Chapter 4
ဖုယွမ်ချွမ်းဘာလုပ်ချင်တာလဲဆိုတာကို ကျွင်းချင်ယွီသိချင်နေချိန်မှာပင် ထိုအမျိုးသားက သူ့ရှေ့ရှိခုံတွင် ထိုင်ချလိုက်သည်ကို မြင်လိုက်ရသည်။
ပန်းကန်ထဲမှ အသီးအရွက်များကို သေးသေးလေးတွေလှီးဖြတ်ကာ သူ့အားခက်ရင်းဖြင့် ကျွေးလာသည်။
"လာ"
ကျွင်းချင်ယွီ : "...?"
အဲတာက အရမ်းကြီးလို့မစားတာလို့ ခင်များထင်နေတာလား။
သူမဆာသော်လည်း ဖုယွမ်ချွမ်းကို အများကြီးမတွေးစေလိုသဖြင့် ပါးစပ်ကိုဟကာ ခရမ်းချဉ်သီးအပိုင်းလေး၏ ထိပ်ပိုင်းကို စားလိုက်သည်။
ထပ်မကျွေးနဲ့တော့။
"အွီ...."
ကျွင်းချင်ယွီက ပန်းကန်ထဲမှ အသီးအရွက်အမျိုးမျိုးကိုယူကာ ဖုယွမ်ချွမ်း၏လက်ထဲကို ထည့်ပေးလိုက်ပြီး ရေ၏အောက်ခြေကိုပြန်သွားကာ ပူဖောင်းတွေကို ပွက်ပွက်ထသွားစေသည်။
"မကြိုက်ဘူးလား"
ကျွင်းချင်ယွီ သူ့ခေါင်းကိုယမ်းလိုက်ပြီး သူ့ဘေးရှိငါးခြောက်ကိုဖမ်းလိုက်ပြီး နှစ်ကြိမ်တိုင်တိုင်ခါယမ်းပြလိုက်သည်။
ထို့ကြောင့် ဖုယွမ်ချွမ်းက ရေသူလေး အဆာပြေစာတွေစားထားသည်ကို သတိရလိုက်သည်။
သူဗိုက်မဆာတာ ဖြစ်သင့်ပါတယ်။
ဖုယွမ်ချွမ်း အစားအစာတွေကို ရှင်းလင်းနေသည်ကိုကြည့်ပြီးနောက် ကျွင်းချင်ယွီ ထရပ်ကာ အမြှီးကိုခတ်ရင်း သူ့လက်တွေကို ဖွင့်ဟလိုက်သည်။
"အာ!"
ကျွန်တော့်ကိုခေါ်ပါ!
ဖုယွမ်ချွမ်းက ရေသူငယ်လေးကို တိုက်ရိုက်ကြီးခေါ်လိုက်ပါက သူခြောက်သွေ့သွားမည်ကို စိတ်ပူပြီး လက်ကိုဆန့်ကာ သေတ္တာနှင့်အတူ သယ်လိုက်သည်။
ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းမှဝယ်ခဲ့သည်များက မရောက်သေးချေ။ သို့ဖြစ်ရကား ရေသူလေးမှာ သေတ္တာလေးထဲတွင် ခွေခေါက်နေရုံသာတတ်နိုင်သည်။
ဖုယွမ်ချွန်းက သူ့လက်တွေကိုဆန့်ထုတ်လိုက်သည်ကို မြင်သည့်အခါ ကျွင်းချင်ယွီမှ သူ့ကိုဖက်ဖို့ဟုထင်လိုက်သော်လည်း သေတ္တာကို ယူလိုက်ခြင်းဖြင့်သာ အဆုံးသတ်သွားသည်။ သူကအမြန်ပင်လက်ကိုဆန့်ထုတ်ကာ ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ကို ထိလိုက်သည်။
"အိုး!"
ဘာလို့သေတ္တာကိုသယ်နေရတာလဲ။ ကျွန်တော့်ကိုသယ်လေ။
သေတ္တာကိုဖြတ်ပြီး ဝိဥာဥ်စွမ်းအားထုတ်လွှတ်ဖို့ရာမှာ မလွယ်ကူပေ။ ရောဂါကို ကုသရန်လည်း ခက်ခဲ၏။
သူ၏လက်ကောက်ဝတ်မှ စိုစွတ်သည့်ခံစားချက်ကိုရလိုက်ပြီး အနည်းငယ်အေးသွားသဖြင့် ဖုယွမ်ချွမ်း၏လက်က တုန်ယင်သွားပြီး သေတ္တာကိုခေါက်မိသွားသည်။
ရေသူငယ်လေးသူ့ကို စိုက်ကြည့်နေပုံအရ လက်လျော့သွားပုံမရချေ။
ဖုယွမ်ချွမ်းက ပြောလိုက်သည်။
"မင်းထွက်လာလို့မရဘူး၊ မင်းရေတွေခြောက်သွားလိမ့်မယ်"
"အာ..."
ကျွင်းချင်ယွီကလည်းပြန်ပြော၏။
ရေပြတ်လပ်သွားတာမျိုးမရှိပါဘူး။
"ထွက်မှာလား"
"ဟုတ်တယ်!"
"တကယ်လား"
ကျွင်းချင်ယွီ သူ၏လက်ကိုလွှတ်ပေးလိုက်လေသည်။
ဖုယွမ်ချွမ်းက သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကျွင်းချင်ယွီ သေတ္တာ၏ထောင့်စွန်းမှနေ၍ ခုန်ချလိုက်လေသည်။
ဖုယွမ်ချွမ်း : "!"
ဖုယွမ်ချွမ်းက ရေသူလေးကို ပြန်တွန်းလိုက်ချင်သော်လည်း သူ့လက်အားကြောင့် ရေသူလေးနာကျင်သွားမှာကို စိုးရိမ်သွားသည်။ ထို့ကြောင့် လက်ဖြင့် သေတ္တာကို ကာထားရုံသာတတ်နိုင်၏။
ကျွင်းချင်ယွီက သူ့လက်ကို တွန်းလိုက်ပေမယ့် တုပ်တုပ်မျှပင် လှုပ်မသွားပေ။
သို့သော်လည်း ဖုယွမ်ချွမ်းက လမ်းမြန်မြန်လျှောက်နေသည်ကိုတော့ သူခံစား၍ရသည်။ သူ့ကိုသေတ္တာပေါ်တင်လိုက်ပြီးမှ လက်တွေကိုဖယ်လိုက်၏။
ကျွင်းချင်ယွီ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ရာ ဤသည်က စာကြည့်ခန်းဖြစ်ပုံရသည်။
ဒက်စတော့ပေါ်တွင် ဖိုင်အများစုရှိနေကာ အခန်းထဲတွင် အိပ်ယာတစ်ခုလည်းရှိ၏။
အလုပ်တွေကြောင့် ပင်ပန်းလာသည့်အခါ ခဏတာအနားယူဖို့ ယင်းကို သုံးနိုင်သည်။
ရေသူငယ်လေးက အပြင်ဘက်ကိုခုန်ထွက်နေခြင်းအား ရပ်လိုက်သည့်အခါ ဖုယွမ်ချွမ်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
သို့သော်လည်း နောက်တစ်ခဏတွင် ကျွင်းချင်ယွီက ဖုယွမ်ချွမ်းထံ သူ၏လက်တို့အား ဖွင့်ဟလာပြန်သည်။
"အာ.."
ကျွန်တော့်ကိုလာဖက်ပြီး ကုသလိုက်။
ဖုယွမ်ချွမ်း တိတ်ဆတ်သွားရသည်။
သေတ္တာက သိပ်မကြီးပေ။ သူ့လက်ကို ထိုထဲကိုထည့်လိုက်ရုံမျှဖြင့် ရေသူလေးအား ဖျစ်ညှစ်မိသွားနိုင်သည်။
ထို့ကြောင့် သူ့အနေနှင့် ရေသူငယ်လေးကို အပြင်ကိုခေါ်လိုက်ရုံမျှသာ တတ်နိုင်၏။
ဖုယွမ်ချွမ်း သူ့လက်ကိုဆန့်ထုတ်ပြီး ပြောလိုက်သည်။
"ခဏလောက်ကိုင်ထားလိုက်"
ကျွင်းချင်ယွီက လျစ်လျူရှုလိုက်ပြီး ဖုယွမ်ချွမ်း၏လက်ဖဝါးထဲတွင် သက်တောင့်သက်သာရှိသည့် အနေအထားကို ရှာလိုက်ကာ သူ၏ဝိညာဉ်စွမ်းအားကို စတင်ထုတ်လွှတ်လိုက်သည်။
ဖုယွမ်ချွမ်းကတော့ ဤသို့ရှည်လျားပြီးနှေးကွေးသည့် ရေလမ်းကြောင်းလေးကို မခံစားနိုင်ပေ။
သူ၏ဘယ်လက်တွင် ရေသူငယ်လေးကိုကိုင်ထားရင်း ဖုယွမ်ချွမ်းက စားပွဲတွင်ထိုင်လိုက်ကာ ညာလက်ဖြင့် စာရွက်စာတမ်းများကို အတည်ပြုနေသည်။
မူလက ရေသူငယ်လေးကို အိပ်ခန်းထဲပို့ပေးချင်ခဲ့တာဖြစ်သော်လည်း ရေသူငယ်လေးက သူ့ကိုတွယ်ကပ်လွန်းနေသည်။ သူထွက်သွားလျှင် သူ့ကိုရှာဖို့ရာ အပြင်ကိုခုန်ထွက်လာမည်ကို ကြောက်သဖြင့် သူ့ကိုစာကြည့်ခန်းထဲ ခေါ်လာရုံသာတတ်နိုင်သည်။
ကပ်တွယ်လွန်းသည့် ရေသူလေးကြောင့် သူအရှက်သည်းရလိမ့်မည်ဟူ၍ ဖူယွမ်ချွမ်းမှာ ဘယ်သောအခါမှ မတွေးခဲ့ဖူးပါချေ။
အလွန်တွယ်ကပ်ပြီး ကိုယ်ကျင့်တရားလည်းကောင်းသည်။
ရွှေရောင်ဖျော့ဖျော့ငါးအမြီးလေးမှာ အလွန်လှပပြီး ဆံပင်ရှည်များက ခါးအထိ ဖုံးအုပ်ထားကာ အမြီးလေးကလည်း ရံဖန်ရံခါဆိုသလို လှုပ်ယမ်းနေသည်။
ကျွင်းချင်ယွီက သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ရန်သာ အာရုံစိုက်နေသဖြင့် ဖုယွမ်ချွမ်း၏ အကြည့်ကို သတိမထားမိခဲ့ပေ။
ရေသူလေးက ကုသနေစဥ်တွင် နူးညံ့သိမ်မွေ့သည့်အခြေအနေသို့ရောက်သွားပြီး သူ၏မျက်လုံးကို ရိုးရှင်းစွာ မှိတ်ထားရင်း ကုသမှုတွင် အာရုံစိုက်နေလေသည်။
မျက်လုံးတွေမှိတ်ထားသည်မှာ အိပ်နေသကဲ့သို့ပင်။
ဖုယွမ်ချွန်းမှာ ရေသူငယ်လေးကို နှောင့်ယှက်မိမှာစိုးရိမ်မိပြီး သူ့လက်ကို မလှုပ်မယှက်ထိန်းထားကာ စာရွက်ကို အစာအယာလှန်လိုက်သည်။
အချိန်များစွာ ကုန်လွန်သွား၏။
ကျွင်းချင်ယွီ သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ဝိဥာဥ်စွမ်းအင်ကို ထုတ်လွှတ်ခြင်း ရုပ်ပိုင်းဆိုင်ရာအားနည်းစေသည်။ ဖုယွမ်ချွမ်း၏ဒဏ်ရာက အလွန်ပြင်းထန်ရာ ကျွင်းချင်ယွီမှာ တစ်ခါတည်းဖြင့် ဝိဥာဥ်စွမ်းအင်အများကြီးကို ရင်းနှီးလိုက်ရသည်။
သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်နှင့် နွမ်းနယ်မှုကို ခံစားရသည်။
ကျွမ်းချင်ယွီ မျက်တောင်ခတ်လိုက်သည်။
အပြင်ဘက်တွင် မှောင်နေပြီဖြစ်ကာ သူ့ကုသမှုက အတော်ကြာသွားပုံရသည်။
စာကြည့်ခန်းထဲရှိ ပင်မမီးကိုဖွင့်မထားချေ။ ထိုအစားနွေးထွေးသည့်အလင်းဖျော့ဖျော့လေးသာ ထွန်းညှိထား၏။
အရမ်းလင်းမနေချေ။ ညအိပ်မီးကဲ့သို့ပင်။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကိုလှည့်ကြည့်လိုက်သည်။
ထိုအမျိုးသားက စာရွက်စာတမ်းများကို အတည်ပြုရာတွင် အာရုံစိုက်နေ၏။
ဖုယွမ်ချွမ်းက နေမကောင်းဖြစ်နေသည့်တိုင် သူ့တွင်အာဏာရှိနေဆဲဖြစ်သည်။
လက်ရှိတွင် သူက အင်ပါယာ၏ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့နိုင်သည့် အခြေအနေတွင်ရှိနေသည်။ ဖုယွမ်ချွမ်းတွင် အခြားအတွေးမရှိလျှင်ပင် လက်ရှိအင်ပါယာအရှင်မှာ သူ့ကိုသည်းမခံနိုင်ကြောင်း ထင်ရှားသည်။
အင်ပါယာအရှင်က ဖုယွမ်ချွမ်းကို ကြောက်ရွံ့နေပြီး သူ၏နောက်ဆုံးအသုံးဝင်နေသေးသည့်အတွေးတို့ကို ညှစ်ထုတ်ဖို့လည်း ဘယ်တော့မှ တုန့်ဆိုင်းမနေပေ။
ကျွင်းချင်ယွီက သူ့နှုတ်ခမ်းထောင့်ကို စုပ်လိုက်ရင်း အင်ပါယာအရှင်နှင့်ပတ်သက်၍ မှတ်ချက်ပေးစရာစကားပင်မရှိတော့ပေ။
"နိုးပြီလား"
ကျွင်းချင်ယွီက အသံတိုးတိုးလေးဖြင့် တုန့်ပြန်လိုက်သည်။
"အာ.."
"ဗိုက်ဆာပြီလား"
ကျွင်းချင်ယွီ ခေါင်းခါပြလိုက်သည်။
မဆာပါဘူး၊ နည်းနည်းငိုက်နေရုံပါပဲ။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ချောင်းများပေါ်တွင် ထိုင်လိုက်သည်။ အပြင်မှာအကြာကြီးနေတာတောင်မှပဲ သူ့အမြှီးက မည်သည့်ခြောက်သွေ့မှုကိုမှ မခံစားရပေ။
ရေဓာတ်ခန်းခြောက်သွားမှာမဟုတ်ဘူးလို့ ပြောသားပဲ။
စာရွက်စာတမ်းတွေကို စီထားပြီး သုံးခုမျှသာကျန်တော့သည်။
ပြီးတော့ လက်ရှိတွင်လည်း ဖုယွမ်ချွမ်းက တစ်ခုကို ဖတ်နေသည်။
ကျွင်းချင်ယွီ တစ်ချက်ကြည့်ပြီး စကားလုံးတွေက သူ့ကိုဆွဲဆောင်သွားသည်။
"လစ်ဘစ်ရိပ်သာလမ်းတွင် ဇာ့ဂ်တစ်ကောင်ကို တွေ့ရှိခဲ့ရသည်။ တတ်နိုင်သမျှမြန်မြန်..."
ကျွင်းချင်ယွီ သူ၏မျက်ခုံးမွှေးတစ်ဖက်ကို မြှင့်လိုက်သည်။ အဲတာက ဖုယွမ်ချွမ်းကို လစ်ဘစ်ရိပ်သာလမ်းကိုသွားပြီး အင်းဆက်တွေကို သတ်ခိုင်းတာလား။
အောက်ရှိ တံဆိပ်အမည်ကိုကြည့်လိုက်ရာ ယင်းမှာ အင်ပါယာအရှင်၏အမှတ်တံဆိပ်ဖြစ်နေသည်။
ဖုယွမ်ချွမ်းနေမကောင်းနေတာနှင့်ပတ်သက်၍ သူ့လောက်မည်သူကမှ မသိပေ။ ဤအချိန်တွင် ဖုယွမ်ချွမ်းကို အပြင်ထွက်ပြီးဇာ့ဂ်တွေနှင့် ရင်ဆိုင်စေသည်တဲ့။
သူ့ကိုအန္တရာယ်ဖြစ်စေချင်တာ အသိသာကြီးပင်။
သို့သော်လည်း မူလစာသားတွင်မူ ဤတိုက်ပွဲအကြောင်း ဖော်ပြမထားပေ။ ဖုယွမ်ချွန်းက ထိုဇာ့ဂ်ကို ချောချောမွေ့မွေ့ ဖြေရှင်းလိုက်သင့်သည်။
အခြားဘာမှဖြစ်မလာလျှင် ကျွင်းချင်ယွီကတော့ ဖုယွမ်ချွမ်းအား ထိုခွေးအင်ပါယာအရှင်ကို သွားမကူစေလိုပေ။
သို့သော်လည်း ဤသည်ကအလုပ်မဖြစ်ပါချေ။
လတ်တလောမှာတော့ အင်ပါယာအရှင်နှင့် သူတို့ကျောခိုင်း၍ မဖြစ်သေးပေ။
သို့မဟုတ်လျှင် ဖုယွမ်ချွမ်း၏အနိုင်ရမည့်အခွင့်အရေးမှာ သိပ်မကြီးပါချေ။
သူဖုယွမ်ချွမ်းကို ကုသပြီးလျှင်တော့ ဖုယွမ်ချွမ်း၏တပ်နှင့်အတူ အင်ပါယာအားလက်ပြောင်းရန်မှာ မဖြစ်နိုင်တာတော့မဟုတ်ပေ။
အနာဂတ်ကိုတွေးပြီးနောက် ကျွင်းချင်ယွီ၏စိတ်အခြေအနေတိုးတက်လာသည်။
အမြီးက ပေါ့ပါးစွာ လှုပ်ယမ်းနေပြီး ဖုယွမ်ချွမ်း၏ လက်ကောက်ဝတ်ကို အမြီးဖျားလေးဖြင့် ရံဖန်ရံခါ ပွတ်တိုက်ကာ သူ၏ ဝိညာဉ်စွမ်းအင် လည်ပတ်မှုကို စစ်ဆေးပေးလိုက်သည်။
ဖုယွမ်ချွမ်းက ကြည့်သည့်အခါ သူက အမြန်ပြန်ဆုတ်လိုက်ပြီး ဘာမှမသိသလိုဟန်ဆောင်ရင်း အကြည့်တွေကို ဘေးကိုလွှဲပစ်လိုက်သည်။
ဖုယွမ်ချွမ်းက ဖိုင်တွေကိုအလုပ်ဆက်လုပ်ဖို့ရာ ခေါင်းငုံ့လိုက်သည်နှင့် သူကစတင်ပြီး ထိုသေးငယ်သည့်ပုတ်ခြင်းကို ထပ်မံ၍ပြုလုပ်ပြန်သည်။
ကျွင်းချင်ယွီ ပျော်ရွှင်စွာကစားနေရင်း သူ့အမြှီးကအေးလာတာကို ခံစားလိုက်ရသည်။
စူးစိုက်ကြည့်လိုက်သည့်အခါ ဖုယွမ်ချွမ်းက သူ့အကြေးခွံတွေကို စိုစွတ်အောင်ပြုလုပ်ရန် ရေစိုနေသည့်ဂွမ်းလုံးကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။
သူကအမြှီးကို အနည်းငယ် သုတ်ပေးနေသည်။
ကျွင်းချင်ယွီ နှုတ်ခမ်းကိုဖိလိုက်သည်။ သူနှိုးလာတာနှင့် သူ့အမြှီးကခြောက်နေတယ်လို့မခံစားရတာ မထူးဆန်းတော့ပါဘူး။
သူ့အမြီးမလှုပ်ရှားတော့သည်ကိုမြင်ပြီး ဖုယွမ်ချွမ်းက ဂွမ်းစကို ချလိုက်ကာမေးသည်။
"အဆင်မပြေဘူးလား"
ကျွင်းချွင်ယွီ ခေါင်းယမ်းပြလိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားကို မည်မျှကြာအောင် လွှတ်ပေးခဲ့သည်ကို ရုတ်တရက် တွေးလိုက်မိကာ ဖုယွမ်ချွမ်း၏လက်ကလည်း ဤအပြုအမူကို မည်မျှကြာအောင် ပြုလုပ်ခဲ့သည်ကို တွေးလိုက်မိသည်။
သူ့လက်အဆင်မပြေဖြစ်ပေလိမ့်မည်။ သူကဘေးကို ညွှန်ပြကာ တိုးတိုးလေးပြောလိုက်သည်။
"အာ..."
"ပြန်သွားတော့မှာလား"
"အာ.."
"ကောင်းပြီ..."
ဖုယွမ်ချွမ်းက ရေသူငယ်လေးကို ရေထဲသို့ ဖြည်းညှင်းညင်သာစွာ ပြန်ချပေးလိုက်သည်။
ဤထောင့်မှနေ၍ ဖုယွမ်ချွမ်း၏ဘေးတိုက်မျက်နှာနှင့် ခေါင်းငုံ့ကာ စာရွက်စာတမ်းများအား ကိုင်တွယ်နေပုံကို မြင်နိုင်သည်။
ဤသည်ကိုကြည့်ရင်း၊ ကျွင်းချင်ယွီမှာ စစ်မြေပြင်တွင် ဖုယွမ်ချွမ်း၏ပုံစံက ဘယ်လိုဖြစ်နေမလဲဆိုသည်ကို မတွေးပဲမနေနိုင်တော့ပေ။
ပြင်းထန်သည့် စစ်မြေပြင်၏ ပြာများထဲမှ မြင့်မားသည့် ရာထူးကို တက်လှမ်းခဲ့သောအမျိုးသား၊ စိတ်ကူးကြည့်ရုံမျှဖြင့် ထိုအချိန်က ကြီးကျယ်ခမ်းနားမှုကို မြင်နိုင်ပေသည်။
ငါးအမြီးကို ရေထဲတွင် စိမ်ထားရင်း သူ၏ဝိညာဉ်စွမ်းအင် ချို့တဲ့မှုကြောင့်ဖြစ်လာသည့် ပင်ပန်းနွမ်းနယ်ခြင်းက သူ့တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ ဖြတ်သန်းသွားသည်။
ကျွင်းချင်ယွီ မထိန်းနိုင်တော့ဘဲ သန်းဝေလိုက်ကာ သေတ္တာထဲပြန်ဝင်သွားလိုက်ပြီးနောက် မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။
ဖုယွမ်ချွမ်း သူ၏အလုပ်များပြီးသွားသည့်အချိန်တွင် ရေသူငယ်လေး အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
မှိန်ဖျော့သောအလင်းရောင်အောက်ရှိ ရွှေရောင်ဖျော့ဖျော့ ရေသူလေး၏ ပတ်လည်တစ်ဝိုက်တွင် နွေးထွေးသည့်လေထုတစ်ခု ဖြစ်ပေါ်နေသည်။
ရေသူလေး၏တည်ရှိမှုကြောင့် အတိတ်ကကဲ့သို့ အေးစက်ပြီးအထီးကျန်သည့်ညများကို သည်းခံနေစရာမလိုတော့ပေ။
ဖုယွမ်ချွမ်းက တိတ်ဆိတ်စွာအိပ်နေသည့် ရေသူငယ်လေးကိုကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
"ကောင်းသောညပါ"
Xxxxxxx