဘယ်လောက်တောင် ခက်ထန်လိုက်လဲ၊ ရဲတောင် တိုင်မယ်လုပ်နေတာ။ နောက်ဆုံးကျ ဘာဖြစ်သွားလဲ... ပိုက်ဆံယူပြီး ငြိမ်သွားတာပဲလေ"


"ဒီတစ်ယောက်ကိုတော့ ငါ နည်းနည်း ညှာပေးလို့ရပါတယ်။ လှလွန်းလို့ ငါ တစ်လလောက် မွေးထားလိုက်မယ်"


ထိုလူကြီးများက ဝါးခနဲ ရယ်မောလိုက်ကြသည်။


အရက်နံ့လှိုင်လှိုင်ထွက်နေသော အဆီတပြန်ပြန်နှင့် လူကြီးတစ်သိုက်သည် ဘေးကပ်လျက် သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။


ဓာတ်လှေကားတံခါးပိတ်သွားသည်ကို ကြည့်ပြီးနောက် နဉ်စုန့်သည် မှိန်ဖျဖျဖြစ်နေသော စင်္ကြံလမ်းတွင် ခေတ္တမျှ ရပ်နေမိသည်။ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်သင့်သည်ဟု သူ ခံစားမိသည်။


သို့သော် တစ်ဖက်ကကောင်လေးက ကျောင်းသားတစ်ယောက်ဖြစ်နေ၍ ဤလူများ သူ့ကို ဘာလုပ်ကြမလဲ မသိနိုင်ပေ။


သတိပေးရုံလောက်တော့ ပေးလိုက်ဖို့ သူ ဆုံးဖြတ်လိုက်သည်။


သူ ခဏစောင့်နေလိုက်ရာ၊ ထင်သည့်အတိုင်းပင် ဝိုင်ပုလင်းနှစ်လုံးကိုင်ကာ တက်လာသော ဝိတ်တာတစ်ယောက်ကို တွေ့လိုက်ရသည်။


မည်သူဖြစ်သည်ကို မြင်လိုက်ရသည့်အခါ သူ ကြက်သေသေသွားသည်။


ထိုကောင်လေး၏ ထူထဲသော ဆံပင်အဖြူရောင်က ထင်ရှားလွန်းနေသည်။


ရှန့်ယန်း ဖြစ်နေ၏။


သူကတော့ ဇာတ်လိုက်ကျော်တွေရဲ့ ရိုက်ကွင်းနား ထပ်ပြီး ဖြတ်လျှောက်မိပြန်ပြီ ထင်ပါရဲ့။


ရှန့်ယန်းက KTV ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအဆီပြန်လူကြီးများ ပြောသလိုပင် ခြေတံရှည်ရှည်၊ တင်ပါးလုံးလုံးနှင့် မျက်စိကျိန်းလောက်အောင် ချောမောသော မျက်နှာကို ပိုင်ဆိုင်ထားလေသည်။


သူတို့နှစ်ယောက်က ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်လိုပင်။ သူကတော့ ဖျော့တော့ပြီး သွေးမရှိသလို ဖြစ်နေချိန်တွင်၊ ရှန့်ယန်း၏ အသားအရေကတော့ လူငယ်တစ်ယောက်၏ တက်ကြွလန်းဆန်းမှုတို့ဖြင့် ပြည့်နှက်ကာ တောက်ပနေလေသည်။


ရှန့်ယန်းက ဝိုင်ပုလင်းကို သယ်ရင်း ဘေးကပ်လျက်အခန်းတံခါးဝသို့ သွားရာလမ်းတွင် သူ့ကို တစ်ချက်လှမ်းကြည့်သည်။


နဉ်စုန့် ခဏလောက် စဉ်းစားပြီးမှ လှမ်းခေါ်လိုက်သည်။ "ဟေး..."


ရှန့်ယန်း လှည့်ကြည့်လာသည်။ သူ့မျက်တောင်ရှည်ရှည် ထူထူများက မျက်ဝန်းအောက်တွင် အရိပ်ကျနေလေသည်။


"ငါ မင်းကို ဘာကူညီပေးရမလဲ" သူက မေးသည်။


သူ့အသံက နားထောင်ရကောင်းသော ယောက်ျားလေးအသံဖြစ်ပြီး၊ အပြုံးရိပ်အနည်းငယ် စွန်းထင်းနေသည်။


တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်၍၊ နဉ်စုန့်သည် ဤရှုပ်ထွေးသော ကမ္ဘာကြီးနှင့် သိပ်အသားမကျသေးပေ။


သူ့လိပ်ပြာသန့်စေရန်အတွက် နဉ်စုန့် ပြောလိုက်သည်။ "ငါ ခုနက အဲ့လူတွေပြောနေတာ ကြားလိုက်တယ်... သတိထားနော်။ သူတို့ မင်းအပေါ် တစ်ခုခု ကြံနေပုံရတယ်"


ရှန့်ယန်း ပြုံးလိုက်သည်။ "မင်းက ငါ့ကို သတိပေးဖို့ ကျန်နေခဲ့တာလား"


နဉ်စုန့် ခေါင်းညိတ်ပြလိုက်သည်။


"ကျေးဇူးပါ၊ ငါ သိပါပြီ" ရှန့်ယန်း၏ တုံ့ပြန်ပုံက ပေါ့ပေါ့ပါးပါးနိုင်ပြီး၊ ပြုံးလျက်ပင် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလေသည်။


လေးလံသော တံခါးကြီး ပိတ်သွားသည်ကို ကြည့်ရင်း၊ နဥ်စုန့် အပိုလုပ်မိသလို ခံစားလိုက်ရသည်။


သူ ဓာတ်လှေကားခလုတ်ကို ထပ်နှိပ်လိုက်ပြီး၊ စောင့်နေစဉ်အတွင်း ထိုအခန်းဘက်ကို ဆက်ကြည့်နေမိသည်။


တခြားသူသာဆိုလျှင်၊ ရှန့်ယန်းသာ မဟုတ်ခဲ့လျှင်၊ ဘာဖြစ်မလဲဆိုတာ ကြည့်ဖို့ သူ သေချာပေါက် ဆက်စောင့်နေမိမှာ ဖြစ်သည်။ ဆူညံသံကြားလျှင် သူ ဝင်ကူညီမည်၊ အနည်းဆုံးတော့ KTV က လူတစ်ယောက်ယောက်ကို သွားခေါ်ပေးမည်။


ရှန့်ယန်း ဖြစ်နေလို့များလား၊  သူ အဆင်ပြေလောက်မှာပါလေ ဆိုပြီးတော့များ သူ့ကို တစ်မျိုးခွဲခြားဆက်ဆံနေမိတာလား။


ထိုအချိန်တွင် ဓာတ်လှေကား ရောက်လာသည်။ သူ အထဲသို့ ဝင်လိုက်ပြီးမှ၊ တိုးတိုးလေး ကျိန်ဆဲရင်း ဓာတ်လှေကားထဲမှ ပြန်ထွက်လိုက်သည်။


ချီးပဲ…!!


ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီတိုင်း ထွက်မသွားနိုင်ဘူး။


ရှန့်ယန်းရဲ့ ဇာတ်လမ်းထဲ သူ ဖြတ်လျှောက်ခဲ့ရတဲ့ အကြောင်းရင်းက သူ့ကို သတိပေးဖို့များ ဖြစ်နေမလား။


အသံဗလံကြားရမလားဆိုပြီး နားစွင့်ထားဖို့ သူ ဆုံးဖြတ်လိုက်သည်။ ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တော့ လူသွားခေါ်ပြီး ကူညီပေးရမယ်။


သို့သော် အခန်း၏ အသံလုံစနစ်က ကောင်းလွန်းနေသည်။ တစ်ခုခု ကြားရလျှင်ပင် သီချင်းသံအကျယ်ကြီးသာ ဖြစ်နေမည်။ သူ အခန်းတံခါးနား လျှောက်သွားပြီး၊ ခြေဖျားထောက်ကာ အပေါ်ဘက်ရှိ မှန်ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်သည်။ ယိုင်နဲ့နဲ့ ပုံရိပ်တစ်ခုကိုသာ တွေ့လိုက်ရပြီးနောက်၊ အခန်းတံခါး ပွင့်သွားကာ ရှန့်ယန်းက သူ့ကို တည့်တည့်ကြီး ဝင်တိုက်မိလေသည်။


လူကောင်သေးသဖြင့် သူ လဲကျလုနီးပါး ဖြစ်သွားသော်လည်း ရှန့်ယန်းက သူ့ကို ဖမ်းထိန်းလိုက်သည်။ တံခါးပိတ်မသွားခင်လေးတွင်၊ အထဲမှ အဆီပြန်လူကြီးများ ယိုင်လဲပြိုကျနေကြသည်ကို မြင်လိုက်ရပြီး၊ ကြမ်းပြင်ပေါ်တွင် သွေးလား၊ အရက်လား မသဲကွဲသော အိုင်တစ်အိုင် ရှိနေသည်ကိုလည်း တွေ့လိုက်ရသည်။


ရှန့်ယန်းက သူ့ကို ငုံ့ကြည့်လိုက်ရာ မျက်နှာပေါ်ရှိ ခက်ထန်ရက်စက်မှုတို့ ပျောက်ကွယ်သွားသည်။ "မင်းငါ့ကို စောင့်နေတာလား"


နဉ်စုန့် မတ်မတ်ရပ်လိုက်ပြီး သူ့လက်မောင်းထဲမှ ရုန်းထွက်လိုက်သည်။ "မင်း အဆင်ပြေရဲ့လား"


အခြေအနေက ဒီလိုဖြစ်လာမှတော့၊ သူလည်း တစ်ယောက်ယောက်ကို ကူညီလိုက်တာ အကောင်းဆုံးပါပဲလေ။


ရှန့်ယန်း ပြုံးလိုက်သည်။ "ငါ အဆင်ပြေပါတယ်"


ထို့နောက် သူက သူ့ကော်လဲနားရှိ မိုက်ခရိုဖုန်းကို မပြီး ပြောလိုက်သည်။ "ဝမ်းကွဲ... ကျွန်တော် ပြဿနာနည်းနည်း တက်နေလို့၊ လာကြည့်ပေးလို့ ရမလား။ အခန်း ၃၀၆ နော်"


ရှန့်ယန်း အဆင်ပြေသည်ကို မြင်သောအခါ၊ နဉ်စုန့် ဓာတ်လှေကားဆီ လျှောက်သွားလိုက်သည်။ တိုက်ဆိုင်စွာပင် ဓာတ်လှေကား အခုလေးတင် ရောက်လာပြီး၊ သူ ဝင်လိုက်ပြီးနောက်၊ ရှန့်ယန်းလည်း နောက်မှလိုက်ကာ ဓာတ်လှေကားထဲ ဝင်လာလေသည်။


သူ ခေါင်မိုးထပ်သို့ ရောက်သွားပြီး၊ ရှန့်ယန်းလည်း သူ့နောက်မှ လိုက်ထွက်လာသည်။


သူကား ရှန့်ယန်းကို သတိအနေအထားဖြင့် ကြည့်လိုက်သည်။ ရှန့်ယန်းက ပြုံးပြသည်။ "ဆေးလိပ်သောက်မလား"


သူ ဝန်ထမ်းဝတ်စုံအိတ်ကပ်ထဲမှ ဆေးလိပ်တစ်ဘူး ထုတ်လိုက်တော့မှ၊ နဉ်စုန့် သူ့လက်ချောင်းများပေါ်ရှိ သွေးစများကို သတိထားမိလိုက်သည်။



ဆေးလိပ်မီးညှိလိုက်ချိန်တွင်၊ ထိုကောင်လေးသည် တကယ်ပင် ချောမောလှပလွန်းလှပြီး၊ သူ၏ဖီးနစ်မျက်လုံးများက အသာစိုက်ကျနေသည်။ ပင်လယ်ရေပြင်ပေါ်မှ တလက်လက်တောက်ပနေသော အလင်းရောင်များသည် သူ့အတွက် နောက်ခံကားချပ်သဖွယ် ဖြစ်နေသည်။


ရှန့်ယန်းက နှစ်ရှိုက်လောက် ဖွာပြီးနောက် ဆေးလိပ်ဘူးနှင့် မီးခြစ်ကို အနီးရှိ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။ လက်ထဲမှ ဆေးလိပ်ကိုလည်း မီးသတ်လိုက်ပြီး မေးလေသည်။ "မင်းက အီစတန်ယောက်ျားလေးကျောင်းကလား။ ငါ မင်းကို အရင်က မြင်ဖူးသလိုပဲ... ကျောင်းသားသစ်မလား"


နဉ်စုန့် ခေါင်းညိတ်ပြလိုက်သည်။


ရှန့်ယန်း မျက်မှောင်ကြုတ်လိုက်သည်။ တစ်မီတာလောက် ဝေးနေသည့်တိုင်၊ နားကြပ်ထဲမှတစ်ဆင့် တစ်ယောက်ယောက်၏ ဒေါသတကြီး အော်ဟစ်နေသံကို နဉ်စုန့် ကြားနေရသည်။


ရှန့်ယန်းက သက်ပြင်းချပြီး အောက်ပြန်ဆင်းသွားလေသည်။


နဉ်စုန့် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။


ခေါင်မိုးထပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ပင်လယ်တစ်ဖက်ကမ်းမှ အောက်ဆိပ်ကမ်းကို မြင်နိုင်သည်။


လူဦးရေပိုထူထပ်သော အောက်ဆိပ်ကမ်းသည် ညဘက် ရေဒီယာပုလဲကျွန်းနှင့် ယှဉ်လိုက်လျှင် မှောင်မည်းနေသယောင် ရှိသည်။ ဟိုတစ်စ ဒီတစ်စ အလင်းရောင်များပင်လျှင် မှိန်ဖျဖျနှင့် စိုစွတ်နေသလိုပင်။ တစ်ဖက်တွင်တော့ ရေဒီယာပုလဲကျွန်းသည် မီးရောင်များဖြင့် ထိန်ထိန်လင်းနေသည်။ ကျဉ်းမြောင်းသော ရေပြင်က ကမ္ဘာကြီးကို နှစ်ခြမ်း ခွဲခြားထားသကဲ့သို့ပင်။


ဤနေရာအပေါ်တွင် လေက ပြင်းလွန်းပြီး အေးစက်လှသည်။ ခဏလောက် ရပ်နေပြီးနောက် သူ အရိုးကွဲမတတ် အေးလာသည်။ အောက်ပြန်ဆင်းတော့မည် ပြုစဉ်မှာပင်၊ ချောင်ချောင် သူ့ကို ရှာရန် တက်လာသည်ကို တွေ့လိုက်ရသည်။


"ငါတို့ အရမ်း ဆူညံသွားလား" ချောင်ချောင်က သူ့ကို မေးသည်။


နဉ်စုန့် ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး၊ ငါ ညရှုခင်း လာကြည့်တာပါ။ အောက်ဆိပ်ကမ်းကို ဒီထောင့်ကနေ မြင်ရတာ ဒါ ပထမဆုံးပဲ"


စကားပြောရင်း သူ နှာချေလိုက်သည်။


ချောင်ချောင်က ပြောသည်။ "အောက်ဆင်းကြစို့။ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ အအေးမိလို့ မဖြစ်ဘူး"


သူတို့နှစ်ယောက် ခေါင်မိုးထပ်မှ အတူတူ ဆင်းလာကြသည်။ ချောင်ချောင်က ပြောသည်။ "ဘေးခန်းမှာ ရန်ဖြစ်ကြတယ် ထင်တယ်။ ခုလေးတင် လျိိုကောနဲ့ တခြားလူတွေ လူတစ်ယောက်ကို သယ်ထုတ်သွားတာ တွေ့လိုက်တယ်။ သွေးတွေ တော်တော်များသား"


တတိယထပ်သို့ ပြန်ရောက်သောအခါ ကြမ်းတိုက်နေသော သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက်ကိုသာ တွေ့ရတော့သည်။


နဉ်စုန့်နှင့် ချောင်ချောင်တို့ သီးသန့်ခန်းထဲ ပြန်ဝင်လာပြီး မကြာခင်မှာပင် ဝိတ်တာတစ်ယောက် တံခါးလာခေါက်သည်။ ကျောင်းသားပုံပေါက်သော လူငယ်လေးတစ်ယောက် ဝင်လာပြီး အချိုရည်များ၊ မုန့်များနှင့် သစ်သီးပန်းကန်ကြီး အနည်းငယ်တင်ထားသော တွန်းလှည်းကို တွန်းလာလေသည်။


ချောင်ချောင်က ပြောလိုက်သည်။ "အခန်းမှားပို့တာ ဖြစ်မယ်။ ငါတို့ ဒါတွေ မမှာထားဘူး"


သူသည် ဤ KTV ၌ အချိန်ပိုင်းအလုပ် လုပ်ဖူးသည်။ သူကား သခင်လေးတစ်ယောက် ဖြစ်သော်လည်း၊ ဤနေရာရှိ အချိုရည်နှင့် သစ်သီးပန်းကန်များက မတန်တဆ ဈေးကြီးပြီး လုံးဝမတန်ဘူးဟု ထင်မိသည်!


ဒါတွေအတွက် သူတို့ ပိုက်ဆံမရှင်းနိုင်ဘူး!


သို့သော် တစ်ဖက်လူက ပြုံးပြီး ပြောလာသည်။ "ဒါက ကျွန်တော်တို့ မန်နေဂျာက လက်ဆောင်ပေးတာပါ။ သုံးဆောင်ကြပါခင်ဗျာ"


လူအချို့ အချင်းချင်း နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။


နဉ်စုန့် တစ်ဖက်လှည့်ပြီး နှစ်ချက်လောက် ချောင်းဟန့်လိုက်သည်။


ဝိတ်တာ ထွက်သွားပြီးနောက်၊ စောစောက ရှန့်ယန်းနှင့် တွေ့ခဲ့သည့်အကြောင်းကို သူ ချောင်ချောင်အား ပြောပြလိုက်သည်။


ချောင်ချောင် မျက်လုံးပြူးသွားသည်။ "သူ ဒီမှာ အလုပ်လုပ်နေတာလား"


နဉ်စုန့် ပြောလိုက်သည်။ "ဘဝကို လေ့လာနေတယ် ထင်တာပဲ"


"ငါ့အဖေတစ်ယောက်တည်းပဲ မုန့်ဖိုးဖြတ်ပြီး အတင်းအကျပ် ဘဝကိုလေ့လာခိုင်းတတ်တာ မှတ်နေတာ" ချောင်ချောင်က ပြောသည်။ "အဲဲ့ဒီလူတွေ ရှန့်ယန်းနဲ့ မယှဉ်လိုက်ရတာ ကံကောင်းသွားတာပေါ့။ ရှန့်ယန်းကိုသာ တစ်ခုခုလုပ်မိရင်၊ မနက်ဖြန် သူတို့အားလုံး ငါးစာ ဖြစ်ကုန်လောက်ပြီ"


…သူက တကယ်ပဲ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။


ဒီကမ္ဘာကြီးက ရူးနေပြီပဲ။


ကျောင်းသို့ပြန်ရမည်ဖြစ်သောကြောင့် ၉ နာရီလောက်တွင် သူတို့ KTV မှ ထွက်လာကြသည်။ အဝမကဲလိုက်ရသဖြင့်၊ နောက်တစ်နေ့တွင် Queen's Road သွားရန် သူတို့ ချိန်းလိုက်ကြသည်။


ပထမထပ် လော်ဘီကို ဖြတ်သွားချိန်တွင်၊ ရှန့်ယန်း အဆူခံနေရသည်ကို တွေ့လိုက်ရသည်။ သူ့ဆံပင်ဖြူဖြူက မီးရောင်အောက်တွင် ငြိမ့်ညောင်းစွာ တောက်ပနေသည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လျက် ဂရုမစိုက်သလို ပုံစံမျိုး ရှိနေသည်။ သူ့အကြည့်က သူတို့အဖွဲ့ဆီ ရောက်လာသောအခါ၊ ခေါင်းကိုစောင်းပြီး နဉ်စုန့်ကို လက်ပြလာသည်။ မန်နေဂျာက သူ့လက်ကို ရိုက်ချလိုက်ရာ၊ သူက လက်ကို အိတ်ကပ်ထဲ ကူကယ်ရာမဲ့စွာ ပြန်ထည့်လိုက်လေသည်။


"ကျစ်... အဲ့ဒီဝိတ်တာက တော်တော်ချောတာပဲ" သူတို့အဖွဲ့ထဲက ဝတုတ်တုတ်ကောင်လေးက ပြောသည်။


"မင်းမျက်လုံးကတော့ကွာ... ချောင်ချောင်တို့ကျောင်းက နာမည်ကျော်နှင်းဆီခိုင် ရှန့်ယန်းကိုတောင် မမှတ်မိဘူးလား"


ရှန့်ယန်း၏ အလှက အီစတန်အထက်တန်းကျောင်း အသိုင်းအဝိုင်းတစ်ခုလုံးတွင် ကျော်ကြားသည်။


"သူက ဘာလို့ ဒီမှာ ဝိတ်တာလုပ်နေရတာလဲ။ သူ့အိမ်က ချမ်းသာရဲ့သားနဲ့"


"ကြားတာတော့ သူက အနုပညာလောကထဲ ဝင်ချင်တာ၊ သူ့မိသားစုက သဘောမတူဘူးတဲ့။ ခရက်ဒစ်ကတ်တွေ ဖြတ်လိုက်ပြီး၊ သီချင်းဆိုချင်ရင် ကိုယ့်ပိုက်ဆံကိုယ်ရှာဆိုပြီး ပြောလိုက်တာတဲ့လေ"


သူတို့သည် KTV မှ ထွက်လာပြီးနောက် ဈေးလမ်းဟောင်းတစ်ခုကို ဖြတ်သွားဖြစ်ကြသည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ကမ္ဘာလှည့်ခရီးသည်များ များပြားနေဆဲပင်။ နဉ်စုန့်က လိုက်ကာအသစ် ဝယ်လိုက်ပြီး၊ ဘေးကပ်လျက်တွင် အပင်ဆိုင်တစ်ဆိုင်ရှိသည်ကို မြင်၍ စံပယ်နွယ်ပင်တစ်ပင် ရွေးလိုက်သည်။


နှင်းဆီ၊ လီလီ သို့မဟုတ် ကျူးလစ်ပန်း မဟုတ်ဘဲ၊ အလွန် သာမန်ဆန်သော စံပယ်နွယ်ပင်လေးသာ ဖြစ်သည်။


သူ့ကဲ့သို့ပင်။


နောင်တစ်ချိန်တွင် ၎င်းသည် အယ်လ်ဘမ်တစ်ခု၏ မျက်နှာဖုံး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မသိခဲ့ရှာပေ။


လူတိုင်းက ဤစာသားလေးကို သိနေကြလိမ့်မည်:


"မိုးရွာတဲ့နေ့တွေမှာ စံပယ်ပန်းက ပိုလှတယ်တဲ့"


***


စာရေးသူမှာ ပြောစရာရှိပါတယ်-


Easter egg:


မြေအောက်လက်ဝှေ့စင်တွင် လူရှုပ်နေသည်။ ရှန့်ယန်းက နဉ်စုန့်ကို ဆွဲခေါ်သွားနေစဉ် လက်ဝှေ့လက်အိတ်တစ်ခုက ရုတ်တရက် နဉ်စုန့်၏ရင်ခွင်ထဲ ကျလာသည်။ လီယိုက လက်ရန်းကိုမှီလျက် သူတို့ကို ခပ်မြူးမြူးအမူအရာဖြင့် ကြည့်နေသည်။ ရှန့်ယန်း ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြီး လက်အိတ်ကို ပြန်ပစ်ပေးလိုက်လေသည်။