Chapter 21
ဖုယွမ်ချွမ်းနှင့် ရေသူလေးတို့ အပြန်အလှန်ပြောနေပုံကိုကြည့်ရင်း သူနာပြုအကူက သံပုရာသီးစားနေရသလိုခံစားရကာ ချဥ်တင်တင်ဖြစ်လာသည်။ သူက ထပ်၍မကြည့်နိုင်တော့ပဲ အကြည့်လွှဲလိုက်လေသည်။
ထို့နောက် အနည်းငယ်ချောင်းဟန့်လိုက်ကာ "မာရှယ်...အပြင်မှာရေသူလေးနဲ့ ပိုင်ရှင်တွေ ဆော့ကစားနိုင်တဲ့နေရာရှိပါတယ်...အဲ့ဒီ့မှာစောင့်ပေးလို့ရမလား...ကျွန်တော် ပစ္စည်းတွေထုပ်ပိုးပြီးကားပေါ် ကိုပို့ထားပေးပါ့မယ်..."
"ရတယ်..." ဖုယွမ်ချွမ်းက ပစ္စည်းများအား သူ့အိမ်သို့တိုက်ရိုက်ပို့ခိုင်းမှာမဟုတ်ချေ။
လျှောက်သွားကြည့်ရင်း လိုချင်တာထပ်ထည့်လို့ရတာပေါ့လေ...
ရေသူလေးနှင့်ပတ်သတ်၍ သူ့မှာပစ္စည်းအနည်းအကျဥ်းသာရှိသေးသည်။
သူက ကစားရန်နေရာကိုသွားပြီး ကစားစရာအချို့ထပ်ထည့်ရန် စဥ်းစားလိုက်၏။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ပေါ်တွင်သာ ပျင်းရိစွာလဲလျောင်းနေလေသည်။ သူက စျေးဝယ်ထွက်ရန် စိတ်မဝင်စားချေ။
ဖုယွမ်ချွမ်းက ရေသူလေးများနှင့်ကစားရာနေရာသို့ လျှောက်ကြည့်လိုက်၏။
ကစားကွင်းမှာအလွန်ကျယ်ဝန်းပြီး လူအနည်းငယ်သာရှိနေ၏။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး နှောင့်ယှက်မိမှာ စိုးရိမ်ရန်မလိုချေ။
တစ်စုံတစ်ဦးဝင်လာသည့်အတွက် အားလုံးကလှည့်ကြည့်လာကြသည်။ သူတို့က ဖုယွမ်ချွမ်းကိုတွေ့လိုက်ရသည့်အခါ ဟိုသည်အကြည့်လွှဲသွားကြပြီး ထပ်၍မကြည့်ရဲကြတော့ချေ။
လူတစ်ချို့က လက်ယပ်ကာ သူတို့၏ရေသူလေးများအား ပြန်ခေါ်ကြသည်။
ဖုယွမ်ချွမ်းက ထိုသူတို့အားဂရုမစိုက်ချေ။ သူက နေရာတစ်နေရာသာရှာလိုက်သည်။
ကျွင်းချင်ယွီက မျက်မှောင်ကြုတ်လိုက်မိသည်။
ရေသူမျိုးနွယ်တွေက ဖုယွမ်ချွမ်းရဲ့စိတ်စွမ်းအားကြောင့် ကြောက်ကြတာထားပါတော့...ခင်ဗျားတို့က လူတွေလေ...ဘာလို့သူ့ကိုကြောက်နေကြတာလဲ...
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကဲ့သို့နူးညံ့သိမ်မွေ့သောလူကို အခြားလူများကြောက်ရွံ့နေကြခြင်းအပေါ် မည်သို့မှနားမလည်နိုင်ချေ။
"ငါးကလေး...အောက်ကိုဆင်းပြီး လျှောက်ကြည့်လေ..."
"အာ~" ကျွင်းချင်ယွီက ရေမျက်နှာပြင်ပေါ်အသာဆင်းက အမြှီးကိုစိုစွတ်စေလိုက်၏။ ထို့နောက် ဖုယွမ်ချွမ်း၏လက်ပေါ်သို့ ပြန်တက်လာလေသည်။
"မသွားချင်ဘူးလား..."
"ဟေး..." ကျွင်းချင်ယွီက ထိုသူ၏လက်ဖဝါးပေါ်တွင် ဘောလုံးကလေးလိုကွေးလိုက်သည်။
ထို့နောက် ဖုယွမ်ချွမ်း၏လက်က အေးစက်နေကြောင်းသတိပြုမိသွားကာ သူ့လက်ဖဝါးကလေးနှင့်ထိကပ်ရင်း ဝိဉာဥ်စွမ်းအင်များဖြည့်သွင်းပေးလိုက်၏။
ဖုယွမ်ချွမ်းက တစ်စုံတစ်ခုကိုခံစားမိသွားကာ "မင်းရဲ့ ဝိဉာဥ်စွမ်းအင်လား..."
"အာ~"
ကျွင်းချင်ယွီခေါင်းလှည့်လိုက်သည်နှင့် သူ့မျက်ခုံးနှစ်ခုကြားရှိ ငွေရောင်ကျောက်မျက်က အနည်းငယ်လျော့ရဲသွားလေသည်။
ကျွင်းချင်ယွီက လက်နှင့်ပြန်ထိန်းရန် ကြိုးစားသော်လည်း မမိလိုက်ပေ။ ငွေရောင်အဆင်တန်ဆာက ရေကန်ထဲသို့ပြုတ်ကျသွား၏။
ကျွင်းချင်ယွီ: "..."
ဒါက ဘယ်လိုတောင်...
သူ၏မကိုဋ်မှာ နစ်မြုပ်တော့မှာဖြစ်သည့်အတွက် ကျွင်းချင်ယွှီရေထဲသိုခုန်ဆင်းလိုက်သည်။
"ငါးကလေး..." ဖုယွမ်ချွမ်းက သူ့လက်ကိုဆန့်တန်းကာ ကျွင်းချင်ယွီ၏အမြှီးကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွဆွဲထားသည်။
"ထားလိုက်တော့...နောက်တစ်ခုပြောင်းတပ်ကြမယ်လေ..."
"အိုး.."
ဖုယွမ်ချွမ်းက အဆိုပါမကိုဋ်ကို ပုံစံများစွာထဲမှရွေးချယ်လာခဲ့ခြင်းဖြစ်သည်။ ကျွင်းချင်ယွီ လွယ်လွယ်နှင့်အဆုံးရှုံးမခံနိုင်ပေ။
ကံကောင်းစွာဖြင့် သူတို့ရပ်နေသောနေရာက ရေမြောင်းမဟုတ်ခဲ့ချေ။ မဟုတ်ပါက ကျွင်းချင်ယွီမည်မျှမြန်စေကာမူ မကိုဋ်ကိုပြန်ရဖို့မဖြစ်နိုင်ချေ။
ကျွင်းချင်ယွီက ရေကန်ရဲ့အောက်ခြေကို မကိုဋ် နစ်မြုပ်မသွားခင် လျှင်မြန်စွာကောက်ယူလိုက်ပြီးနောက် ရေပေါ်ပြန်တက်ခဲ့သည်။
သူက လက်တစ်ဖက်တွင် ငွေရောင်ကြိုးကိုကိုင်ထားကာ ကျန်တစ်ဖက်တွင် ကျောက်မြတ်ကိုကိုင်ထားသည်။
"ရေး~"
ဖုယွမ်ချွမ်းက ဒူးတစ်ဖက်ထောက်ကာ မကိုဋ်ကိုစစ်ဆေးလိုက်၏။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ဒူးပေါ်မေးထောက်ကာ သူ့ကိုငေးကြည့်နေလေသည်။
မကိုဋ်က ဘာမှမဖြစ်ပေ။ ကျောက်မျက်နှင့် ငွေရောင်ကြိုးကလေးများကို တွယ်ဆက်ထားသည့် ကွင်းအသေးလေးပြုတ်သွားရုံသာဖြစ်သည်။
ဖုယွမ်ချွမ်းက ထိုကွင်းလေး၏အဟကို ပြန်လည်ဖိကပ်လိုက်၏။ သူက ထပ်မံ၍ပြုတ်မကျသွားအောင် နောက်တစ်ခါထပ်ဖိလိုက်သေးသည်။
မကိုဋ်က အရည်အသွေးသိပ်မကောင်းပေ။ ဖုယွမ်ချွမ်းက ရေသူလေးအား အသစ်ရှာမရခင်အထိသာ ဤမကိုဋ်ကိုဝတ်ထားစေမည်ဟု တွေးလိုက်သည်
ထို့နောက် ရေသူလေးအား ငုံကြည့်လိုက်သည့်အခါ သူ့လက်လှုပ်ရှားမှုအား အလေးအနက်လိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏အာရုံစူးစိုက်နေပုံမှာ အလွန့်ကိုချစ်စရာကောင်းနေ၏။
ဖုယွမ်ချွမ်း၏ နှုတ်ခမ်းထောင့်များမြင့်တက်သွားသည်။ သူက မကိုဋ်ကို လျှင်မြန်စွာပြင်ဆင်ပြီးနောက် "ရပြီ..."
"အာ~" ကျွင်းချင်ယွီက သူ့နဖူးကိုညွှန်ပြကာ ဝတ်ပေးစေချင်ဟန်ပြလိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေး၏ အနည်းငယ်ရှုပ်နေသောဆံနွယ်လေးများအား သပ်တင်လိုက်ကာ မကိုဋ်ကိုတပ်ဆင်ပေးလိုက်၏။
ကျွင်းချင်ယွီက ထပ်ပြုတ်မကျတာသေချာရန် ခေါင်းခါကြည့်လိုက်သည်။
ရေသူလေး၏ ချစ်စဖွယ်အပြုအမှုလေးများကိုကြည့်ရင်း ဖုယွမ်ချွမ်းက လက်ကိုမြှောက်ကာ သူ၏ပါးလေးနှစ်ဖက်ကို မထိတွေ့ပဲမနေနိုင်ခဲ့ချေ။
ကျွင်းချင်ယွီက ထိုလက်ကိုပြန်၍ပွေ့ဖက်လာသည်။
ထိုစဥ် သူနာပြုအကူက သူတို့ထံလျှောက်လာကာ "မာရှယ်...ပစ္စည်းအားလုံးထုတ်ပိုးပြီး ကားထဲထည့်ပြီးပါပြီ..."
"ကျွန်တော့်ရဲ့ လိပ်စာကဒ်ကိုလည်းထည့်ပေးထားပါတယ်...တစ်ခုခုအဆင်မပြေတာရှိရင် အချိန်မရွေးဖုန်းဆက်နိုင်အောင်လို့ပါ..."
"ကောင်းပြီ..." ဖုယွမ်ချွမ်းက ရေသူလေးကိုလက်ပေါ်တင်ကာ ထလိုက်သည်။
သူနာပြုအကူက မနီးမဝေးရှိဘားကိုလှမ်းကြည့်လိုက်ရင်း သူ မညွှန်းပေးရသေးသည့် အရေးကြီးသောတစ်စုံတစ်ခုကိုသတိရသွားလေသည်။
သူက အလျှင်အမြန်ပြောလိုက်၏။ "မာရှယ်...ရေသူလေးကို လုံခြုံအောင်နေနည်းအကြောင်း သင်ပေးပြီးပြီလား..."
"လုံခြုံအောင်နေနည်း...."
"ဟုတ်ပါတယ်...ရေသူလေးတွေက ဉာဏ်ရည်မြင့်မားတဲ့အတွက် သူတို့အခိုးမခံရအောင်လို့ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ပေးလို့ရပါတယ်..."
"တစ်ချို့ကတော့ ပြန်ရှာတွေ့ပေမယ့် တစ်ချို့က..." သူနာပြုအကူက ခေါင်းခါယမ်းလိုက်သည်။
ပြင်ပသို့ရောက်သွားသောရေသူလေးများမှာ အသက်ရှင်ဖို့အခွင့်အလမ်းမရှိသလောက်ပင်။
တခြားလူများ၏ ဖမ်းဆီးခြင်းခံရကာ လေလံပွဲ၌ စျေးမြှင့်၍ရောင်းချခံရနိုင်သည်။ ရေသူမျိုးနွယ်များမှာ အလွန်အားနည်းသည့်အတွက် သေချာဂရုမစိုက်ပါက သေဆုံးသွားနိုင်ချေမြင့်မားသည်။
"အဲ့ဒါကြောင့် ပြင်ပရောက်သွားတဲ့ရေသူလေးတွေ အသက်ရှင်နိုင်ဖို့အတွက် လေ့ကျင့်ပေးတဲ့အစီအစဥ်တစ်ခုရှိပါတယ်..."
"အဲ့ဒီ့မှာ ငါးမျှားတဲ့နည်းလမ်းတွေ၊ ငါးဖမ်းပိုက်ကွန်တွေကို ရှောင်ရမယ့်နည်းအမျိုးမျိုးကို သင်ကြားပေးမှာပါ..."
ဖုယွမ်ချွမ်းက ရေသူလေးကို သူနှင့်ဝေးဝေးပင်ထားမှာမဟုတ်လေရာ ဤကဲ့သို့အန္တရာယ်မျိုးသည်လည်း မကျရောက်လာနိုင်ချေ။
ကျွင်းချင်ယွီက သူတို့၏ဘယ်ဘက်၌ရှိသော ပင့်ကူအိမ်ပုံစံအရာအကြောင်း သိချင်နေခဲ့တာဖြစ်သည်။
သူနာပြုအကူ၏စကားအရ ထိုသည်မှာ ငါးဖမ်းပိုက်ကွန်ဖြစ်ဟန်တူသည်။
သူက ထိုအရာများကိုစိတ်မဝင်စားသည့်အတွက် ဖုယွမ်ချွမ်း၏လက်ကိုသာ ဆွဲယမ်းလိုက်သည်။
ထိုစဥ် သူနာပြုအကူကထပ်ပြောလာ၏။
"တကယ်လို့ အဲ့ဒီ့ပိုက်ကွန်ကိုဖြတ်ပြနိုင်ရင် ဒီနေ့ဝယ်တာအားလုံးကို ၅၀ ရာခိုင်နှုန်းလျှော့စျေးနဲ့ရမှာပါ..."
ကျွင်းချင်ယွီက ရပ်တန့်သွားကာ ရေကန်ထဲသို့ပြန်ခုန်ဆင်းလိုက်သည်။
"အာ..."
သူက ၅၀ ရာခိုင်နှုန်းလျှော့စျေးလိုချင်လို့မဟုတ်ပါဘူးနော်...ဒီတိုင်းကာကွယ်ရေးနည်းလမ်းကို သင်ယူချင်ရုံပါ...
ဖုယွမ်ချွမ်း: "..."
ရွှေအိုရောင်ရေသူလေးက ကြည်လင်သောရေထဲတွင်လှပစွာကူးခတ်နေလေသည်။
ဖုယွမ်ချွမ်းက သူ့လက်ပေါ်ရှိရေများကိုသုတ်ကာ နောက်ကလိုက်လာ၏။
သူ့ပုံစံက အရမ်းဆင်းရဲနေတဲ့ပုံပေါက်နေလို့လား...
ကျွင်းချင်ယွီက ငါးဖမ်းပိုက်ကွန်၏အဖျားနားထိကူးခတ်သွားသော်လည်း ချက်ချင်းမဖြတ်ကျော်ပေ။ သူက ခဏရပ်လိုက်ကာ နံဘေးရှိသတိပေးစာကြောင်းကိုဖတ်ကြည့်လိုက်သည်။
စာတန်းပေါ်တွင် ရေသူမျိုးနွယ်များ၏ အာရုံကိုဆွဲဆောင်ရန်အတွက် ရေဆေးရောင်စုံများဖြင့်ရေးဆွဲထားသည့် တောက်ပသောစာလုံးများရှိနေသည်။
ကျွင်းချင်ယွီ ငြိမ်နေသည့်အခါ သူနာပြုက "မကြောက်ပါနဲ့...မင်း ဖြတ်သွားနိုင်တယ်...ငါးဖမ်းပိုက်တွေက အထူးပစ္စည်းတွေနဲ့လုပ်ထားလို့ ကပ်နိုင်ပေမယ့်မင်းကိုထိခိုက်စေမှာမဟုတ်ဘူး..."
သူနာပြုက ဖုယွမ်ချွမ်းကိုလည်း စိတ်မပူရန်ရှင်းပြသည်။ "ငါးဖမ်းပိုက်ရဲ့အပေါက်တွေက ရေသူမျိုးနွယ်တွေရဲ့အရွယ်အစားနဲ့အညီ လုပ်ထားတာပါ...ဒီတစ်ခါလုပ်တတ်သွားရင် နောက်ပိုင်းအန္တရာယ်ကြုံတဲ့အခါ စိုးရိမ်စရာမလိုတော့ဘူး..."
ကျွင်းချင်ယွီက ငါးဖမ်းပိုက်ကိုအသာထိကြည့်ချိန်တွင် စေးကပ်ကပ်ခံစားချက်ကိုရလိုက်၏။ သို့သော် သူ့အတွက်မူ ဒါကအပျော်တမ်းရေကူးသလောက်သာ ရှိလေသည်။
ကျွင်းချင်ယွီက သူ၏အမြှီးကိုလွှဲယမ်းကာ ငါးဖမ်းပိုက်၏တစ်ဖက်ခြမ်းသို့ သွက်လက်စွာကူးခတ်သွားသည်။
သူနာပြုအကူ: "..."
ဒီပိုက်က အတုကြီးပဲဖြစ်ရမယ်...
ငါးဖမ်းပိုက်ကို နည်းနည်းလောက်မျက်နှာသာပေးလို့ရမလား...
ကျွင်းချင်ယွီက သူနာပြုအကူ၏ထိတ်လန့်မှုကို သတိမပြုမိပဲ ဆက်လက်ကူးခတ်သွားသည်။
ငါးမျှားတံကိုထားရှိသည့်နေရာတွင် အလင်းယိုင်စေသည့်ပန်းကန်ပြားတစ်ချပ်ကိုထားထားသည်။
ကမ်းခြေပေါ်မှနေ၍ မည်သည့်ငါးမျှားချိတ်ကိုမှ မြင်ရမှာမဟုတ်ချေ။
သို့သော် ကျွင်းချင်ယွီက ကောင်းစွာမြင်ရလေသည်။
အချို့ငါးမျှားချိတ်များမှာ သူ့ထက်ပင်ကြီးသေး၏။ ချိတ်အဖျားတွင် ငါးခြောက်အပိုင်းသေးသေးလေးတစ်ခုကို တင်ထားလေသည်။
ကျွင်းချင်ယွီ၏မျက်စိရှေ့တင် ထိုငါးခြောက်ကလေးများက ချိတ်ပေါ်မှပဲ့ကျနေ၏။
ကျွင်းချင်ယွီ : "..."
အဲ့ဒီ့ငါးခြောက်သေးသေးလေးကို သူကတကယ်ကြီးသွားဟပ်ရမယ်ပေါ့လေ...
ကျွင်းချင်ယွီသက်ပြင်းချလိုက်သည်။
၅၀ ရာခိုင်နှုန်းလျှော့စျေးကြောင့်သာမဟုတ်ရင် သူဒီရူးကြောင်ကြောင်ပြဇာတ်ထဲ ဝင်မကပါဘူးနော်...
ကျွင်းချင်ယွီက ငါးမျှားချိတ်ကိုကြည့်ရန် အနားသို့ကပ်သွားသည်။ ထို့နောက် ကမ်းစပ်တွင်မတ်တပ်ရပ်နေသည့် ဖုယွမ်ချွမ်းကိုကြည့်လိုက်၏။
ကျွင်းချင်ယွီက ခဏတွေးလိုက်ရင်း ငါးမျှားချိတ်ပေါ်တက်ထိုင်လိုက်သည်။
သူက ဒန်းပေါ်တွင်ထိုင်နေသကဲ့သို့ သဘောထားကာ ငါးမျှားချိတ်၏အဖျားကိုကိုင်လိုက်သည်။
ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ငါးမျှားကြိုးကိုဆွဲလိုက်၏။
ထို့နောက် အကြိမ်အနည်းငယ်လွှဲယမ်းလိုက်သည်။
ဖုယွမ်ချွမ်းက အဆိုပါလှုပ်ရှားမှုကိုသတိပြုမိကာ ငါးမျှားတံအနီးသို့ လျှောက်သွားလိုက်၏။
သူနာပြုအကူကပြောလာသည်။ "ငါးမျှားချိတ်က အစာကိုဟပ်လိုက်တာလား..."
"အိုး...ဒီတစ်ခါတော့အငိုက်မိသွားပုံပဲ..." သူနာပြုအကူက ရေသူလေးကိုဉာဏ်ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခုမူ အစာဖြင့်ဆွဲဆောင်ခံလိုက်ရပုံပေါ်၏။
သတိတစ်ချက်လွတ်သွားတာနဲ့ အန္တရာယ်ကျတော့တာပဲ...
သို့သော် ငါးမျှားချိတ်က ဆက်တိုက်လွှဲယမ်းနေကာ ငါးမျှားတံကိုပင် ကွေးညွှတ်သွားစေခဲ့သည်။
သူနာပြုအကူက မျက်မှောင်ကြုတ်လိုက်၏။ "တစ်ခုခုမှားနေသလိုပဲ..."
ဖုယွမ်ချွမ်းက ငါးမျှားတံနားတွင်ထိုင်ချလိုက်ကာ ကြိုးကိုပြန်လည်ရစ်ပတ်လိုက်၏။ ကြိုးမှာ အနည်းငယ်လေးလံနေကာ ငါးသေးသေးလေးတစ်ကောင် မိနေဟန်တူသည်။
ငါးမျှားကြိုးက တဖြည်းဖြည်းတိုလာကာ ရေအောက်တွင်တစ်ချိန်လုံးပုန်းနေခဲ့သည့် ကျွင်းချင်ယွီသည်လည်း ရေစက်ရေမှုန်များဝန်းရံလျှက် ရုတ်တရက်ထွက်ပေါ်လာလေသည်။
"ဟင်..."
လှုပ်ရှားသက်ဝင်လွန်းသည့် ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်း၏နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးထင်ဟပ်လာသည်။
သူက လက်ကိုဆန့်တန်းလိုက်ကာ "ဒီကိုလာ..."
ကျွင်းချင်ယွီက ပြုံးလျှက် ဖုယွမ်ချွမ်း၏လက်ဖဝါးတွင်းခုန်ဆင်းကာ တစ်ချက်လိမ့်လိုက်သည်။ "အာ...အ..."
သူအဖမ်းခံလိုက်ရပြီ...
ဖုယွမ်ချွမ်း၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်လာကာ သူ့မျက်ဝန်းအိမ်တွင် လက်ဖဝါးပေါ်၌ လူးလိမ့်ဆော့ကစားနေသော ရေသူလေးနှင့်ပြည့်နှက်နေ၏။
"လိမ္မာနော်..."
"အာ~"
သူနာပြုအကူက ရေသူကလေးဒန်းကဲ့သို့ခိုစီးလာသည့် ငါးမြှားချိတ်ကိုတစ်လှည့်၊ ဖုယွမ်ချွမ်းကိုရယ်မောအောင်ကြိုးစားနေသော ရေသူလေးကိုတစ်လှည့်ကြည့်နေမိသည်။
တစ်ခုခုတော့လွဲနေသလိုပဲ...
တကယ့်ကိုထူးဆန်းတယ်...
ပုံမှန်အားဖြင့် ရေသူလေးပျော်အောင်သာ လူများကကြိုစားရခြင်းဖြစ်သော်ငြား ယခုမူ ရေသူလေးက မာရှယ်ပျော်အောင် ကြိုးပမ်းနေခြင်းဖြစ်လေသည်။
သူ တစ်ခါမှဒီလိုမျိုးမမြင်ဖူးချေ။
သူနာပြုအကူ၏အကြည့်က လောင်မြိုက်နေလေရာ ဖုယွမ်ချွမ်းက ခေါင်းမော့ကြည့်လိုက်သည်။
ထို့နောက် သူ၏လက်များကိုယှက်ကာ ရေသူလေးကို ဖွက်ပစ်လိုက်၏။ ကျွင်းချင်ယွီက သူ၏အမြှီးကိုရစ်ခွေကာ ဖုယွမ်ချွမ်း၏လက်များကြား အပြည့်အဝပုန်းနေလေသည်။
သူနာပြုအကူက ချောင်းအသာဟမ့်ကာ "ခုနကပြောခဲ့သလိုပါပဲ...ရေသူလေးက အရမ်းဉာဏ်ပြေးတယ်နော်..."
ထို့နောက် ဝန်ထမ်းတစ်ဦးက ပစ္စည်းများ၏ကျသင့်ငွေမှ ၅၀ ရာခိုင်နှုန်းနှုတ်ပေးလိုက်သည်။
Xxxxxx