Ch 11
Viewers 4k

အခန်း (၁၁) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး


ချင်ယိ ဖိုရမ်ပေါ်မှ ပို့စ်များကို ဖတ်ရှုရန် အချိန်မရခဲ့သည်မှာ သေချာသလောက်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် နဉ်စုန့်၏ မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း သူ၏ တုံ့ပြန်မှုက ရှင်းလင်းစွာ ပြသနေသောကြောင့်ပင်။


သူ့ဘေးမှ တစ်စုံတစ်ယောက်က ကိုယ်ကိုကိုင်း၍ သူ့နားနားကပ်ကာ တစ်ခုခု ပြောလိုက်ရာ ချင်ယိက ခေါင်းကိုစောင်း၍ နားထောင်နေသော်လည်း၊ သူ၏ မျက်လုံးများကမူ နဉ်စုန့်ထံမှ ခွာမသွားချေ။


လူများကို ကြည့်ရာတွင် သူသည် အခြားသူများနှင့်မတူဘဲ ကွဲပြားလေသည်၊ သူသည် မျက်နှာကို အဓိကထား ကြည့်သည်ထက် ခန္ဓာကိုယ်ကိုသာ ပို၍ ကြည့်ရှုလေ့ရှိသည်။


အာ... ဒီလူက ခန္ဓာကိုယ်အချိုးအစားကို ဦးစားပေးတတ်သူ ဖြစ်လောက်တယ်…


သူ့ဘေးမှ ကောင်လေးက နုနယ်ပုံရသော်လည်း၊ ခန္ဓာကိုယ် အချိုးအစားကမူ ပြောစရာမလိုအောင် ပြည့်စုံနေသည်။


သူ့ဘေးမှလူက လက်ခုပ်အသာ တီးလိုက်သည်။


အခန်းထဲမှ ဂီတသံ ရပ်တန့်သွား၏။


တစ်ယောက်ယောက်က တံခါးကို ပိတ်လိုက်သည်။


တံခါးပိတ်လိုက်သည်နှင့် ဤလူအုပ်ကြီးသည်  ဝံပုလွေလူသားများအဖြစ် အသွင်ပြောင်းလဲတော့မည့်အလား နဉ်စုန့် ခံစားလိုက်ရသည်။


အနက်ရောင်ရင်ထိုးတံဆိပ်တပ်ထားသော လူကောင်ထွားထွား သဘောကောင်းပုံရသည့် ကောင်လေးတစ်ယောက်က ကြိုဆိုပွဲကို ဦးဆောင်ကျင်းပရန် ရှေ့ထွက်လာသည်။


သူသည် ပထမဦးစွာ ကျောင်း၏ နှစ်ရှည်လများ တည်ရှိခဲ့သော အစဉ်အလာကို မိတ်ဆက်ပြောကြားပြီးနောက် သူတို့အား ကြိုဆိုကြောင်း ပြောကြားလေသည်။


နဉ်စုန့်၏ ရုပ်ရည်သွင်ပြင်ကြောင့် စိတ်ပျက်သွား၍လားမသိ၊ သူ့လေသံက အနည်းငယ် လေးကန်နေလေသည် - "ကျောင်းသားသစ်... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး"


နဉ်စုန့်သည် စိတ်ကို တည်ငြိမ်အောင်ထား၍ အကျဉ်းချုံး မိတ်ဆက်လိုက်သည်။


တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်က သူ့အား မေးခွန်းထုတ်တတ်ပြီး၊ အချို့မေးခွန်းများမှာ မလိုမုန်းထားမှုများ ပြည့်နှက်နေတတ်သည်။


သူသည် စိတ်ထဲတွင် မျက်လုံးလှန်ကြည့်လိုက်မိသော်လည်း အပြုံးဖြင့်သာ ပြန်လည်ဖြေကြားလိုက်သည်။


သူသည် အလွန်အမင်း နှိမ့်ချလွန်းခြင်း၊ ကြောက်ရွံ့လွန်းခြင်း မရှိသကဲ့သို့ မောက်မာခြင်းလည်း မရှိပေ။


သူ၏ ပင်ကိုယ်စရိုက်အတိုင်းပင် မျှတသော အနေအထားတစ်ခုကို ထိန်းသိမ်းထားလေသည်။


လူတိုင်း၏ စိတ်ပျက်မှုနှင့် အထင်သေးမှုများကို ရင်ဆိုင်ရချိန်တွင် သူသည် လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရပြန်သည်။


လူတိုင်း သူ့ကို အာရုံစိုက်နေချိန်မှာပင် တစ်ယောက်ယောက်က တံခါးကို တွန်းဖွင့်လိုက်သည်။


တံခါးပေါက်ကို ပိတ်ရပ်နေသော ကျောင်းသားက နောက်လှည့်ကြည့်ပြီး တံခါးကို ဆွဲဖွင့်ပေးလိုက်ရာ၊ လီယိုနှင့် အခြားကောင်လေးနှစ်ယောက် ပေါ်လာလေသည်။


သူတို့ကို မြင်လိုက်ရသောအခါ ချင်ယိနှင့် အခြားသူများ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားကြသည်။


"ဟေ... ဒါ ယိုကော မဟုတ်လား။ ဘယ်လေကများ ဒီကို တိုက်ခတ်လာတာပါလိမ့်"


လီယိုက ကျောင်းဝတ်စုံ ဝတ်ဆင်ထားခြင်း မရှိပေ။


လေကာအင်္ကျီရှည်ကို ဝတ်ဆင်ထားရာ အထက်တန်းစား ကျောင်းသားများ၏ စုဝေးပွဲသို့ ဝင်ရောက်လာသော အရိုင်းဆန်သည့် လူငယ်တစ်ယောက်နှင့် ပိုတူနေသည်။


သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လွှမ်းမိုးမှု အပြည့်ရှိလှ၏။


သူက မဲ့ပြုံးပြုံးပြီး မေးလိုက်သည် - "ငါ့ကို မကြိုဆိုကြဘူးလား"


“မဟုတ်တာ”


ရန်ပွဲတစ်ခု ဖြစ်ပွားတော့မည့်အလား ခံစားလိုက်ရသဖြင့် ချင်ယိ ဘေးနားမှ လူများ မတ်တတ်ရပ်လိုက်ကြသည်။


လီယိုသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် လူအုပ်ကို ဝေ့ကြည့်လိုက်ပြီးနောက်ဆုံးတွင် နဉ်စုန့်၏ မျက်နှာပေါ်၌ အကြည့်ရပ်တန့်သွားသည်။


သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "ငါက ကျောင်းသားသစ်ကို လာကြည့်တာပါ"


သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် အခန်းထဲမှ လေထုအခြေအနေ ပြောင်းလဲသွားသည်။


မည်သူကမျှ နဉ်စုန့်ကို အာရုံမစိုက်ကြတော့ပေ။


ခဏကြာသောအခါ နောက်ထပ် ကောင်လေးတစ်ယောက် ရောက်လာပြန်သည်။


ထိုသူမှာ နေ့ခင်းက သူမြင်တွေ့ခဲ့ရသည့် ကြောင်တစ်ကောင်နှင့်တူသော အလွန်လှပပြီး ဆံပင်ဖြူဖြူ ကောင်လေးပင် ဖြစ်သည်။


သူသည် မောဟိုက်နေပုံရပြီး အလောတကြီး ပြေးလာခဲ့ဟန်တူသော်လည်း၊ မျက်နှာမှာမူ မိတ်ကပ်လိမ်းခြယ်ထားသကဲ့သို့ ထူးခြားစွာ လှပနေလေသည်။


ချင်ယိဘေးမှ အနက်ရောင်တံဆိပ်ပိုင်ရှင် သခင်လေးများ အပါအဝင် မျက်လုံးပေါင်းများစွာသည် ထိုကောင်လေးအပေါ် ရောက်ရှိနေကြသည်။


သို့သော် သူ့မျက်လုံးများကမူ လီယိုတစ်ယောက်တည်းကိုသာ ကြည့်နေပုံရပြီး၊ လီယိုရှိရာဆီသို့ ဦးတည်သွားနေလေသည်။


သူသည် လီယိုထံမှ အနမ်းရရန် ကြိုးစားရင်း ကိုယ်ကိုကိုင်းညွှတ်လိုက်ရာ အလိုလိုက်ခံချင်သည့်ပုံစံ ပေါက်နေသော်လည်း တစ်ဖက်လူက ရှောင်တိမ်းလိုက်သည်။


သို့သော် လီယိုကို ပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေသူမှာ သူတစ်ယောက်တည်း မဟုတ်ချေ။


မှိန်ဖျဖျ အခန်းမီးရောင်သည် ရမ္မက်ဆန္ဒများကို ပိုမို ကြီးထွားစေပြီး၊ လူအများအပြားက လီယိုကို ဆာလောင်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။


ယေဘုယျအားဖြင့် ပြောရလျှင် ကျောင်းတွင်းဇာတ်လမ်း ဝတ္ထုများနှင့် အခြားဝတ္ထုများကြား ကွာခြားချက်မှာ ဆယ်ကျော်သက် ကောင်လေးများ၏ အချစ်နှင့် ဆန္ဒသည် အလွန် ဖြူစင်သည်၊ တက်ကြွသည်၊ သန့်ရှင်းကြသည်။


ကောင်လေးနှစ်ယောက် အတူရှိနေလျှင်ပင် ရမ္မက်အငွေ့အသက် အနည်းငယ်သာ ပါရှိတတ်သည်။


သို့သော် သူ ယခုရောက်နေသော ကျောင်းသည် ခြွင်းချက်တစ်ခု ဖြစ်နေသည်မှာ ရှင်းလင်းလှသည်။


ဤကဲ့သို့သော လေထုထဲတွင် နစ်မြုပ်နေရင်း၊ နက်မှောင်သော ဆန္ဒများသည် သူ့ရင်ထဲမှ ပွက်ပွက်ဆူ ကြွတက်လာသကဲ့သို့ ရှိနေသည်။


သူ ချက်ချင်း ပြန်ပြီး စာရေးသင့်နေပြီ။


အခုချိန် သူ့ခေါင်းထဲမှာ စိတ်ကူးဉာဏ်တွေ ပေါက်ကွဲလျှံကျနေပြီလေ။


တစ်ယောက်ယောက်က သူ့ကို အချိုရည်တစ်ခွက် ကမ်းပေးလာသည်။


သူ တစ်ငုံသောက်လိုက်ပြီး ချက်ချင်း သီးသွားရသည်။


"အဲ့ဒါ အရက်ပါတယ်ကွ!" ချောင်ချောင်က အမြန်လှမ်းပြောလိုက်သည်။


သူ မျက်နှာရဲသွားသည်အထိ ချောင်းဆိုးနေစဉ် ဘေးနားမှလူများ ခိုးရယ်နေကြသည်ကို နဉ်စုန့် ကြားလိုက်ရသည်။


သူ ခေါင်းခါလိုက်သည်။


ချောင်ချောင်က သူ့အတွက် မုန့်အမြန် သွားယူပေးသည်။ "ငါ မင်းကို ပြောဖို့ မေ့သွားတယ်၊ ဒီမှာရှိတဲ့ အချိုရည်တွေအကုန်လုံးက အရက်ပါတာချည်းပဲ"


"ဟေ့... ကျောင်းသားသစ်၊ စည်းကမ်းတော့ မဖောက်နဲ့လေကွာ၊ ဟုတ်ပြီလား"


လူတိုင်း သူ့ကို ရုတ်တရက် ပြန်သတိရသွားကြပုံရပြီး၊ လူသစ်ကို ပညာပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။


"တစ်ခွက်တည်း မော့သောက်ရမယ်၊ အဲ့ဒါ စည်းကမ်းဟောင်းပဲ"


နဉ်စုန့် ဘာမှမပြောဘဲ တစ်ခွက်တည်း မော့သောက်လိုက်သည်။


ယခုလိုအချိန်မျိုးမှာ သိပ်ပြီး အားနည်းပြလို့ မဖြစ်ဘူးဆိုတာ သူ သိသည်။


ရောမရောက်ရင် ရောမလို ကျင့်ရမယ်လေ။


ဒါက အားနည်းသူတို့အတွက် ရှင်သန်ရပ်တည်ရေး စည်းမျဉ်းပဲ။


အရှိန်ပြင်းသော အရက်ကြောင့် သူ့မျက်ရည်များ ဝဲလာသည်။


သူ ဘာအရက်သောက်လိုက်မိမှန်း မသိသော်လည်း၊ ရင်ဘတ်နှင့် မျက်နှာတွင် ပူလောင်သွားသလို ခံစားလိုက်ရပြီး မျက်ရည်များ ကျဆင်းလုမတတ် ဖြစ်သွားသည်။


ချောင်ချောင်က မုန့်ပန်းကန်တစ်ခုလုံးကို အမြန်ယူလာပေးရာ သူ ချောကလက် တစ်ခုကို ယူစားလိုက်သည်။


သို့သော် ချောကလက်ထဲတွင်လည်း အရက်များ ပါဝင်နေပြီး၊ ခါးသက်သက်ချိုမြမြ အရသာသည် အရက်နှင့် ရောနှောသွားပြန်သည်။


သူ့မျက်လုံးများက မျက်ရည်များဖြင့် ပြည့်အိုင်နေ၏။ ပျင်းရိပြီး အနည်းငယ် မောက်မာသော အပြုံးဖြင့် သူ့ကို ကြည့်နေသည့် လီယိုကို သူ မြင်လိုက်ရသည်။


သူ့မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ။


ဤအလိုလိုက်ခံထားရသော သခင်လေးများနှင့် ယှဉ်လျှင် လီယို၏ အသားအရေမှာ သိပ်မဖြူဘဲ၊ ဆံပင်ကလည်း ပိုတိုသည်။


သူ့အရပ်က ဖူယွီနှင့် တူတူလောက် ဖြစ်နိုင်သော်လည်း၊ ပို၍ ကြွက်သားတောင့်တင်းသည်။


အခြားသူများကဲ့သို့ပင် သူလည်း ကော်ဇောပေါ်တွင် ခြေချိတ်ထိုင်နေသော်လည်း၊ သူ့ခြေထောက်များ ရှည်လျားလွန်းသဖြင့် နေရာမလောက်သကဲ့သို့ ဖြစ်နေကာ၊ သူ့ထံတွင် ဝေဝါးသော လူငယ်ဆန်မှု၊ ပွင့်လင်းပြီး အချုပ်အနှောင်မဲ့သည့် နားလည်ရခက်သော ဆန္ဒတစ်ခု ရှိနေလေသည်။


ချင်ယိနှင့် ကြောင်ပေါက်စလေးနှင့်တူသော ကောင်လေး၊ နှစ်ယောက်လုံးက လီယိုအပေါ်ထားရှိသည့် သဘောထားမှာ အနည်းငယ် ဝေဝါးရှုပ်ထွေးနေသည်ဟု သူ ခံစားလိုက်ရသည်။


သူတို့၏ ရန်လိုမှုသည် လုံးဝ ရွံရှာမုန်းတီးခြင်း မဟုတ်သလို၊ သူတို့၏ သဘောကျမှုသည်လည်း စစ်မှန်သော ချစ်ခြင်းသက်သက် မဟုတ်ချေ။


ကျေးဇူးတင်စရာမှာ၊ ထို့နောက်ပိုင်းတွင် သူတို့ သူ့ကို တစ်ယောက်တည်း လွှတ်ထားပေးလိုက်ကြခြင်းပင်။


သူ လုံလောက်အောင် ထူးချွန်မနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ သိပ်ပြီး အားနည်းမနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။


လူတွေက သူ့ကို သဘောမကျသလို၊ အနိုင်လည်း မကျင့်ကြပေ။


သူသည် ရေနွေးကြမ်းတစ်ခွက်နှင့် တူနေသည်။


ပြီးတော့ ဒီအခန်းထဲက ဘယ်သူကမှ ရေနွေးကြမ်း သောက်ရတာ မကြိုက်ကြဘူးလေ။


နဉ်စုန့် ခေါင်းနည်းနည်း မူးလာသလို ခံစားရသည်။


သူ ချောင်ချောင်ကို မှီထားလိုက်ပြီး၊ ချောင်ချောင်၏ တောင်စဉ်ရေမရ စကားများကို နားထောင်နေလိုက်သည်။


ဒါပေမဲ့ ဒီလိုနေရတာ အချိန်ဖြုန်းရာတော့ မကျပါဘူး။


ဥပမာအားဖြင့်၊ လီယိုအနား အမြဲကပ်နေတတ်သည့် ကောင်လေးချောချောလေး နာမည်က လင်းလီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။


စိတ်မှန်တဲ့ ဘယ်လိုလူကများ ဒီလိုနာမည်မျိုး ပေးထားရတာလဲ။


လင်းလီ၏ မျက်ဝန်းထောင့်တွင် မျက်ရည်ခံမှဲ့လေး တစ်လုံးရှိပြီး၊ ၎င်းသည် BL ဝတ္ထုများမှ ဇာတ်လိုက်များတွင် ပါရှိလေ့ရှိသော အစိတ်ပိုင်းတစ်ခု ဖြစ်သည်။


သူက တကယ်ကို မြေခွေးတစ်ကောင်နဲ့ တူတယ်။


အရမ်းလှတယ်၊ ပြီးတော့ သူလှမှန်းလည်း သူသိတယ်။


သူ့မျက်လုံးများတွင် မူရာကြွယ်ခြင်းများ ပြည့်နှက်နေပြီး၊ ကောင်လေးများ သူ့ကို ကြည့်လာသောအခါ မေးကို ပင့်၍ ကျေနပ်နေသောပုံစံမျိုး လုပ်ပြတတ်သည်။


လောလောဆယ်တွင် သူသည် လီယို၏ မီးခြစ်ဖြင့် ကစားနေသည်။


မီးခြစ်က အတော်လေး ထူးခြားသည်။


အနက်ရောင်ဖြစ်ပြီး ၎င်းအပေါ်မှ ပုံစံမှာ ဦးခေါင်းခွံတစ်ခုကို ဝန်းရံထားသော နှင်းဆီပန်းစည်းပုံ ဖြစ်သည်။


ဒါ Dupont တံဆိပ် မီးခြစ်ပဲ။


ဤတံဆိပ်ကို သူ မှတ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် ကောလိပ်တက်တုန်းက အခန်းဖော်တစ်ယောက် သူ့ကောင်မလေးဆီက မွေးနေ့လက်ဆောင်အဖြစ် ဤမီးခြစ်မျိုး ရဖူးသောကြောင့် ဖြစ်သည်။


မီးခြစ်တစ်လုံးကို အေစီကွိုင် တစ်သောင်းကျော်ပေးရသည်ဟု ဆိုသည်။


ချင်ယိနှင့် လီယိုကို တစ်နေရာတည်းတွင် အတူတွေ့ရခဲသဖြင့် ကြိုဆိုပွဲ၏ လေထုအခြေအနေသည် အလွန်ရှုပ်ထွေးနက်နဲလာသည်။


ချင်ယိက သူ့ဘေးနားမှ ကောင်လေးများကို ထွက်သွားခိုင်းလိုက်ပြီး လီယိုကို ဘေးခန်းတွင် စကားပြောရန် ဖိတ်ခေါ်လိုက်သည်။


လီယိုသည် နဉ်စုန့်ကို တစ်ချက်မျှပင် ထပ်လှည့်မကြည့်ဘဲ တန်းသွားလိုက်သည်။


လူတိုင်း သူတို့ကို ငေးကြည့်နေကြပြီး၊ သာမန်မထင်ရှားသော လူသစ်ဖြစ်သည့် သူ့ကို မည်သူမျှ အာရုံမစိုက်ကြတော့ပေ။


အိုက်စပ်မှုနှင့် မောပန်းမှုကို မခံနိုင်တော့သဖြင့်၊ နဉ်စုန့်သည် ချောင်ချောင်ကို လူနည်းသော လသာဆောင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။


သူ လသာဆောင်တွင် ထိုင်ပြီး ငေးငိုင်နေလိုက်သည်။


ရံဖန်ရံခါ အတန်းဖော်တစ်ယောက် ရောက်လာပြီး စကားလာပြောတတ်ကြရာ၊ သူတို့အားလုံး မေးကြသည်မှာ လီယိုနှင့် သူ့ကြားက ပတ်သက်မှုအကြောင်းပင် ဖြစ်သည်။


သူနဲ့ လီယိုကြားမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိနိုင်မှာမို့လို့လဲ။


သူတို့ အခုမှ စတွေ့ဖူးကြတာလေ။


သူ လိမ်ပြောသည်ဟု မထင်ကြသောကြောင့် ဖြစ်မည်၊ ခဏလောက် စကားပြောပြီးသည်နှင့် သူတို့ထွက်သွားကြလေသည်။


သူ အိပ်ချင်လာပြီး ငိုက်မြည်းလာသည်။


တစ်ယောက်ယောက် နှောင့်ယှက်လိုက်မှသာ သူ အသိပြန်ဝင်လာတော့သည်။


ရင်းနှီးသော မျက်နှာနှစ်ခုကို တွေ့လိုက်ရ၏။


လင်းလီသည် အခွင့်အရေးရတိုင်း လီယိုကို မှီတွယ်နေလေသည်။


ကျောင်းထဲတွင် မရေမတွက်နိုင်အောင် ချောမောသော ကောင်လေးများ ရှိကြသည်။ ထိပ်တန်းအဆင့်ဝင် အေးစက်သော မင်းသားလေး ဖူယွီ၊


အီစတန်ပြည်နယ် အချမ်းသာဆုံးသူဌေးကြီး၏ မြေး၊ လူတွေ သေချာစိုက်မကြည့်ရဲလောက်အောင် ချောမောသော ရှန့်ယန်း၊


သို့မဟုတ် ကျောင်းပွဲလမ်းသဘင်များတွင် အမြဲတမ်း နှလုံးသားကို ဖမ်းစားတတ်သော ကျောင်းသားသမဂ္ဂမှ ရှန်လင့်စစ် တို့ကဲ့သို့ လူများ ရှိကြသည်။


သူတို့သည် ချမ်းသာသည်၊ ချောမောသည်၊ အမူအရာ ယဉ်ကျေးသည်၊ တောက်ပသော အနာဂတ်များကို ပိုင်ဆိုင်ထားကြပြီး ခေတ်၏ အသည်းကျော်များ ဖြစ်ကြသည်။


သို့သော် ထိုကောင်လေးကတော့ လီယိုကိုသာ သဘောကျသည်။


လက်ဝှေ့လောကမှ ထိုးဖောက်တက်လာသော လူမိုက်တစ်ယောက်၊ ရုပ်ရည်ကလည်း ထူးထူးခြားခြား ချောမောလှသည် မဟုတ်၊ ဝံပုလွေလို ကျောပြင်နှင့် ခွေးတစ်ကောင်လို ခါးမျိုး ရှိသူ။


သူ့ဘက်က လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ နားမလည်သလို၊ အိပ်ရာပေါ်မှာတောင် တစ်ဖက်လူကို လူသားတစ်ယောက်လို ဆက်ဆံမည့်ပုံ မပေါ်ပေ။


ဒါပေမဲ့ သူက ဒီလိုပုံစံမျိုးကိုပဲ သဘောကျမိနေတာ။


လီယိုက သန်မာထက်မြက်ပုံရပြီး ပြုစားတတ်သူတစ်ယောက်နှင့် တူသည်။


တခြားလူတွေအားလုံးကလည်း သူ့ကို ဤလူစားမျိုးဟု ထင်နေကြပုံရသည်။


သူသည် ပွေရှုပ်တတ်ပုံရသည်၊ အရိုင်းဆန်ပြီး ပေါ့ပေါ့ပါးပါး နေတတ်ကာ နောက်လိုက်အများအပြား ရှိသည်။


သို့ပေသိ သူ့ကို ဘယ်သူနဲ့မှ တွဲနေတာ မမြင်ဖူးကြပေ။


သူဆိုသည်မှာ ရည်းစားမထား၊ ဘယ်သူနဲ့မှလည်း အတူမအိပ်၊ အရှုပ်ထွေးဆုံး ပတ်ဝန်းကျင်မှာပင် တခြားသူများ၏ ကမ်းလှမ်းမှုများကို ပြတ်ပြတ်သားသား အေးစက်စွာ ငြင်းပယ်တတ်သည်။


သူ့မှာ မိတ်ဆွေအများကြီး ရှိပုံရသော်လည်း၊ ဤအထက်တန်းစားကျောင်းမှာတော့ သူ့မှာ သူငယ်ချင်းအစစ်အမှန် တစ်ယောက်မှ မရှိခဲ့ပါပေ။


လီယိုကား အသည်းနှလုံးမရှိသူတစ်ယောက်နှယ်။


ဤအရာများက သူ့အတွက် ရူးလောက်အောင် ဆွဲဆောင်မှုရှိစေပြီး၊ တစ်ဖက်လူ သူ့အား ကြိုက်လာစေဖို့ရန် ကိုယ့်သိက္ခာကိုယ် လွှင့်ပစ်ချင်စိတ်ပင် ပေါက်လာစေနိုင်သည်။


ဒါပေမယ့် လင်းလီမှာက အစတည်းက သိက္ခာရှိလှတာမှ မဟုတ်တာ။


လူဆိုတာ ငယ်ရွယ်တုန်းမှာ ဘဝကို အပြည့်အဝ ပျော်ပါးနေရမှာ။


လီယိုက သူ့အနမ်းကို ရှောင်တိမ်းလိုက်သည်။ "မင်း ဘာလို့ အဲ့လောက်ထန်နေတာလဲ”


သူက လင်းလီကို အချိုသပ်တဲ့ မျက်နှာသာလေး နည်းနည်းတောင် မပေးခဲ့ဘူး။


တကယ့် လူယုတ်မာကောင်ပဲ၊ အံကြိတ်ချင်စရာတောင် ကောင်းသေးတယ်။


"ဒီတစ်ယောက်ကပဲ မင်းနဲ့ တန်တာကွ... တခြားသူတွေက မင်းနဲ့ မလိုက်ဖက်ဘူး... သူတို့မှာ စိတ်ရှည်သည်းခံနိုင်စွမ်း မရှိကြဘူး"


လီယိုက သူ့ကို လျစ်လျူရှုထားလိုက်သည်။


သူ ဤပွဲလမ်းသဘင်မျိုးကို သဘောမကျတာမျိုး ဖြစ်နိုင်သည်။


သူ စိတ်မရှည်သလိုဖြင့် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။


မီးတောက်က သူ့မျက်ခုံးတန်းများနှင့် မြင့်မားသော နှာတံကို လင်းလက်သွားစေသည်။


သူ့မှာ လူတစ်ယောက်ကို အလွယ်တကူ အသိစိတ်လွတ်သွားစေနိုင်သည့် မျက်နှာမျိုး ရှိသည်။ အထူးသဖြင့် အနည်းငယ် ကွေးညွတ်တက်နေသော သူ့နှုတ်ခမ်းများဖြစ်ပြီး၊ ထိုနှုတ်ခမ်းများက အမြဲတမ်းလိုလို အထင်သေးရွံရှာမှု အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေသည်။


လင်းလီက မျက်နှာလိုမျက်နှာရဖြင့် သူ့လက်မောင်းကို လှမ်းကိုင်လိုက်သည်။


လီယို၏ မျက်နှာအမူအရာက ရှုပ်ထွေးနေသည်။


ဤသူဌေးသားလေး သူ့အပေါ် စွဲလမ်းနေမှုကို သူ သဘောကျနေသလား ပြောရခက်နေသည်။


သို့သော် သူ့မျက်လုံးများကမူ ရှင်းပြရခက်လောက်အောင် အေးစက်နေပုံရသည်။


သူ့နှုတ်ခမ်းကြားမှ စီးကရက်မီးသည် တဖျပ်ဖျပ် လင်းလက်နေပြီး၊ သူကိုက်လိုက် ရှူရှိုက်လိုက်လုပ်တိုင်း အနီရောင်မီးအလင်းသည် အနည်းငယ် ပြောင်းလဲသွားလေ့ရှိသည်။


သူ၏လည်ပင်းပေါ်မှ တက်တူးသည် အမှောင်ထုထဲတွင် ပြန့်ကားထွက်လာသကဲ့သို့ ထင်ရသည်။


လင်းလီတော့ သွားပြီဟု နဉ်စုန့် တွေးလိုက်မိသည်။


လီယိုလိုလူစားမျိုးတွေက များသောအားဖြင့် ဖြူစင်ရိုးသားတဲ့ ပုံစံမျိုးတွေကိုပဲ ရွေးတတ်ကြတာ။


ပေါ့ပေါ့ပါးပါး တွဲဖို့လောက်ပဲ သင့်တော်မယ့် မျက်နှာမျိုး ပိုင်ဆိုင်ထားတဲ့ လင်းလီက ဂေးအချစ်ဇာတ်လမ်းတွေအတွက် ဖန်တီးထားသလိုပါပဲ။


သူက လူရှုပ်လူပွေကောင်မှန်း သိသာပေမယ့် အချစ်က သူ့ကို နှိပ်စက်နေခဲ့တယ်…


ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေရမလား၊ ထပြီး ထွက်သွားရမလား နဉ်စုန့် စဉ်းစားရခက်နေသည်။


သူ တွေဝေနေတုန်းမှာပင်၊ လီယိုက သူ့ဘေးနား ဝင်ထိုင်လိုက်သည်ကို မြင်လိုက်ရသည်။


အခုတော့ သူ အိပ်ချင်ယောင်ဆောင်၍ မဖြစ်တော့။


သူ ထဖို့ ကြိုးစားလိုက်သော်လည်း လီယိုက သူ့ကို လှမ်းဆွဲထားလိုက်သည်။ "စကားပြောမလား"


သူ လီယိုဘက်သို့ လှည့်ကြည့်လိုက်သည်။


"ယိုကော" ဟု မခေါ်ခင် သူ့နှုတ်ခမ်းများ ခဏတာ လှုပ်ရှားသွားခဲ့သည်။


သူ့ကို "ကော" ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ၊ လီယို၏ မျက်နှာပေါ်မှ ဂနာမငြိမ်ဖြစ်မှုများ အနည်းငယ် လျော့ပါးသွားသည်။


လင်းလီ ထွက်မသွားပေ။ သူက လက်ပိုက်လျက်သားဖြင့် ထိုနေရာမှာပင် ရပ်နေလိုက်သည်။