Ch 1
Viewers 3k

🌵 Chapter 1





[ဒင်! တာဝန်ပေးအပ်ခြင်း—]


[ယနေ့ည၏ အဓိကဇာတ်ကွက်မှာ သင်ကိုယ်တိုင်ဖြစ်သော ဗီလိန်ဇာတ်ပို့ ယောက်ျားလေး စုန့်စစ်မင်  အပေါ်တွင် အခြေခံလည်ပတ်မည်ဖြစ်သည်။ သင်သည် သခင်လေးအစစ်ဖြစ်သူ စုန့်စစ်ချယ်အား လူအများရှေ့တွင် နှုတ်ဖြင့်စော်ကားရမည့်အပြင် ရေကူးကန်ထဲသို့ တွန်းချရမည်။ ထို့နောက် ဇာတ်လိုက်မင်းသားအား သူရဲကောင်းဝင်လုပ်ခွင့်ပေးကာ ဒုက္ခရောက်နေသူလေးအား ကယ်တင်စေခြင်းဖြင့် ၎င်းတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းကို အောင်မြင်စွာ ဖန်တီးပေးရမည်ဖြစ်သည်။] 


စုန့်စစ်မင်သည် မသိစိတ်၏ စေ့ဆော်မှုကြောင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ 


"ဆောင်းတွင်းကြီး အပြင်ဘက်ရေကူးကန်ထဲ လူတစ်ယောက်ကို တွန်းချတယ်ဆိုတာ သိပ်ကို ကိုယ်ကျင့်တရားခေါင်းပါးလွန်းတယ်၊ မဖြစ်ဘူး အဲ့ဒီလောက် ယုတ်မာတဲ့အလုပ်ကို ငါ လုံးဝမလုပ်နိုင်ဘူး"


စနစ် "ချစ်လှစွာသော host.. ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် ရမယ့်ဆုကြေးက ငါးသိန်းပါ"


စုန့်စစ်မင်သည် အလေးအနက် ငြင်းဆန်လိုက်သည်။ 


"ဒါက ပိုက်ဆံပမာဏနဲ့ မဆိုင်ဘူး၊ လူ့စရိုက်နဲ့ ကိုယ်ကျင့်တရားအကြောင်း ပြောနေတာ"



စနစ်သည် အံကိုကြိတ်လိုက်၏။ 


"နောက်ထပ် ငါးသိန်း ထပ်တိုးပေးမယ်၊ အဓိက တာဝန်တွေအားလုံးကို အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါ ခင်ဗျားရဲ့ တကယ့်ကမ္ဘာဆီကို အဲ့ဒီငွေတွေ ယူသွားလို့ရတယ်"


"ဘယ်အချိန် တွန်းချရမလဲ ? ဘယ်အနေအထားကနေ တွန်းချရမလဲ? ဘယ်လောက်ကြာကြာ တွန်းရမလဲ"


စနစ်သည် 'မင်း ဒီလိုလူမျိုးမှန်း ငါသိပြီးသားပါ' ဟု စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ 


[ host အနေဖြင့် ဇာတ်ကောင်စရိုက်နှင့် မလွဲချော်သရွေ့ မည်သို့မည်ပုံ တွန်းချမည်ဆိုသည့် တိကျသောနည်းလမ်းကို ကိုယ်တိုင် ဆုံးဖြတ်နိုင်သည်။ နောက်ဆုံးတွင် ဇာတ်လိုက်မင်းသားက အလှလေးအား အောင်မြင်စွာ ကယ်တင်နိုင်ရန်သာ အရေးကြီးသည်~]



စုန့်စစ်မင်သည် လက်ဖျစ်ကို ခပ်ဖွဖွ တီးလိုက်၏။ 


"အိုကေလေ"


မှန်ပေသည်။ သူသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်ကာ၊ အလွန်အမင်း အဆွေးအမြည့် အချစ်ဇာတ်လမ်းဆန်လွန်းသည့် BL ဝတ္ထုတစ်ပုဒ်ထဲမှ ရက်စက်ယုတ်မာသော ဇာတ်ပို့ယောက်ျားလေးတစ်ဦး ဖြစ်လာခဲ့သည်။


ထိုယုတ်မာသော ဇာတ်ပို့ယောက်ျားလေးသည် သခင်လေးတုတစ်ဦးလည်းဖြစ်ပေသည်။ 


ကလေးဘဝကတည်းက စုန်းမိဘများ၏ အလိုလိုက် အကြိုက်ဆောင်မှုကြောင့် ဆိုးသွမ်းရိုင်းစိုင်းကာ ဒေါသကြီးသူဖြစ်ပြီး၊ သခင်လေးအစစ်ဖြစ်သူ စုန့်စစ်ချယ်အပေါ်တွင် အထူးတလည် ယုတ်မာကောက်ကျစ်သူလည်း ဖြစ်သည်။


အထူးသဖြင့် သူ့စေ့စပ်ထားသူ ပေါ်မုဟန်သည် စုန့်စစ်ချယ်အား ချစ်ကြိုက်သွားပြီးနောက်ပိုင်းတွင် သူသည် ပိုအစွန်းရောက်လာကာ၊ စုန့်စစ်ချယ်အား လက်စားချေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်။ 


သို့သော် သူ့နိဂုံးချုပ်မှာမူ အလွန်တရာ ကြေကွဲဖွယ်ကောင်းလှပေသည်။ သူသည်

စုန့်စစ်ချယ်၏ လှည့်စားခေါ်ဆောင်ခြင်းကို ခံရပြီးနောက်၊ မုဒိမ်းကျင့်ခံရကာ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည်။


သူ့သေဆုံးမှုသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။


စုန့်စစ်မင် စုပ်သပ်လိုက်မိ၏။


"ငါ ရုတ်တရက် ခံစားမိတာက..." 


"Host ရေ၊ တစ်ခါသဘောတူပြီးရင် စကားပြန်ရုပ်သိမ်းလို့မရဘူးနော်၊ အဲ့လိုမဟုတ်ရင် ခင်ဗျား ချက်ချင်းပေါက်ကွဲပြီး သေသွားလိမ့်မယ်~"


စနစ်သည် အချစ်စရာအကောင်းဆုံး အသံလေးဖြင့် အယုတ်မာဆုံးသော စကားများကို ပြောဆိုလာလေသည်။


စုန့်စစ်မင် "......."


ခွေးစနစ် ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ ?


မူလဇာတ်ကွက်ကို သေချာစွာ ပြန်လည်သုံးသပ်ပြီးနောက်၊ စုန့်စစ်မင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ စင်မြင့်ထက်သို့ တက်သွားလေသည်။


ယနေ့သည် သူ၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ပါတီပွဲဖြစ်ပြီး ဧည့်သည်များစွာ တက်ရောက်လာကြသည်။ ထို့အပြင် စုန်းမိဘများသည် သူတို့၏ အဖိုးတန်ရတနာလေးအား အထူးအလိုလိုက်ထားကြရာ၊ ဤမွေးနေ့ပွဲကို အလွန်ခမ်းနားကြီးကျယ်စွာ ကျင်းပပေးထားပြီး မြို့ပေါ်ရှိ မျိုးရိုးမြင့်မိသားစုများမှ မျိုးဆက်များအားလုံးနီးပါးကို ဖိတ်ကြားထားလေသည်။


သူသည် ပွဲလမ်းသဘင်၏ဗဟိုချက်တွင် မတ်တတ်ရပ်နေပြီး၊ တစ်ခုတည်းသာရှိသော လက်ရာမြောက် အီတလီဒီဇိုင်နာချုပ် ဝတ်စုံကို ဝတ်ဆင်ထားရာ အထူးတလည် ခန့်ညားချောမေ ာနေလေသည်။ သို့သော် သူ့ အနည်းငယ် ပင့်တက်နေသော မျက်ဝန်းများက သူ့အား ချဉ်းကပ်ရခက်သည့် အသွင်အပြင်ကို ပေးစွမ်းနေ၏။


အမှန်တကယ်တွင် မြို့ပေါ်ရှိ အထက်တန်းလွှာ မျိုးဆက်များ၏ တစ်ဝက်ကျော်မှာ သူ့အား မနှစ်မြို့ ကြချေ။ စုန်းမိသားစုမျက်နှာကို ထောက်ထားသော ကြောင့်သာ ဤပွဲသို့ လာရောက်ကြခြင်းဖြစ်သည်။


"စစ်မင်~" 


ရဲ့နန်ချန်သည် သူ့ပခုံးကို ခင်မင်ရင်းနှီးစွာ ဖက်လိုက်၏။ 


"မင်းရဲ့ ဒီနေ့မွေးနေ့ပွဲက အရမ်းကို ခမ်းနားတာပဲကွာ၊ ငါတော့ အရမ်းအားကျတာပဲ"


"ငါလည်း သဘောကျတယ်၊ ဒါဆိုရင် နောက်တစ်ခါ မင်းအလှည့်ကျရင်လည်း ဒီလိုမျိုးလုပ်ပေါ့"


ယခုအချိန်တွင် စုန့်စစ်မင်သည် မည်သို့သော ယုတ်မာသည့်စကားများကို ပြောဆိုရမည်နည်းနှင့် သူ၏ မိုက်မှောင်ရက်စက်သော ပုံရိပ်ကို အခိုင်အမာတည်ဆောက်ရန် လူအများရှေ့တွင် စုန့်စစ်ချယ်အား စင်ပေါ်မှ မည်သို့မည်ပုံ တွန်းချရမည်နည်းဟူသည့် အစီအစဉ်များဖြင့်သာ အလုပ်ရှုပ်နေလေသည်။


ရဲ့နန်ချန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ အာမေဍိတ်သံပြုလိုက်သည်။ 


"စစ်မင်၊ ဟိုမှာကြည့်စမ်း၊ ပေါ်မုဟန် ရောက်လာပြီဟ"


 á€…ုန်အစစ်မင်သည် သူ့အကြည့်နောက်သို့ မလိုက်ဘဲ မနေနိုင်တော့ချေ။


စူးရှတောက်ပနေသော မီးရောင်များအောက်တွင်၊ ဂုဏ်ကျက်သရေရှိလှသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားမြင့်မားသော အမျိုးသားတစ်ဦးသည် အေးစက်စက် မျက်နှာထားဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။


အဖြူရောင်မီးရောင်က သူ့ဖြူဖျော့သော အသားအရေပေါ်သို့ နူးညံ့စွာ ဖြာကျနေပြီး၊ သူ၏ အလွန်တရာ သေသပ်လှပသော မျက်နှာသွင်ပြင်ကို အေးစက်တည်ကြည်သော အငွေ့အသက်များ ပေးစွမ်းနေလေသည်။ 


ထိုသူ့ နှာတံမှာ စင်းဖြောင့်မြင့်မားနေကာ၊ ပါးလွှာသော နှုတ်ခမ်းအစုံကို အနည်းငယ်စေ့ပိတ်ထား၏။ သူသည်

တောင်ထိပ်ဖျားရှိ နှင်းကြာပန်းတစ်ပွင့်နှယ် သန့်စင်အေးစက်နေလေသည်။


ပွဲလမ်းသဘင်၌ လူအမြောက်အမြား ရှိနေသည့်တိုင်၊ သူ့မျက်ဝန်းထဲတွင် ဤလူသားတစ်ဦးတည်းအတွက်သာ နေရာရှိနေသည့်အလား ထင်မှတ်ရပေသည်။


အမှန်တကယ်ကို အပြစ်ဆိုဖွယ်ရာမရှိသော လက်ရာမြောက်သည့် ဖန်တီးမှုတစ်ခုပင်။


မူလကိုယ်ပိုင်ရှင်ဖြစ်သူက သူ့အား သေမတတ် ချစ်ခင်ခဲ့ သည်မှာလည်း အံ့သြစရာမရှိပေ။


စုန့်စစ်မင်သည် သူ့အား စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေပြီးနောက် ခေါင်းငုံ့သွားလေသည်။


ရဲ့နန်ချန်မှာ အံ့သြသွား၏။


 "စစ်မင်၊ မင်း ဒီနေ့ ပေါ်မုဟန်အပေါ်ကို ဘာလို့ သိပ်စိတ်အားထက်သန်မှု မရှိရတာလဲ"


ယခင်က စုန့်စစ်မင်သည် ပေါ်မုဟန်အား မြင်တွေ့ရတိုင်း သုံးရက်တိတိ အစာမစားရသေးသော လမ်းဘေးခွေးတစ်ကောင်က အသားပေါက်စီကို မြင်လိုက်ရသကဲ့သို့ ဆာလောင်မွတ်သိပ်နေတတ်ကြောင်းကို သူ မှတ်မိနေသေးသည်။


"သူ့ကို ဘာလို့ စိတ်အားထက်သန်ပြနေရမှာလဲ..."


သူ စကားပြော၍ပင် မဆုံးသေးခင်၊ သူ့ စိတ်ထဲ၌ နှိုးစက်သံတစ်ခု ရုတ်တရက် မြည်ဟည်းလာလေသည်။ 


"ဇာတ်ကောင်စရိုက် လွဲချော်နေပါတယ်၊ ဇာတ်ကောင်စရိုက် လွဲချော်နေပါတယ်၊ ဇာတ်ကောင်ပုံရိပ်ကို ချက်ချင်းပြုပြင်ဖို့ လိုအပ်ပါတယ်"



စုန့်စစ်မင် နဖူးထက်တွင် မေးခွန်းထုတ်စရာ သင်္ကေတတစ်ခု ပေါ်လာလေသည်။ 


[ဒါက ဘာကြီးလဲ]


[ Host အနေဖြင့် ဇာတ်လိုက်မင်းသားအား အရူးအမူး လိုက်လံပိုးပန်းခြင်းသည် ဇာတ်လမ်း၏ အစောပိုင်းကာလများတစ်လျှောက်လုံးတွင် ဆက်လက်ထိန်းသိမ်းထားရမည့် အပြုအမူတစ်ခုဖြစ်ပေသည်။  သို့မဟုတ်ပါက၊ ၎င်းသည် ဆိုးရွားသော OOC (ဇာတ်ကောင်စရိုက် လွဲချော်ခြင်း) အပြုအမူကို ဖြစ်ပေါ်စေပြီး ဇာတ်လမ်းတစ်ခုလုံး ပြိုလဲသွားစေလိမ့်မည်ဖြစ်သည်။



စုန့်စစ်မင်: ကျစ်... စောစောက ဒီလိုမပြောခဲ့ဘူး‌လေ 


ငါက ဘယ်တော့မှ အချစ်ရူးတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။


စနစ် : နောက်ထပ် ငါးသိန်း ထပ်တိုးပေးမယ်။



ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ စုန့်စစ်မင်သည် ထိုခန့်ညားသော ပုံရိပ်လေးဆီသို့ ပြေးသွားကာ အော်ပြောလိုက်လေသည်။ 


"အစ်ကိုဟန်.. နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ကျွန်တော် အစ်ကို့ကို အရမ်းလွမ်းနေတာ၊ ဒီရက်တွေထဲ ကျွန်တော့်ကို သတိရသေးရဲ့လား"