Chapter 19
ကျွင်းချင်ယွီကမူ သူအရွယ်ရောက်တာနှေးလွန်းသည်ဟု ထင်နေသော်ငြား ဆရာဝန်ပြောပုံအရ သူ၏ကြီးထွားနှုန်းမှာ အခြားရေသူမျိုးနွယ်များထက် မြန်ဆန်နေသည်ပင်။
သူနာပြုအကူပြောသည့်အခါမှ ကျွင်းချင်ယွီက ပြသနာကိုနားလည်သွားတော့သည်။
သူက နေရာလွတ်ထဲရှိ ဝိဉာဥ်စမ်းရေထဲတွင်စိမ်ခဲ့ခြင်းဖြစ်သည်။
ရေသူမျိုးနွယ်များနှင့် ဝိဉာဥ်စွမ်းအင်ကဆက်နွယ်နေခြင်းဖြစ်ရာ အကယ်၍ ဝိဉာဥ်စွမ်းအင်သာ အကန့်အသတ်မရှိရနေပါက ကြီးထွားမှုဖြစ်စဥ်သည်လည်း ပြောင်းလဲလာလိမ့်မည်ပင်။
အဲ့လိုဆိုရင် သူမြန်မြန်ကြီးလာဖို့အတွက် အခွင့်အရေးရှိတာပဲမဟုတ်လား...
သူနာပြုက ဆက်ပြောသည်။ "ဒါပေမယ့် မြန်မြန်ကြီးလာမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာသက်တောင့်သက်သာမဖြစ်တာမျိုး ခံစားရနိုင်တယ်...ဒါကပုံမှန်ပါပဲ...မာရှယ် သူ့ကိုသက်သာအောင်ကူညီပေးနိုင်ပါတယ်..."
"ကျွန်တော်တို့မှာ အဆင်မြင့်အနှိပ်စက်တွေရှိပေမယ့် ရေသူမျိုးနွယ်တော်တော်များများက အနှိပ်ခံရတာကိုမကြိုက်ကြဘူး..."
"အဲ့ဒါကြောင့် သူတို့ကိုနှိပ်မပေးခင် အိပ်ဆေးအရင်တိုက်လေ့ရှိတယ်..."
သူနာပြုအကူက တစ်ခွန်းထပ်ပြောလိုက်သည်။ "သူတို့နိုးနေတဲ့အချိန် နှိပ်ပေးတာက ပိုပြီးအဆင်ပြေပေမယ့် ပြသနာနည်းနည်းရှိနိုင်လို့ပါ..."
ဖုယွမ်ချွမ်းက မျက်မှောင်ကြုတ်လိုက်ကာ "အိပ်ဆေးလား..."
သူနာပြုကပြောသည်။ "နှိပ်တဲ့အခါ ရေသူမျိုးနွယ်တွေရဲ့ အမြှီးကိုလည်းနှိပ်ပေးရတယ်လေ...အမြှီးကသူတို့အတွက်အရေးကြီးဆုံး အစိတ်အပိုင်းဆိုတော့ တခြားလူကို လုံးဝကိုင်ခွင့်မပေးကြဘူး..."
သူနာပြုအကူက အလွန့်ကိုကူကယ်ရာမဲ့နေ၏။ ရေသူမျိုးနွယ်များအတွက် ၎င်းအစီအစဥ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သော်ငြား အဆုံးသတ်တွင် အသုံးမဝင်သာဖြစ်ခဲ့ရသည်။
သူကဆက်ပြော၏။ "အကယ်၍ အိပ်ဆေးကြိုမတိုက်ထားဘူးဆိုရင် သူတို့အမြှီးကိုထိတဲ့အခါ ပြန်တိုက်ခိုက်ကြလိမ့်မယ်..."
ဖုယွမ်ချွမ်းက ဘာမှပြန်မပြောသဖြင့် ဝန်ထမ်းကဥပမာပေး၍ရှင်းပြရန်ပြင်လိုက်သည်။
"အခု မာရှယ့်လက်ထဲက ရေသူလေးလိုပေါ့...သူ့အမြှီးကိုသွားထိလိုက်တာနဲ့....."
ကျွင်းချင်ယွီက အမြှီးကိုမလိုက်ကာ ဖုယွင်ချွမ်း၏လက်ချောင်းများအားထိတွေ့လိုက်ရင်း ခေါင်းမော့ကြည့်လာသည်။
"အာ..."
ဘာဖြစ်လို့လဲ...
ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးကိုကိုင်ကာ သေတ္တာအတွင်းသို့ပြန်ထည့်လိုက်၏။
သူနာပြုကကြောင်အသွားသည်။
တကယ်ကြီးလား...
ရေသူမျိိုးနွယ်များ မည်မျှစိတ်ကောင်းဝင်နေစေကာမူ သူတို့၏အမြှီးကိုထိခွင့်မပေးကြချေ။
သူနာပြုက ကိုယ့်မျက်လုံးကိုပင်မယုံနိုင်ဖြစ်နေသည်။
သူနာပြုအကူကပြော၏။
"ဒီလိုဆိုမှတော့ အိပ်ဆေးမလိုဘူးထင်ပါတယ်...ကျွန်တော်ခုပဲ အနှိပ်စက်ကိုပြင်လိုက်ပါ့မယ်..."
"မလိုဘူး..." ဖုယွမ်ချွမ်းက သူနာပြု၏အစီအစဥ်ကိုငြင်းပယ်လိုက်ကာ ခပ်အေးအေးပြောလာသည်။ "နမူနာလုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေရှိလား..."
သူနာပြုက အံ့သြဟန်ဖြင့် "ဗီဒီယိုတော့မရှိပေမယ့် ကျွန်တော်အစမ်းသရုပ်ပြပေးနိုင်ပါတယ်...ဒါပေမယ့် နေ့တိုင်းနှိပ်ပေးတာက အချိန်အတော်ကုန်တယ်နော်..."
မာရှယ်တွင် လုပ်စရာအများအပြားရှိနိုင်ပြီး ရေသူလေးကိုနှိပ်ပေးဖို့ အချိန်မရှိလောက်ပေ။
ဖုယွမ်ချွမ်းက တိုတိုတုတ်တုတ်ထပ်ပြောသည်။ "သရုပ်ပြပေးပါ..."
သူနာပြုက "ကောင်းပါပြီ...ကျေးဇူးပြုပြီး ဒီဘက်ကိုလိုက်ခဲ့ပေးပါ..."
ကျွင်းချင်ယွီက လျှင်မြန်စွာကြီးထွားမှုကြောင့် နေရခက်ခြင်းမရှိလေရာ အနှိပ်ခံဖို့ကိုဒီလောက်ကြီးစိတ်မဝင်စားချေ။
သူက ငြင်းဆန်ရန်နည်းလမ်းကိုသာ တွေးတောနေခဲ့သည်။
ဒါပေမယ့် ဖုယွမ်ချွမ်းကိုယ်တိုင်နှိပ်ပေးမှာဆိုတော့...
သူနာပြုအကူက လမ်းတွင်ပြောလာပြန်သည်။
"တကယ်တော့ အခုလိုကိစ္စကြောင့်မဟုတ်ရင်တောင် ပုံမှန်နှိပ်ပေးတာက ရေသူလေးနဲ့ပိုရင်းနှီးလာနိုင်တယ်...."
သို့သော် ရေသူမျိုးနွယ်များက အနှိပ်ခံရတာမကြိုက်သည့်အတွက် ထိုနည်းလမ်းကိုမည်သူမှမကြိုးစားရဲကြခြင်းဖြစ်လေသည်။
ဖုယွမ်ချွမ်း: "အင်း..."
အနှိပ်ခန်းမှာ အလွန်ပင်တိတ်ဆိတ်နေလေသည်။
အခန်းထဲတွင် ရေသူလေးများအတွက် ကုတင်သုံးလုံးရှိနေ၏။
သူနာပြုက ဆက်ပြောသည်။ "ဒါတွေအားလုံးက ပိုးသတ်ပြီးသားအသစ်တွေပါ...မာရှယ် ကျွန်တော့်အထင် ကျွန်တော်နဲ့အတူလိုက်လုပ်သင့်တယ်...အဲ့ဒီ့လိုဆို ကျွန်တော်နှုတ်နဲ့ရှင်းပြတာထက် ပိုပြီးရလဒ်ကောင်းမွန်ပါလိမ့်မယ်..."
ဖုယွမ်ချွမ်းက ရေသူလေးထံခေါင်းငုံ့ကြည့်ရင်း "မင်း စမ်းကြည့်ချင်လား..."
"အာ~" ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ဖဝါးတွင်း လဲလျောင်းလိုက်ကာ သူ့ကိုပြုံးပြလာသည်။
"ကောင်းပြီ..."
ခဏအကြာတွင် ဆေးအကူက ရေသူလေးတစ်ကောင်ကိုယူလာ၏။
သူက ထိုရေသူလေးအား အိပ်ရာပေါ်တင်လိုက်ကာ "ဒီတစ်ကောင်က ကျွန်တော်တို့ဆီမှာရှိတဲ့ စိတ်အရှည်ဆုံးရေသူလေးပဲ...သူ့ကို နမူနာအဖြစ်သုံးရအောင်..."
အစပိုင်းတွင် သူနာပြုက အရုပ်တစ်ခုခုကိုသုံးရန်ရည်ရွယ်သော်ငြား ရေသူလေးကိုသုံးခြင်းက ရှင်းပြဖို့ပိုလွယ်လိမ့်မည်ဟု ယူဆလိုက်ကာ သွားယူခဲ့ခြင်းဖြစ်သည်။
မာရှယ်က သူ၏ရေသူလေးကို အိပ်ဆေးမတိုက်ခဲ့သည့်အတွက် သူသည်လည်း အိပ်ဆေးမသုံးရန် ဆုံးဖြတ်လိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေးကိုအပြင်ထုတ်လိုက်သည်။
ကျွင်းချင်ယွီက အိပ်ယာပေါ်ထိုင်လိုက်ကာ တစ်ဖက်ကုတင်ရှိ အနီရောင်ရေသူလေးကိုကြည့်နေလေသည်။
ရေသူသားဖောက်စခန်းမှလွဲ၍ သူတခြားရေသူမျိုးနွယ်ကို မမြင်ဖူးခဲ့ချေ။
အိပ်ယာနှစ်ခုက အခန်း၏ဘယ်နှင့်ညာတွင် နေရာချထားခြင်းဖြစ်လေရာ သူတို့ကြား၌ အတော်လေးကွာဝေးနေလေသည်။
သို့သော် တစ်ချက်ကြည့်ရုံဖြင့် အဖြူရောင်အိပ်ယာခင်းပေါ်ရှိ ကြက်သွေးရောင်တောက်ပနေသော ရေသူထီးလေးအား တွေ့နိုင်လေသည်။
အနီရောင်ရေသူလေးကလည်း ကျွင်းချင်ယွီကိုတွေ့သွားကာ သူ့ထံလာရန်ကြိုးစားသည်။ သို့သော် ဖုယွမ်ချွမ်းကိုပါ သတိပြုမိသွား၏။
ရေသူလေးက အိပ်ယာပေါ်ပြန်ဆုတ်လိုက်ကာ ဖုယွမ်ချွမ်းအား သွားဖြဲရင်းမာန်ဖီပြလာသည်။
ဖုယွမ်ချွမ်းက သူ၏ရေသူထီးလေးကိုသာ အာရုံရောက်နေသဖြင့် ဘေးဘီကိုသတိမပြုမိချေ။ သို့သော် အသံကြားလိုက်ရသဖြင့် လှည့်ကြည့်ရန်ပြင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ရေသူလေးထံမှ အနမ်းခံလိုက်ရ၏။
ဖုယွမ်ချွမ်းအာရုံက ကျွင်းချင်ယွီထံသို့ ပြန်ရောက်လာကာ "ဘာဖြစ်လို့လဲ...”
ကျွင်းချင်ယွီက ဘေးကရေသူလေး၏အပြုအမူကြောင့် ဖုယွမ်ချွမ်းစိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်နေခြင်းပင်။
ထို့ကြောင့် သူကထိုသူ၏အာရုံကိုဆွဲဆောင်ရန်အတွက် လက်ကိုကိုင်ကာ နမ်းလိုက်ခြင်းဖြစ်သည်။
"အာ~"
ကျွန်တော့်ကိုပဲကြည့်ပါ...
ဖုယွမ်ချွမ်းက ရေသူလေးဘာဖြစ်နေမှန်းနားမလည်သော်လည်း သူကပျော်ပျော်ကြီးဆော့ကစားနေလေသည်။
ခဏအကြာတွင် ဆေးအကူက အခန်းထဲပြန်ရောက်လာ၏။
သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ဘောလုံးတစ်လုံးလိုထုပ်ထားလေသည်။
သူ့ကိုယ်သူကောင်းကောင်းကာကွယ်ထားသည့် ဆေးအကူက ဖုယွမ်ချွမ်းထံအိတ်တစ်အိတ်ကမ်းပေးလိုက်သည်။ "မာရှယ်...ခင်ဗျားလည်း ကာကွယ်ရေးဝတ်စုံဝတ်ထားသင့်တယ်..."
ဖုယွမ်ချွမ်းက ကြည့်ပင်မကြည့်ပဲငြင်းလိုက်သည်။ "မလိုပါဘူး..."
"မာရှယ်...ခင်ဗျား..."
"စရအောင်..."
ဆေးအကူက ဘာမှမတတ်နိုင်တော့ပဲ အိတ်ကိုပြန်ချထားလိုက်သည်။
ရေသူလေးက ခင်ဗျားကို သူ့အမြှီးပေးထိခိုင်းတာနဲ့တင် လုံလောက်ပြီလို့ထင်တယ်ပေါ့လေ...သူစိတ်တိုလာရင် ခင်ဗျားသတိမထားမိတဲ့အချိန်မှာ ဗြုန်းစားကြီးတိုက်ခိုက်လာလိမ့်မယ်...
ဆေးအကူက အကာအကွယ်ပစ္စည်းများကို မာရှယ်လိုအပ်လာနိုင်သည်ဟု ယူဆကာ ဘေးဘက်၌ချထားလိုက်သည်။
သူက အနီရောင်ရေသူလေးအား ချော့မော့ကာ "ခင်ဗျား သူ့ကိုအန္တရာယ်မပြုဘူးလို့ သူယုံကြည်သွားတဲ့အထိ ညှင်ညှင်သာသာ...အ...."
သူ့စကားမဆုံးခင်မှာပင် ဆေးအကူက အချက်ပေါင်းများစွာ ထိုးနှက်ခံလိုက်ရသည်။
ကျွင်းချင်ယွီ: "..."
ကြားရသည်မှာပင် အတော်လေးနာကျင်မည့်ပုံပေါ်၏။ သူ ဘောလုံးလိုဝတ်ထားခဲ့ခြင်းကို အံသြစရာမရှိတော့ချေ။
ရေသူမျိုနွယ်ထဲတွင် ဖုယွမ်ချွမ်းနှင့်ထိတွေ့ဝံသူမှာ ကျွင်းချင်ယွီတစ်ယောက်သာရှိသည်။ သူက ရေသူမျိုးနွယ်များ၏ စိတ်ထားမှာ အားလုံးတူညီသည်ဟု ထင်ခဲ့မိ၏။
ယခုမူ သူ၏ရေသူလေးကသာ အလွန်သဘောကောင်းခြင်းဖြစ်ဟန်တူသည်။
ဆေးအကူပြောခဲ့သည့် သဘောအကောင်းဆုံးရေသူလေးမှာ ဆေးအကူကိုကိုက်ရန်ပြင်နေပြီဖြစ်သည်။
ဖုယွမ်ချွမ်းက ရေသူလေးကိုငုံကြည့်လိုက်သည့်အခါ တစ်ဖက်ရှိရုတ်ရုတ်သဲသဲအခြေအနေကို စိတ်ဝင်တစားကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။ ဖုယွမ်ချွမ်းက ရေသူလေး၏အမြင်ကို လက်ဖြင့်ကာလိုက်၏။
ကျွင်းချင်ယွီက ဘာ့ကြောင့်မှန်းမသိသော်လည်း ဖုယွမ်ချွမ်းလက်ကို မဖယ်ရှားခဲ့ချေ။
ခဏအကြာတွင် ရုန့်ရင်းဆန်ခတ်အခြေအနေက တိတ်ဆိတ်သွားသည်။
ဆေးအကူက သူ၏ထုံကျင်နေသောလက်ကိုထုတ်ကာ "ငါမင်းကို မုန့်ကျွေးမယ်ဆိုရင် ငြိမ်ငြိမ်နေမလား..."
ထို့နောက် ရိုက်နှက်သံများ ထပ်မံထွက်ပေါ်လာလေသည်။
ကျွင်းချင်ယွီ ဘာမှမမြင်ရသော်လည်း အသံကြားရုံနှင့်ပင် ဆေးအကူအားသနားမိသွား၏။
ဆေးအကူက ညှင်သာစွာပြောလိုက်သည်။ "ရေသူလေး တည်ငြိမ်တဲ့အထိစောင့်ပြီးတော့..အ..."
"သူ့ကို ဒီလိုလေးနှိပ်ပေးရမှာပါ..."
"အဓိကနှိပ်ရမယ့်နေရာတွေက ပုခုံးနဲ့အမြှီးပါ...ဟဲ့...နာတယ်ဟ..."
ကျွင်းချင်ယွီ: "..."
အရမ်းကိုတာဝန်ကျေတာပဲ...
ဆေးအကူ၏အော်သံနှင့် ရေသူမျိုးနွယ်၏အမြှီး ကာကွယ်ရေးဝတ်စုံအားရိုက်နေသံများသည် အခန်းတစ်ခုလုံးပဲ့တင်ထပ်နေလေသည်။
ခဏအကြာတွင် စုတ်ပြဲသံများပါ ပါလာ၏။
"ပူတူတူးလေး...ငါ့ဝတ်စုံကိုမဖြဲနဲ့လေ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုမော့ကြည့်လိုက်သည်။
သူ့ဘေးရှိနှစ်ဦးအခြေအနေက ပို၍ပင်ပြင်းထန်လာလေသည်။
ဖုယွမ်ချွမ်းက သူတို့အားကူညီချင်သော်လည်း မဖြစ်နိုင်ပေ။ သူအနားကပ်သွားပါက ရေသူလေးပို၍ထိတ်လန့်လာလိမ့်မည်။
သူက ချောင်းအသာဟန့်လိုက်ကာ "ဒီလောက်နဲ့ပဲထားလိုက်ပါတော့..."
ဆေးအကူ: "ရပါတယ် မာရှယ်...ပြီးတော့မှာပါ..."
သူ့အသံက လွန်ခဲ့တဲ့တစ်နာရီကလို အားအင်အပြည့်မရှိတော့ချေ။
ဆေးအကူက ပြောလိုက်သည်။: "ဟူး...ပြီးသွားပြီ...သူလုံးဝအားကုန်သွားတဲ့အထိစောင့်ရုံပါပဲ...ပြီးတာနဲ့စနှိပ်ပေးလို့ရပြီ..."
ကျွင်းချင်ယွီက တိုက်ခိုက်ရလွန်း၍ ပင်ပန်းသွားပုံရသော ကြက်သွေးရောင်ရေသူလေးကိုကြည့်နေသည်။
ဆေးအကူ၏ ကာကွယ်ရေးဝတ်စုံက ကျိုးပျက်သွားပြီဖြစ်ကာ လက်အိတ်မှာလည်းပြဲစုတ်သွားလေပြီ။ သူ၏မျက်နှာအကာပေါ်တွင်လည်း ပင့်ကူအိမ်ကဲ့သို့ အရာများထင်နေကာ အစိတ်စိတ်အမြွှာမြွှာဖြစ်နေ၏။.
သနားစရာပဲ...
ဆေးအကူက ဖုယွမ်ချွမ်းကိုလှည့်ကြည့်လိုက်သည့်အခါ ခုထိမလှုပ်ရှားသေးသည်ကို တွေ့လိုက်ရသည်။
သူက နှာခေါင်းသွေးများသုတ်ရင်း ရှေ့သို့လျှောက်သွားလိုက်သည်။ "မာရှယ်...အကူအညီလိုသေးလားမသိဘူး..."
ဖုယွမ်ချွမ်းကငြင်းဆန်လိုက်သည်။ "မလိုဘူး..."
ထို့နောက် ဆေးအကူ ရေသူလေးငြိမ်အောင်လုပ်ခဲ့ရသည့် အဆင့်များကို ဒီအတိုင်းကျော်ချလိုက်၏။ "ငါးကလေး...ဟိုဘက်လှည့်..."
ကျွင်းချင်ယွီက ပြောသည့်အတိုင်း ကိုယ်ကိုလှည့်လိုက်ကာ သူ၏အမြှီးကလေးဖြင့် ဖုယွမ်ချွမ်း၏လက်ချောင်းထိပ်များကို ဆော့ကစားလိုက်သည်။ "အာ~"
ဖုယွမ်ချွမ်းက ရွှေအိုရောင်ငါးမြှီးကလေးအား ညှင်သာစွာထိတွေ့လိုက်၏။ "လိမ္မာနော်..."
ဆေးအကူ: "…"
ကျွန်တော်က...ခင်ဗျားက...ဒါဘယ်လိုဖြစ်...
ဆေးအကူ၏စိတ်ပိုင်းဆိုင်ရာမှာ တစ်စစီကျိုးပဲ့သွားပြီဖြစ်သည်။
သူနာပြုက မှောက်လျှက်အနေအထားနှင့်ရေသူလေးကို ပါးစပ်အဟောင်းသားဖြင့်ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုစိုက်ကြည့်နေဆဲဖြစ်သည့် အနီရောင်ရေသူထီးလေးကို ပြန်ကြည့်လိုက်၏။
သူနာပြုအကူက ခါးသက်သောမျက်ရည်များကို ပြန်၍ရုတ်သိမ်းလိုက်ရ၏။ ဒီလို ရေသူလေးမျိုးကမှ လိမ္မာတယ်လို့ခေါ်တာ...
အရင်က အနီရောင်ရေသူလေးမှာ သဘောအကောင်းဆုံးဟုသတ်မှတ်ခံထားရသည်။
သို့သော် မာရှယ်၏ရေသူလေးနှင့်ယှဥ်ပါက အနည်းငယ်ပို၍ကြမ်းကြုတ်နေလေသည်။
"မာရှယ်...ခင်ဗျားရဲ့ရေသူလေးက အရမ်းသဘောကောင်းတာပဲ..."
"အင်း...ငါလည်းအဲ့လိုထင်တယ်.." ဖုယွမ်ချွမ်းက ရေသူလေး၏ဆံနွယ်များကို ရှင်းပေးကာ ခါးနားကိုနှိပ်ပေးလိုက်သည်။
ကျွင်းချင်ယွီကမူ မေးထောက်ကာ သူတို့ပြောနေသည့်စကားများအား နားထောင်နေ၏။
သူနာပြုအကူက သူ၏အားကျနေသောအကြည့်ကို ရုတ်သိမ်းလိုက်ကာ အနီရောင်ရေသူလေးထံသို့ အာရုံပြန်ပြောင်းလိုက်သည်။ "မာရှယ်...ကျွန်တော့်အတိုင်းလိုက်လုပ်ပါ..."
"ကောင်းပါပြီ..."
ကျွင်းချင်ယွီက အနှိပ်ခံရခြင်းကို သူနှင့်ဖုယွမ်ချွမ်း ကစားနေသလိုသာ သဘောထားခဲ့သည်။
သို့သော် သူ၏ပုခုံးနှင့်လည်တိုင်ပေါ်သို့ လက်ချောင်းထိပ်များက ညှင်သာစွာထိတွေ့လာသည့်အခါ ၎င်းမှာ အလွန်သက်တောင့်သက်သာရှိကြောင်း သတိပြုမိသွားခဲ့၏။
ကျွင်းချင်ယွီ၏ခန္ဓာကိုယ်က အရင်ကလည်းကိုက်ခဲနေခြင်းမျိုးမရှိပေ။ ယခုမူ ပို၍သက်တောင့်သက်သာဖြစ်လာလေသည်။
သူက အမြှီးလေးကိုမြှောက်လိုက်ကာ ဖုယွမ်ချွမ်း၏ခါးကို ခပ်ဖွဖွပုတ်လိုက်သည်။
"အာ~"
တော်တယ်...ကြိုးစားထား...
Xxxxxxx