အပိုင်း ၉
Viewers 18k

Chapter 9


ကျွင်းချင်ယွီ ရေမျက်နှာပြင်ထက်ကို ရေကူးသွားပြီး သူ့လက်ထဲတွင် ရေကန်အခြေမှ အလှဆင်ကျောက်တုံးများရှိနေ၏။ သူကယင်းကို ဖုယန်ဟုန်၏နှုတ်ခမ်းထောင့်ကို ပစ်ပေါက်လိုက်သည်။


"ဘတ်"


ဖုယန်ဟုန်ကစကားပြောနေသည်။


"အဲဒါက ဒီလိုဖြစ်လိမ့်... အား!"


လုံးဝန်းသည့်ကျောက်ခဲလေးက သူ၏ဘယ်ဘက်မျက်လုံးကို တိုက်ရိုက်ထိမှန်သွားသည်။


ဖုယန်ဟုန် ရုတ်တရက်ကြယ်တွေလတွေမြင်သွားကာ ခေါင်းမူးသွားသည်။


"မင်း...!"


ဖုယန်ဟုန်ကအံကြိတ်လိုက်ပြီး လက်ပြန်ရိုက်ချလိုက်သည်။


ရှီခိုင်ရှင်း၏အာရုံက ရေသူလေးအပေါ်တွင် အမြဲရှိနေပြီး ချက်ချင်းဆိုသလို ငါးကန်ကိုကောက်မကာ နောက်ဆုတ်လိုက်ကာ ဖုယန်ဟုန်၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။


ဖုယန်ဟုန်က ဒေါသတကြီးချောင်းဆိုးလိုက်ရင်း


"ရှီခိုင်ရှင်း!"


ဖုယွမ်ချွမ်းထွက်သွားစဥ်က ရေသူလေး၏ဘေးကင်းမှုက အဓိကဟု သူ့ကိုမှာခဲ့သည်။


ရှီခိုင်ရှင်းက ဘာမှမတွေးဘဲ အလိုအလျောက် တုန့်ပြန်လိုက်ခြင်းဖြစ်ပြီး ဖုယွမ်ချွမ်း၏လက်ကို လွှတ်ပေးကာ အမှုမဲ့အမှတ်မဲ့အမူအယာဖြင့် ပြောလိုက်သည်။


 "ဦးလေးဖု၊ ဒီရေသူလေးက မာရှယ်လ်ရဲ့နှလုံးသည်းပွတ်လေးပါ၊ သူကခင်များနဲ့ကစားနေရုံပါပဲ"


ကျွင်းချင်ယွီ ရေအောက်မှနေ၍ နှာမှုတ်လိုက်သည်။ 


ဘေးမှာတစ်ချိန်လုံးတိတ်ဆိတ်နေသည့်အမျိုးသမီးက နူးညံ့စွာပြောလာသည်။


"ဖု၊ ပြဿနာမရှာနဲ့တော့၊ ယွမ်ချွမ်းနောက်ပိုင်းပြန်လာရင် ရှင်နဲ့ထပ်စကားများရပြန်တော့မယ်"


ဖုယန်ဟုန်က စိတ်ဆိုးသွားသည်။


"ငါကဘာဖြစ်နေလို့လဲ၊ ငါဘာများလုပ်နေလို့လဲ"


စုံတွဲနှစ်ယောက်စကားပြောနေချိန်တွင် ရှီခိုင်ရှင်းက ခေါင်းငုံ့ကာ အကူအညီမဲ့နေသည့်အမူအယာဖြင့် ရေသူငယ်လေးကို ကြည့်လိုက်သည်။ 


အဲဒါက ငါ့အတွက် အရမ်းခက်ခဲတာပဲ။


ရုတ်တရက်ဆိုသလို အပေါ်ထပ်စာကြည့်ခန်းမှ လှုပ်ရှားမှုထွက်ပေါ်လာသည်။


ရှီခိုင်ရှင်း လန့်ဖျပ်သွားပြီး


"ဘယ်သူလဲ!"


မည့်သည့်စကားသံမှထွက်မလာမှီမှာပင် သူကငါးကန်ကိုကိုင်ကာ ချက်ချင်း ပြေးထွက်သွား၏။ 


ဖုယန်ဟုန်နှင့်အမျိုးသမီး နှစ်ဦးစလုံးလည်း လန့်ဖသွားကာ သူတို့မျက်နှာကအနည်းငယ်လေးနက်သွားပြီး နောက်မှအမြန်လိုက်သွားကြသည်။


ရှီခိုင်ရှင်းက စာကြည့်ခန်းရှေ့တွင်ရပ်နေပြီး ဗလာဖြစ်နေသည့်စာကြည့်ခန်းကို ကြည့်လိုက်သည်။


အမျိုးသမီးက ရှေ့ကို တိုးလာပြီး ရှီခိုင်ရှင်း၏ပုခုံးကို လက်ဖြင့်ပုတ်ကာ ပြောသည်၊၊


"ရှောင်ရှီ၊ လန့်မနေပါနဲ့၊ ဒေါ်လေးနဲ့အပြင်ထွက်ရအောင်"


ရှီခိုင်ရှင်းက နားမကြားသူပမာဖြစ်သွားသည်။


သူက စာကြည့်ခန်းထဲကိုလျှောက်ဝင်သွားပြီး မည်သည်မှမဖြစ်သည်ကိုမြင်လျှင် ငါးကန်ကိုချလိုက်သည်။ ပြီးနောက် စားပွဲအောက်မှ သစ်သားဗီရိုကို ကန်ချလိုက်သည်။


"အား!"


အတွင်းဘက်မှလူက ရှက်ရွံ့စွာဖြင့် တွန့်လိမ်ကာထွက်လာသည်။


ကျွင်းချင်ယွီက ထိုလူကိုကြည့်နေပြီး ဘယ်သူဆိုတာ မသိပေ။


ယင်းမှာ ဖုယန်ဟုန်နှင့်ထိုအမျိုးသမီး သူ့အာရုံစိုက်မှုကိုရသင့်သည့်အကြောင်းရင်းပင်။


ထိုအရာက မူလဇာတ်ကွက်နှင့် မကိုက်ညီသည်နှင်ပတ်သက်၍လည်း သူသံသယရှိခဲ့သည်။


သိူ့သော်လည်း ယခုမူ အတည်ပြုလိုက်ချေပြီ။


ဤသည်က လီဂျီယန်အမှတ်အသားခိုးယူခံရသည့်အချိန်ပင်။ လူအရေအတွက်သာ ပြောင်းလဲသွား၏။


ကျွင်းချင်ယွီ သူ့နှုတ်ခမ်းထောင့်ကို နူးညံ့စွာဖိလိုက်သည်။ မူလစာအုပ်တွင် ဖုယွမ်ချွမ်းက တစ်ယောက်တည်းဖြစ်ကာ မည်သည့်ရေသူမှမရှိပေ။ သူထွက်သွားသည့်အခါ အိမ်တွင်လူမရှိတော့ချေ။


သို့သော်လည်း ယခုမူသူရှိနေပြီဖြစ်သည်။ ဖုယွမ်ချွမ်းက သူ့ကိုကာကွယ်ဖို့ရာ ရှီခိုင်ရှင်းကိုထားခဲ့၏။ သို့မှသာ သူ့မိသားစု၏တစ်စုံတစ်ယောက်ထံမှ ခိုးယူခြင်းမခံရစေရန်ဖြစ်သည်။


ယင်းက ပြောင်းလဲသွားသည့်အကြောင်းအရင်းပင်


ဖုယွမ်ချွမ်းထွက်သွားသည်နှင့် သူတို့ကရောက်လာသည်။ အချိန်ကတိုက်ဆိုင်လွန်းနေ၏။


ဖုယွမ်ချွမ်းမှာ အင်ပါယာခေါင်းဆောင်၏ မျက်လုံးများဖြင့် အမှန်တကယ် ဝန်းရံထားခံရပုံရသည်။


ကျွင်းချင်ယွီမှာ ဤအချက်ကြောင့်ပင် သူစကားပြောနိုင်သည့်အကြောင်းကို မထုတ်ဖော်ဝံ့ခဲ့ပေ။


ရေသူများက ကြယ်တာယာခေတ်မှဘာသာစကားတို့ကို နားလည်သော်လည်း မပြောကြပေ။ ဤသည်မှာ ကြယ်တာယာခေတ်၏ သဘောတူညီမှုဖြစ်သည်။


အင်ပါယာအရှင်က သူစကားပြောနိုင်သည်ကို သိသွားလျှင် ဖုယွမ်ချွမ်းနှင့်အတူမနေနိုင်တော့မည်ကို ကြောက်ရွံ့မိသည်။


သူ၏သတိထားမှုက မှန်သည်ကို ယခုတော့သက်သေပြနိုင်ပေပြီ။


ခွေးသား အင်ယာပါအရှင်...


အချိန်တိုအတွင်း ရှီခိုင်ရှင်းက တစ်စုံတစ်ခုခိုးယူရန် စာကြည့်ခန်းထဲ ဝင်ရောက်ခဲ့သူကို ဖမ်းမိသွားပြီး သူ့ကို တရွတ်တိုက်ဆွဲလိုက်သည်။


ကျွင်းချင်ယွီက ထိုအမျိုးသမီးနှင့်ပက်သက်၍ တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး မတ်တပ်ထရပ်ကာ "Eh'' ဟုအော်လိုက်သည်။


ရှီခိုင်ရှင်းက ရပ်တန့်သွားပြီး ရေသူလေးကို ထိန်းကိုင်ကာ


 ''ငါးလေး ခဏစောင့်ဦး၊ ငါ...''


''ငါသယ်ကူပါရစေ'' 


အမျိုးသမီးက လျှောက်လာရင်း ပြုံး၍ပြောလိုက်သည်။ 


''မင်း သူ့ကို သယ်ထုတ်ဖို့ ငါကူညီပေးမယ်''


ရေသူငယ်လေးက ယခုလေးတင် ဖုယန်ဟုန်နှင့် ပဋိပက္ခဖြစ်ခဲ့ပြီး ရှီခိုင်ရှင်းကလည်း စိတ်မသက်သာဖြစ်နေသည်။ သူကပြောလိုက်သည်။


"မလိုပါဘူး ဒေါ်လေး၊ ဒီမှာပဲ ခဏလောက်နေခိုင်းထားဖို့ အဆင်ပြေပါတယ်"


သို့သော် အမျိုးသမီးက သူ့ကိုလစ်လျူရှုလိုက်ပြီး ငါးကန်ကို သယ်မရန် လက်လှမ်းလိုက်သည်။


ကျွင်းချင်ယွီသည် အချိန်ကိုက်ပင် ငါးအမြှီးကို အသာအယာပုတ်ကာ ရေထဲမှ အရှိန်ပြင်းစွာ ခုန်လိုက်ပြီး အမျိုးသမီး၏ခါးတွင် ချည်ထားသော အလှဆင်အမြိတ်ကိုလှမ်းဆွဲထားလိုက်သည်။


အလှဆင်အမြိတ်အား ဖက်တွယ်ထားပြီးနောက်တွင် ကျွင်းချင်ယွီ၏ ခွန်အားများ ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် သိပ်မမြင့်ဘဲ ကြမ်းပြင်ကိုလည်း ကူရှင်ပျော့များဖြင့် ဖုံးအုပ်ထားလေသည်။


"အား"


 အမျိုးသမီးက လန့်ဖျပ်သွားပုံရပြီး တုန်တုန်ယင်ယင်နှင့် သူ့ကိုနင်းလိုက်လေသည်။


ယင်းကိုမြင်သည်နှင့် ကျွင်းချင်ယွီက ဘယ်ဘက်သို့ ပြတ်ပြတ်သားသား လှည့်လိုက်သည်။


အမျိုးသမီးသည် လေကိုသာ နင်းမိကာ နောက်အပြောင်းအရွေ့အတွက် တွေးနေသော်ငြား ရှီခိုင်ရှင်းက ခက်ထန်စွာ အော်လိုက်သည်။ 


"မလှုပ်နဲ့!"


သူက ရှေ့ကို ခြေတစ်လှမ်းတိုးလာသော်လည်း သူခိုးများ၏ တားခြင်းကို ခံလိုက်ရသည်။


အမျိုးသမီးက ထိတ်လန့်သွားပြီး ဖုယန်ဟုန်ကို အလျင်အမြန် တစ်ချက်ကြည့်လိုက်သည်။


ဖုယန်ဟုန်က ရှေ့သို့ ခြေလှမ်းနှစ်လှမ်းဖြင့် ပြေးလာပြီး အမျိုးသမီး၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ 


" ဘယ်လိုဖြစ်လို့ ငါးကန်လေးတောင် သေချာ မကိုင်နိုင်တာလဲ''


ဖုယန်ဟုန်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရေသူငယ်လေးအား ကြည့်လိုက်ရာ သူ့မျက်လုံးများ မှိန်ဖျော့နေကာ နာကျင်နေဆဲဟု တွေးလိုက်မိသည်။ သူ့သွားများကို အံကြိတ်လိုက်ပြီး ပြင်းထန်သော အလင်းတန်းများ သူ့မျက်နှာတွင် တောက်လောင်နေသည်။


ကျွင်းချင်ယွီက တစ်ခုခုမူမမှန်ကြောင်း သတိထားမိလိုက်သော်လည်း ဖုယန်ဟုန်က အမျိုးသမီးလက်ထဲမှ ငါးကန်ကို ပုတ်ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ 


ရေများပြည့်နေသော ငါးကန်က သူ့ဆီသို့ တည့်တည့်ပြုတ်ကျလာသည်။


ရှီခိုင်ရှင်း၏သူငယ်အိမ်များက ပြင်းထန်စွာကျုံ့ဝင်သွားပြီး သူ့ကို ဖမ်းကိုင်ထားသော သူခိုးကို အဝေးသို့ ကန်ထုတ်ပစ်ခဲ့သည်။


.


သူက အပြေးအလွှားဖြင့် သူလက်များကို ဆန့်ထုတ်ကာ ဖမ်းလိုက်သော်လည်း ငါးကန်က သူ့လက်များအားပွတ်တိုက်ကာ ကျဆင်းသွားသည်ကိုသာ စောင့်ကြည့်နေလိုက်ရသည်။


''မဖြစ်ဘူး''


 ကျွင်းချင်ယွီက ရှောင်ဖို့ကြိုးစားရင်း ရုတ်တရက် သူ့လက်ကောက်ဝတ်တွင် စူးရှစွာ နာကျင်လာကာ သူမလှုပ်နိုင်ခင်မှာ နောက်ကို ပြန်ထိုင်ချလိုက်ရသည်။


ပေါက်ကွဲသံဖြစ်ပေါ်လာသည်။


ဖန်ထည်တစ်ခုလုံး ကွဲ ကြေထွက်သွားသည်။


''ငါးလေး''


ချက်ခြင်းပင်၊ ကျွင်းချင်ယွီသည် တံခါးဝတွင် ဖုယွမ်ချွမ်း၏မျက်နှာအား မြင်လိုက်ရပြီး စကားမပြောရသေးမီသတိလစ်သွားသည်။


ဖန်ကွဲစများသည် အရောင်ရင့်ရင့် အလှဆင်ကျောက်တုံးများ၊ရေနေအပင်မျိုးစုံတို့ဖြင့် ရောယှက်နေပြီး အောက်မှ ရေသူငယ်လေးအား ဖိမိထားသည်။


စာကြည့်ခန်းက အလွန်တိတ်ဆိတ်သွား၏။


ရှီခိုင်ရှင်း၏ မျက်လုံးများက အရှုပ်အထွေးများကို ဖြတ်ကျော်ကာ တံခါးဝတွင် ရပ်နေသော ဖုယွမ်ချွမ်းအား ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။ သူ့အသံက တုန်လှုပ်သွားပြီး


"ယွမ်၊ မာရှယ်..."


နောက်အခိုက်အတန့်တွင်၊ ရက်စက်ကြမ်းကြုတ်ပြီးမတည်ငြိမ်သောစိတ်စွမ်းအားသည် အခြေအနေ တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။


---


ဒါက တမလွန်လား


ကျွင်းချင်ယွီက မျက်မှောင်ကြုံ့လိုက်ကာ သူက နာကျင်တာရော ဘာကိုမှမခံစားရပေ။


ကျွင်းချင်ယွီ သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်နှင့် လက်ထဲတွင် နှစ်သက်စရာကောင်းသော စပျစ်သီးစည်းများ ကိုင်ဆောင်ထားလျက် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။


ဒါက ...


နေရာလွတ်လား!


ကျွင်းချင်ယွီက သူ့လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်သည်။


သူ မသေသေးဘဲ နေရာလွတ်ကို ပြန်ဖွင့်လိုက်နိုင်ပြီလား?


ကျွင်းချင်ယွီ အကူညီမဲ့စွာ မျက်ခုံးပင့်လိုက်သည်။ နေရာလွတ်ပွင့်နေစဥ်တွင် သူက ဖုယွမ်ချွမ်းအတွက် ဝိဥာဥ်စွမ်းအားပါဝင်သော သစ်သီးနှင့် ဟင်းသီးရွက်များကို စားနိုင်သည်။


ဤနည်းဖြင့် ဖုယွမ်ချွမ်း၏ရောဂါသည် ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။


ဖုယွမ်ချွမ်းအကြောင်းကိုတွေးရင်း ကျွင်းချင်ယွီက တခြားအစားများအားစားလိုက်သည်။ 


ပြီးတော့ ဖုယွမ်ချွမ်းပြန်ရောက်လာတာကို သူမြင်လိုက်သလိုပဲ။


ကျွင်းချင်ယွီတွင် အရာအားလုံးကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူ၏ ဝိညာဉ်စွမ်းအားကို လည်ပတ်စေရန် မျက်လုံးမှိတ်ကာ လေ့လာမှုတွင် ပြန်စိတ်နှစ်လိုက်သည်။


ငါးကန်၏ အစအနများက ကျန်ရှိနေသေးပြီး လေးလံသော ငါးကန်ကြီးကို အမြင့်မှ ကျကွဲတာ ခံလိုက်ရသည့် နုနယ်သော ရေသူငယ်လေးသည် ဆက်၍မခံနိုင်တော့ပေ။ အစအနများအောက်ကရေသူလေးအား မည်သူမှ မကြည့်ရဲကြပေ။


ကျွင်းချင်ယွီထွက်လာသည့်အခါ ယင်းကိုမြင်လိုက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။


နေရာလွတ်၏အတွင်းနှင့် အပြင်တွင် အများဆုံး ရွှေ့ပြောင်းနိုင်သော အတိုင်းအတာတစ်ခု ရှိသည်။ ကျွင်းချင်ယွီသည် အကြီးဆုံးရွေ့လျားနိုင်သော အကွာအဝေးကို ရွေးချယ်ခဲ့ပြီး သူထွက်လာသောအခါ ကျန်အစအနများနှင့် မနီးမဝေးရှိ ရှင်းလင်းသည့် နေရာ တစ်ခုတွင် ဆင်းလိုက်သည်။


ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စာကြည့်ခန်းက ပရမ်းပတာဖြစ်ပြီး ကြမ်းပြင်က ရှုပ်ပွနေသည်။ ကျွင်းချင်ယွီတည်ရှိရာနေရာမှာ အခန်းထဲတွင် တစ်ခုတည်းသော ရှင်းလင်းသန့်ရှင်းနေသည့် နေရာဖြစ်သည်။


အိမ်ကတိတ်ဆိတ်လျက်ရှိသည်။


အချို့အရာတွေက မရှိတော့ပေ။


သွေးနံ့ဖျော့ဖျော့ကို သူရလိုက်သည်။


ဘာဖြစ်သွားတာလဲ


ကျွင်းချင်ယွီ အံ့ဩသွားသည်။


သူနေရာလွတ်ထဲ ဝင်သွားပြီးပြန်ထွက်လာသော်လည်း မိနစ်အနည်းငယ်အတွင်းမှာ ဘာတွေ ဘယ်လိုဖြစ်သွားလဲမသိပေ။


ထူးဆန်းနေစဥ်မှာပင် ကျွင်းချင်ယွီက အပြင်ဘက်မှ အသံကိုကြားလိုကိရသည်။


''မာရှယ်လ် စိတ်လျော့ပါဦး''


"စိတ်ငြိမ်ဆေး၊ စိတ်ငြိမ်ဆေးက ဘယ်မှာလဲ"


''လာကူကြဦး''


တိုက်ခိုက်သံများ၊ အမျိုးမျိုးသော ကွဲအက်သံများနှင့်အတူ အပြင်ဘက်တွင် ဖရိုဖရဲဖြစ်ပုံရသည်။


ကျွင်းချင်ယွီသည် လေထဲတွင် ဖုယွမ်ချွမ်း၏ စိတ်စွမ်းအားကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။


သူ့စိတ်စွမ်းအားကို ခံစားရသူတိုင်းက ဖိနှိပ်ခံရသလို ခံစားရတာဖြစ်ပြီး ယခုအချိန်မှာတော့ ဖုယွမ်ချွမ်း၏ စိတ်စွမ်းအားသည် မည်မျှအထိ ရုန်းကြွနေသည်ကို တွေ့မြင်နိုင်သည်။


ကျွင်းချင်ယွီက ကျယ်လောင်စွာ အော်လိုက်သည်။


 "အွီး...''


ဖုယွမ်ချွမ်း ခင်ဗျားမတော်တဆ ဖြစ်လို့မရဘူး


သို့သော် ပရမ်းပတာ အခြေအနေတွင် ရေသူငယ်လေး၏အသံမှာ သိသိသာသာ အားနည်းနေပသည်။


ကျွင်းချင်ယွီ ခဏလောက်စဉ်းစားပြီး သူ့ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ရန် နေရာတွင် ထိုင်လိုက်သည်။


ထိတွေ့ခြင်းမရှိပါက ဝိညာဉ်စွမ်းအားသည် မျက်နှာပြင်ပေါ်တွင်သာ လွင့်မျောနေမည်ဖြစ်သည်။


ကျွင်းချင်ယွီသည် ဤဝိဉာဥ်စွမ်းအားလောက်ဖြင့် ဖုယွမ်ချွမ်း သက်သာသွားစေရန် မျှော်လင့်ထားခြင်းမဟုတ်ဘဲ သူမသေသေးဘဲ ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သတိပြုမိစေချင်ရုံသာဖြစ်သည်။


နည်းနည်းဝေးနေပုံရသည်။


ကျွင်းချင်ယွီသည် သူ့နှုတ်ခမ်းများကို ပွတ်သပ်ကာ ရှေ့သို့ တွားသွားလိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ဆက်လက်ထုတ်လွှတ်လိုက်သည်။


အကွာအဝေးကို စမ်းသပ်ရန် အလွန်ခက်ခဲသည်။


နောက်ဆုံးတွင် သူသည် သူ၏ဝိညာဉ်ရေးစွမ်းအားကို ထုတ်လွှတ်ရင်း တွားသွားခဲ့သည်။


ရေထဲတွင် မဟုတ်ရကား ရေသူလေးမှာ အလွန်နှေးကွေးစွာ ရွေ့လျားနေရသည်။


ဧည့်ခန်းထဲတွင် ရှုပ်ပွနေပြီး အမျိုးသမီးမှာ မြေပြင်ပေါ်တွင် သတိလစ်နေခဲ့သည်။


ဖုယွမ်ချွမ်းက ဖုယန်ဟုန်၏လည်ပင်းကို လေးနက်သောအမူအရာဖြင့် ဆုပ်ကိုင်ထားပြီး လက်ငါးချောင်းကို အဆက်မပြတ် တင်းကြပ်ထားသည်။


ဖုယန်ဟုန်က လေထဲတွင် မြောက်နေပြီး ဖုယွမ်ချွမ်း၏ လက်အား သူ့လက်နှစ်ဖက်ဖြင့် ရိုက်နှက်သော်လည်း မရုန်းကန်နိုင်ပေ။


လက်အောက်ငယ်သားအများအပြားသည် ဖုယွမ်ချွမ်း၏ စိတ်ပိုင်းဆိုင်ရာ ဖိအားအောက်တွင် မတ်တပ်ရပ်မနေနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။


"ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ?!"


"ပြီးသွားပြီ၊ တစ်ခုခုတော့ဖြစ်တော့မယ်..." 


ရှီခိုင်ရှင်းက သူ့ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်ကာ ဖုယွမ်ချွမ်းအား မည်သို့ရပ်တန့်ရမည်ကို စဉ်းစားလိုက်သည်။


သို့သော် ဖုယွမ်ချွမ်းက ရုတ်တရက် အံ့အားသင့်သွားပြီး ဖုယန်ဟုန်ကို သူ့လက်မှ လွှတ်ချလိုက်သည်။


Xxxxxxxx