အခန်း (၁၃) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
နောက်တစ်နေ့တွင် နဉ်စုန့်သည် မျက်ကွင်းညိုကြီးများဖြင့် အပြင်ထွက်လာခဲ့သည်။
အပေါ်ထပ်ကကောင်တွေက တကယ်ကို တစ်မျိုးပဲ၊ ၁၂ နာရီကနေ ၁ နာရီအထိ ဝုန်းဒိုင်းကြဲနေပြီး ၂ နာရီကျတော့ ပြန်စကြပြန်ပြီ။
သိပ်… သိပ်ကောင်းတဲ့ ခံနိုင်ရည်ပါလား!
သူ ကျောပိုးအိတ်လွယ်ပြီး တံခါးပိတ်လိုက်သည်။ ရုတ်တရက် အပေါ်ထပ်မှ ဒုန်းခနဲ အသံကြားရပြီးနောက် တစ်ယောက်ယောက်က ညည်းတွားလိုက်သည်။ "အကုန် မင်းအပြစ်တွေပဲ! ငါ နောက်ကျတော့မယ်!"
သူ ချက်ချင်း ကိုယ်ကိုကိုင်းပြီး အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။
စာကြည့်တိုက်မှာ သူတွေ့ခဲ့သော စုံတွဲ ဖြစ်နေသည်။
အသားညိုညို အားကစားသမားနှင့် သူ၏ အနုပညာဆန်သော ဇနီးသည်တို့ပင်။
အောက်ထပ်တွင် သူတို့ဆုံကြသောအခါ၊ အနုပညာကျောင်းသားက တိုးတိုးလေး ပြောလိုက်သည်။ "လူသစ်လေး..."
အနုပညာကျောင်းသားတွင် သူ့လိုပင် အဖြူရောင်တံဆိပ်ရှိနေသည်ကို နဉ်စုန့် သတိထားမိလိုက်သည်။
သို့သော် အသားညိုညိုကောင်လေးကမူ ဂုဏ်ရှိသော အနက်ရောင်တံဆိပ်ပိုင်ရှင် ဖြစ်သည်။
ဒါဆို သူက သူ့ဇနီးသည်ကြောင့် ဒီမှာ လာနေတာပဲ။
အားကစားသမားက သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်ပြီး ဇနီးသည်ပခုံးကို ဖက်ကာ ထွက်သွားသည်။ အနုပညာကျောင်းသားကတော့ သူ့ကို နောက်တစ်ကြိမ် လှည့်ကြည့်သွားသေးသည်။
နှစ်ယောက်လုံးက အဖြူရောင်ရင်ထိုးပိုင်ရှင် အထူးဝင်ခွင့်ကျောင်းသားများ ဖြစ်ကြသော်လည်း၊ အနုပညာကျောင်းသားက သူ့ထက်စာရင် ဝတ္ထုဇာတ်လိုက်နှင့် ပိုတူနေသည်။
ကျောင်းစရောက်တာနဲ့ တကယ့်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ တိုးတော့တာပါပဲ။
ကျောင်းသစ်ရောက်ပြီး ဒုတိယမြောက်နေ့တွင်မူ သူရရှိသည့် အာရုံစိုက်မှုက များစွာ လျော့နည်းသွားသည်။
သူ့လို အရေးမပါသူတစ်ယောက်က ဤကျောင်းမှာ လှိုင်းဂယက်အသေးစားလေးလောက်ပဲ ထနိုင်ပုံရသည်။
တစ်ရက်တာ အာရုံစိုက်ခံရမှုသည် သူရနိုင်သမျှ ဆွဲဆောင်မှုအကုန်ပင် ဖြစ်၏။
သုံးရက်မြောက်နေ့ရောက်သော် သူ့တည်ရှိမှုက ပို၍ပင် မှေးမှိန်သွားပြီး၊ ပထမနေ့တုန်းက အဆောင်ထိ လိုက်လာခဲ့ကြသော ကောင်လေးများလည်း သူ့ကို ဒုက္ခမပေးကြတော့ပေ။ ရုတ်တရက် သူ့ကို စိတ်ကုန်သွားကြသလိုမျိုးပင်။
သူကား အီစတန်ယောက်ျားလေးကျောင်းဆိုသည့် ရေကန်ကြီးထဲ ပစ်ချခံလိုက်ရသော အရေးမပါသည့် ကျောက်စရစ်ခဲလေးတစ်လုံးလို ခံစားရပြီး၊ ဖြစ်ပေါ်လာသည့် ဂယက်သေးသေးလေးကလည်း လေတစ်ချက်ဝှေ့လိုက်သည်နှင့် ပျောက်ကွယ်သွားရလေသည်။
သို့သော် ချောမောသော ကောင်လေးများကြားမှ ရိုမန့်တစ်ဆန်သည့် ဇာတ်ကွက်များနှင့် တိုးမိရန် အခွင့်အရေးကတော့ အနည်းငယ် များလွန်းနေသလိုပင်။
ဥပမာ လီယိုနှင့် လင်းလီတို့ကို တွေ့ခဲ့ပြီး စကားတောင်ပြောဖြစ်ခဲ့ခြင်းပင်။
ထို့အပြင် သူ့အတန်းထဲက အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်သည့် ဖူယွီနှင့် ထန်ကျန်းကျန်းတို့ ရှိသေးသည်။
တိုက်ဆိုင်စွာပင် သူ့အပေါ်ထပ်တွင် အားကစားကျောင်းသားနှင့် အနုပညာကျောင်းသားတို့ နေထိုင်ကြပြီး၊ စာကြည့်တိုက်၌ သူတို့၏ ဇာတ်ကွက်လေးထဲပင် သူ ပါဝင်ခဲ့ရသေးသည်။
သူ့လိုပဲဟု ထင်ထားသော ချောင်ချောင်၌ပင် ငယ်ချစ်ဦး ရှိပုံရသည်။
မနေ့က အဆောင်တွင် ရေချိုးနေစဉ်ကလည်း၊ မျက်နှာချင်းဆိုင်မှ လိုက်ကာအောက်တွင် ခြေထောက်နှစ်စုံကို တွေ့ခဲ့ရသေးသည်။ တစ်ခါတလေ နှစ်ယောက်လုံး ခြေဖျားထောက်နေပြီး၊ တစ်ခါတလေကျ တစ်ယောက်က ခြေဖျားထောက်၊ တစ်ယောက်က ခြေအပြည့်ချထားတတ်သည်။
ပြီးတော့ ဒီနေ့...
သူ စာကြည့်တိုက်ကို ထပ်သွားခဲ့ရာ၊ ဖူယွီနှင့် သွားတိုးပြန်သည်။
သူ့ဘေးတွင် ယုံနိုင်စရာမရှိလောက်အောင် ချစ်စရာကောင်းသော ကောင်လေးတစ်ယောက် ပါလာသည်။
ဤမျှချစ်စရာကောင်းသော ကောင်လေးမျိုး သူ တစ်ခါမျှ မမြင်ဖူးပေ။ ထိုကောင်လေးမှာ "ချစ်စရာကောင်းတယ်" ဆိုသည့် စကားလုံး၏ ပြယုဂ်ပါပင်။
ထိုချစ်စရာကောင်လေးက အထစ်ထစ်ဖြင့် မေးသည်။ "အဆင်... အဆင်ပြေရဲ့လားဟင်"
သခင်လေးက ကျောပေးထားသည့်အတွက် ဖူယွီ၏ မျက်နှာကို သူ မမြင်ရပေ။
ဤမျှ ကောင်းမွန်သော မိသားစုနောက်ခံ၊ ထူးချွန်သော အမှတ်စာရင်းနှင့် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားသည့် ကောင်လေးတစ်ယောက်က အချစ်ကို ဖွင့်ဟဝန်ခံ ခံရသည်မှာ သဘာဝကျလှပေသည်။
သခင်လေး ဘာပြောလိုက်သည်ကို နဉ်စုန့် မကြားလိုက်ရပေ၊ အသံတိုးလွန်း၍ ဖြစ်လိမ့်မည်။
ခဏကြာတော့ သခင်လေးက စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး စာညှပ်ကတ်ကို ကိုင်လျက် လျှောက်လာသည်။
နဉ်စုန့် ရှောင်ချိန်မရလိုက်ဘဲ အကြည့်ချင်း ဆုံသွားသည်။
ဖူယွီက ခဏမျှ ကြောင်သွားပြီးနောက် နဉ်စုန့် အိတ်တင်ထားသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။
နဉ်စုန့် နှုတ်ဆက်ချင်မိသည်။ ဘာပဲပြောပြော သူတို့က ခဏခဏ တွေ့ဖူးသည်ပဲလေ။
သို့သော် ဖူယွီက သူ့ကို မေ့သွားပုံရသည်။ နှုတ်မဆက်သလို လှည့်လည်းမကြည့်ပေ။
ထို့ကြောင့် သူ ရှေ့ဆက်လျှောက်သွားလိုက်သည်။
ဖူယွီက မော့ကြည့်ပြီး စာအုပ်ဖွင့်လိုက်သည်။
ချစ်စရာကောင်လေးကမူ ခေါင်းငိုက်စိုက်ကျပြီး အသည်းကွဲနေပုံဖြင့် ထိုနေရာတွင် ရပ်နေဆဲပင်။ နဉ်စုန့်သည် သူ့ဘေးမှ ဖြတ်လျှောက်သွားရင်း ထိုကောင်လေးအခြေအနေကို ကိုယ်ချင်းစာ သနားမိလိုက်သည်။
တကယ်တော့ ထိုကောင်လေးက BL ဝတ္ထုထဲမှ ဇာတ်လိုက်ဖြစ်လာနိုင်သည့် အလားအလာရှိသည်ဟု သူ ထင်သည်။ တကယ်ပင်လှ၏။
ဒါပေမယ့် ဒါက သူ့ကိစ္စ မဟုတ်ပါလေ။
သူက အဓိကဇာတ်ကောင်တွေ ချစ်ရေးဆိုနေတာကို မတော်တဆ တွေ့မိသွားတဲ့ ကြုံရာ
အတန်းဖော်တစ်ယောက် နေရာကနေ ပါဝင်နေတာပဲ မဟုတ်လား။
ဒီလို Boy Love ဇာတ်လမ်းတွေနဲ့ ခဏခဏ တိုးမိနေတာရယ်၊ သူ့ရဲ့ သာမန်ဆန်တဲ့ ရုပ်ရည်ရယ်ကို ထည့်စဉ်းစားကြည့်ရင်၊ သူ့ဇာတ်ကောင်က ဒီဇာတ်လိုက်တွေရဲ့ အချစ်ဇာတ်လမ်းထဲမှာ ငါးဆားနူလေးတစ်ယောက် ဖြစ်နေတယ်လို့ သံသယဝင်လာတော့တာပဲ….
တစ်ခါတလေကျရင် သူက အဲ့ဒီအချစ်ဇာတ်လမ်းတွေထဲက နောက်ခံဇာတ်ကောင်၊ တစ်ခါတလေကျတော့ အမြောက်စာ သူငယ်ချင်း၊ နောက်ပြီး တခြား စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက်တွေမှာဆိုရင် အတန်းဖော်တွေနောက်ကွယ်မှာရှိတဲ့ လျှို့ဝှက်ကစားပွဲတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နေတတ်တယ်….
တော်တော်လေး လေးလံတဲ့ တာဝန်ပါပဲ။
ချစ်စရာကောင်လေး တိတ်တဆိတ် ထွက်ခွာသွားပြီးနောက်၊ နဉ်စုန့်က အပေါ်ဆုံးမှ မဂ္ဂဇင်းကို လှမ်းယူရန် ခြေဖျားထောက်လိုက်သည်။
မြင့်လွန်း၍ မမီနိုင်သေးသဖြင့်၊ သူဖတ်ချင်သော မဂ္ဂဇင်းကို စာညှပ်ကတ်ဖြင့် အမှတ်အသားလုပ်၊ ပြီးမှ ခုန်ပြီး လှမ်းဆွဲလိုက်သည်။
ပြန်အကျတွင် စာအုပ်စင်ကြားမှနေ၍ ဖူယွီ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ ဖူယွီကို ပြုံးပြလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ဖူယွီအနား သွားမထိုင်တော့ဘဲ၊ လူရှင်းသည့် အတွင်းဘက် စာဖတ်ခန်းဆီ သွားလိုက်သည်။ သူ ပြတင်းပေါက်နားမှ ခုံတစ်ခုံရှာပြီး ထိုင်လိုက်သည်။
သူကား ဤမဂ္ဂဇင်းများဖတ်ရသည်ကို သဘောကျသည်။
ဂိမ်းအသစ်တွေ့တိုင်း ဖုန်းထုတ်ပြီး ကစားကြည့်တတ်သည်။ ဤကမ္ဘာတွင် လက်တွေ့ကမ္ဘာ၌မရှိသော ဂိမ်းများစွာရှိပြီး၊ သူ့ကို အသိပညာ ဗဟုသုတများစွာ တိုးပွားစေသည်။
သူ စိတ်နှစ်လွန်းနေတာကြောင့် ဒုတိယမြောက်မဂ္ဂဇင်း စဖတ်သည့်အချိန်တွင် ဖူယွီတောင် ပြန်သွားခဲ့ချေပြီ။
သူ စာကြည့်တိုက်ပိတ်သည်အထိ နေလိုက်ပြီး၊ ရင်ထဲတွင် ပြည့်စုံလွန်း၍ လေထဲလွင့်မတတ် ခံစားလိုက်ရသည်။ သူ အွန်လိုင်းသူငယ်ချင်းများနှင့် စကားပြောရန် ဖိုရမ်ထဲ အမြန်ဝင်လိုက်သည်။
ဖိုရမ်ဖွင့်လိုက်သော် ဓားငါးဆီမှ မက်ဆေ့ခ်ျတစ်စောင် တွေ့လိုက်ရသည်။ "ကျန်းမာတဲ့ ခန္ဓာကိုယ်က တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ပဲ"
သူ ဓားငါးဆီ အီမိုဂျီတစ်ခု ပို့လိုက်ပြီး၊ ဖိုရမ်တွင် ပို့စ်အသစ်တစ်ခု စတင်ရေးသားလိုက်သည်။
ဤတစ်ကြိမ်တွင် ဓားငါးက သူ့ကို သီးသန့်စာမပြန်တော့ဘဲ သူ့ပို့စ်အသစ်မှာပဲ ကွန်းမန့်အကြိမ်ကြိမ် လာရေးလေသည်။ လူအများအပြားက သူ့အလုပ်အသစ်အကြောင်း မေးမြန်းကြရာ၊ နဉ်စုန့်လည်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
သူတို့အားလုံးသည် အွန်လိုင်းပေါ်မှ သူစိမ်းသက်သက်များ ဖြစ်ကြသော်လည်း အားလုံးက အလွန် စိတ်အားထက်သန်ကြသည်။
ဖိုရမ်တွင် စကားပြောပြီးနောက် ရေနွေးအိုးထဲ ရေကုန်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ရေနွေးအိုးကိုယူပြီး ရေဖြည့်ရန် ပထမထပ်လှေကားနားရှိ ရေပူစက်ဆီသို့ သွားရာ၊ လက်ဆွဲအိတ်တစ်လုံးကိုင်ပြီး လျှောက်လာနေသော အတန်းခေါင်းဆောင် ချန်မော့ကို တွေ့လိုက်ရသည်။
သူသည် အတန်းခေါင်းဆောင်အပေါ် အမြင်ကြည်သဖြင့် ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "အတန်းခေါင်းဆောင်"
ချန်မော့လည်း စတုတ္ထဆောင်မှာ နေမှန်း သူ မနေ့ကမှ သိခဲ့ရခြင်း ဖြစ်သည်။
သို့သော် ချန်မော့က အဖြူရောင်တံဆိပ်ပိုင်ရှင် မဟုတ်ပေ။ ရွှေရောင်တံဆိပ်ပိုင်ရှင်ဖြစ်ပြီး အီစတန်ယောက်ျားလေးကျောင်း၏ အထူးဝင်ခွင့်ကျောင်းသားများထဲတွင် အထူးချွန်ဆုံး ဖြစ်သည်။ ဒုတိယနှစ်တွင် ကျောင်းပြောင်းလာခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်းမှာပင် ရွှေရောင်အဆင့်ထိ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ကာ၊ အတန်းခေါင်းဆောင်ဖြစ်လာပြီး ကျောင်းသားသမဂ္ဂထဲ ဝင်နိုင်ခဲ့သည်ဟုပင် ဆိုကြသည်။
ဤသည်မှာ အီစတန်ကျောင်း၌ အလွန်ရှားပါးလှသည်၊ အဘယ်ကြောင့်ဆိုသော် အီစတန်၏ အမှတ်ပေးစနစ်က ကျောင်းပြောင်းကျောင်းသားများအတွက် အဆင်မပြေသောကြောင့် ဖြစ်သည်။ စာတော်ရုံနှင့် မလုံလောက်ပေ။ ချန်မော့သည် ရေဒီယာပုလဲကျွန်းမှ သာမန်အလုပ်သမားလူတန်းစား မိသားစုမှ ဖြစ်ကြောင်း ချောင်ချောင်ဆီက သူ ကြားဖူးထားသည်။
အဆင့်တက်သွားပြီးနောက်တွင်ပင် ချန်မော့ အဆောင်မပြောင်းဘဲ စတုတ္ထဆောင်မှာသာ ဆက်နေသည်။ တစ်ယောက်ခန်း ကြိုက်သောကြောင့်ဟု ဆိုကြသည်။
ဒုတိယနှင့် တတိယဆောင်များမှာ တစ်ယောက်ခန်းစစ်စစ်မဟုတ်ဘဲ သုံးယောက်တွဲအခန်းများ ဖြစ်ကြသော်လည်း အသုံးအဆောင်ပစ္စည်းများ ပိုမိုကောင်းမွန်လေသည်။
သူ့အတန်းခေါင်းဆောင်က တစ်သီးပုဂ္ဂလဆန်ပြီး အနည်းငယ် အေးစက်စက်နိုင်လေသည်။
ချန်မော့က သူ့ကို ခေါင်းညိတ်ပြပြီး မေးသည်။ "မင်း မအိပ်သေးဘူးလား"
အတန်းခေါင်းဆောင်က ပုံမှန်ဆို ဝတ်ကျေတန်းကျေဆန်တတ်သဖြင့် ဤသို့ နူးညံ့နေသည်ကို မြင်ရခဲလှသည်။
နဉ်စုန့်က ပြုံးလိုက်သည်။ "အိပ်တော့မှာပါ... အခုမှ ပြန်ရောက်တာလား"
ချန်မော့က တိုးတိုးတိတ်တိတ် ရေရွတ်ဖြေကြားပြီး အိတ်ကိုင်ကာ အပေါ်ထပ် တက်သွားရာ၊ စောစောက ပြလိုက်သည့် နွေးထွေးမှုလေးမှာ ပုံရိပ်ယောင်သက်သက် ဖြစ်သွားသည့်နှယ်။
"ဪ... ဒါနဲ့"
နဉ်စုန့် ရေနွေးအိုးချခါစရှိသေး၊ ချန်မော့ စကားပြန်ပြောသံ ကြားလိုက်ရသည်။ "ငါ မင်းကို ပြောဖို့မေ့နေတဲ့ ကိစ္စတစ်ခုရှိတယ်"
နဉ်စုန့် လှည့်ကြည့်လိုက်ရာ လှေကားပေါ်တွင် ရပ်နေသော ချန်မော့ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အလင်းရောင်က အနည်းငယ် မှိန်နေသဖြင့် မျက်နှာကို သေချာ မမြင်ရပေ။ ချန်မော့အသံက ပိုလေးနက်လာပြီး ဆွဲဆွဲငင်ငင် ပြောလာသည်။ "နောက်ထပ် လဝက်နေရင် နွေဦးပွဲတော် ရောက်တော့မယ်။ အတန်းတိုင်း ဖျော်ဖြေရေးတစ်ခု တင်ဆက်ရမယ်။ မင်းက လူသစ်ဆိုတော့ အရင်က မပါဖူးသေးဘူးမလား၊ ဒီနှစ်တော့ မင်း စာရင်းပေးရမယ်လို့ ဆရာကျန်းက ပြောတယ်"
"ဟင်"
နွေဦးပွဲတော် ဟုတ်လား... အဲဒါ ဘာကြီးလဲ။
ချန်မော့က ဆက်ပြောသည်။ "ဒါက မင်းရဲ့ ခရက်ဒစ်ရမှတ်နဲ့ သက်ဆိုင်ပြီး အနုပညာလှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သတ်မှတ်မှာ။ မင်း ပါတာ ပိုကောင်းမယ်"
သူ့မှာ ဘာပါရမီရှိလို့လဲ။
ဆဲလ်လိုတော့ တီးတတ်ပါတယ်၊ ဒါပေမဲ့ နားထောင်ချင်တဲ့သူ ရှိပါ့မလား။
"ကျွန်တော့်မှာ ထူးထူးခြားခြား တတ်ကျွမ်းတာ မရှိရင်ရော" နဉ်စုန့် မေးလိုက်သည်။
ချန်မော့သည် ခဏတိတ်ဆိတ်သွားပြီးနောက်၊ နောက်ဆုံးတွင် တင်းမာသော မျက်နှာထားဖြင့် အကြံပြုလေသည်။ "ဒါဆို ငါတို့အတန်းရဲ့ ပြဇာတ်ထဲ ထည့်ပေးမယ်။ အဲဒါက ဒီနှစ် ငါတို့အတန်းရဲ့ အဖွဲ့လိုက် ဖျော်ဖြေရေးလေ။ လူအများကြီး ပါကြမှာ၊ မင်းက အရံနေရာအသေးစားကနေ ပါလိုက်ပေါ့"
ဖြတ်လျှောက်အနေနဲ့ဆိုရင်တော့ သူ သေချာပေါက် လုပ်နိုင်တယ်။
"မင်း သေချာ ထပ်စဉ်းစားကြည့်ဦး။ တခြားအကြံရှိရင်လည်း ငါ့ကို ပြောလို့ရတယ်... သီချင်းဆိုတာ၊ ကတာ၊ ကဗျာရွတ်တာ၊ တူရိယာတီးတာ၊ သိုင်းကစားတာ၊ ဘာပဲဖြစ်ဖြစ်ပေါ့"
"ကျွန်တော် ဖြတ်လျှောက်ပဲ လုပ်ပါရစေ" နဉ်စုန့် အမြန် ပြောလိုက်သည်။
ချန်မော့ ခေါင်းညိတ်ပြပြီး ဘာမှထပ်မပြောဘဲ အိတ်ကိုင်ကာ အပေါ်တက်သွားလေသည်။
နဉ်စုန့် ရေနွေးအိုးထဲ ရေဖြည့်ပြီး အပေါ်တက်လာရင်း လမ်းလျှောက်နေစဉ်မှာပင် ချောင်ချောင်ဆီ နွေဦးပွဲတော်အကြောင်း မက်ဆေ့ခ်ျပို့လိုက်သည်။
ရုတ်တရက် တစ်ယောက်ယောက် သူ့ကို ချောင်းကြည့်နေသလို ခံစားလိုက်ရသည်။
သူ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ စတုတ္ထဆောင်သည် ဟောင်းနွမ်းပြီး စိမ်းလန်းသော အပင်များ ဝန်းရံနေသည်။ ညဘက်ရောက်သော် မှောင်မည်းပြီး မှုန်မှိုင်းနေတတ်သည်။ ယခင်က ဤပတ်ဝန်းကျင်သည် စုံတွဲများ ချိန်းတွေ့ရန် သင့်တော်မည်ဟု သူ ထင်ခဲ့ဖူးသော်လည်း၊ ယခုအခါ မည်သည့်နေရာတွင်မဆို လူတစ်ယောက် ပုန်းခိုနေနိုင်သည်ဟု ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် မည်သူ့ကိုမျှ မမြင်ရဘဲ၊ လေတိုက်၍ သစ်ကိုင်းများ လှုပ်ခတ်နေသည်ကိုသာ တွေ့ရသောကြောင့် ဖြစ်သည်။
အပေါ်ထပ်ရောက်၍ အောက်သို့ ပြန်ငုံ့ကြည့်လိုက်သောအခါ သူ ကြက်သီးမွေးညင်းပင် ထသွားရသည်။
သစ်ပင်အောက်တွင် လူတစ်ယောက်ရပ်ပြီး သူ့ကို မော့ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
တစ်ချက်ကလေးသာ မြင်လိုက်ရပြီး ထိုသူသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားလေသည်။
သူ စိတ်ထင်သည်ဟုသာ တွေးမိလိုက်သည်။
သို့သော် အိပ်ရာဝင်သောအခါ သတိထားသည့်အနေဖြင့် ပြတင်းပေါက်ကို အဝတ်အစားများဖြင့် ကာထားလိုက်သည်။
အီစတန်ယောက်ျားလေးကျောင်းတွင် ပထမဆုံးရက်သတ္တပတ် လျင်မြန်စွာ ကုန်ဆုံးသွားချေပြီ။
ယခုတစ်ပတ် နဉ်စုန့်၏ မိဘများ အလုပ်ရှုပ်နေကြသည်။ အီစတန်ပြည်နယ်တွင် စီးပွားရေးဖိုရမ် ကျင်းပနေသဖြင့် ဖူမိသားစု တက်ရောက်ရမည့် ဧည့်ခံပွဲများ များပြားနေသည်။ ထို့ကြောင့် သူ့မိဘများသည် နောက်ထပ် လဝက်ခန့် အလွန်အလုပ်ရှုပ်နေကြမည်ဖြစ်ရာ အချိန်ပေးနိုင်ကြမည် မဟုတ်ပေ။
ထို့ကြောင့် သူ ကျောင်းမှာပင် နေလိုက်သည်။
တိုက်ဆိုင်စွာပင် ချောင်ချောင်၏ မိသားစုလည်း ခရီးထွက်နေသဖြင့်၊ ချောင်ချောင်လည်း သူ့အဖော်အဖြစ် ကျောင်းမှာ နေခဲ့သည်။
အတန်းဖော်များနှင့် အဆင်ပြေကြသော်လည်း၊ ချောင်ချောင်ကသာ သူ့ကို အမှန်တကယ် ဂရုစိုက်သူ ဖြစ်သည်။
ကနဦးတွင် နဉ်စုန့်သည် ချောင်ချောင်ကို အနည်းငယ် သတိထားခဲ့မိသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်၊ လူတစ်ယောက်က ရုတ်တရက်ကြီး ရင်းနှီးလာသောအခါ နောက်ကွယ်တွင် တစ်ခုခုရှိမလားဟု သံသယဝင်မိသည်မှာ မဆန်းပေ။
တကယ်တော့ ၎င်းထဲ၌ အမှန်တရားအနည်းငယ် ပါဝင်နေသည်။ ချောင်ချောင်က သူသည်လည်း အလယ်တန်းတုန်းက အီစတန်ယောက်ျားလေးကျောင်းသို့ ကျောင်းပြောင်းလာခဲ့ဖူးကြောင်း ပြောသည်။ ထိုစဉ်က သူလည်း နဉ်စုန့်လိုပင် ပိန်ပိန်ပါးပါးနှင့် အပေါင်းအသင်း မရှိခဲ့ပေ။ နဉ်စုန့်ကို မြင်မြင်ချင်း နက်ရှိုင်းသောဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး၊ သူ ကြုံတွေ့ခဲ့ရဖူးသည့် အထီးကျန်ဆန်မှုကို နောက်ထပ်လူတစ်ယောက်အား ထပ်မကြုံတွေ့စေချင်ဟု သူက ဆိုသည်။
သူက တကယ့်ကို တောက်ပနေသော နတ်သားလေးပါပင်။
ချောင်ချောင်ကား ကျောင်းထဲမှာ မနေနိုင်ပေ။
သူက နဉ်စုန့်ကို အပြင်ခေါ်သွားပြီး ဆော့ကစားချင်သလို၊ တခြားသူငယ်ချင်းများနှင့် အဆင်ပြေအောင်လည်း ကူညီပေးချင်သည်။
ထို့ကြောင့် နဉ်စုန့်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားလဲပြီး အနီးနားရှိ ကစားကွင်းသို့ ချောင်ချောင်နှင့်အတူ ထွက်လာခဲ့သည်။
အပြင်ထွက်လိုက်သည်နှင့် စစ်မှန်သော အထက်တန်းစားကျောင်း၏ပုံစံကို တွေ့လိုက်ရလေသည်။
Pagani ၊ Koenigsegg ၊ Maybach ၊ Audi ၊ Bentley...
ဇိမ်ခံကားများက အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ကို အံ့ဩစရာအကောင်းဆုံး ဖြစ်စေသည်မှာ ကားအများစု၏ အပြင်ဘက်တွင် ဝတ်စုံပြည့်ဝတ်ထားသော အထိန်းများ၊ ဒရိုင်ဘာများ၊ သို့မဟုတ် သက်တော်စောင့်များ ရပ်နေကြခြင်းပင် ဖြစ်သည်။
ဝင်ပေါက်နားတွင် ထန်ကျန်းကျန်းကို သူ တွေ့လိုက်ရသည်။
သူသည် ကျောပိုးအိတ်ကို လွယ်လျက် လမ်းဘေးတွင် တစ်ယောက်တည်း ရပ်နေပြီး၊ ကြွေရုပ်လေးတစ်ရုပ်နှယ် သူ့ခြေမကိုသူ ငုံ့ကြည့်နေလေသည်။
ဘာကြောင့်မှန်းမသိ ထိုပုံစံက သူ့ကို စိတ်ပူသွားစေသည်။ တစ်ယောက်ယောက်များ အနိုင်ကျင့်လိုက်မလားဟု စိုးရိမ်မိသွားသည်။
ကောင်လေးအချို့က သူ့ကိုကြည့်ပြီး အချင်းချင်း တီးတိုးပြောကာ၊ ရံဖန်ရံခါ အဓိပ္ပာယ်ပါပါ ရယ်မောနေကြသည်ကို သူ တွေ့လိုက်ရသည်။
ထို့ကြောင့် သူ ခြေလှမ်းတန့်လိုက်ပြီး ထိုနေရာတွင် ခေတ္တမျှ ရပ်နေလိုက်သည်။
ထို့နောက် ကားလမ်းမကို ဖြတ်ကျော်ပြီး ထန်ကျန်းကျန်းဆီသို့ တစ်ယောက်ယောက် ပြေးလာသည်ကို သူ တွေ့လိုက်ရသည်။
တက္ကသိုလ်စတက်ခါစလောက် ရှိမည့် လူငယ်ကောင်လေးတစ်ယောက် ဖြစ်သည်။ ထန်ကျန်းကျန်းက သူ့ကိုမြင်သည်နှင့် ပြုံးလိုက်ပြီး၊ ကျောပိုးအိတ်ကို ချွတ်ကာ သူ့ကို ပေးလိုက်လေသည်။
ထိုကောင်လေးက ထန်ကျန်းကျန်းလက်ကို ဆွဲပြီး ကားလမ်းမကြားမှ အတူတူ ဖြတ်လျှောက်သွားကြသည်။
သူ စုတ်သပ်လိုက်မိသည်။ သူကတော့ ဇာတ်လိုက်ကျော်တွေရဲ့ အချစ်ဇာတ်လမ်းကို ဘေးကထိုင်ကြည့်နေရတဲ့ လူပို ထပ်ဖြစ်ရပြန်ပြီ။