Ch 3
Viewers 3k

🌵 Chapter 3

 

 

 

စုန့်စစ်ချယ်သည် ယနေ့တွင် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ နူးညံ့ပျော့ပျောင်းကာ အားနည်းယိမ်းယိုင်နေပုံရသည်။ သူ့ အသားအရေမှာ အလွန်ဖြူဖွေးနေပြီး နှုတ်ခမ်းများမှာလည်း ဖြူဖျော့နေကာ၊ အကာအကွယ်ပေးချင်စိတ်ကို ဖြစ်ပေါ်စေသည့် သဘာဝအတိုင်း ချောမောသော မျက်နှာလေးကို ပိုင်ဆိုင်ထားပေသည်။

 

ထင်ရှားပေါ်လွင်စွာ လှပပြီးရန်လိုတတ်သော စုန့်စစ်မင်နှင့်မူ ကွဲပြားခြားနားနေလေသည်။

 

မူလဇာတ်လမ်းထဲတွင် စုန့်စစ်ချယ်သည် သခင်လေးအစစ်ဖြစ်သော်လည်း၊ မွေးစကတည်းက လူစားထိုးခံလိုက်ရကာ စုန်းမိသားစု၏ တရားမဝင်သားလေးဖြစ်လာခဲ့ရသည်။ သူသည် ပေါ်မုဟန်နှင့် မတွေ့ဆုံခင်အချိန်အထိ ကလေးဘဝတစ်လျှောက်လုံး စုန့်စစ်မင်၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီး၊ တွေ့ဆုံပြီးနောက်ပိုင်းမှသာ သူ၏ဘဝသည် သိသိသာသာ ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူသည် လက်ဆောင်ဘူးလေးတစ်ခုကို ကိုင်ဆောင်ထားလျက် စုန့်စစ်မင်အနားသို့ လျှောက်သွားကာ ရိုးသားပွင့်လင်းစွာ ပြောလိုက်လေသည်။

 

"စစ်မင်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

 

စနစ်: [Host! အခု ယုတ်မာလို့ ရပါပြီ!]

 

စုန့်စစ်မင်သည် လက်ကိုမြှောက်ကာ စုန့်စစ်ချယ် လက်ထဲမှ လက်ဆောင်ဘူးလေးကို ပုတ်ချလိုက်လေသည်။ သေသပ်လှပသော ကွတ်ကီးလေးများသည် မြေပြင်ပေါ်သို့ အလျင် အမြန် ပြုတ်ကျသွားကာ၊ ပတ်ဝန်းကျင်၌ ဆူညံပွက်လောရိုက်သွားစေခဲ့သည်။

 

သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

 

"စုန့်စစ်ချယ်၊ ငါ့ပွဲကို တက်ဖို့ မင်းကို ဘယ်သူခွင့်ပြုထားလို့လဲ၊ တရားမဝင်တဲ့ သားတစ်ယောက်ဖြစ်တဲ့ မင်းက ဒီမှာ ရပ်နေဖို့ မတန်ဘူး၊ ထွက်သွားစမ်း"

 

သူ့ ဒေါသကြီီးမှုကြောင့် လူတိုင်း အံ့သြမှင်သက်သွားကြလေသည်။ စုန့်စစ်မင်သည် လူအများရှေ့တွင် သူ့ ညီဖြစ်သူကို ဤမျှလောက် အလေးမထားဘဲ ဆက်ဆံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြသဖြင့်၊ ချက်ချင်းဆိုသလို အချင်းချင်း တီးတိုးပြောဆိုလာကြလေသည်။

 

စုန့်စစ်ချယ်သည် ခေါင်းငုံ့သွားရုံသာ ခေါင်းငုံ့သွားပြီး ပြုတ်ကျသွားသည့် ဝက်ဝံပုံစံ ကွတ်ကီးလေးများကို တိတ်ဆိတ်စွာ ကောက်ယူလိုက်ရင်း၊ နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားလိုက်လေသည်။

 

 "ဆောရီးပါ စစ်မင်ရယ်၊ ငါ... မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး၊ ဒီနေ့ မင်းမွေးနေ့ဆိုတော့ ငါ တစ်နေခင်းလုံး အချိန်ပေးပြီး ဒီကွတ်ကီးလေးတွေကို ဖုတ်လာခဲ့တာပါ၊ မင်း မကြိုက်ဘူးဆိုတော့လည်း ငါ လွှင့်ပစ်လိုက်ပါ့မယ်..."

 

 

သူသည် အပြင်ဘက်ရေကူးကန်ဘေးတွင် ဆောင့်ကြောင့် ထိုင်နေရင်း အားနည်းယိမ်းယိုင်ကာ သနားစရာကောင်းနေလေသည်။

 

တစ်စုံတစ်ယောက်က ဝင်မကြည့်ရက်တော့ဘဲ ဝင်ပြောလာလေသည်။

 

"စုန့်စစ်မင်၊ ဒီလိုလုပ်ဖို့ လိုလို့လား၊ သူက မင်းညီလေ"

 

စုန့်စစ်မင်သည် ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ကြည့်လိုက်လေသည်။ ဟင် ? ပေါ်မုဟန် ဘယ်ရောက်သွားတာလဲ ? ဇာတ်ကွက်အရဆိုလျှင် သူသည် အနီးအနားတွင် ရှိနေရမည်ဖြစ်ပြီး၊ ထို့နောက် ဇာတ်လိုက်မင်းသား ရေထဲကျသွားသည်ကို မြင်သောအခါ၊ ဒုက္ခရောက်နေသူလေးကို ကယ်တင်ရန် ချက်ချင်း ခုန်ချရမည် မဟုတ်ပါလား။ အဲ့ဒါ စာအုပ်ထဲမှာ သူတို့နှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်သွားကြတဲ့ နည်းလမ်းပဲလေ။

 

စနစ်က သူ့စိတ်ထဲမှနေ၍ ဆက်တိုက် တိုက်တွန်းနေလေသည်။

 

စုန့်စစ်မင်သည် သွားကိုကြိတ်ကာ ခွန်အားမွေးလိုက်ပြီး၊ ထောင့်နားတွင်ရှိနေသော ပေါ်မုဟန် ကြားနိုင်သည့် စူးရှသော အသံမျိုးကို အသုံးပြု၍ပြောလိုက်လေသည်။

 

"စုန့်စစ်ချယ်၊ မင်းက ဘာလို့ လူတိုင်းရှေ့မှာ သနားစရာကောင်းအောင် ဟန်ဆောင်နေရတာလဲ။ မင်းရဲ့ အဲ့ဒီ ဖြူစင်ချင်ယောင်ဆောင်နေတဲ့ မျက်နှာပေးကို ငါ အမုန်းဆုံးပဲ!"

 

သူသည် စုန့်စစ်ချယ်ကို တွန်းချရန် လက်လှမ်းလိုက်ရင်း စိတ်ထဲမှ တွေးလိုက်လေသည်။

 

 "ညီလေး၊ ငါ့ကို အပြစ်မတင်နဲ့နော်၊ မင်းကို ငါ တွန်းချလိုက်ပြီးရင် မင်းရဲ့ အိမ်မက်မင်းသားလေး ရောက်လာလိမ့်မယ်၊ မင်း ရေထဲကျသွားတာနဲ့ လှပတဲ့ ဖူးစာတစ်ခုကိုပိုင်ဆိုင်ရလိမ့်မယ်လို့ ငါ အာမခံတယ်!"

 

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ သူ့လက်က စုန့်စစ်ချယ် ခါးဆီသို့ ထိမိသွားသော်လည်း၊ စုန့်စစ်ချယ်မှာ လျင်မြန်စွာ ရှောင်တိမ်းသွားပြီး သူ့ကို ပြန်တွန်းချရန် ဉာဏ်နီ ဉာဏ်နက်တစ်ခုကို သိမ်မွေ့စွာအသုံးပြုလိုက်လေသည်။

 

သို့ရာတွင် အခြားသူများ၏အမြင်တွင်မူ၊ စုန့်စစ်မင်သည် ကြက်တစ်ကောင်ကို ခိုးရန်ကြိုးစားရင်း ကိုယ့်ဆန်ပါ အကုန်ခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

 

မပြုတ်ကျခင်လေးတွင် သူနှင့် စုန့်စစ်ချယ်တို့ မျက်လုံးချင်းဆုံသွားခဲ့ပြီး၊ ထိုကောင်လေး၏ မျက်ဝန်းများထဲတွင် အောင်ပွဲခံသည့် အရိပ်အယောင်တစ်ခုကို သူ မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရလေသည်။

 

ထို့နောက်...

 

သူ ပြုတ်ကျသွားလေသည်!

 

"အား! ကယ်ကြပါဦး!"

 

မူလဇာတ်ကွက်က ရေမကူးတတ်သည့် သူ ပြုတ်ကျသွားရမည့်အကြောင်း မဟုတ်ဘူးဆိုတာကို သူ မှတ်မိလိုက်လေသည်!

 

စုန့်စစ်မင်ကို တွန်းချလိုက်ပြီးနောက်၊ စုန့်စစ်ချယ်သည် မသိမသာနီးပါး ခပ်ဖွဖွရယ်မောလိုက်ပြီး၊ ထို့နောက် လှည့်ကာ အော်ပြောလိုက်လေသည်။

 

"ကျွန်တော့်အစ်ကို မတော်တဆပြုတ်ကျသွားလို့ သူ ရေမကူးတတ်ဘူး၊ ကယ်ကြပါဦး! ကယ်ကြပါဦး!"

 

စုန့်စစ်မင်.. ပြီးခဲ့တဲ့ဘဝက မင်း ငါ့ကို အကြွေးတင်ခဲ့သမျှ အရာအားလုံးကို၊ ဒီဘဝမှာ ငါ့ကို မင်း ပြန်ပေးဆပ်စေရမယ်!