အခန်း (၁၀) - အထူးဝင်ခွင့်ရ သာမန်ကျောင်းသားတစ်ဦး
ဤကမ္ဘာသို့ စရောက်ခါစက ဤနေရာကဂိမ်းများနှင့် သိပ်မရင်းနှီးသဖြင့် နာမည်ကြီး ဂိမ်းဖိုရမ်တစ်ခုတွင် အချိန်ကုန်ဆုံးခဲ့ဖူးသည်။ သူသည် အပြင်လောကထက် အွန်လိုင်းပေါ်တွင် စကားပိုပြောတတ်သူဖြစ်ရာ၊ စိတ်တူကိုယ်တူ အွန်လိုင်းသူငယ်ချင်း အများအပြား ရရှိခဲ့သည်။
ထိုအထဲမှ တစ်ယောက်မှာ ‘@ဓားငါး” ဟုခေါ်သော အကောင့်ပိုင်ရှင် ဖြစ်သည်။ တစ်ဖက်လူသည် အတော်လေး ကျွမ်းကျင်သူဖြစ်ပြီး၊ သူတို့နှစ်ဦးသည် ဂိမ်းဒီဇိုင်းအကြောင်း မကြာခဏ ဆွေးနွေးလေ့ရှိကြသည်။ နောက်ပိုင်းတွင် Shark E-Art ကုမ္ပဏီနှင့် မိတ်ဆက်ပေးပြီး ဂိမ်းဒီဇိုင်းငယ်လေးများ တင်ပြရန် တိုက်တွန်းခဲ့သူမှာလည်း ဓားငါး ပင်ဖြစ်၏။
[ဓားငါး] - "ဒီရက်ပိုင်း မင်းကို မတွေ့မိပါလား"
[သတ်သတ်လွတ်ကြောင်] - "နည်းနည်း အလုပ်ရှုပ်နေလို့ပါ"
သူတို့၏ စာတိုပေးပို့မှု မှတ်တမ်းသည် စုံတွဲတစ်တွဲနှင့် အတော်လေး တူနေသည်။ တစ်ယောက်က ရေခဲရိုက်ထားသော ဓားငါးကြီး ဖြစ်ပြီး၊ ကျန်တစ်ယောက်က လက်သည်းဖြင့်ကုတ်နေသော ဗိုက်ဆာနေသည့် ကြောင်ပေါက်စလေး ဖြစ်သည်။
မူလက သူ့တွင် ဤပရိုဖိုင်ပုံနှင့် ဤနာမည် မရှိခဲ့ပေ။ နောက်ပိုင်းမှ ဓားငါး အတွက် သီးသန့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
တစ်ခါက သူနှင့် ဓားငါးတို့ အကြံဉာဏ်တစ်ခုနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြရာ၊ သူက သူ့အမြင်ကို ငြင်းခုံခဲ့ဖူးသည်။ ငြင်းခုံခြင်း သက်သက်သာ ဖြစ်သော်လည်း၊ ဓားငါးသည် အလွန်အလေးအနက်ထားပြီး အနည်းငယ် ရှက်တတ်သည်ကိုပါ သူ တွေ့ရှိခဲ့ရသဖြင့်၊ ကိစ္စကို ပို၍ ရှေ့ဆက်တိုးခဲ့မိသည်။
နောက်ဆုံးတွင် ဓားငါးသည် လုံးဝ စာမပြန်တော့ဘဲ ပျောက်သွားရာ ကျန်လူများက ဝင်ရောက်မြှောက်ပင့်ပေးကြသဖြင့် နဥ်စုန့်သည် သူ့အား စနောက်ရန် လိုက်ဖက်ညီသော နာမည်ပြောင်တစ်ခုကို တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
တဖြည်းဖြည်းနှင့် သူတို့နှစ်ဦး ပိုမို ရင်းနှီးလာကြပြီး၊ ဂိမ်းဒီဇိုင်းဆိုင်ရာ အမြင်များကို မကြာခဏ ဖလှယ်ခဲ့ကြသည်။
သူတို့၏ အားသာချက်နှင့် အားနည်းချက်များသည် တစ်ဦးနှင့်တစ်ဦး ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ကြသည်။ ဓားငါးသည် အင်တာနက်နည်းပညာတွင် ကျွမ်းကျင်ပြီး၊ သူကမူ အရိုင်းဆန်ပြီး စိတ်ကူးယဉ်ဆန်သော အကြံဉာဏ်များ ထုတ်ရာတွင် တော်သည်။
သို့သော် သူတို့၏ ဆက်ဆံရေးသည် ဖိုရမ်တွင်သာ ကန့်သတ်ထားပြီး၊ သီးသန့်စာတို ပေးပို့ခြင်း ရှားပါးသည်။ နောက်ဆုံး ပေးပို့ခဲ့သော စာတိုများမှာ 'နှင်းဆီနက်ကျောင်းတော်'နှင့် သက်ဆိုင်ပြီး၊ ကြည့်လိုက်လျှင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုတူနေသည်။
အခုတော့ သူ့ကို မစဘဲ မနေနိုင်တော့ပေ။
[သတ်သတ်လွတ်ကြောင်] - "ဘာဖြစ်လို့လဲ။ ငါ့ကို လွမ်းလို့လား"
[ဓားငါး] - "မင်း အလုပ်သစ် ရသွားပြီလား"
ထင်တဲ့အတိုင်းပါပဲ၊ သူ အကွက်ထဲဝင်မလာဘူး။
သူ့ရဲ့ တည်ကြည်မှုက ရယ်စရာကောင်းလိုက်တာ။
နဥ်စုန့် ပြန်ဖြေလိုက်သည် - "ဒီနေ့ အလုပ်စဝင်တဲ့ ပထမဆုံးရက်လေ။ လုပ်ဖော်ကိုင်ဖက် အသစ်တွေက အရမ်း အေးစက်ကြတယ် 😭"
ဖိုရမ်ရှိ လူအများစုမှာ ရုံးဝန်ထမ်းများ ဖြစ်ကြသဖြင့်၊ အထက်တန်းကျောင်းသားဟု ပြောလိုက်လျှင် တန်းတူဆက်ဆံခံရမည် မဟုတ်ဟု သူ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဖိုရမ်ပေါ်တွင် သူ၏ သရုပ်သကန်မှာ အလုပ်ဖြုတ်ခံရတော့မည့် သနားစရာကောင်းသော အသက် ၃၅ နှစ်အရွယ် ပရိုဂရမ်မာ တစ်ဦးအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
[ဓားငါး] - "ဘာဖြစ်လို့လဲ"
[သတ်သတ်လွတ်ကြောင်] - "ဒီပတ်ဝန်းကျင်အသစ်မှာ ဖိအားတွေက အရမ်းများလွန်းတယ်!"
[ဓားငါး] - " မင်း အဆင်မပြေဘူးဆိုရင် ငါတို့ကုမ္ပဏီကို စဉ်းစားကြည့်ပါလား"
[ဓားငါး] - "ကုမ္ပဏီက လေထု အခြေအနေ တော်တော်ကောင်းတယ်"
[ဓားငါး] - "စာနာနားလည်မှု ရှိကြတယ်"
[သတ်သတ်လွတ်ကြောင်] - "ထိပ်ပြောင်တဲ့သူတွေ ရှိလား"
[ဓားငါး] - "... ရှိတယ်"
[ဓားငါး] - "ဒါပေမဲ့ ကုမ္ပဏီနဲ့ ဆိုင်မယ်မထင်ဘူး။ မျိုးရိုးလိုက်လို့ ဆံပင်ကျွတ်တာ ဖြစ်လောက်တယ်"
နဥ်စုန့် တဟားဟား ရယ်မောလိုက်မိပြီး မောပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားရသည်။
တဖက်လူက အလေးအနက်ထားလေလေ၊ သူ့အတွက် ပိုပြီး ရယ်စရာကောင်းလေလေ ဖြစ်နေတတ်သည်။
သူသည် သူငယ်ချင်းဖြစ်သူ ဓားငါး နှင့်အတူ ဖိုရမ်ပေါ်မှ လတ်တလော ခေတ်စားနေသော အကြောင်းအရာများကို ခဏတာ ဆွေးနွေးဖြစ်လိုက်သည်။
မသိလိုက်ဘာသာနှင့် ည ၁၀ နာရီပင် ထိုးသွားချေပြီ။
[သတ်သတ်လွတ်ကြောင်] - "ငါ သွားတော့မယ်။ မအားတော့ဘူး၊ ငါ့လုပ်ဖော်ကိုင်ဖက်တွေက အဖွဲ့လိုက် လှုပ်ရှားမှု လုပ်ဖို့ ခေါ်နေကြလို့"
[ဓားငါး] - "အခုလား"
[သတ်သတ်လွတ်ကြောင်] - "😭 မငြင်းသာတဲ့ လူမှုရေးကိစ္စလေ"
ဤစာတို ပေးပို့ပြီးသည်နှင့်၊ အပြင်ဘက်မှ ချောင်ချောင်က တံခါးလာခေါက်ပြီး လှမ်းခေါ်လေသည်။
သူ "တာ့တာ" ဟု အမြန်ရိုက်ထည့်ပြီး ကွန်ပျူတာကို ပိတ်လိုက်သည်။
သူ ကုတ်အင်္ကျီကို ဝတ်ဆင်ပြီး ချောင်ချောင်နှင့် အခြားကောင်လေးနှစ်ယောက်တို့နှင့်အတူ ပထမဆောင်သို့ ထွက်လာခဲ့သည်။
သူတို့လို အနက်ရောင်ရင်ထိုးတံဆိပ် မပိုင်ဆိုင်သူများအတွက် ပထမဆောင်သို့ လွတ်လပ်စွာ ဝင်ရောက်ခွင့်ရခြင်းသည် ရှားပါးသော အခွင့်အရေးဖြစ်ကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ်သာ ရရှိတတ်ကြောင်း ချောင်ချောင်က သူ့ကို ပြောပြသည်။
သို့သော် ဤအခွင့်အရေးမျိုးသည် အထူးဝင်ခွင့် ကျောင်းသားသစ်တိုင်းအတွက် ကောင်းမွန်သောအရာ မဟုတ်ဟု နဥ်စုန့် ခံစားနေရသည်။
ဤကြိုဆိုပွဲသည် အထူးဝင်ခွင့် ကျောင်းသားသစ်များကို ပထမဆောင်သို့ ခေါ်ဆောင်လာပြီး၊ အခွင့်ထူးခံ သခင်လေးများက သူတို့ထဲမှ ရွေးချယ်နိုင်ရန် စီစဉ်ထားသည့် ပွဲတစ်ခုနှင့် ပိုတူနေသည်။
လီယိုကော စရောက်တုန်းက ဒီကြိုဆိုပွဲကို လာခဲ့ဖူးလား။
သူက သူ့ကိုယ်သူ နာနာခံခံ အရွေးခံခဲ့ပါ့မလား။
၁၀ နာရီထိုးပြီဖြစ်၍ ကျောင်းဝင်းကြီးသည် တိတ်ဆိတ်နေသည်။ ရာစုနှစ်တစ်ခု သက်တမ်းရှိသော ဤကျောင်းတွင် သစ်ပင်ပန်းမန်များ ထူထပ်ပြီး၊ မြင့်မားသော သစ်ပင်ကြီးများ၏ လိမ်ယှက်နေသော အကိုင်းအခက်များသည် အမှောင်ထုထဲတွင် ကောင်းကင်ကို ဖုံးအုပ်ထားသော ဘီလူးသရဲများကဲ့သို့ ဖြစ်နေသည်။ သူတို့၏ ရနံ့တွင် ပင်လယ်နံ့ သင်းသင်းလေး ပါဝင်နေသည်။
"ငါတို့ အဖမ်းခံရမှာလား"
သူ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးခဲ့ပေ။
အီစတန် ယောက်ျားလေးကျောင်း၏ စည်းမျဉ်းများကို သူ ဖတ်ဖူးထားပြီး၊ ၎င်းတို့သည် အလွန်တင်းကျပ်လှသည်။
"ဒီနေ့က ထူးခြားတယ်။ လုံခြုံရေးတွေ တွေ့ရင်တောင် မသိချင်ယောင်ဆောင်ပေးလိမ့်မယ်။ အဆင်ပြေပါတယ်" ချောင်ချောင်က ပြောလိုက်သည်။ "ငါ ကျန့်ရှောင်ပေါ်ကိုပြောပြီး လီယိုကို လာဝန်းရံပေးဖို့ အကူအညီတောင်းချင်ပေမယ့် ကျန့်ရှောင်ပေါ်ရဲ့ ဖုန်းက အမြဲ ပိတ်ထားတယ်"
"ကျန့်ရှောင်ပေါ်က ဘယ်သူတုန်း"
"သူက ငါ့အိမ်နီးချင်း၊ ပြီးတော့ ငယ်သူငယ်ချင်းလေ။ သူက လီယိုနဲ့ တော်တော်ရင်းနှီးတယ်။ လီယိုက ဒီလို ကြိုဆိုပွဲတွေ ဘယ်တော့မှ မတက်ပေမယ့်၊ ကျန့်ရှောင်ပေါ်သာ လာဖို့ပြောရင် သူ ငါတို့ကို ကာပေးဖို့ လာလောက်တယ်"
နဥ်စုန့် ရိပ်မိလိုက်သည်။ "မင်းပဲ အဆင်ပြေပါတယ်ဆို"
ချောင်ချောင် ရယ်မောလိုက်သည်။ "အကာအကွယ်ရှိတော့ ပိုကောင်းတာပေါ့... ဟေ့ကောင်၊ မပူပါနဲ့၊ ငါတို့က ချင်ယိရဲ့ စတိုင် မဟုတ်ပါဘူး။ သူက အရမ်း ဂျီးများတာ"
ထင်တဲ့အတိုင်းပါပဲ၊ သူ "အဆင်ပြေပါတယ်" လို့ ပြောခဲ့ရတဲ့ အကြောင်းရင်းက သူတို့ ရုပ်ရည်က ဘေးကင်းလုံခြုံလောက်အောင် သာမန်ဆန်လွန်းလို့ပဲ!
ချောင်ချောင်နောက်မှ လိုက်ပါရင်း ဝါးတဲလ်ပန်းများကြား ဖြတ်သန်းပြီး၊ တံတားကို ဖြတ်ကျော်ကာ ရေကန်ကို ပတ်လျှောက်ပြီးနောက် ပထမဆောင်သို့ ဝင်ရောက်ခဲ့ကြသည်။
အီစတန်ပြည်နယ်၏ ငွေကြေးအင်အားတောင့်တင်းသော မိသားစုကြီး ၅ ခုမှ သခင်လေးများ — သင်္ဘောလုပ်ငန်းဖြင့် ကြီးပွားချမ်းသာလာသော Yolaraile မိသားစုမှ သခင်လေးမှလွဲ၍ — ကျန်လေးယောက်ဖြစ်သည့် ဖူမိသားစု၏ တစ်ဦးတည်းသော သား ဖူယွီ၊ Magnifia ဖျော်ဖြေရေးအင်ပါယာကို ဆက်ခံမည့်သူ ရှန့်ယန်း၊ အထည်အလိပ်လုပ်ငန်းဖြင့် ချမ်းသာလာသော လီမိသားစုမှ သခင်လေး၊ နှင့် လောင်းကစားလုပ်ငန်းဖြင့် ချမ်းသာလာသော ချင်မိသားစုမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒုတိယသခင်လေး ချင်ယိ — သူတို့အားလုံးသည် ဤအဆောင်တွင် နေထိုင်ကြသည်။
ချောင်ချောင်က သူ့ကို ၎င်းအကြောင်း ပြောပြထားဖူးသည်။
အနီးကပ် ကြည့်လိုက်သောအခါ ပထမဆောင်သည် ပို၍ ခမ်းနားထည်ဝါပြီး မှုန်မှိုင်းနေပုံရသည်။ တံခါးဝတွင် လုံခြုံရေးဝန်ထမ်းတစ်ဦး ဆေးလိပ်သောက်နေသော်လည်း၊ သူတို့ကို မြင်သောအခါ ဘာမျှမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ချောင်ချောင်၏ ဦးဆောင်မှုဖြင့် နဥ်စုန့်သည် လုံခြုံရေးဝန်ထမ်းအား ခေါင်းအသာညိတ်ပြပြီးနောက် အထဲသို့ ပြေးဝင်လိုက်သည်။
သူတို့သည် ပထမထပ် အရှေ့ဘက်ခြမ်းသို့ တန်းသွားလိုက်သည်။ ဤနေရာသည် ကျောင်းသားအဆောင်နှင့် မတူဘဲ ပွဲကြီးပွဲလမ်းများ ကျင်းပရာနေရာနှင့် ပိုတူနေသည်။ မှောင်မည်းနေသော စင်္ကြံလမ်းအဆုံးတွင် တံခါးအောက်ခြေမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသော တံခါးတစ်ချပ် ရှိလေသည်။
ချောင်ချောင်သည် အခန်းပေါင်းများစွာ ရှိသော ရှည်လျားသည့် စင်္ကြံလမ်းတစ်လျှောက် သူ့ကို ဆွဲခေါ်သွားပြီးနောက် အခြားတံခါးတစ်ချပ်ကို ဖြတ်ကျော်လိုက်သည်။ ကောင်လေးများဖြင့် ပြည့်နှက်နေသော အခန်းကျယ်ကြီးတစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
အားလုံးသည် အထက်တန်းကျောင်းသားများ ဖြစ်ကြသော်လည်း၊ သူသည် အပျော်အပါးနှင့် ပျက်စီးခြင်းကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ အချို့က သောက်စားရယ်မောနေကြပြီး၊ အချို့က တီးတိုးပြောဆိုကာ ကြမ်းကြမ်းတမ်းတမ်း နမ်းနေကြသော်လည်း၊ သူတို့ဝင်လာသည်ကို သတိထားမိသည်နှင့် ဆူညံသံများ တိတ်ဆိတ်သွားလေသည်။
သူတို့၏ မျက်လုံးများသည် သူ့အပေါ်သို့ ရောက်ရှိလာကြသည်။
အခန်းထဲတွင် ဖယောင်းတိုင် အများအပြား ထွန်းထားပြီး ရောင်စုံဖန်လုံးများဖြင့် ဖုံးအုပ်ထားသည်။ သူ၏ မျက်နှာပေါ်တွင် နှင်းဆီရောင် အလင်းတန်းများ ကျရောက်နေသဖြင့် နေ့ခင်းဘက်တွင် မရှိသော အရောင်အသွေးအချို့ ထပ်ဖြည့်ပေးသကဲ့သို့ ဖြစ်နေသော်လည်း၊ သူသည် ဝံပုလွေအုပ်ထဲသို့ လမ်းမှားရောက်ရှိလာသော ပိန်ခြောက်ခြောက် လယ်ခွေးတစ်ကောင်ကဲ့သို့ ပိန်လွန်းနေလေသည်။
ဤသည်ကား သူ ချင်ယိကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ချင်ယိတွင် ဗီလိန်မျက်နှာမျိုး ရှိသည်။
သူသည် အလွန်ချောမောသော်လည်း မောက်မာခြင်းနှင့် ဗိုလ်ကျစိုးမိုးခြင်း ဟူသော စကားလုံးများကို သူ့မျက်နှာပေါ်တွင် ရေးထိုးထားသကဲ့သို့ ရှိနေသည်။ ညာဘက်မျက်ခုံးရိုးမှ ဆံစပ်အထိ ဆွဲဆန့်ထားသော ထင်ရှားသည့် အမာရွတ်တစ်ခု ရှိပြီး၊ သန်ကောင်နီတစ်ကောင်ကဲ့သို့ ဖြစ်နေကာ သူ့မျက်နှာတစ်ခုလုံးကို ယုတ်မာရက်စက်သော ပုံစံပေါက်စေသည်။
အပြစ်ကင်းစင်ပုံရသော အနီရောင် တံဆိပ်ပိုင်ရှင် ကောင်လေးတစ်ယောက်သည် သူ့လက်မောင်းကို တွယ်ဖက်ထားပြီး၊ ချင်ယိသည် အတူခေါ်လာသော အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကို ပွတ်သပ်နေသကဲ့သို့ ထိုကောင်လေး၏ လည်ဆွဲကို ပွတ်သပ်နေလေသည်။
အနက်ရောင်တံဆိပ် အများအပြားကို တပြိုင်နက်တည်း နဥ်စုန့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဖူယွီ၏ ရင်ဘတ်ပေါ်မှ အနက်ရောင် တံဆိပ်သည် ကြွယ်ဝမှုနှင့် အရည်အသွေးကို ပြသသော်လည်း၊ ဤလူများ၏ ရင်ဘတ်ပေါ်တွင်မူ မောက်မာဝင့်ကြွားမှုကို ဆောင်ကြဉ်းထားပြီး၊ အခွင့်ထူးခံတစ်ခုနှင့် ပိုတူနေသည်။
ချင်ယိကို ဝန်းရံထားသော ကောင်လေးများသည် သူ့ကို အကဲခတ်ကြည့်ရှုကြသည်။
ခန်းမထဲတွင် အင်္ဂလိပ်သီချင်းများ ဖွင့်ထားပြီး၊ အမျိုးသမီး အဆိုတော်၏ အသံသည် ကတ္တီပါကဲ့သို့ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော ချောမွေ့မှုမျိုး ရှိကာ အခန်းထဲမှ ဝီစကီရနံ့နှင့် ရောနှောနေလေသည်။
"စီနီယာတို့" နဥ်စုန့်သည် တက်ကြွပြီး လိမ္မာပါးနပ်စွာဖြင့် တခြားသူများကို နှုတ်ဆက်လိုက်သည်။
***
[Cela ၏ မှတ်စု]
ချင်ယိရဲ့ နာမည်က 秦异 ဖြစ်ပါတယ်။ ပထမစာလုံးက ရှေးဟောင်း ချင်တိုင်းပြည်ရဲ့နာမည်ဖြစ်ပြီး၊ နောက်စာလုံးက "ကွဲပြားခြားနားသော”လို့ အဓိပ္ပာယ်ရပါတယ်။ 怪异 သရဲဘီလူးဆန်သောဆိုတဲ့ စကားလုံးထဲမှာလည်း ဒီစာလုံး ပါဝင်နေပါတယ်။ ဗီလိန်နဲ့ လိုက်ဖက်တဲ့ နာမည်ပါပဲ။
…………..
[BTN - knifefish က ငါးဖယ်ပါ၊ swordfishက ဓားငါး၊ ဓားရှည်နှုတ်သီးငါးလို့ခေါ်ပါတယ်။ Etrans က အကောင့်nameကို knifefish လို့သုံးပြီး၊ စကားပြေမှာ swordfish လို့သုံးထားပါတယ်၊ ကိုယ်က ဓားငါးလို့ပဲသုံးသွားပါမယ်]