အပိုင်း ၁၅
Viewers 18k

Chapter 15


ဖုယွမ်ချွမ်းဘောလုံးလေးများကို ငါးကန်ထဲထည့်ကာ “မင်းက လေ့ကျင့်ခန်းလုပ်ရတာ မကြိုက်ဘူးမလား… ဒါလေးတွေက ငါးကန်ထဲထည့်ရတာလေးတွေလေ… လှုပ်လှုပ်ရှားရှား ဒါလေးတွေနဲ့ ဆော့ပေါ့…” 


 


ထိုသို့ကစားခြင်းကိုလည်း လေ့ကျင့်ခန်းဟု မှတ်ယူနိုင်သည်။ ၎င်းက လုံလုံလောက်လောက် မပြင်းထန်သော်ငြားလည်း ဘာမှမလုပ်သည့်စာရင်တော့ ကောင်းသေး၏။ 

ဘောလုံးလေးများမှာ အောက်ထိမမြှုပ်သွားဘဲ ရေထဲတွင် ပေါလောပေါ်နေ၏။ 


 ဖုယွမ်ချွမ်းတစ်ခုသာထည့်သော်လည်း ဝယ်လာသည်မှာ အများကြီးဖြစ်နေရသည့် အကြောင်းရင်းမှာ ရေသူလေး၏ ဖျက်ဆီးနိုင်စွမ်းကို သိနေေသောကြောင့်ဖြစ်သည်။ ကျန်ဘောလုံးလေးများမှာ အရံဖြစ်သည်။ 


ကျွင်းချင်ယွီ ငါးခြောက်စားပြီးသောအခါ ဖုယွမ်ချွမ်း သူ့လက်ထဲမှ ညှပ်ကို ယူလိူက်၏။ 


 


ဖုယွမ်ချွမ်း ဆေးဆက်လိမ်းကာ ပြန်သိမ်းရန်ပြင်နေစဉ် ကျွင်းချင်ယွီ သူ့လက်ကို ထုတ်လိုက်၏။ 


"အာ…" ကျွင်းချင်ယွီ လက်ကိုမြှောက်ကာ လက်ဖဝါးကို ဖုယွမ်ချွမ်း မြင်အောင်ပြနေ၏။ 


“ပြီးသွားပြီ…”.


ရေသူလေး၏ ခံနိုင်ရည်စွမ်းမှာ လူတစ်ယောက်ထက်အဆပေါင်းများစွာ သာလွန်၏။ 


လက်တွင် အပေါက်များရှိနေခဲ့သော်လည်း ယခုအခါ အရာတောင်မမြင်ရတော့ချေ။ 


လက်မှ ဒဏ်ရာများ ပျောက်သွားသည်ကို မြင်ရသောအခါ  ဖုယွမ်ချွမ်း "သွားကစားတော့လေ…"ဟုပြောလိုက်၏။ 


ကျွင်းချင်ယွီကမူ  ဖုယွမ်ချွမ်း စားပွဲတွင်ထိုင်နေသည်ကို ကြည့်နေ၏။ 


သူ ထိုနေရာသို့သွားချင်သော်လည်း စာအနည်းငယ်ဖတ်လိုက်လျှင် ပျင်းလာမည်ကို သိနေ၏။ အနည်းငယ်ဒွိဟဖြစ်ပြီးနောက် ငါးကန်ထဲမှသာ ဖုယွမ်ချွမ်း ကိုကြည့်နေရန် ဆုံးဖြတ်လိုက်သည်။ 


ကျွင်းချင်ယွီ လက်လှမ်းကာ ဘောလုံးလေးကိုဖက်လိုက်၏။ 


ကစားနေခြင်းမဟုတ်ဘဲ မှီနေခြင်းသာဖြစ်သည်။ 


ဘောလုံးလေး၏အထဲမှာ လေများဖြင့်ပြည့်နေသောကြောင့် ပေါလောပေါ်နေ၏။ 


ဘောလုံးလေးပေါ်တွင် ရေကူးရန် အမြီးလေးတစ်ချက်သာ လှုပ်လိုက်ရန် လိုလေသည်။ 


ယခုလို မျောနေရခြင်းက အရမ်းသက်သာသည်။ 

တစ်ခါတစ်လေ မလှုပ်ရှားဘဲနှင့်တောင် ဘောလုံးလေးက အလိုလိုရွေ့နေသည်။ ကျွင်းချင်ယွီ မူလနေရာသို့ ဘောလုံးလေးဖြင့် ပြန်ကူးသွားကာ ဖုယွမ်ချွမ်းကို ဆက်ကြည့်နေ၏။ 


 ဖုယွမ်ချွမ်း အလုပ်လုပ်နေရင်း ရေသူလေးကို လှမ်းလှမ်းကြည့်ေနလိုက်သည် လေ့ကျင့်ခန်းလုပ်ရန် ရည်ရွယ်သော ဘောလုံးလေးမှာ ရေသူလေး၏ခေါင်းအုံးဖြစ်နေသည်ကို တွေ့လိုက်၏။ 

ရွှေရောင်အဖျော့လေးဖြစ်သောကြောင့် အမြီးနှင့်ပင် တစ်သားတည်းဖြစ်နေသည်။ထိုသို့ ကစားရသည်ကို ရေသူလေး အလွန်ပျော်နေပုံရ၏။ 


ဘောလုံးလေးတစ်လုံးသာ ကျန်နေခဲ့မည့် ငါးကန်ကိုတွေ့လျှင် အထီးကျန်နေမည်ကိုလည်းတွေးမိသည်။ 


 ဖုယွမ်ချွမ်း ခဏအကြာ စဉ်းစားပြီးမေးလိုက်၏။ “ရေသူ ဖျော်ဖြေရေးစင်တာ ကို သွားမလား…” 


 


"အာ…" ကျွင်းချင်ယွီ ခေါင်းမော့လာကာ “ရေသူဖျော်ဖြေရေးစင်တာ…အဲ့ဒါက ဘာလဲ…” 


 ဖုယွမ်ချွမ်းပြောလိုက်၏။ “အဲ့ဒီမှာ ရေသူလေးတွေ အများကြီးရှိတယ်…” 


ပတ်ဝန်းကျင်မှ ရေသူလေးများ မိတ်ဆွေဖွဲ့ကြသောနေရာလည်းဖြစ်၏။ 


ဖုယွမ်ချွမ်း ထိုနေရာကို သိသော်လည်း တစ်ခါမှတော့ မသွားဖြစ်ချေ။ 


ယခင်ကတော့ ရေသူလေးမရှိသောကြောင့် ဖြစ်သော်လည်း ယခုရှိလာသောအခါ ခေါ်သွားရန်ပင်မတွေးမိခဲ့ချေ။ 


ကျွင်းချင်ယွီ ပါးစပ်မှပူဖောင်းလေး ထွက်လာသည် ရေသူလေးများနှင့် သူငယ်ချင်းလုပ်ရန် အတွေးပင်မရှိချေ။ သူ့အတွေးထဲတွင် အချို့သော ရေသူများမှာ ထူးဆန်းသော အမူအကျင့်များ ရှိကြသည်။ ထို့အပြင် လူများနှင့် အချိန်တစ်ခုအကြာရင်းနှီးပြီးနောက် အချို့ရေသူများ၏ အမူအကျင့်များမှာ လူသားများနှင့်တူလာသည်။  ကျွင်းချင်ယွီ လူများနှင့်အချိန်ကြာကြာ ရှိနေခဲ့သော ရေသူများနှင့် မသိချင်။ 


ကျွင်းချင်ယွီ ဘောလုံးလေးကိုဖက်ကာ လှိမ့်နေသည်။ “အာ…” 


သူ မသွားချင်ပေ။ 


ရေသူလေး၏ ပုံစံကိုကြည့်ကာ ဖုယွမ်ချွမ်း ဖျော်ဖြေရေးစင်တာအကြောင်း မပြောတော့ဘဲ  “ငါအိမ်မှာ နေနေရင်ပျင်းနေမလား…”


ကျွင်းချင်ယွီ ခေါင်းခါလိုက်သည် သူပျင်းလျှင် နေရာလွတ်သို့သွားသည်ဖြစ်စေ ဖျော်ရည်စက်တွင် ဖျော်ရည်ဖျော်သည်ဖြစ်စေ လုပ်နိုင်သည်။ 


တစ်နေ့လုံး ကစားခြင်းဖြင့်တော့ မပျင်းနိုင်။ 


ရုတ်တရက်ကြီး... ဘာ့ကြောင့်မေးသည် ဖြစ်မည်နည်း။ 


ကျွင်းချင်ယွီ ခဏအကြာ တွေးနေကာ ဖုယွမ်ချွမ်း၏ စကားများထဲ၌ အဝေးတစ်နေရာရာသို့ သွားမည့်ပုံ ပေါက်နေ၏။ 


"ဟင်း…" ကျွင်းချင်ယွီ အနည်းငယ် ပူပန်သွားသည်။ 


ဖုယွမ်ချွမ်း အနားသို့ရောက်လာကာ ခုံကိုရွှေ့ပြီး ငါးကန်ရှေ့တွင် ထိုင်လိုက်၏။ “မင်းမသွားချင်ရင် ကိုယ် မင်းနဲ့ ဆော့ပေးမယ်လေ…” 


ကျွင်းချင်ယွီ စားပွဲပေါ်မှ စာရွက်ပုံကြီးကို ထိုးပြကာ “အာ…” ဟု အသံပြုလိုက်၏။ 


ပြီးသွားပြီလား။ 


 ဖုယွမ်ချွမ်း ပြန်ပြောလိုက်၏။ “မပူပါနဲ့…”


ဖုယွမ်ချွမ်း မလောသည်ကိုကြားလိုက်ရေသာ ကျွင်းချင်ယွီမှာ အလုပ်ကိစ္စများအတွက် မပူပန်တော့ချေ။ ဖုယွမ်ချွမ်းတွင်လည်း သူ့အကြောင်းပြချက်နှင့်သူ ရှိပေမည်။ 


ကျွင်းချင်ယွီ ဘောလုံးလေးကို မြှောက်လိုက်ကာ “အာ…” ဟုပြောလိုက်၏။ 


“လာလေ…”


ကျွင်းချင်ယွီ ဘောလုံးလေးကို တည့်တည့်ပစ်လိုက်၏။ 


ဖုယွမ်ချွမ်း သူ့ဆန့်ကျင်ဘက်တွင်ထိုင်ကာ ဘောလုံးလေးမှာ ကွက်တိပင် ဖုယွမ်ချွမ်းလက်ထဲသို့ ကျသွား၏။ 


“အာ…”


ဖုယွမ်ချွမ်း အနည်းငယ်မြှောက်ကာ ပြန်ပစ်ပေးလိုက်သည်။ 


ငါးကန်နေရာမှာ အတိအကျမဟုတ်သောကြောင့် ကျွင်းချင်ယွီ ဘောလုံးလာရာကိုကြည့်ကာ ရေကူးသွား၏။ 


ရေအပြင်ဘက်အနည်းငယ်ရောက်သွားသော ဘောလုံးလေးကို လှမ်းဖက်လိုက်၏။ 


ထိုသို့ဘောလုံးပစ်နေရသည်ကပင် ကျွင်းချင်ယွီအတွက် အလွန်ပျော်စရာ ကောင်းနေ၏။ 


စိတ်ဝင်စားစရာကောင်းသည်မှာ ကစားနည်းမဟုတ်ဘဲ ပျင်းစရာကစားနည်းကို အတူကစားပေးနေသူဖြစ်၏။ 


ဖုယွမ်ချွမ်း ရေသူလေး ပျော်ရွှင်စွာ ကစားနေသည်ကို မြင်ရပြီး ရေသူလေး၏ အပြုံးကပင်သူ့ခံစားချက်ကို ကောင်းလာစေ၏။ 


မသိလိုက်ဘဲ အချိန်အတော်ကြာ ကစားနေကြသည်။ 


ကျွင်းချင်ယွီ ဘောလုံးသေးသေးလေးကို ကိုင်ကာ နောက်ကျလာပြီကို သတိထားမိသွား၏။ ဖုယွမ်ချွမ်း ဒီနေ့အဖို့ အသီးအရွက်ဖျော်ရည်မသောက်ရသေးသောကြောင့် သူ ထပ်မကစား နိုင်တော့ချေ။ 


သူ့ရှေ့မှ ထရန်ရည်ရွယ်ချက်မရှိသော  ဖုယွမ်ချွမ်းကို ကြည့်ကာ ကျွင်းချင်ယွီခဏအကြာ စဉ်းစားပြီး ရေချိုးခန်းသို့ ညွှန်ပြလိုက်သည်။ 


“အာ…”


ရေချိုးတော့လေ။ 


ဖုယွမ်ချွမ်း ရေသူလေးညွှန်ရာသို့ ကြည့်ကာ မေးလိုက်၏။ “ရေချိုးခန်းလား…” 


ကျွင်းချင်ယွီ ခေါင်းညိတ်ပြကာ


 " အွီး.. " ရေသွားချိုးလိုက်… ငါက အသီးအရွက်ဖျော်ရည် လုပ်ပေးမယ်…


ရေသူလေးကိုကြည့်ပြီး ရေချိုးခန်းကိုကြည့်ကာ ဖုယွမ်ချွမ်း အင်တာနက်တွင်ရှာရန် တုန့်ဆိုင်းနေသည်။ 


ထို့နောက်ကျွင်းချင်ယွီ မြင်လိုက်သည်က: [ ရေသူတွေက ရေချိုးဖို့လိုပါသလား။ ]


ထိပ်ဆုံးတွင် ရှိနေေသော အဖြေမှာ : [လိုတယ်။ ပင်ပန်းတာတွေလျော့အောင် ကြက်သွန်မိတ်နဲ့  **** နည်းနည်း ထည့်ပါ။ ] 


ကျွင်းချင်ယွီ: "…"


အဖြေမှာ မှားနေ၏။ 


၎င်းက ပုံမှန်ရေချိုးခြင်းအတွက် အဖြေတစ်ခု မဟုတ်ပဲ အစားအသောက်အစီအစဉ်များနှင့်တူနေသည်။ 


ဖုယွမ်ချွမ်းတစ်ခုခုလွဲနေသည်ကို သဘောပေါက်သွားသည်။ ရေသူလေးကိုကြည့်ကာ ရှာထားသည်များကို ပြန်ဖျက်လိုက်၏။ 


“ရေသူလေးတွေက ရေချိုးစရာမလိုဘူးတဲ့… မင်းကြည့်ချင်ရင် ငါခေါ်သွားပြီး ပြပေးမယ်လေ…” ဖုယွမ်ချွမ်းပြောလိုက်သည်။ 


 


ကျွင်းချင်ယွီ ခေါင်းခါလိုက်သည်။ “အာ…”


ကိုယ့်ဘာသာ သွားချိုးပါ။ 


“ကိုယ့်ကို ရေချိုးခိုင်းတာလား…” 


ရေသူလေး ခေါင်းညိတ်လိုက်သည်ကို မြင်သော  ဖုယွမ်ချွမ်းခဏလောက် တွေဝေကာ “အရမ်းစောသေးတယ်လေ…” 


 


"အာ……………………” 


ရေချိုးပြီး ဆံပင်အခြောက်ခံပြီးလျှင် အထုတ်ပြင်ကာ အိပ်ရတော့မည် ဖြစ်သည်။ 


သူနောက်ကျမှ ထသော်လည်း ဖုယွမ်ချွမ်းမှာ အစောကြီးထကာ တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့မည်ထင်သည်။ နေ့လယ်ဘက်တွင်သူနှင့် ဘောလုံးကစားရသေးသည်။ သူသာ မပြောလျှင်စားပွဲသို့ပြန်၍ အလုပ်လုပ်နေမည်ထင်သည်။ 


ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်မှာ ပထမဦးစားပေးဖြစ်၏။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်းကိုကြည့်ကာ ဘာလုပ်မလဲ စောင့်နေ၏။ 


 


 ဖုယွမ်ချွမ်း ခဏအကြာ စဉ်းစားကာ ပြောလိုက်၏။ “အကြာကြီးအိပ်ရင် ခေါင်းကိုက်လိမ့်မယ်… မနက်ဖြန်မနက်ကျရင် ကိုယ်နဲ့ လေ့ကျင့်ခန်းသွားလုပ်ကြမလား…” 


“ဟေး” ကျွင်းချင်ယွီပြန်ပြောလိုက်၏။ သူ၏တစ်နေ့တာ လုပ်ငန်းစဉ်မှာ အလွန်ပုံမှန်ဖြစ်၏။ 


မနေ့ကတော့ အလွန်ပင်ပန်းနေသောကြောင့် ချွင်းချက်ဖြစ်၏။ 


 ဖုယွမ်ချွမ်း: "ရပြီနော်…"


“ရေး…"


ကျွင်းချင်ယွီ ငါးကန်တွင်တွဲလောင်းခိုနေကာ ဖုယွမ်ချွမ်း အခန်းရှင်းနေသည်ကို ကြည့်နေ၏။ 


ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို ရှင်းလင်းကာ နေရာပြန်ချနေသည်။ 


ရေချိုးခန်းမဝင် ဆယ်မိနစ်လောက် ထပ်ကြာသွားသည်။


ကျွင်းချင်ယွီ အကြောဖြေကာ ဖျော်ရည်စတင်လုပ်တော့သည်။ 


ထို့နောက် သူလန့်သွား၏။ 


ငါးကန်ကို ကော်ဖီစားပွဲပေါ်တွင် မဟုတ်ဘဲ အိပ်ရာခေါင်းရင်းတွင်ထားလိုက်သည်။ 


သို့သော် ဖျော်ရည်စက်မှာ စားပွဲပေါ်တွင်ဖြစ်လေသည်။ 


အိပ်ရာမှ ကော်ဖီစားပွဲသို့ မည်သို့သွားရမည်နည်း။ 


ကျွင်းချင်ယွီ အမြန်အော်လိုက်၏ : "အာ…အာ…!"


ရေမချိုးနဲ့ဦး ငါ့ကို နေရာပြောင်းပေးပါ။ 


ဖုယွမ်ချွမ်း အသံကြားသောအခါ လှည့်ကြည့်လိုက်၏။ 


“ကော်ဖီစားပွဲသို့ အလောတကြီးညွှန်ပြနေသော ရေသူလေးကို တွေ့လိုက်ရသည်။ 


 ဖုယွမ်ချွမ်း ရေချိုးဝတ်ရုံကို ချိတ်ကာ အိပ်ရာဘေးသို့ပြန်သွားပြီး မေးလိုက်၏။ “ဖျော်ရည်စက်နဲ့ ဆော့ချင်လို့လား…” 


ကျွင်းချင်ယွီ ခေါင်းညိတ်ကာ ရေကူးရင်း လက်လေးကို ကမ်းပေးလိုက်သည်။ “အာ…” 


ဖုယွမ်ချွမ်း ရေသူလေးကိုခေါ်လိုက်ကာ ခဏလောက်စဉ်းစားလိုက်ပြီး ခွက်အသေးလေးထဲသို့ ငါးကန်ထဲမှရေအနည်းငယ်ဖြည့်ကာ ကော်ဖီစားပွဲသို့ သယ်သွား၏။ 


ကျွင်းချင်ယွီ ကော်ဖီစားပွဲကို ကြည့်နေ၏။ 

ဖျော်ရည်စက်ဘေးတွင် ဇိမ်ခံထိုင်ခုံနှင့်ပင် ခပ်ဆင်ဆင်တူသော ထိုင်ခုံလေးတစ်ခုရှိနေ၏။ 

မနေ့ကပင် သူ့နေရာကို မြှင့်ထားလိုက်သည်။ 

ထိုင်ခုံသေးသေးလေးက သူ့အတွက်တော့ အံဝင်ခွင်ကျဖြစ်နေ၏။ 


 ဖုယွမ်ချွမ်း ရေသူလေးကို ချလိုက်ကာ ရေခွက်လေးကို  အမြီးအောက်တွင်ထားလိုက်ပြီး ပြောလိုက်၏။ “ခြောက်နေတယ် ခံစားရရင် ရေစိမ်လိုက်နော်…” 


 


ပစ္စည်းသေးသေးလေးများမှာ အလွန် သက်တောင့်သက်သာ ရှိ၏။ 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်း၏ လက်ချောင်းလေးကို ဆုပ်ကိုင်ကာပါးလေးကို ပွတ်လိုက်။ “အာ…”


 ဖုယွမ်ချွမ်း ရေသူလေး၏ ဆံပင်ကိုသပ်ကာ ပြောလိုက်၏။ “ကိုယ့်ဘာသာ ဆော့နေဦးနော်…” 


 


ရေချိုးခန်း တံခါး ပိတ်သွားပြီးေနာက် ရေကျသံများ ထွက်ပေါ်လာသည်။ 


ကျွင်းချင်ယွီ လက်ကိုမြှောက်ကာ အသီးအရွက်များကို ဖျော်ရည်စက်ထဲ ထည့်လိုက်သည်။ 


 


မနေ့က ခရမ်းချဉ်သီးအရသာ ဖြစ်ပြီး ဒီနေ့တော့ သခွါးသီးနှင့် မက်မွန်သီးဖြစ်သည်။ 


ဖျော်ရည်ကို စောင့်နေရင်း ကျွင်းချင်ယွီ စားပွဲပေါ်မှ ခွက်မှာ ပြောင်းလဲသွားသည်ကို ရုတ်တရက် သတိထားမိသွားသည်။ 


မနေ့ကတော့ သာမန်ဖန်ခွက်လေးသာ ဖြစ်၏။ 


ကြည်လင် ရိုးရှင်းပြီး လှပသည်။ 


ဒီနေ့ခွက်မှာ ရွှေရောင်ဖျော့ဖျော့လေးရှိပြီး ခွက်နှုတ်ခမ်းဖျားတွင် ရွေရောင်အစလေးများဖြင့် အလှဆင်ထားသည်။ ပို အရေးကြီးသည်က ခွက်နှစ်လုံး ရှိနေသည်။ 


အကြီး တစ်ခွက်နှင့် အသေးတစ်ခွက် ဖြစ်သည်။ 


ဘယ်သူမှ အခန်းထဲ ဝင်လေ့မရှိသောကြောင့် ဖုယွမ်ချွမ်း ပြင်ဆင်ထားသည်ပဲ ဖြစ်ရမည်။ 


 ကျွင်းချင်ယွီ နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်သွားသည်အထိ ပြုံးလိုက်ကာ ခွက်နှစ်ခွက်ကိုယူ၍ ဖြည့်ကာ အတူတူသောက်ကြရန် စိတ်ကူးလိုက်သည်။ 


 


ဖျော်ရည်စက်သံ ရပ်သွားသည်နှင့် စားပွဲပေါ်မှ ဆက်သွယ်ရေးစက်မှာ ဆက်တိုက်တုန်ခါနေတော့သည်။ 


ဖုယွမ်ချွမ်း ရေချိုးနေသောကြောင့် ဖြုတ်ထားခဲ့ခြင်းဖြစ်သည်။ 


 ဖြေဆိုသူ မရှိသောကြောင့် သူ့ဘာသာ မြည်နေကာ ခဏအကြာ ရပ်သွားပြီး ခဏအကြာ ပြန်မြည်နေပြန်သည်။ 


ဘယ်သူမှ ပြန်မဖြေသောကြောင့် အချိန်ပြည့်သွားသောအခါ အလိုလိုရပ်သွားကာ နောက်တစ်ခါ ထပ်ခေါ်နေခြင်းဖြစ်၏။ 


“အာ…” ကျွင်းချင်ယွီ အရေးတကြီးအော်နေသော်လည်း ရေသံကြောင့် သူ့အသံကို မကြားနိုင်ပေ။ 


ကျွင်းချင်ယွီ ခဏအကြာ စဉ်းစားပြီးနောက် မှတ်ညဏ်တု ဆက်သွယ်ရေးစက်ကို  ရေချိုးခန်းသို့ယူသွားရန်ပြင်လိုက်သည်။ 


 

သို့သော်လည်း သူထိုနားရောက်သည်နှင့် အလိုလိုချိတ်ဆက်သွားသောကြောင့် ကြောင်အသွားသည်


ကျွင်းချင်ယွီ: “…” 


ချိတ်ဆက်ပြီးပြီးချင်းပင် ရှီခိုင်ရှင်း၏အသံကို ကြားလိုက်ရသည်။ “မာရှယ်က....” 


သို့သော် တစ်ဖက်တွင်ရှိနေသော သူကို ရှီခိုင်ရှင်း မြင်လိုက်ရသောအခါ မှင်သက်သွားသည်။ 


ရှီခိုင်ရှင်းပြောလိုက်၏။: “ရေသူလေးလား… ဘာလို့မင်းလဲ… မာရှယ်ရော… မဟုတ်သေးပါဘူး ဘယ်လိုလုပ် မာရှယ်ရဲ့ ညဏ်ရည်တုစက်ကို ကိုင်လိုက်နိုင်တာလဲ…လုပ်ပိုင်ခွင့်ရှိတာလား…”


ဘာလုပ်ပိုင်ခွင့်များလဲ။ 


ရှီခိုင်ရှင်း မျက်မှောင်ကြုတ်ပြီး “မာရှယ်က ရေချိုးနေတာလား… တော်ပြီ…ချလိုက်ပြီး ခဏနေမှ ပြန်ခေါ်တော့မယ်…” 


ပြောပြီးပြီးချင်း အလျင်စလို ချသွားလေသည်။ 


ကျွင်းချင်ယွီ အရေးကြီးကိစ္စများလားဟူသော အတွေးဖြင့် မျက်ခုံးကိုပင့်လိုက်သည်။ 

ကံကောင်းစွာဖြင့်  ဖုယွမ်ချွမ်း ခဏအကြာ၌ ထွက်လာသည်။ 


"အာ…"ကျွင်းချင်ယွီ ဆက်သွယ်ရေးစက်ကို ပေါင်ပေါ်ထား၍ဖက်လိုက်ကာ ဖုယွမ်ချွမ်းကိုကြည့်ရန် ပြောလိုက်သည်။ 


“သဘောကျလား…မနက်ဖြန်တစ်ခု ဝယ်ပေးမယ်…”


"အာ.." မဟုတ်ဘူးလေ။ 


ဖုယွမ်ချွမ်း အနီးသို့လျှောက်လာသောအခါ ဗီဒီယိုကောအသစ်တစ်ခု ဝင်လာနေသည်ကို တွေ့လိုက်ရ၏။ 


"ရှီခိုင်ရှင်းလား…"


 ဖုယွမ်ချွမ်း၏ မျက်နှာအမူအရာမှာ ပြောင်းသွားကာ စက်ကိုယူပြီး ပြောလိုက်၏။


 “ကိုယ်လုပ်စရာလေးရှိလို့ ကိုယ့်ဘာသာ ဆော့နေနှင့်မလား…”


 


ကျွင်းချင်ယွီ ခေါင်းညိတ်လိုက်သော်လည်း အမှန်မှာ ကိုယ့်ဘာသာမဆော့ချင်ပေ။  


Xxxxxx,