Ch 12
Viewers 4k

အခန်း (၁၂) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး


အရေးပေါ် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံပြောဆိုပြီးနောက် ချောင်ချောင် ပြန်ရောက်လာပြီး၊ လီယိုနှင့် လင်းလီကို တွေ့လိုက်ရသောအခါ ခြေလှမ်းရပ်တန့်သွားသည်။


သူက နဉ်စုန့်ကို စိတ်ပူစွာဖြင့် ကြည့်လိုက်သည်။


မှိန်ဖျဖျ ဖယောင်းတိုင်မီးရောင်အောက်တွင် လီယိုက နဉ်စုန့်ကို ကြည့်လိုက်သည်။


အရက်ရှိန်ကြောင့် နဉ်စုန့်၏ မျက်နှာမှ ဖြူဖျော့ဖျော့ဖြစ်မှုအချို့ ပျောက်ကွယ်သွားသော်လည်း သူ့မျက်နှာက ပိန်လွန်းနေဆဲဖြစ်ပြီး မျက်လုံးများက မှောင်မိုက်လွန်းသဖြင့် အနက်ရောင်နီးပါး ဖြစ်နေသည်။


တဖျပ်ဖျပ်လင်းနေသော ဖယောင်းတိုင်မီးရောင်နှင့် ယှဉ်လိုက်သောအခါ၊ အရက်ကြောင့် သူ့မျက်ဝန်းများ စိုစွတ်နေသယောင် ထင်ရသည်။


သူ့ပုံစံက တကယ်ကို သနားစရာ ကောင်းနေသည်။


သူ့ကို ကြည့်လိုက်ရုံနှင့် အောက်ဆိပ်ကမ်းမှာ သူ ဘယ်လိုဘဝမျိုး ဖြတ်သန်းခဲ့ရသည်ကို မှန်းဆကြည့်နိုင်ပေသည်။


"မင်း ဒီကျောင်းကို ဘယ်လို ဝင်လာတာလဲ"


"နွေဦးရာသီ အထူးဝင်ခွင့်ကာလမှာ ဝင်ဖြေခဲ့တာပါ" သူက ပြောလိုက်သည်။


"မင်းရဲ့ အထူးစွမ်းရည်က ဘာလဲ" လီယိုက မေးပြီးနောက် ထပ်ဖြည့်ပြောသည်။ "မင်းက စာတော်တဲ့ကျောင်းသားလား"


နဉ်စုန့်က ဟုတ်မှန်ကြောင်း တီးတိုးရေရွတ်လိုက်သည်။


"အောက်ဆိပ်ကမ်းရဲ့ ဘယ်နားမှာ နေတာလဲ"


"ရေတိမ်ဆိပ်ကမ်းပါ"


"တိုက်ဆိုင်လိုက်တာ" လီယို၏ မျက်လုံးများ အရောင်တောက်သွားသည်။ "ငါ အဲ့ဒီနေရာကို ကောင်းကောင်းသိတာပေါ့"


သူက အနည်းငယ် နီးကပ်လွန်းအောင် ကိုယ်ကို ကိုင်းညွှတ်လာသဖြင့် အနွေးဓာတ်ကို ခံစားလိုက်ရသည်။


သို့မဟုတ် နဉ်စုန့် အရက်ကြောင့် ကိုယ်ပူနေသည်လားတော့ မသိ။


သို့ရာတွင် အခြားကောင်လေးများ သုံးတတ်ကြသည့် ရေမွှေးနံ့တွေနှင့်မတူသော ရနံ့တစ်ခုကို လီယိုဆီကနေ ရနေလေသည်။


၎င်းက ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာခဲ ရနံ့မျိုးပင်။


နဉ်စုန့် အနောက်သို့ အနည်းငယ် ဆုတ်လိုက်သော်လည်း၊ လီယိုသည်လည်း အထူးဝင်ခွင့်ကျောင်းသား တစ်ယောက်ဖြစ်ကြောင်း သိထားသဖြင့် သူ ရုတ်တရက် စိတ်လှုပ်ရှားသွားမိသည်။


သူက မေးလိုက်သည် - "ကောင်းကောင်းသိတာလား"


သူလည်း အဲ့ဒီမှာ နေခဲ့တာများလား။


လီယို ပြုံးလိုက်သည်။ သူသည် အလွန် ဆွဲဆောင်မှုရှိလွန်းရာ၊ ပေါ့ပါးသော အကြည့်တစ်ချက်ကပင် ဖျူးကြိုးဖြင့် မျက်နှာကို ပွတ်တိုက်မိလိုက်သလို ခံစားရစေသည်။


"ငါ အဲ့ဒီမှာ သူများတွေအတွက် အကြွေးသွားတောင်းပေးနေကျ”


နဉ်စုန့် - "..."


မနေ့က သူ အောက်ဆိပ်ကမ်းမှာ ဖက်ထုပ်ပြုတ် သွားစားတုန်းက အကြွေးတောင်းတဲ့ လူတချို့ကို တွေ့ခဲ့ရသေးတယ်….


လူတစ်ယောက်နောက်ကို လိုက်နေကြတဲ့ ခပ်ကြမ်းကြမ်း လူငယ်တစ်သိုက်လေ။


သူ့မျက်နှာပေါ်မှ ချက်ချင်း ပြောင်းလဲသွားသော အမူအရာကို လီယို မြင်လိုက်ရ၍ မျက်လုံးကိုမှေးကာ တိုးတိုးလေး ရယ်လိုက်သည်။


သူ နဉ်စုန့်ကို နောက်ပြောင်မိနေပြန်ပြီ။


သို့သော် သူ့မျက်လုံးများထဲတွင်မူ ရယ်ရိပ်ရယ်ယောင် လုံးဝ မရှိပေ။


နဉ်စုန့်က လီယိုလို လူမျိုးနှင့် ဆက်ဆံရတာ သိပ်မကျွမ်းကျင်ပေ။


ချောင်ချောင်ကို မြင်လိုက်ရသည့်အခါ သူ ချက်ချင်း မတ်တတ်ရပ်လိုက်၏။ "မင်း ငါ့ကို ရှာနေတာလား"


ချောင်ချောင်က ခေါင်းအမြန်ညိတ်ပြသည်။ "ငါ ပြန်တော့မလို့... မင်း လိုက်ဦးမလား"


"အေး အေး... သွားကြမယ်လေ" နဉ်စုန့် ကမန်းကတန်း ပြောလိုက်သည်။


လီယိုက သူ့ကို တားဆီးခြင်းမရှိသည်ကို မြင်သောအခါ သူသည် လသာဆောင် မှန်တံခါးကို အမြန်ဆွဲဖွင့်ပြီး ထွက်လာခဲ့လိုက်သည်။


ခန်းမထဲတွင် လူအတော်နည်းသွားပြီဖြစ်ပြီး၊ အများစုက ဘေးခန်းသို့ ရွှေ့သွားကြပြီဖြစ်သည်။


ဒါ ဘယ်လို ကြိုဆိုပွဲမျိုးလဲ။


ဒီသူဌေးသား သခင်လေးတွေရဲ့ ကစားကွင်းထဲမှာ လတ်ဆတ်မှုနဲ့ လေထုအသစ်တစ်ခု ဖြည့်စွက်ပေးရုံ သက်သက်ပါပဲ။


သူ ချောင်ချောင် နောက်မှ လိုက်ပါထွက်ခွာလာခဲ့ရာ၊ အခန်းတစ်ခန်း၏ တံခါးရှေ့မှ ဖြတ်သွားချိန်တွင်၊ တစ်ဝက်ဟနေသော တံခါးကြားမှတဆင့် လူတစ်ယောက်က အခြားတစ်ယောက်အပေါ် ခွထိုင်နေသည်ကို မြင်လိုက်ရသည်။


မီးရောင်အောက်တွင် လှုပ်ရှားနေသော သူ၏ ဗလာကျင်းနေသည့် ကျောပြင်သည် အနောက်တိုင်း ဆီဆေးပန်းချီကားတစ်ချပ်နှင့် တူနေသည်။


အောက်ဘက်တွင် ထိုင်နေသောလူက ရုတ်တရက် ခေါင်းစောင်းပြီး လှမ်းကြည့်လာသည်။ ချင်ယိပင် ဖြစ်၏။


သူ့နဖူးတွင် ချွေးများရွှဲနစ်နေပြီး၊ ရူးသွပ်တော့မည့်အလား မျက်လုံးများကလည်း နီရဲနေလေသည်။


ကြောင်အသွားသော နဉ်စုန့်တစ်ယောက် ဤမြင်ကွင်းက အိမ်မက်များလားဟုပင် ထင်မှတ်လိုက်မိတော့သည်။



ဖရိုဖရဲ အိပ်မက်တစ်ခုပါပဲ။


ချောင်ချောင်က သူ့ကို မျက်ခုံးပင့်ပြသည်။ တစ်ခုခုကို ညည်းတွားချင်နေပုံ သို့မဟုတ် ရှင်းပြချင်နေပုံ ရသော်လည်း သူများကြားသွားမည်စိုးသဖြင့် နဉ်စုန့်ကို ထွက်ပေါက်ဆီသို့ ဆွဲခေါ်သွားတော့သည်။


သူတို့ မီးဘေးလွတ်ရာ ထွက်ပေါက်နား ရောက်ခါနီးတွင်၊ လက်မောင်းတစ်ဖက် ရုတ်တရက် ထွက်ပေါ်လာသည်။


နဉ်စုန့် ကြောက်လန့်တကြား ခုန်မိသွားကာ၊ ချောင်ချောင် အဆွဲခံလိုက်ရသည်ကို တွေ့လိုက်ရသည်။


ချောင်ချောင်က "ဟေ့!" ဟု အာမေဋိတ်သံပြုလိုက်ရာ၊ နဉ်စုန့်သည် သူ့အနားဆုံးရှိ လက်မောင်းတစ်ဖက်ကို ချက်ချင်း လှမ်းဆွဲလိုက်ပြီး၊ လှည့်ကြည့်လိုက်သောအခါ မှိန်ဖျဖျအလင်းရောင်အောက်တွင် တည်ကြည်ခက်ထန်သော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။


"ခင်ဗျား ဘာလုပ်တာလဲ" ဟု သူ အော်ဟစ်မေးလိုက်သည်။


ယောက်ျားလေးသီးသန့်ကျောင်းမှာတောင်မှ နှစ်ဦးသဘောတူညီမှုဆိုတာ ရှိသင့်တယ် မဟုတ်လား။


လူမြင်ကွင်းမှာ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ကို ဒီအတိုင်းကြီး ပြန်ပေးဆွဲနိုင်ရတာလဲ။


သူ ချောင်ချောင်ကို ပြန်ဆွဲယူရန် လက်လှမ်းလိုက်သော်လည်း ချောင်ချောင်က "ရတယ် ရတယ်... ငါသိတဲ့လူပါ" ဟု အမြန်လှမ်းပြောသည်ကို ကြားလိုက်ရသည်။


ထိုစကားကို ကြားလိုက်ရသဖြင့် နဉ်စုန့် ချက်ချင်း လက်လွှတ်လိုက်သည်။


သူသိတဲ့လူတဲ့။


တစ်ဖက်လူက အသက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ဝန်းကျင်လောက် ရှိပုံရပြီး၊ ဝတ်စုံပြည့် ဝတ်ဆင်ထားသည်။


သူက အရပ်ရှည်ပြီး ရင့်ကျက်တည်ငြိမ်ပုံ ပေါက်သည်။


"တော်တော်လေး သတ္တိကောင်းလာပါလား ချောင်ချောင်"


တစ်ဖက်လူသည် ထေ့ငေါ့ပြောဆိုရာတွင် ဆရာတစ်ဆူ ဖြစ်ပုံရပြီး သူ့အသံတွင် ခါးသီးမှုအနည်းငယ် ပါဝင်နေသည်။


"အရက်တောင် သောက်တတ်နေပါလား၊ အတော်လေး စွမ်းဆောင်နိုင်လာပါ့လား"


ချောင်ချောင်က သူ့လက်ကို ခါချလိုက်သည်။ "ကျွန်တော့်ကို လာမဆွဲနဲ့၊ နည်းနည်းလေးပဲ သောက်ရသေးတာ"


သို့သော် အသုံးမဝင်ခဲ့ဘဲ၊ သူ တရွတ်တိုက် ဆွဲခေါ်ခံလိုက်ရသည်။


နဉ်စုန့် ရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးလိုက်မိသော်လည်း၊ သူများကိစ္စထဲ ဝင်ပါသင့် မပါသင့် မသေချာဖြစ်နေသည်။


ချောင်ချောင် နောက်လှည့်ကြည့်လာသည်။ "ငါ အရင်ပြန်နှင့်တော့မယ်၊ မနက်ဖြန်မှ တွေ့မယ်နော်! အဆောင်ပြန်တဲ့လမ်း မှတ်မိတယ်မလား"


နဉ်စုန့် ရပ်တန့်လိုက်ပြီး ချောင်ချောင် အဆွဲခံရကာ ပါသွားသည်ကို ရပ်ကြည့်နေလိုက်သည်။


***


ကြမ်းတမ်းလိုက်တဲ့ လူ။


နဉ်စုန့် လမ်းဘေးတွင် ရပ်လျက် မြေပြင်အနှံ့ ကြွေကျနေသော ဝါးတဲလ်ပန်းဖြူများကို ကြည့်နေမိသည်။


နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေသော ပန်းပွင့်များသည် လေတိုက်ရာသို့ လွင့်ပါသွားကြသည်။


နဉ်စုန့် ခေါင်းကုတ်လိုက်သည်။


ဒီကျောင်းက တော်တော် ရှုပ်ပွနေတာပဲ။


သူ အချိန်ကြည့်လိုက်ပြီး လူကူးတံတားဆီသို့ သုတ်ခြေတင်လိုက်သည်။


လမ်းဘေးမှ တစ်စုံတစ်ယောက် ရုတ်တရက် ထွက်လာပြီး သူ့ကို ထောင့်ကပ်ဖမ်းချုပ်မည်ကို စိုးရိမ်သဖြင့် ညဘက် တစ်ယောက်တည်း လမ်းလျှောက်ရသည်ကို သူ အနည်းငယ် ကြောက်လန့်လာသည်။


သန်းခေါင်ကျော်နေပြီဖြစ်ရာ ခုံးကျော်တံတားအောက်မှ လမ်းမပေါ်တွင် ကားတစ်စီးမျှ မရှိတော့ပေ။



လှိုင်းပုတ်သံများ အဝေးမှ ထွက်ပေါ်လာပြီး၊ လရောင်အောက်တွင် ပင်လယ်ရေမျက်နှာပြင်သည် နက်ရှိုင်းစွာ တောက်ပနေသည်။


ပြေးလာသော ခြေသံများကို ကြားလိုက်ရသဖြင့် သူ နောက်သို့ လှည့်ကြည့်လိုက်သည်။


လင်းလီ ရပ်လိုက်ပြီး မောဟိုက်နေလျက် အပြုံးဖြင့် မေးလာသည် - "မင်းသူငယ်ချင်း ဘယ်ရောက်သွားပြီလဲ"


"သူ့ဟာသူ ပြန်သွားပြီ" နဉ်စုန့် ပြန်ဖြေလိုက်သည်။


လင်းလီက ပြုံးနေဆဲပင်။ "ဒါဆို ခဏလောက် အတူ လမ်းလျှောက်ရအောင်လေ"


သူ့ပုံစံက တကယ့်ကို ပြောင်လက်တောက်ပနေသော မြေခွေးနီတစ်ကောင်နှင့် တူနေသည်၊ အထူးသဖြင့် သူ့မျက်လုံးများပင်။


မှောင်မိုက်တောက်ပသော မျက်ဝန်းနက်များဖြင့်၊ မြေခွေးမမျက်လုံးများပင် ဖြစ်၏။


သူ ပြုံးနေသည့်တိုင် သူ့မျက်လုံးများထဲတွင် ကောက်ကျစ်မှုနှင့် အထင်သေးမှု အရိပ်အယောင်များ ရှိနေပြီး တစ်ဖက်လူကို သူ့အတွက် အရုပ်တစ်ရုပ်သဖွယ် သဘောထားနေသည့်နှယ် ဖြစ်သည်။


သူ နဉ်စုန့်ကို ရယ်ချင်နေသယောင် အမူအရာဖြင့် ကြည့်လာသည်။


နဉ်စုန့် သူ့ကို တည့်တည့်ပြန်ကြည့်လိုက်ရာ လမ်းမီးရောင်အောက်တွင် သူ့မျက်နှာပါးပါးလေးသည် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေလေသည်။


လင်းလီ ရုတ်တရက် လက်လှမ်းလိုက်ပြီး သူ့မျက်နှာကို ကိုင်လိုက်သည်။


နဉ်စုန့် ရှောင်လိုက်သည်။ ယားကျိကျိ ဖြစ်သွားသောကြောင့်ပင်။


လင်းလီ ရယ်လိုက်သည်။ "တကယ်တော့ မင်းရဲ့ မျက်နှာအစိတ်အပိုင်းတွေက တော်တော်လေး ကြည့်ကောင်းပါတယ်”


ဤစကားက နဉ်စုန့်ကို အံ့အားသင့်သွားစေသည်။


သူ ပြုံးလျက် ပြောလိုက်၏ - "မင်းရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် ကြည့်မကောင်းပါဘူး"


လင်းလီ မျက်ခုံးပင့်လိုက်သည်။ "အင်း... ကိုယ့်ကိုယ်ကိုယ် ငါနဲ့ လာယှဉ်စရာတော့ မလိုပါဘူး"


သောက်ကျိုးနည်း။


လင်းလီ ခပ်ဖွဖွ ရယ်မောလိုက်သည်။ "လီယိုက မင်းကို တော်တော်ဂရုစိုက်တဲ့ပုံပဲ”


"ဟင်?"


"မင်း သူ့ကို ကြိုက်လား"


"ငါ ဒီရောက်တာ ပထမဆုံးရက်ပဲ ရှိပါသေးတယ်" နဉ်စုန့် ပြုံးလျက် ပြန်ဖြေလိုက်သည်။ "သိတောင်မသိတဲ့လူကို ဘယ်လိုလုပ် သွားကြိုက်လို့ရမှာလဲ... မင်းရော သူ့ကို ကြိုက်လား"


နဉ်စုန့်၏ အပြုံးမှာ ညှိုးငယ်နေပြီး၊ မျက်နှာလိုမျက်နှာရ အငွေ့အသက်အနည်းငယ် ပါဝင်နေသယောင် ရှိသည်။


သို့သော် သူ့မျက်လုံးများက လင်းလီကို အငိုက်မိသွားစေသည်။ အကြောင်းမှာ ၎င်းတို့က လီယို၏ မျက်လုံးများနှင့် ထူးဆန်းစွာ တူညီနေသည်ဟု လင်းလီ ထင်မြင်မိလိုက်သောကြောင့် ဖြစ်၏။


ထိုမျက်ဝန်းများထဲတွင် ရယ်ရိပ်ရယ်ယောင် လုံးဝ မရှိချေ။


သူသည် အလွန် ပိန်ပါးသော်လည်း၊ တစ်နည်းနည်းဖြင့် ကြံ့ခိုင်မာကျောမှု ခံစားချက်ကို ထုတ်လွှတ်နေသည်။


ထိုကြံ့ခိုင်မှုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသကဲ့သို့ ရှိပြီး၊ ဘယ်လောက်ပဲ ညှိုးနွမ်းသွားပါစေ ဘယ်တော့မှ မသေဆုံးနိုင်သော ပေါင်းပင်တစ်ပင်အလား ဖြစ်သည်။


သို့မဟုတ် သူ့ဝိညာဉ်ထံမှ လာခြင်း ဖြစ်နိုင်သည်။


သူ့ကို ပုံသွင်းရလွယ်ကူသည်ဟု ထင်မြင်ရခြင်းမှာ သူ့နှုတ်ခမ်းထောင့်စွန်းမှ တိမ်ဝင်နေသော အပြုံးရာ အရေးအကြောင်းများက ဖန်တီးလိုက်သည့် ထင်ယောင်ထင်မှားမှု တစ်ခုသာ ဖြစ်သည်။


လင်းလီ ဆက်မပြောတော့ဘဲ သူ့ကို ပြုံးရုံသာ ပြုံးပြလိုက်သည်။ "သူငယ်ချင်း လုပ်ကြတာပေါ့... နောက်ဆို ငါတို့ မကြာခဏ တွေ့ဖြစ်ကြမှာပါ"


နဉ်စုန့်က ဝတ်ကျေတန်းကျေ ခေါင်းညိတ်လိုက်ပြီး၊ လင်းလီ၏ ညာဘက်မျက်လုံးအောက်မှ မှဲ့လေးကို စိုက်ကြည့်နေမိသည်။


သူ ပြုံးလိုက်သည်။ "ကောင်းပြီလေ"


သူတို့ လမ်းဆုံတွင် လူခွဲလိုက်ကြသည်။


လင်းလီက ရွှေရောင်နာမည်တံဆိပ် ပိုင်ဆိုင်ထားပြီး ဒုတိယဆောင်တွင် နေထိုင်သည်။


နဉ်စုန့် စတုတ္ထဆောင်သို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။


သူ အလွန်ပင်ပန်းနေပြီး အရက်နံ့များက သူ့ခန္ဓာကိုယ်မှ လုံးဝ ကုန်စင်သွားခြင်း မရှိသေးပေ။


သို့သော် ဘုရားသခင်ကို ကျေးဇူးတင်ရမည်၊ သူ၏ကျောင်းပထမရက်တော့ ပြီးဆုံးသွားခဲ့ပြီ။


သူ အမြန် ရေမိုးချိုးသန့်စင်လိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းကာ ကျောင်းဖိုရမ်ကို စတင်ကြည့်ရှုလိုက်သည်။


ပင်မစာမျက်နှာတစ်ခုလုံး နီးပါး သူ့အကြောင်း ပို့စ်များဖြင့် ပြည့်နှက်နေသည်။


သူ ကြုံရာပို့စ်အချို့ကို နှိပ်ကြည့်လိုက်သည်။


အချို့လူများက သူ့မိသားစု နောက်ခံအကြောင်း စုံစမ်းတူးဆွနေကြသည်၊ အချို့က သူ့အထူးဝင်ခွင့် အမှတ်စာရင်းများကို စုံစမ်းနေကြသည်၊ သေချာသည်မှာတော့ အများစုက စိတ်ပျက်နေကြခြင်းသာ။


သူ အလွန်ညံ့ဖျင်းနေ၍ စိတ်ပျက်ကြခြင်းမျိုးလည်း မဟုတ်၊ အလွန်ညံ့ဖျင်းနေလျှင်ပင် စိတ်ဝင်စားစရာ ကောင်းပေရော့မည်။


ပြဿနာက သူ သာမန်အဆင့်ပဲ ရှိနေခြင်းပင်။

အရမ်းတော်လွန်းတာလည်း မဟုတ်သလို၊ အရမ်းညံ့လွန်းတာလည်း မဟုတ်ပေ။


သူ့ရုပ်ရည်သွင်ပြင်လိုပင်။ သူ့၌ ထူးခြားသော အမှတ်အသား လက္ခဏာ တစ်ခုမှ မရှိဘဲ သာမန်ကာလျှံကာ ဖြစ်နေလေ၏။


အီစတန်ယောက်ျားလေးကျောင်း သမိုင်းတစ်လျှောက် ဆင်းရဲသားရပ်ကွက်က လာသော ပထမဆုံး အထူးဝင်ခွင့်ကျောင်းသား ဖြစ်ရခြင်းက တကယ့်ကို ရောင်းပန်းလှတဲ့ အချက်တစ်ချက် ဖြစ်ခဲ့သည်လေ။


သူသာ အလွန်ချောမောနေလျှင် သို့မဟုတ် အလွန်ရုပ်ဆိုးနေခဲ့မည်ဆိုလျှင်၊ သွေးသစ်လောင်းဖို့ လိုအပ်နေသည့် ဤအထီးကျန် ယောက်ျားလေးကျောင်းကို စိတ်လှုပ်ရှားမှုများစွာ ယူဆောင်လာပေးနိုင်မည်ဖြစ်၏။


ခေါင်းစဉ်အလန်းစားပေးပြီး ဆွဲဆောင်ထားသော ဤပို့စ်များက သူ့မျက်ခွံများကို လေးလံလာစေသည်။



နောက်ဆုံးတွင် သူနှင့်မသက်ဆိုင်သော ပို့စ်တစ်ခုကို သူ ရွေးချယ်လိုက်သည်။


"ငါတို့တစ်မိသားစုလုံး လန့်သွားတယ်ဟေ့! လီယို ကြိုဆိုပွဲကို သွားသတဲ့!"


...မင်းမိဘတွေက သူတို့ကိုယ်သူတို့ လန့်သွားမှန်းတောင် သိရဲ့လားကွ? အခုက သန်းခေါင်ကျော်နေပြီလေ။


နဉ်စုန့်သည် အိပ်ချင်မူးတူးဖြင့် ပို့စ်ကို နှိပ်လိုက်ပြီး၊ လီယို၏ ကြိုဆိုပွဲမှ စတင်ခဲ့သော လီယိုနှင့် ချင်ယိကြားမှ အတိတ်က ရှုပ်ထွေးပွေလီမှုများအကြောင်း သူတို့ ဆွေးနွေးနေကြသည်ကို ကြည့်နေလိုက်သည်။


စာကြောင်းအနည်းငယ်ထက် ပိုမဖတ်နိုင်ခင်မှာပင် သူ ဆက်လက် တောင့်မခံနိုင်တော့ဟု ခံစားလိုက်ရသည်။


ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီနေ့တစ်ရက်တော့ ပြီးဆုံးသွားပြီ။


သူ ကျေနပ်အေးချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။


နေ့တိုင်း ဒီလိုအချိန်မျိုးမှာ သူ စိတ်အေးချမ်းမှု အရှိဆုံးပဲ။


မနက်ဖြန်မှာ ဘာတွေပဲ ကြုံလာရပါစေ၊ အနည်းဆုံးတော့ ဒီတစ်ညလုံး သူ့ကို ဘယ်သူမှ မနှောင့်ယှက်၊ ဘယ်သူနဲ့မှ ထိပ်တိုက်မတွေ့ရဘဲ သူ့ဘာသာသူ နေလို့ရတယ်ဆိုတဲ့ ပျော်ရွှင်မှုမျိုး ရှိနေတယ်။


ဒီပျော်ရွှင်မှု ခံစားချက်လေးက သူ့ဘဝရဲ့ မရေမတွက်နိုင်တဲ့ အဆင့်တိုင်းကို ဖြတ်သန်းနိုင်ဖို့ ကူညီထောက်ပံ့ပေးခဲ့တာ။


အဆောင်ခန်းတွင် လိုက်ကာများ မရှိသဖြင့် ပြတင်းပေါက်မှတဆင့် စင်္ကြံလမ်းမီးများကို မြင်နေရသည်။


သို့သော် ကုတင်ဘောင်ပေါ်မှာ ယခင်စီနီယာ ကျန်ရစ်ခဲ့သည့် ချိတ်တစ်ခု ရှိသည်။


သူ့အဝတ်အစားများကို ထိုချိတ်တွင် ချိတ်ဆွဲလိုက်ပြီး အလင်းရောင်ကို ကွယ်လိုက်သော်လည်း၊ အပြင်ဘက်မှ လမင်းကို မြင်ရရုံ အကွက်လပ်လေးတစ်ခုက ချန်ရစ်ခဲ့ပြန်သည်။


သူ ပြတင်းပေါက်အပြင်ဘက်မှ လမင်းကြီးကို ခေတ္တမျှ ငေးကြည့်နေမိသည်။


ကြောင်တစ်ကောင် ပျင်းရိစွာ အော်မြည်သံကို သူ ကြားလိုက်ရပြီး၊ နွေဦးညလေညင်းကြောင့် အသံများ ပြန့်လွင့်ပျောက်ကွယ်သွားသည်။


ဝါးတဲလ်ပန်းဖြူများ၏ ရနံ့သည် လရောင်ကဲ့သို့ ဝေဝါးနေပြီး နေ့ခင်းကထက် ပိုမို ချိုမြိန်နေသယောင် ရှိသည်။


ထိုအရာနှစ်ခုသည် ပျော့ပျောင်းအေးချမ်းသော အိပ်ချင်စိတ် မြူနှင်းမှုန်များအဖြစ် ရောယှက်ပေါင်းစပ်သွားကြသည်။


ထို့နောက် အပေါ်ထပ်မှ စည်းချက်ကျသော ထုရိုက်သံတစ်ခုကို သူ ကြားလိုက်ရသည်။


တစ်ခုခုက တဒုန်းဒုန်းနှင့် ထပ်ခါထပ်ခါ ဆောင့်နေသကဲ့သို့ပင်။


နဉ်စုန့်: ...ကယ်ကြပါဦး!!


***


[cela၏မှတ်စု]


လင်းလီရဲ့ နာမည်က 林狸 ဖြစ်ပြီး "သစ်တော" နဲ့ "မြေခွေး" ဆိုတဲ့ စာလုံးတွေနဲ့ ပေါင်းစပ်ထားတာပါ။ သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ တော်တော်လိုက်ဖက်ပါတယ်။