အပိုင်း ၁၈
Viewers 18k

Chapter 18


 


ဒါက... ဝိညာဉ်စွမ်းရည်လား။ 


အသီးအရွက်ထဲမှ ဝိညာဉ်စွမ်းရည်မှာ အဘယ့်ကြောင့် အရသာရှိနေရပါသနည်း။ 


ထို့အပြင် အသီးအရွက်များ၏အရသာမှာ သူတို့စားနေကျ ခြောက်ခြောက်သွေ့သွေ့ ခါးသက်သော အရသာ မဟုတ်ချေ။ 


ဆန့်ကျင်ဘက် အနေဖြင့် ချိုမြကာ ဒိန်ချဉ်ဖြင့်ရောစပ်ထားသည်။ အဆုံးသတ်အရသာမှာ အနည်းငယ်ခါးသော်လည်း မစားနိုင်လောက်အောင်တော့ မဟုတ်ချေ။ 


စားလိုက်သော အချိန်မှာပင် စကားပြောနေသော သူများ တိတ်ဆိတ်သွားကြသည်။ 


 ဖုယွမ်ချွမ်း လည်း မြည်းကြည့်လိုက်၏။ 


ကျွင်းချင်ယွီ ဖုယွမ်ချွမ်း ကိုမျက်တောင်မခတ်ဘဲ ကြည့်နေသည်။ 


အရသာကို ချိန်ညှိရန် ကြယ်တာရာ အသီးအရွက်များကိုလည်း အများအပြားသုံးခဲ့သည်။ ဖုယွမ်ချွမ်းက နေရာလွတ်နယ်မြေမှအသီးအရွက်ဖျော်ရည်များကို မြည်းစမ်းဖူးပြီး အရသာရှိမနေသင့်သော အရာများမှန်း သူသိသည်။ 


ဖုယွမ်ချွမ်း တစ်ပန်းကန်လုံး ကုန်သွားကာ သူ့ကိုစိုက်ကြည့်နေသော ရေသူလေးကို “စားလို့ကောင်းတယ်..” ဟုပြောလိုက်၏။ 


"အာ…" ကျွင်းချင်ယွီ  ရှက်ရှက်ဖြင့် ဖုယွမ်ချွမ်း၏လက်ချောင်းလေးကို တွယ်ဖက်ကာ အမြီးမှာလက်ကောက်ဝတ်နားတွင်ရစ်ပတ်နေလေသည်။ 


မင်းကို သဘောကျတယ်။ 


ရှီခိုင်ရှင်း တစ်ပန်းကန်ကုန်သွားသော အခါ ပြောလိုက်၏။ "မာရှယ်…ဒါက တကယ် အရသာရှိတာပဲ…” 


သူ ခုနက စားလိုက်သော အသီးအရွက်များထက် ပိုကောင်းသည်။ 


ရှီခိုင်ရှင်း မေးလိုက်၏: "ဘာလို့ ဒီအသီးအရွက်တွေရဲ့ အရသာက ပြောင်းသွားတာလဲ…” 


အင်ပါယာတွင် သူတို့ရာထူးများမှာ မနိမ့်ချေ။ နေ့တိုင်း အင်ပါယာမှ ခွဲခြမ်းပေးအပ်သော အသီးအရွက်များရရှိသော်လည်းဘယ်တုန်းကမှ ဒီနေ့စားသောအရာလောက် စားမကောင်းချေ။ 


တစ်ချို့သော အားဖြည့်စာများမှာ အားဖြည့်စာဖြင့်ပင် မလုံလောက်ဘဲ မစားနိုင်လောက်သော(အရသာဆိုးသော) အသီးအရွက်များဖြင့်သာာဖြည့်ဆည်းရလေသည်။ 


အချိန်အကြာကြီး စားလာရသောအခါ နေသားကျသွား၏။ 


ယခုလို ရုတ်တရက် အရသာရှိသောအရာကို စားလိုက်ရသောအခါ ရှီခိုင်ရှင်း အခြားအသီးအရွက်များကို စားနိုင်တော့မည်မဟုတ်ဟု ခံစားမိလေသည်။ 


"အဲ့ဒါက အသီးအရွက်တွေကြောင့်မဟုတ်ဘူး…"  ဖုယွမ်ချွမ်း ပြောလိုက်၏ 


: “ရေသူလေးက သူလုပ်နေတုန်း ဝိညာဉ်စွမ်းရည်တွေ လွှတ်ထားတာ…”


ရှီခိုင်ရှင်း ဝိညာဉ်စွမ်းရည်ကို ခံစားမိသောအခါ သူ့ပါးစပ်ကို ရိုက်လိုက်၏။ 


သို့သော် အသေးစိတ်အကြောင်းအရာများကိုတော့ သူဂရုမစိုက်ပါ။ 


အများစုမှာ “ဒါကတော့ သေချာပေါက် အရမ်းကောင်းသည်…” ဟု ပြောကြလေသည်။ 


ကြယ်တာရာမှ လူများမှာ အချိန်တစ်ခုပြီးသောအခါ သူတို့ခန္ဓာကိုယ်များ ပိုသန်မာလာကြမည်။ ထို့အပြင် သန်မာပြီးနောက် ထွက်လာသော အညစ်အထေးများကို ဝိညာဉ်စွမ်းရည်ကသာ ဖြိုခွဲနိုင်သည်။ 


တစ်နည်းပြောရလျှင် ရေသူလေးများသာ လုပ်နိုင်သည်။ 


သို့သော် ရေသူများမှာ ရှားပါးကာ သူတို့ကိုရနိုင်သည့်နည်းလမ်းမှာလည်း ကြမ်းတမ်း၏။ အညစ်အထေးများကို မဖယ်ရှားနိုင်ပါက  စုပြုံလာလျှင် စိတ်စွမ်းအားကျဆင်းလာမည်ဖြစ်သည်။ 


ဖြေရှင်းနည်းမှာ ရေသူလေးများကို ဝယ်ရန်သာ ဖြစ်လေသည်။ 


အဆင့်နိမ့်စစ်သည်များမှာ ရိုးရှင်းသောဆေးရည်များဖြင့်သာ ထိန်းထားကြရသည်။ 


သို့သော် ရေသူလေးမှာ အစားအသောက်ထဲသို့ ဝိညာဉ်စွမ်းရည်များကို ထည့်ပေးနိုင်သည်။ 


အများစု မေးကြသည်က "ရေသူလေးတွေ အကုန်အဲ့လို လုပ်နိုင်လား…"


ဖုယွမ်ချွမ်း ခဏအကြာစဉ်းစားကာ "အဲ့ဒါတော့ မသိဘူး…"


ကျွင်းချင်ယွီလည်းထိုအကြောင်းကို စဉ်းစားဖူးသော်လည်း အခြားရေသူလေးများနှင့် အဆက်အသွယ်မရှိသော စကားပင်မပြောဖူးသောကြောင့် သူလည်း မသိပေ။ 


“ပြန်သွားပြီးရင် ငါ့ကို စီစဉ်ထားတဲ့ လမ်းကြောင်းအစီအစဉ်လေးပို့ပေးပါဦး…” 


ခဏရပ်သွားပြီး “အသေးစိတ် အပြည့်အစုံပါတဲ့ အစီရင်ခံစာ လိုတာနော်…” ဟု ဖုယွမ်ချွမ်းထပ်ဖြည့်ပြောလိုက်သည်။ 


လူအများစုမှာ အချင်းချင်းကြည့်နေကြကာ ဘာလို့မှန်း မသိသော်လည်း “ဟုတ်ကဲ့ပါ…” ဟု တစ်လေသံတည်းပြန်ပြောလိုက်ကြ၏။ 


သူတို့ထွက်သွားကြသောအခါ အစည်းအဝေးခန်းမှာ ငြိမ်သက်လျက် ကျန်နေခဲ့၏။ 


ဖုယွမ်ချွမ်း မလှုပ်မယှက် ဒီတိုင်းရပ်နေသည်။ 


ကျွင်းချင်ယွီ ခဏလောက်ထိုင်နေကာ ပျင်းလာသောကြောင့်  ဖုယွမ်ချွမ်းလက်ထဲတွင် လှဲကာ ပုံစံပြောင်းလိုက်သည်။ 


ဖုယွမ်ချွမ်း အခြားအကြောင်းအရာများကို စဉ်းစားနေသော်လည်း ရေသူလေး၏လှုပ်ရှားမှုများတွင် အာရုံစိုက်မိသွားသည်။ 


လက်ချောင်းထိပ်လေးဖြင့် ရေသူလေး၏နားရွက်နားမှ ဆံချည်လေးတစ်မျှင်ကို သပ်တင်ပေးကာ ပါးလေးကိုပါ ပွတ်လိုက်သည်။ 


"အာ.." ယားတယ်။ 


ကျွင်းချင်ယွီ သူ့လက်ချောင်းများကို မလှုပ်တော့အောင် အမြန်ဖက်လိုက်သည်။ 


ထို့နောက် အမြီးကို လာထိပြန်သည်။ 


"ကျေးဇူး..."


ကျွင်းချင်ယွီ အနည်းငယ်စိုးရိမ်သွားသည်။  ဖုယွမ်ချွမ်း တစ်ခုခုများ ရိပ်မိသွားပြီလား။ 


အမှန်အကန်ပင်  ဖုယွမ်ချွမ်းက လမ်းကြောင်းအစီအစဉ်တင်မက အသေးစိတ်အစီအစဉ်ကို တောင်းထားခြင်းဖြစ်လေသည်။ 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်း၏ လက်ချောင်းများကို ပွတ်သပ်ကာ  "အာ…"ဟု အသံပြုလိုက်သည်။ 


ငါတို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး။ 


ကြည်လင်ပြီး အပြစ်ကင်းကာ ချစ်ဖို့ကောင်းသော ရေသူလေးကို ကြည့်ရင်း ဖုယွမ်ချွမ်းကျေးဇူးတင်သောစိတ်ဖြင့် တခစ်ခစ်ရယ်လိုက်သည်။ 


အားလုံး၏ ခရီးသွားအစီရင်ခံစာမှာ တတိယမြောက်နေ့တွင် ဖုယွမ်ချွမ်း၏စာတိုက်ပုံးသို့ရောက်လာ၏။ 


တစ်ချို့သော နေရာများ လှုပ်ရှားမှုများမှာ ပုံမှန်မစ်ရှင်များထဲတွင် မှတ်တမ်းမတင်ထားသော်လည်း သူတို့ဘယ်နေရာတွင်ရှိနေခဲ့သည်ကို မှတ်မိနေရသည်။ 


တာဝန်မှာ ကြီးလေးပြီး သုံးရက်အတွင်းထို လမ်းခရီးအစီအစဉ်အသေးစိတ်အားလုံးကို ရရန် မလွယ်ကူပေ။ 


ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဖုယွမ်ချွမ်း အစီရင်ခံစာများထဲမှ ထပ်နေသော နေရာများကိုစုလိုက်သည်။ 


ထို့နောက် အန္တရာယ်များသော နေရာများကို စီစစ်လိုက်သည်။ 


ကျွင်းချင်ယွီ စားပွဲပေါ်တွင်ထိုင်ကာ  ဖုယွမ်ချွမ်းအလုပ်ရှုပ်နေသည်ကို ထိုင်ကြည့်နေ၏။ 


လူတစ်ဦးတစ်ယောက်၏ စိတ်စွမ်းအားကို အပြောင်းအလဲဖြစ်စေနိုင်သောနေရာမှာ မည်သို့သော နေရာမျိုးလဲဆိုသည်ကို သူလည်း သိချင်သည်။ 


ရှာတွေ့လျှင် ဖုယွမ်ချွမ်း နေပြန်မကောင်းခင်မသွားရမည့် နေရာများစာရင်းထဲသို့ ထည့်ရမည်။ 


သာမန်သူများအပေါ် သက်ရောက်မှု သိပ်မရှိသော်လည်း ဖုယွမ်ချွမ်းအပေါ်တော့ ထိုသို့မဟုတ်ပေ။ 


အန္တရာယ်များလွန်းသည်။ 


ဖုယွမ်ချွမ်း သူ့ရှေ့တွင်အလေးအနက်ကြည့်နေသော ခေါင်းသေးသေးလေးကို ကြည့်ကာ မေးလိုက်သည် 


"အဲ့လို စိုက်ကြည့်နေတော့ မျက်လုံးမညောင်းဘူးလား…"


"ဟေး…" 


ကျွင်းချင်ယွီ ပြန်ပင်လှည့်မကြည့်ဘဲ ကွန်ပျူတာကို ဆက်ကြည့်နေသည်။ 


မသိလိုက်ဘဲနှင့် နေ့လယ်ခင်းတစ်ခုလုံး ကွန်ပျူတာ ကြည့်နေခဲ့မိကြသည်။ 


 ဖုယွမ်ချွမ်း က "မျက်လုံးမှိတ်ပြီး ခဏနားနေလိုက်လေ…မင်းကြည့်ဖို့နေရာတွေ ငါစစ်ထားပေးမယ်လေ…” 


ကျွင်းချင်ယွီ မနားချင်ဘဲ နာရီအနည်းငယ်လောက် ထပ်ကြည့်နိုင်သေးသည်။ 


သူက နေရာလွတ်နယ်မြေစဖွင့်ကတည်းက နေရာလွတ်နယ်မြေမှ နွေဦးရေဖြင့် ရေချိုးနေခြင်းဖြစ်သည်။ ခန္ဓာကိုယ်အတွက် ကောင်းသောကြောင့် လေ့ကျင့်ခန်းမလုပ်သည့်တိုင် ကျွင်းချင်ယွီ သူ့ခန္ဓာကိုယ်မှာ ပိုပိုကောင်းလာသည်ကို ခံစားမိသည်။ 


"အာ…" ကျွင်းချင်ယွီ သူ့ခေါင်းလေးကိုမော့ကာ ဖုယွမ်ချွမ်းကို ကြည့်လိုက်သည်။ 


ပြောလေ။ 


ဖုယွမ်ချွမ်း သူ့ခေါင်းလေးကို ပွတ်သပ်ကာ ငါးမြီးပေါ်သို့ ရေများစွတ်ပေးပြီး ပြောလိုက်၏


။ "နေရတာ အဆင်မပြေဘူးမလား…"


ကျွင်းချင်ယွီ တလေးတစား ခေါင်းညိတ်ကာ : "အား…"ဟု ပြောလိုက်၏။ 


သူ့အမြီးမှာ ယခုလိုအခြေအနေဖြင့် ထိုင်နေရသည်က မသက်မသာဖြစ်နေသည်။ ကျွင်းချင်ယွီ ခဏလောက်စဉ်းစားနေကာ ဖုယွမ်ချွမ်းလက်ကို သူ့ဘေးတွင်ဆွဲထားလိုက်သည်။ 


ဆွဲလိုက်သည်ဆိုသော်ငြားလည်း အမှန်မှာ ဖုယွမ်ချွမ်း ကသူ့ အားကို သတိထားမိကာ သူဆွဲရာသို့လိုက်လိုက်ခြင်းဖြစ်လေသည်။ 


ကျွင်းချင်ယွီ ဘာမှလုပ်စရာ မလိုချေ။ 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်းလက်ကို ကိုင်ကာ သက်တောင့်သက်သာ ရှိသော အနေအထားတွင် ထားလိုက်သည်။ 


ထို့နောက် အဲ့ဒီအပေါ်တွင် လှဲလိုက်လေသည်။ 


သူ့လက်ချောင်းများပေါ်တွင် မေးစေ့လေးတင်ထားရသည်မှာ သက်တောင့်သက်သာ ရှိလှသည်။ 


ဖုယွမ်ချွမ်း ရေသူလေးကို နှစ်သက်ရာ လုပ်ခွင့်ပေးထားကာ သူ့သဘောအတိုင်းလိုက်နေပေးသည်။ 


သူ့ဘာသာ သက်သာသလိုလှဲနေလိုက်သည်ကို မြင်သောအခါ သူမျက်နှာတွင် ညင်သာသော အပြုံးလေးများဖြင့် ပြည့်သွားလေသည်။ 


သိုသော် အနီးကပ်ကြည့်လိုက်သောအခါ တစ်ခုခုလွဲနေသည်ကို သတိထားမိသွား၏။ 


ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်ကာ သူ့လက်ထဲမှ ရေသူလေးကို သေချာကြည့်နေသည်။ 


သူ့လက်ကို ဆန့်ထုတ်ကာ တိုင်းတာကြည့်သည်။ 


ယခင်ကလို အမြီးဖျားလေးကို လက်ကောက်ဝတ်မှာပတ်ထားစဉ်ကနှင့် အလျားမှာကွာလေသည်။ 


ယခုအခါ ရေသူလေး၏ အမြီးမှာ လက်ကောက်ဝတ်ထက်ပင်ကျော်သွားလေပြီ။ 


အဲ့လိုပင် ထင်ရသည်။ 


ကျွင်းချင်ယွီ  ဖုယွမ်ချွမ်းအကြည့်ကို သတိထားမိသော်လည်း ဘာကိုကြည့်နေသည်ကိုတော့ မသိချေ။ 


ခဏကြာသောအခါ လှုပ်ရှားမှုမရှိတော့သည်ကို သိလိုက်ရသောအခါ စိတ်ထဲတွင်တွေဝေသွားကာ "အယ်…"ဟု အသံပြုပြီးခေါင်းလေးစောင်းလိုက်သည်။


ဖုယွမ်ချွမ်း၏ လက်ဖျားထိပ်လေးများမှာ ရွှေရောင်ဖျော့ဖျော့ ငါးမြီးလေးကို ပွတ်သပ်နေပြီး အမြီးဖျားနေရာသို့ရောက်လာသည်။ 


"ငါးပေါက်လေး…အရွယ်ရောက်လာပြီပဲ…"


ငါအရွယ်ရောက်နေပြီ ဟုတ်လား...


ကျွင်းချင်ယွီက အမြှီးကိုလှုပ်ယမ်းကြည့်လိုက်သော်ငြား မည်သည့်ပြောင်းလဲမှုကိုမှမခံစားရချေ။


ဖြစ်နိုင်တာ ပြောင်းလဲမှုကသိပ်မသိသာလို့များလား...


"အာ..."


ဖုယွမ်ချွမ်းက အံဆွဲကိုဖွင့်ကာ ပေတံထုတ်ယူလိုက်သည်။  "တိုင်းကြည့်ရအောင်..."


 အမြင်နှင့်စစ်ဆေးခြင်းက မတိကျနိုင်ပေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ပေါ်တွင် ချက်ချင်းလှဲချလိုက်၏။ 


ပေတံက ရေသူထီးလေးနံဘေးတွင် အမြှီးဖြားပင်မလွတ်စေရပဲရှိ​နေသည်။ 


ခဏကြာသည်အထိ ဖုယွမ်ချွမ်းထံမှ ဘာသံမှထွက်မလာခဲ့။ ကျွင်းချင်ယွီက တစ်ခုခုလွဲသွားမည်စိုးသဖြင့် လှုပ်ပင်မလှုပ်ရဲချေ။


ခဏတာစဥ်းစားပြီးနောက် ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ချောင်းကိုဆွဲယူကာ အနည်းငယ်လှုပ်ယမ်းလိုက်သည်။


 "အာ..."


"မင်းအရွယ်ရောက်လာပြီ..." ဖုယွမ်ချွမ်းက ပေတံကိုပြန်ယူလိုက်သည်။


ရေသူထီးပေါက်စလေးဝယ်လာစဥ်ကတည်းက ရေသူသားဖောက်အခြေစိုက်စခန်းက ရေသူလေးများအကြောင်းကို ပြည့်စုံစွာပြောပြခဲ့သည်။


ထိုစဥ်ကအရွယ်နှင့် ယခုအရွယ်ကိုယှဥ်ကြည့်လျှင် ရေသူလေးမှာ အပြည့်အဝအရွယ်ရောက်နေပြီဖြစ်သည်။


"အွီး.." ကျွင်းချင်ယွီက အပြုံးကလေးနှင့်ပြောသည်။


ဒီနေ့နည်းနည်းပိုကြီးလာတယ်ဆိုတော့ ဖုယွမ်ချွမ်းကို သိပ်မကြာခင် ကာကွယ်ပေးနိုင်တော့မှာပဲ...


သို့သော် ဖုယွမ်ချွမ်းက ရေသူလေးကဲ့သို့ ပျော်ရွှင်နေပုံမရချေ။


ပုံမှန်အခြေအနေအရ ရေသူလေးများက ဤကဲ့သို့မြန်မြန်ကြီးမလာသင့်။


သူ့အားဝယ်လာသည်မှာ တစ်လပင်မပြည့်သေးသော်ငြား သိိသိသာသာအရွယ်ရောက်လာတာဖြစ်သည်။


တစ်စုံတစ်ခု မှားယွင်းနေခြင်းသာဖြစ်ရမည်။


ဖုယွမ်ချွမ်းက မေးလိုက်သည်။


 "မသက်မသာ ခံစားနေရလား..."


ကျွင်းချင်ယွီက ခေါင်းခါလိုက်၏။ 


စမ်းရေထဲတွင် ဝိဉာဥ်စွမ်းအင်များပြည့်ဝနေသည့်အတွက် သူ့ခန္ဓာကိုယ်ရှိကြွက်သားတိုင်းမှာ သက်တောင့်သက်သာဖြစ်နေပြီး နည်းနည်းလေးမှအဆင်မပြေမဖြစ်ချေ။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို သိလိုစိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။ 


"ဘာလို့လဲ...တစ်ခုခုမှားနေလို့လား..."


ဖုယွမ်ချွမ်းက ခဏစဥ်းစားလိုက်ကာ "ငါမင်းကို တစ်နေရာခေါ်သွားမယ်..."


သူထတော့မည့်အချိန်တွင် ကျွင်းချင်ယွီက ကွန်ပြူတာအားညွှန်ပြလိုက်သည်။, "အာ...ဟာ..."


မင်း တည်နေရာကိုထပ်မစစ်တော့ဘူးလား...


"ပြန်လာမှ ထပ်လုပ်မယ်..."


"ရေး..."


---


ရေသူလေး၏ ထူးခြားသောလက္ခဏာကြောင့် ကျွမ်းကျင်အဆင့်ဆရာဝန်နှင့် သူနာပြုများအားလုံး ရောက်ရှိနေကြသည်။


တခြားနေရာများတွင် မည်သည့်ရေသူမျိုးနွယ်ကုဆရာဝန်မှ မရှိသလောက်ပင်။


ကြီးထွားနှုန်းမြန်နေသည့်ရေသူလေးကြောင့် သူကဖုန်းနံပတ်တစ်ခုကိုခေါ်ဆိုလိုက်၏။


ဖုယွမ်ချွမ်းက ရေသူလေးကိုထည့်ထားသည့် သေတ္တာကိုပွေ့ဖက်လိုက်ကာ "မကြောက်နဲ့နော်...မကြာခင်အဆင်ပြေသွားမှာပါ..."


"ဂရူးလူးလူး..." ကျွင်းချင်ယွီက သူ၏သွေးကိုစစ်ဆေးရလိမ့်မည်ဟု ထင်ခဲ့သည်။


သို့သော် မမျှော်လင့်စွာပင် သူနာပြုက သေတ္တာကိုသာစကင်န်ဖတ်လိုက်၏။


ကျွင်းချင်ယွီက သေတ္တာထဲတွင်ရေစိမ်​နေကာ ဖြတ်သန်းသွားသည့်ကိရိယာကို လိုက်၍ကြည့်နေသည်။ သူ ဘာကိုမှမခံစားရသလို စကင်န်ဖတ်သည့်အလင်းကိုပင် မမြင်မိလိုက်ချေ။


စကင်န်ဖတ်ပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းက ကိရိယာကို အဝေးသို့ယူသွားသည်။


အမျိုးမျိုးသောအချက်အလက်များက ကိရိယာမှထွက်ပေါ်လာ၏။


သူနာပြုက အချက်အလက်များကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။ 


"ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အရ ကျန်းမာရေးမှာဘာပြသနာမှမရှိပါဘူး...မာရှယ်...စိတ်မပူပါနဲ့..."


ကျွင်းချင်ယွီက သေတ္တာ၏အစွန်းကိုလက်ဖြင့်ထိလိုက်ကာ "အာ~"


ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်များကိုထိရင်း စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။


 "ဒါပေမယ့် သူကြီးတာအရမ်းမြန်နေတယ်..."


"ရေသူလေးတွေရဲ့ကြီးထွားနှုန်းက သုတေသနအဆင့်ဆင့်လုပ်ပြီး ပျမ်းမျှပဲယူထားတာပါ..မာရှယ်လည်းသိတဲ့အတိုင်းပဲ...ကျွန်တော်တို့က ရေသူလေးတွေအကြောင်း အပြည့်အစုံမသိရသေးပါဘူး..."


ထိန်းသိမ်းရေးဝန်ထမ်းကလည်း ရေသူမျိုးနွယ်၏ ပျမ်းမျှကြီးထွားနှုန်းအရ နောက်သုံးနှစ်ကြာသည်အထိ ၃ စင်တီမီတာပင် ကြီးလာဦးမှာမဟုတ်ကြောင်း သိရှိထားသည်။  


ဆေးအကူက ပြောသည်။ "ရေသူလေးရဲ့ ဝိဉာဥ်စွမ်းအင်က ကိရိယာမှာဘာမှပေါ်မလာဘူး...ကြည့်ရတာ ဝိဉာဥ်စွမ်းအင် အရမ်းမြင့်တာကြောင့်ထင်တယ်..."


ကျွင်းချင်ယွီက သေတ္တာထဲတွင်ကူးခတ်လျှက် ဆရာဝန်၏သုံးသပ်ချက်ကို ဆက်လက်နားထောင်နေလိုက်၏။


Xxxxx