Ch 2
Viewers 3k

🌵 Chapter 2



သူ့လက်သည်းများက ဝတ်စုံအင်္ကျီပေါ်သို့ ထိလုနီးပါးဖြစ်သွားချိန်တွင်ပင်၊ ပေါ်မုဟန်သည် ချက်ချင်းဆိုသလို ရှောင်တိမ်းသွားခဲ့ရာ၊ ထိုလှုပ်ရှားမှုမှာ အကြိမ်တစ်ထောင်မျှ လေ့ကျင့်ထားသကဲ့သို့ သူ၏ စမ်းတဝါးဝါးလှမ်းလာသော လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တိမ်းသွားခြင်းပင်။


ပတ်ဝန်းကျင်ရှိ ထင်ရှားသော မိသားစုများမှ သခင်လေးအချို့က တိုးတိတ်စွာ ရယ်မောလိုက်ကြ၏။


ပေါ်မုဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ သူ့အသံမှာ ကျိုးပဲ့နေသော ကျောက်စိမ်းတစ်ခုလို အေးစက်နေ၏။ 


"ဒီရက်ပိုင်း ငါ တော်တော်လေး အလုပ်ရှုပ်နေလို့၊ မင်းအကြောင်းတွေးဖို့ အချိန်မရဘူး"


မူရင်းစာအုပ်ထဲတွင် ဖော်ပြထားသည်မှာ ဇာတ်လိုက်မင်းသားသည် မူလကိုယ်ပိုင်ရှင်အပေါ် မည်သည့်အခါကမျှ သံယောဇဉ်မရှိခဲ့ဘဲ၊ သူ့အပြုအမူများမှာ အမြဲတမ်း အေးတိအေးစက်နိုင်လှသော်လည်း၊ မူလကိုယ်ပိုင်ရှင်မှာမူ ကလေးဘဝကတည်းက ခါချ၍မရသော ပီကေတစ်ဖတ်လိုမျိုး သူ့အနားတွင် အရှက်မရှိ ကပ်တွယ်နေရသည်ကို အမြဲတစေ သဘောကျခဲ့လေသည်။


စုန့်စစ်မင်သည် သူ့အင်္ကျီလက်ကို အတင်းဆွဲကိုင်လိုက်ပြီး အရှက်မရှိစွာ ပြောလိုက်လေသည်။ 


"အစ်ကိုဟန်က နေ့တိုင်းကုမ္ပဏီမှာ ကိစ္စပေါင်းများစွာနဲ့ ရှုပ်နေတာတောင် ကျွန်တော့်မွေးနေ့ပွဲကို လာတက်ပေးသေးတယ်ဆိုတော့၊ အစ်ကိုဟန် ကျွန်တော့်ကို ဂရုစိုက်သေးတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား"


"ဆောရီးပဲ" 


ပေါ်မုဟန်က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်၏။ 


"မဟုတ်ဘူး၊ ငါ့ခေါင်းထဲမှာ အလုပ်ပဲရှိတယ်"


ပတ်ဝန်းကျင်မှ လူအချို့မှာ ပိုကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။


စုန့်စစ်မင်သည် လှည့်ကာ ထိုလူစုကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက်၊ သူ့ ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။


 "အို... အစ်ကိုဟန်က သူ့အလုပ်ကို အရမ်းချစ်တယ်ဆိုတာ ကျွန်တော် သိပြီးသားပါ"


သူသည် ပေါ်မုဟန်၏သန်မာသော လက်မောင်းကို ဆုပ်နယ်လိုက်ရင်း၊ စိုးရိမ်ဟန်ဆောင်ကာ ပြောလိုက်လေသည်။


 "အစ်ကိုဟန်.. ဒီလောက်ကြီးတဲ့ ကုမ္ပဏီကို စီမံအုပ်ချုပ်ရတာ အရမ်းပင်ပန်းမှာပဲ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့နော်၊ အလုပ်တွေ အရမ်းမလုပ်နဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပဲ"


"ကျေးဇူးပဲ" 


ပေါ်မုဟန်သည် သူ့လက်ကို ယဉ်ကျေးစွာ ဖယ်ရှားလိုက်လေသည်။


သူ၏ အေးစက်စက်နှင့် ဝေးကွာနေပုံရသော မျက်ဝန်းများ အနည်းငယ် ပင့်တက်သွား၏။


စုန့်စစ်မင် အနည်းငယ် မှင်သက်သွားလေသည်။


မူလကိုယ်ပိုင်ရှင်ဖြစ်သူက အရူးအမူးချစ်မိသွားသည်မှာလည်း မဆန်းပါချေ။ ဤမျှလောက် ဆွဲဆောင်မှုရှိလွန်းသော မျက်နှာလေးနှင့်ဆိုလျှင်၊ မည်သူကများ သူ့ကို မချစ်ဘဲနေနိုင်မည်နည်းဟု သူ စိတ်ထဲမှ ကြိတ်တွေးလိုက်မိသည်။


"လက်ဆောင်" 


ပေါ်မုဟန်သည် အိတ်ကို သူ့ထံ မကမ်းပေးခင် ခြေနှစ်လှမ်း သုံးလှမ်းခန့် နောက်ဆုတ်လိုက်လေသည်။


 "မွေးနေ့မှာ ပျော်ရွှင်ပါစေ"


"ဝါး... ဒါက အစ်ကိုဟန် ကျွန်တော့်အတွက် ပြင်ဆင်လာပေးတဲ့ မွေးနေ့လက်ဆောင်လား" 


စုန့်စစ်မင်သည် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းရယူကာ အလွန်အမင်း အံ့သြဝမ်းသာဟန်ဖြင့် အော်ပြောလိုက်လေသည်။ 


"အစ်ကိုဟန် ကျွန်တော့်ကို အံ့သြသွားအောင်လုပ်ဖို့ မမေ့ဘူးဆိုတာ သိနေတယ်၊ ကျွန်တော် အရမ်းပျော်တာပဲ"


စနစ်သည် သူ့စိတ်ထဲမှ မကျေမချမ်း မညည်းညူဘဲ မနေနိုင်တော့ချေ။ 


[Host.. ကျွန်တော် ပြောချင်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျား သရုပ်ဆောင်တာ အရမ်းကိုဟန်ဆောင်ရာကျလွန်းတယ်၊ သဘာဝကျကျလေး သရုပ်ဆောင်လို့ မရဘူးလား]


စုန့်စစ်မင်: [ယူချင်ယူ မယူချင်နေ၊ မကြိုက်ရင် ထွက်သွား]


ပေါ်မုဟန်: "..."


ဤကောင်လေးသည် ပြီးခဲ့သည့် သုံးလလုံးလုံး သူ့မွေးနေ့ နီးလာပြီဖြစ်ကြောင်း ရက်အနည်းငယ်ခြားတစ်ခါ အရူးအမူး သတိပေးနေခဲ့ခြင်းဖြစ်သည်။ မမှတ်မိဘဲနေရန်မှာ ခက်ခဲလှပေသည်။


စုန့်စစ်မင်သည် လက်ဆောင်ဘူးကို လူတိုင်းရှေ့တွင် ရူးသွပ်လုမတတ် ဝမ်းသာပျော်ရွှင်စွာဖြင့် ဖွင့်လိုက်လေသည်။ သူ့ စိတ်လှုပ်ရှားမှုကို ဖော်ပြရန်အတွက် သူ့လက်ချောင်းများကိုပင် တုန်ယင်နေစေရန် ဖန်တီးလိုက်သေး၏။


ထို့နောက်၊ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ အေးခဲသွားလေသည်။

သူသည် ထိုအထဲတွင် လက်ရာမြောက်လှသော... ကတ်ကြေးတစ်လက်ကို တွေ့လိုက်ရလေသည်။


"...ဒါက ဘာလဲ"


ဒါက ဘာအတွက်လဲ ? သူ့ကိုသူ သတ်သေဖို့လား ?


သူ့ပတ်ဝန်းကျင်တွင် ရယ်မောသံများ ပေါက်ကွဲထွက်လာလေသည်။


ပေါ်မုဟန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။ 


"ဟင်း... စက္ကူညှပ်ကတ်ကြေးလေ၊ ကောင်းမွန်တဲ့ ဆန္ဒကို ဖော်ပြတဲ့ ဥရောပဓလေ့တစ်ခုပါ"


စုန့်စစ်မင်: "..."


ဒါက အဆက်အသွယ် လုံးဝဖြတ်တောက်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးလား ?


"မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဟန်၊ စက္ကူညှပ်ကတ်ကြေးလေးကို ကျွန်တော် အရမ်းသဘောကျတာပဲ၊ တကယ်ကို စေတနာပါတဲ့ လက်ဆောင်လေးပါပဲ" 


နောက်ပိုင်း လူသတ်ဖို့သုံးတဲ့အခါ ငါ့အတွက် အဆင်ပြေတာပေါ့


ပေါ်မုဟန်သည် သူ့အား တကယ်ကို ဂရုမစိုက်ခဲ့ချေ။ မွေးနေ့လက်ဆောင်အဖြစ် ကတ်ကြေးတစ်လက်ကိုပေးခဲ့သည်။ အကယ်၍ ဤခန္ဓာကိုယ်၏ မူလကိုယ်ပိုင်ရှင်သာဆိုလျှင် ဒေါသထွက်နေလောက်ပြီဖြစ်သည်။ သို့သော်လည်း၊ စုန့်စစ်မင်သည် အလွန်တောက်ပသော အပြုံးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။


ပေါ်မုဟန်၏ မျက်ဝန်းများထဲတွင် အံ့သြမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ စုန့်စစ်မင်အနေဖြင့် ငိုယိုခြင်း သို့မဟုတ် ပြဿနာရှာခြင်းမရှိဘဲ ၎င်းကို လက်ခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။


သူသည် ဤလူကို အထူးတလည် သဘောမကျသောကြောင့်၊ လက်ဆောင်အတွက် အများကြီးစဉ်းစားမနေခဲ့ပေ။ ဤနေရာသို့ သူ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စုန်းမိသားစုနှင့် ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ရန်သာ။


"ရပါတယ်"


ထိုသို့ပြောပြီးနောက်၊ ပေါ်မုဟန်သည် ပွဲခန်းမထဲသို့ ဝင်သွားလေသည်။


"ဟားဟားဟား.. စုန့်စစ်မင်တော့ သူ့ကိုယ် သူ ထပ်ပြီး အရှက်ခွဲလိုက်ပြန်ပြီ၊ ပေါ်မုဟန်က သူ့ကိုအဖက်တောင်မလုပ်ချင်ဘူးဆိုတာ သူ မမြင်ဘူးလား"


"သူက သူ့ကိုယ်သူ လှည့်စားရတာ သဘောကျတာလေ၊ ဟားဟားဟား.. သူ့ရဲ့ အရှက်ရသွားတဲ့ မျက်နှာပေးကို မြင်ရတိုင်း ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်"


...


ယွင်မြို့တော်၏အထက်တန်းလွှာအသိုင်းအဝိုင်း တစ်ခုလုံးတွင်၊ စုန်းမိသားစုမှ စုန့်စစ်မင်သည် ပေါ်မုဟန်အပေါ် ရူးရူးမိုက်မိုက် ချစ်ကျွမ်းဝင်နေပြီး ကလေးဘဝကတည်းက အရူးအမူး လိုက်လံပိုးပန်းနေခဲ့ကြောင်းကို လူတိုင်းသိကြသည်။ သို့သော် ပေါ်မုဟန်ကမူ ပုံမှန်အားဖြင့် သူ့ကို တစ်ချက်လေးပင် လှည့်မကြည့်ချင်ခဲ့ပေ။


ရဲ့နန်ချန်သည်လည်း ကွယ်ရာတွင် ဝမ်းသာအားရ ဖြစ်နေလေသည်။ ပေါ်မုဟန် စုန့်စစ်မင်ကို လှည့်တောင်မကြည့်ပေ။ ဤအရူးကသာ ကတ်ကြေးတစ်လက် ရလိုက်သည့်အတွက် အလွန်အမင်း ပျော်ရွှင်နေခြင်းဖြစ်သည်။


စုန့်စစ်မင်သည် မူလက ပေါ်မုဟန်နှင့်အတူ ဝင်သွားရန် စီစဉ်ထားသော်လည်း၊ သူ လှည့်ကြည့်လိုက်သောအခါ လှပသော မျက်နှာလေးတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။


သူ့ နာမည်ခံ ညီငယ်လေးဖြစ်သူ၊ ဤဇာတ်လမ်း၏ ဇာတ်လိုက်မင်းသားအစစ် စုန့်စစ်ချယ်သည် နောက်ဆုံးတော့ ရောက်လာခဲ့ပြီဖြစ်သည်။


စနစ်၏တာဝန်ပေးအပ်သည့် အသံ ထွက်ပေါ်လာလေသည်။


 [Host.. ပစ်မှတ်ကို လော့ခ်ချလိုက်ပါပြီ၊ အခု ခင်ဗျား အဓိကတာဝန်ကို စတင်အကောင်အထည်ဖော်လို့ ရပါပြီ၊ ဇာတ်လိုက်မင်းသားရှေ့မှာ စုန့်မင်ချယ်ကို နှုတ်နဲ့ စော်ကားလိုက်ပါ!]