အပိုင်း ၃
Viewers 18k

Chapter 3


ထိုသို့တွေးရုံမျှဖြင့် ကျွင်းချင်ယွီတစ်ယောက် သေတ္တာထဲတွင် လှုပ်ရှားနေခြင်းအား ရပ်လိုက်သည်။


သူ့ခေါင်းကို ဖြည်းဖြည်းလေး မော့လိုက်သည့်အခါ သူ့ကိုငုံ့ကြည့်နေသည့် ဖုယွမ်ချွမ်းကို တွေ့လိုက်ရသည်။


ကျွင်းချင်ယွီ : "..."


အားကစားမှာ အနီကတ်သမားကို ဖမ်းတာထက် ပိုရှက်စရာကောင်းတာရှိသေးလား။


ကျွင်းချင်ယွီက နှုတ်ခမ်းကို ပွတ်သပ်လိုက်ကာ ဖုယွမ်ချွမ်း၏အကြည့်တွေနှင့် ဆုံလိုက်သည်။ ပြီးနောက် ဖုယွမ်ချွမ်း၏စိုစွတ်နေသည့်အဝတ်ပိုင်းနားကို ဖြည်းဖြည်းချင်း ချဥ်းကပ်သွားလိုက်သည်။


ငါထင်တာတော့ ဒါက ပင်လယ်ရေလေးပဲလေနော်၊ ငါဒါကို မင်းအတွက် ခြောက်အောင်လုပ်ပေးမယ်။


သို့သော်လည်း သူရှေ့ကိုလှဲလိုက်သည်နှင့် သူ့နဖူးကို လက်ချောင်းတွေဖြင့် ဖိချခံလိုက်ရသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ရိုးသားပြီးကြည်လင်နေသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


"စားလို့မရဘူး"


ကျွင်းချင်ယွီ : "...."


ဘယ်သူက စားချင်နေလို့လဲ။


ဖုယွမ်ချွမ်းက တာဝန်ခံကိုကြည့်ကာ မေးလိုက်သည်။


"ဒီမှာ တစ်ခုခုစားဖို့ရှိလား၊ ရေသူတွေအတွက်စားစရာပြောတာ..."


"ရှိပါတယ်"


တာဝန်ခံက ရေသူတွေကြိုက်သည့် အဆာပြေစာအထုပ်လေးကိုထုတ်လာသည်။ ယင်းက ငါးခြောက်တစ်ထုတ်ပင်။


ဖုယွမ်ချွမ်းက ဆိုသည်။ 


"ငါရှင်းရမယ့်ထဲထည့်လိုက်ပါ"


"မလိုပါဘူး ၊ ဒီသရေစာတွေက ရေသူတွေအတွက် ပြင်ထားတာပါ"


တာဝန်ခံက ဖုယွမ်ချွမ်း၏လက်က ရေသူ၏နဖူးပေါ်တွင်ရှိနေတဲဖြစ်ပြီး ရေသူလေးကလည်း ယင်းကို ငြင်းဆန်လိုခြင်းမရှိသလို တိုက်ခိုက်ခြင်းလည်းမရှိသည်ကို မြင်လိုက်ရသည်။ 


တာဝန်ရှိသူက မနေနိုင်တော့ဘဲ လက်ကိုဆန့်ထုတ်ကာ ဆိုလိုက်သည်။


"ရေသူလေးရဲ့အရောင်က..."


စကားသံက ရုတ်တရက် ရပ်သွားပြီး သူ့လက်ကလည်း လေထဲတန်းလန်းကျန်ရစ်ခဲ့သည်။ သူ့လက်ချဥ်းကပ်သွားသည်နှင့် ရေသူလေးက ရေအောက်ကို ချက်ချင်းပင် ငုပ်လျှိုးသွား၏။


တာဝန်ရှိသူက သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်သည်။ ရေသူငယ်လေးများ၏ ပင်ကိုယ်စရိုက်မှာ ပြောင်းလဲနိုင်သော်လည်း သာမန်အခြေအနေအောက်တွင် လူများ၏ ချဉ်းကပ်ခြင်းမှ တွန်းလှန်နိုင်မည်မဟုတ်ပေ။ ဤရေသူလေးတွင် ထူးခြားသည့် ပင်ကိုယ်စရိုက်ရှိပေသည်။


ဖုယွမ်ချွမ်းကလည်း သေတ္တာကို အဝေးကိုရွှေ့လိုက်ချင်သည့်တိုင် ရေသူငယ်လေးကိုယ်တိုင်က ပုန်းလိုက်သည်ကို မြင်ပြီးနောက် သူကသေတ္တာကို မဖယ်လိုက်တော့ချေ။ သူကငါးခြောက်ကို ရေထဲထည့်ကာ ပြောသည်။


"စားလိုက်"


ကျွင်းချင်ယွီက ငါးခြောက်ကိုကိုင်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။


သူတကယ်ကို ဗိုက်မဆာဘူး။


သူစာအုပ်ထဲကူးပြောင်းလာပြီးကတည်းက ရက်အနည်းအတွင်း ရေမှော်တွေကိုပဲ စားလာတာကြောင့် သူ့ပါးစပ်တွင် အခြားအနံ့တွေထွက်မနေပေ။


အခြေစိုက်စခန်းက အချိန်မှန်အစာကျွေးပေမယ့် သူကတကြိမ်သာ ငါးစာကိုမြင်ဖူးလေသည်။ ထူးဆန်းသည့်အနံ့က သူ့ကိုပြန်ထွေးထုတ်စေချင်လာသည်။ ထိုအချိန်မှစ၍ ထိုအစာကျွေးသည့်နေရာသို့ ဖြတ်၍ပင်မသွားတော့ချေ။


သူရေမှော်တွေအများကြီးစားပြီးတာတောင် ငါးခြောက်၏အနံ့ကို ခံစား၍ရနေဆဲပင်။


ကျွင်းချင်ယွီက ငါးခြောက်ကို အံသွားများဖြင့် ဖြည်းဖြည်းချင်း ကြိတ်ဝါးလိုက်သည်။ အခန်းတစ်ခု၏ထောင့်သို့ရောက်သည့်အခါ ကျွင်းချင်ယွီအား ကော်ဖီစားပွဲပေါ် အတင်ခံလိုက်ရသည်။


တာဝန်ခံက ရေသူပျိုးထောင်ရေးလမ်းညွှန် စူပါစာအုပ်အထူကြီးအနည်းငယ်ကို ထုတ်ယူလာပြီး ယင်းတို့ကို တစ်ခုချင်းရှင်းပြလာသည်။


ကျွင်းချင်ယွီက ငါးခြောက်စားရင်း သေတ္တာထဲ၌ လဲလျောင်းနေကာ ဖုယွမ်ချွမ်းကို တစ်ချိန်လုံး ကြည့်နေရာ ထိုလူက အလေးအနက်ထားနားထောင်နေသည်ကို မြင်လိုက်ရ၏။


တာဝန်ခံကိုကြည့်လိုက်သည့်အခါတွင်လည်း သူကစိတ်ဝင်တစားဖြင့် တစ်ခုပြီးတစ်ခု ပြောနေလေသည်။


ကျွင်းချင်ယွီ၏နားတွေ နာကျင်လာသည်အထိ သူက ငါးစာကိုမည်မျှ ဂရုတစိုက် လုပ်ရမည်ကိုပင် ပြောပြနေလေသည်။


သူက အမြဲလိုလို ထိုသို့ရှည်လျားသော စကားများကို မကြိုက်ချေ။ ထို့ကြောင့် ခေါင်းငုံ့ကာ ငါးခြောက်စားခြင်းအပေါ်သာ အာရုံစိုက်လိုက်သည်။


ငါးလေးက သိပ်မကြီးပေ။ တာဝန်ခံက သူနောက်ဆုံးတစ်ကိုက်ကိုက်သည်အထိ ပြောနေဆဲဖြစ်သည်။


ကျွင်းချင်ယွီ သူ့နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်ကာ ရေမျက်နှာပြင်ပေါ် တက်လိုက်သည့်အခါ နောက်ငါးခြောက်တစ်ကောင်ကို သူ့ခေါင်းထက်တွင် တွေ့လိုက်ရသည်။


ကျွင်းချင်ယွီက ငါးခြောက်ကို ကိုင်လိုက်ကာ ဖုယွမ်ချွမ်းကို ကြည့်လိုက်လေသည်။


အမျိုးသား၏ မျက်လုံးများက သူ့ရှေ့မှ ပြုစုပျိုးထောင်ရေး လမ်းညွှန်စာအုပ်အစုအဝေးပေါ်တွင်သာ အမြဲလိုလို ရှိနေပြီး သူ့ဘက်ကိုပင် မကြည့်ချေ။


သို့သော်လည်း သူကတစ်ရှူးဖြင့် စိုသွားသည့် လက်ချောင်းထိပ်လေးကို သုတ်နေလေသည်။


ယင်းကို တွေ့လိုက်ရသည့်အခါ ကျွင်းချင်ယွီ တိတ်တဆိတ်ရယ်မောလိုက်ရာ ပူဖောင်းငယ်လေးတွေက ရေထဲတွင်ပေါ်လာသည်။


ရေပူဖောင်းတွေကို သူကမှုတ်ထုတ်လိုက်ကာ ငါးခြောက်ကို ကိုင်ထားရင်း အောက်ခြေမှာပြန်နေလိုက်သည်။


ထိုအရာက မည်မျှကြာသွားသလဲ သူမသိချေ။ ကျွင်းချင်ယွီက ငါးခြောက်အနည်းငယ်ကို ပိုစားခဲ့ပြီး သူ့လက်ထဲတွင်လည်း ငါးခြောက်သစ်တစ်ကောင်ကို ကိုင်ထားကာ ယင်းကိုမစားခဲ့ပေ။ သူက အိပ်ပျော်လုလုပင်ဖြစ်နေချေပြီ။


တာဝန်ခံက အချက်အလက်တွေကို ချလိုက်ကာ ပြောလိုက်သည်။


"အိုခေ၊ ဒီလောက်ပါပဲ၊ ငွေပေးချေပြီးတာနဲ့ ခင်များ ရေသူကိုခေါ်သွားလို့ရပါပြီ၊ မေးစရာရှိရင် အချိန်မရွေး တိုင်ပင်လို့ရပါတယ်၊ ကျွန်တော်တို့က ဖုန်းကို ၂၄နာရီဖွင့်ထားပါတယ်"


ကျွင်းချင်ယွီက သန်းဝေကာ ထလိုက်သည်။


နောက်ဆုံးတော့ ပြီးသွားပြီ။


ဖုယွမ်ချွမ်းက ငွေပေးချေသည့်အခါ အပိုငွေတွေကိုပါ ပေးလိုက်လေသည်။


"ရေသူတွေအတွက် အသုံးဝင်ပြီးလိုအပ်တဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ဒီလိပ်စာကို ပို့ပေးပါ"


တာဝန်ခံက ခေါင်းညိတ်သည်။ 


"ကောင်းပါပြီ"


တာဝန်ခံထွက်သွားပြီးနောက် ဖုယွမ်ချွမ်းက ရေသူငယ်လေးပါဝင်သည့် သတ္တောကို ကောက်မလိုက်သည်။


ဖုယွမ်ချွမ်းက သတ္တောထဲရှိ ရွှေရောင်ဖျော့ဖျော့ရေသူလေးကိုကြည့်ကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။ သိပ်ချောမွေ့လွန်းနေတယ်၊ အရမ်းကို မမျှော်မှန်းထားချင်စရာပဲ၊ တအားကိုအစစ်အမှန်မဟုတ်သလိုပဲ။


အတော်ကြာပြီးနောက် ဖုယွမ်ချွမ်းက နူးညံ့စွာပြောလိုက်သည်။


"ကိုယ်တို့..."


ကျွင်းချင်ယွီက မတ်မတ်ရပ်လိုက်ပြီး ဖုယွမ်ချွမ်း၏လက်နောက်ဘက်ကို ပုတ်လိုက်ကာ သူ၏စိတ်အားထက်သန်နေသည့်စကားတို့ကို နှောင့်ယှက်လိုက်သည်။


"အှီးးးးး"


-အိမ်ပြန်ရအောင်!


သူတို့ ရေသူပျိုးထောင်ရေးစခန်းမှထွက်လာခဲ့သည်။


ကျွင်းချင်ယွီ ရေအပြင်ဘက်ကိုထွက်လာကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူကသေတ္တာ၏အစွန်းတွေကိုကိုင်ကာ အပြင်ဘက်ကိုကြည့်လိုက်သည်။ ရက်အနည်းငယ်သာရှိသေးသော်ငြား သူပြင်ပလေကိုမရှူရသည်မှာ အတော်ကြာနေသလို ခံစားရသည်။


ပင်လယ်နှင့်တူသည့် ရေသူပျိုးထောင်ရေးစခန်းမှရေကန်ကြီးက ကြီးမားသည့်တိုင် အပြင်ဘက်တွင်နေရခြင်းက ပို၍သက်တောင့်သက်သာရှိ၏။


ပြီးတော့ လက်ရှိတွင် နေရောင်ကလည်း စူးရှမနေပေ။


စူးရှမနေဘူးလား....


ကျွင်းချင်ယွီ ငြိမ်သက်သွားပြီး သူ့ခေါင်းကိုမော့လိုက်ရာ ဖုယွမ်ချွမ်း၏လက်က သူ့ခေါင်းထက်ကိုရောက်နေတာကို တွေ့လိုက်ရသည်။


သူထွက်လာသည်နှင့် ဖုယွမ်ချွမ်းသည် သူ၏light brainကိုသုံးကာ အလုပ်များနေပြီး စာတွေကို အကြောင်းပြန်နေလေသည်။


ဖုယွမ်ချွမ်းက သူ့ကိုဂရုမစိုက်ဘူးဟု ကျွင်းချင်ယွီတွေးမိသော်ငြား ယခုကြည့်ရသည်မှာတော့...


ကျွင်းချင်ယွီ၏နှုတ်ခမ်းက မသိမသာလေးမြင့်တက်သွားသည်။ သူကဖုယွမ်ချွမ်း၏လက်ဝါးကို ညင်သာစွာပွတ်သပ်လိုက်ပြီး သေတ္တာထဲကို ပြန်ပုန်းနေလိုက်သည်။


ဖုယွမ်ချွမ်း၏ကိုယ်က အနည်းငယ်တုန်ယင်သွားသော်လည်း အမြန်ပင်ဖုံးကွယ်လိုက်ပြီး သူ၏ပျံသန်းစနစ်ပါသည့်ကားပေါ် ဘာမှမဖြစ်သလို တက်လိုက်လေသည်။


ကျွင်းချင်ယွီ ပို၍ပင် ပြုံးလိုက်မိသည်။ 


ဖုယွမ်ချွမ်း၏အိမ်မှာ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှသိပ်မဝေးချေ။ ကျွင်းချင်ယွီသိသလောက်ဆို မူလစာအုပ်တွင် ဖုယွမ်ချွမ်းက ပင်မကြယ်စင်ငါးခုထက်မနည်း ပိုင်ဆိုင်လေသည်။


သူကနေမကောင်းဖြစ်နေသည့်အခါ ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းနှင့် အနီးဆုံးတစ်ခုတွင် အမြဲနေသည်။


ဤသည်က သူ့အတွက် ရေသူကို ရွေးချယ်ရာတွင် လွယ်ကူစေရန်မှာ ထင်ရှားသည်။


သိပ်မဝေးဘူးဆိုလျှင်ပင် ယာဥ်ပျံရပ်သွားသည့်အချိန်တွင် ကျွင်းချင်ယွီက အနည်းငယ် အိပ်ပျော်နေပြီဖြစ်သည်။


သို့သော်လည်း ဖုယွမ်ချွမ်းက ပျံသန်းနိုင်သည့်ကား၏အပြင်ကို ထွက်လာချိန်တွင် ကျွင်းချင်ယွီက ခေါင်းကိုယမ်းလိုက်ကာ စွမ်းအင်တွေပြန်၍ပြည့်လာပြန်သည်။


မအိပ်ချင်တော့ပေ။


ဖုယွမ်ချွမ်းကို ကုသပေးသင့်၏။


ကုသခြင်းကို စောနိုင်သမျှစောစောလုပ်ခြင်းက ပို၍ကောင်းသည်။


ဖုယွမ်ချွမ်း၏ပြဿနာက ထင်တွေးထားသည်ထက် ပိုပြင်းထန်၏။


ထပ်မံနှောင့်နှေး၍မဖြစ်ပေ။


"အိပ်ချင်နေပြီလား..."


ဖုယွမ်ချွမ်း၏အသံက သူ့ခေါင်းထက်မှထွက်လာပြီး ကျွင်းချင်ယွီ သူ့လက်တွေကို အမြန်ချလိုက်သည်။


"အာ!"


မအိပ်ချင်ပါဘူး၊ မြန်မြန်သွားပြီး ကုသမှုခံယူရအောင်။


အလွန် အိပ်ငိုက်နေခဲ့သည့် ရေသူလေးက ဘာကြောင့် ရုတ်တရက် စိတ်ဓာတ်တွေတက်ကြွလာသည်ကို ဖုယွမ်ချွမ်း မသိချေ။ သူကလက်ချောင်းထိပ်လေးတွေဖြင့် ရေသူငယ်လေး၏ခေါင်းကို ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။


မမျှော်လင့်ထားဘဲ အပုတ်ခံလိုက်ရသည့် ကျွင်းချင်ယွီက ခေါင်းကိုအနည်းစောင်းလိုက်ကာ ဖုယွမ်ချွမ်း၏လေးနက်သည့်အကြည့်တို့ဖြင့် ဆုံလိုက်ရလေသည်။


ကျွင်းချင်ယွီက သူ့လက်တွေကို လှုပ်မရအောင် ဖက်ထားလိုက်သည်။


"ဟမ်..."


ဖုယွမ်ချွမ်းက သေတ္တာကို ကော်ဖီစားပွဲပေါ်တင်လိုက်သည်။ သူထကာထွက်မသွားမှီ ရေသူငယ်လေး၏ခေါင်းကို သူ၏လက်ချောင်းထိပ်များဖြင့် ပွတ်သပ်သွားသေးသည်။


"ကိုယ့်ကိုစောင့်နေ"


"အာ..." ကျွင်းချင်ယွီက သူ့ကိုလက်ဝေ့ယမ်းပြလိုက်သည်။


ဖုယွမ်ချွမ်း ထွက်သွားပြီးနောက် ကျွင်းချင်ယွီက ဧည့်ခန်းကို လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရသွားသည်။


သေးငယ်ပြီး အိပ်ခန်းသုံးခုပါသည့် စနစ်တကျဖြင့်သီးသန့်ဆန်သော ဘန်ဂလိုတစ်ခုပင်။


တိုက်ခန်းက သက်ဝင်မှုတို့လုံးဝ ပျောက်ဆုံးနေ၏။


ဆိုဖာပေါ်ရှိ မီးခိုးရောင်ဖုန်မှုန့်တို့မှာ ဖယ်ရှားထားခြင်းမရှိပေ။


အိမ်ရှိဖုန်မရှိသည့်နေရာတွေကိုအခြေခံကာ ဖုယွမ်ချွမ်း၏လှုပ်ရှားမှုတွေကို ခန့်မှန်း၍ရပေသည်။


ယင်းမှာ အိမ်မဟုတ်ပေ။ ယာယီနေထိုင်စရာနေရာတစ်ခုသာဖြစ်သည်။


ဖုယွမ်ချွမ်းက သူမီးဖိုခန်းထဲမှထွက်လာသည့်အခါ ဗန်းတစ်ခုကို သယ်လာခဲ့သည်။ 


ရေသူလေးရှိသည့်သေတ္တာ၏ဘေးတွင် စာအုပ်အနည်းငယ်ရှိနေပြီး ပန်းကန်ကို ထိုအပေါ်တွင် တင်ထားသည်။ ယင်းက ရေသူငယ်လေးရောက်နိုင်သည့် အမြင့်လောက်တွင်ဖြစ်၏။


ဖုယွမ်ချွမ်းက ပြောသည်။


"တစ်ခုခု အရင်စားလိုက်"


ကျွင်းချင်ယွီက ဗိုက်မဆာပေ။ သူငါးခြောက်တွေအများကြီး စားပြီးပြီဖြစ်သည်။


ပန်းကန်ထဲတစ်ချက်ကြည့်လိုက်ရာ လှီးဖြတ်ထားသည့် အသီးအရွက်အချို့နှင့်အသားခြောက်တွေကို တွေ့လိုက်ကသည်။


ကျွင်းချင်ယွီမှာ သူ့ကို နောက်ထပ်ရေသူစာတွေမကျွေးသည့်အတွက် အနည်းငယ်စိတ်သက်သာရာရသွားသည်။


သူ၏အသားနဲ့အရွက်အရောနှင့်ယှဉ်လျှင် ဖုယွမ်ချွမ်း၏စားစရာက ပို၍ရိုးရှင်း၏။


အာဟာရဖြည့်စွက်စာတစ်ခုတည်းသာဖြစ်သည်။


အာဟာရဖြည့်စွက်တွေ၏အရသာကို အရောင်ဖြင့်ခွဲထား၏။ ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ထဲမှပုလင်းကို တစ်ချက်ကြည့်လိုက်ရာ ယင်းကမူလအရသာပင်။


ကျွင်းချင်ယွီက ခရမ်းချဥ်သီးအပိုင်းသေးသေးလေးကိုကြည့်ကာ ကောက်ယူလိုက်သည်။


"အာ"


ဖုယွမ်ချွမ်းကဆိုသည်။


"စားကြစို့"


"ဟေး!"


ကျွင်းချင်ယွီက ထိုအရာကိုကိုင်ကာ လက်တစ်ဖက်ဖြင့် ရှေ့ကိုတွန်းပို့လိုက်သည်။


ဖုယွမ်ချွမ်း အံ့အားသင့်သွားရသည်။


"ကိုယ့်ကိုပေးတာလား"


ရေသူငယ်လေးတွေက အစာကိုကာကွယ်ကြပြီး လူတွေကဲ့သို့ပင် အစာအတွက်တိုက်ခိုက်ကြသည်။ အစာကိုမျှဝေပေးသည်မှာ မဖြစ်နိုင်ချေ။


သို့သော်လည်း သူ၏လက်တွေကိုဆန့်ထုတ်ထားသည့်ရေသူလေးကိုကြည့်ရသည်မှာ သူ့ကိုမျှပေးချင်ပုံရသည်။


"အာ~"


ကျွင်းချင်ယွီ ခရမ်းချဥ်သီးလေးကို ဖုယွမ်ချွမ်း၏လက်ထဲထည့်ပေးလိုက်ပြီး သေတ္တာထဲပြန်ဆုတ်သွားကာ သေတ္တာ၏အစွန်းကိုမှီလျက် သူ့ကိုကြည့်နေလေသည်။


ဖုယွမ်ချွမ်း ညင်သာစွာပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် "


ဖုယွမ်ချွမ်းက ခရမ်းချဉ်သီးလေးကို မစားခဲ့ပေ။  သူ့လက်ထဲရှိ အာဟာရဖြည့်စွက်စာကို သောက်ပြီးနောက်တွင် မီးဖိုခန်းထံ လှည့်ပြီးသွားခဲ့သည်။ 


သူပြန်ထွက်လာသည့်အခါ သူ့လက်ထဲတွင် ဇွန်းနဲ့ခက်ရင်းကို ယူလာခဲ့သည်။


Xxxxxx