Chapter 22
ကျွင်းချင်ယွီက လျော့သွားသည့်ကုန်ကျစရိတ်များအကြောင်းကိုတွေးရင်း ပြုံးလိုက်မိ၏။
ဖုယွမ်ချွမ်းက သူ့လက်ကြားထဲရှိရေသူလေးကို ငုံ့ကြည့်လိုက်သည်။
ရေသူလေးက ပျော်ရွှင်စွာပြုံးနေ၏။
ဖုယွမ်ချွမ်းက ပထမဆုံးအကြိမ်အဖြစ် စျေးချခြင်းအပေါ် အကောင်းမြင်လာခဲ့သည်။
---
ဖုယွမ်ချွမ်း ပြန်ရောက်သည့်အခါ သူက ကားပေါ်ရှိပစ္စည်းများကိုချရန် လူတစ်ချို့ကို အမိန့်ပေးလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ပေါ်တွင်လဲလျောင်းနေဆဲပင်
ဖုယွမ်ချွမ်းက စက္ကူပုံးပေါ်ရှိတိတ်ကပ်ထားသောနေရာကို ကျွင်းချင်ယွီရှေ့တိုးပေးလိုက်သည် ကျွင်းချင်ယွီက လက်သည်းကိုသုံးကာ ခပ်ပါးပါးတိတ်ကိုတစ်ချက်တည်းဖြတ်လိုက်၏။
ဖုယွမ်ချွမ်းက ပုံးထဲရှိပစ္စည်းများကို တစ်ခုချင်းချလိုက်သည်။
ကျွင်းချင်ယွီက သူကိုယ်တိုင် ဘယ်တစ်ခုကိုမှမရွေးချယ်ခဲ့သော်လည်း အားလုံးကသူ့ပစ္စည်းတွေချည်းသာ ဖြစ်နေလေသည်။
သူပစ္စည်းတွေအများကြီး ဝယ်ခဲ့မိတာပဲ...
ဖုယွမ်ချွမ်းက နောက်ပိုင်းတွင် ကျွင်းချင်ယွီ၏လက်သည်းအစား ဓားကိုသုံး၍သာ တိပ်ဖြတ်တော့သည်။ သူက ဆက်လက်ကစားချင်သော်လည်း ရေသူလေးပင်ပန်းမည်ကို စိုးရိမ်လေသည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုလှည့်ကြည့်ကာ အသံပြုလိုက်သည်။ "အာ~"
"ဟမ်..." ဖုယွမ်ချွမ်းက စက္ကူဖာကိုချလိုက်ကာ ငါးမြှီးကို သူ၏လက်ချောင်းထိပ်ဖြင့် ဆော့ကစားလိုက်၏။ "ပျင်းနေပြီလား..."
ကျွင်းချင်ယွီကခေါင်းခါပြသည်။ "အာ..."
"ပျင်းရင် ဟိုဘက်မှာသွားဆော့နေလေ..."
ကျွင်းချင်ယွီက တစ်ချိန်လုံးရေစိမ်နေရခြင်းထက် ဖုယွမ်ချွမ်းနားကပ်နေရခြင်းကို ပိုမိုလိုလားပေသည်။
ရေသူလေးက မသွားသည့်အခါ ဖုယွမ်ချွမ်းကပြောလိုက်သည်။ "သွားချင်ရင် ကိုယ့်ကိုပြောနော်..."
"အာ~"
သေတ္တာအားလုံးဖောက်ပြီးသည့်နောက် ပစ္စည်းများကို စင်ပေါ်တွင်စီရီထားလိုက်သည်။ စင်အားလုံးမှာ ကျွင်းချင်ယွီ၏ပစ္စည်းများနှင့်သာ ပြည့်နှက်နေ၏။ ဖုယွမ်ချွမ်းက အားလုံးကို ကိုယ်တိုင်ကိုယ်ကျစီရီခဲ့သည်။
ထိုစဥ် ကျွင်းချင်ယွီက သေတ္တာကြားထဲတွင် အိတ်တစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။
သူ ဖုယွမ်ချွမ်း၏ဘောင်းဘီစကိုဆွဲကာ ကျန်လက်တစ်ဖက်ဖြင့် အိတ်ကိုညွှန်ပြလိုက်သည်။ "အာ~"
ဖုယွမ်ချွမ်း သူဝယ်ခဲ့သောပစ္စည်းအားလုံးကို ကောင်းစွာမှတ်မိလေသည်။
ပစ္စည်းစစ်သည့်အခါတွင်လည်း ကျန်ခဲ့တာမျိုးမရှိချေ။သူ ရေသူလေးညွှန်ပြသည့်နေရာသို့သွားကာ အိတ်ကိုကောက်ယူလိုက်သည်။
"လက်ဆောင်များလား..."
"အာ..." ကျွင်းချင်ယွီက အိတ်ကိုငုံ့ကြည့်လိုက်၏။
အိတ်ထဲတွင် ငွေရောင်ကဲ့သို့ဖြူဖွေးသည့် ကြိုးတစ်ကုံးရှိနေသည်။
ကျွင်းချင်ယွီ: "..."
ဘာလဲ...
ဖုယွမ်ချွမ်းက အိတ်အပြင်ထုတ်ကြည့်လိုက်သည့်အခါ လည်ဆွဲတစ်ကုံးဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဆိုဒ်အနေအထားအရ ရေသူလေးအတွက် ရည်ရွယ်ခြင်းဖြစ်ပုံပင်။
"ဝတ်ကြည့်မလား..." ဖုယွမ်ချွမ်းက ကျွင်းချင်ယွီ၏မကိုဋ်ကိုကြည့်ရင်းပြောလိုက်သည်။ "တူတူဝတ်ရတာထင်တယ်..."
ကျွင်းချင်ယွီက ဘာမှမပြောပဲ လည်ဆွဲကိုယူလိုက်သည်။ ကျောက်မျက်မရှိသည်မှလွဲ၍ လည်ဆွဲ၏ပုံသဏ္ဍာန်မှာ သူ့ခေါင်းပေါ်ရှိမကိုဋ်နှင့် အလွန်ဆင်တူလေသည်။
လှလည်းလှတယ်...
ဖုယွမ်ချွမ်းကပြောလိုက်သည်။ "ကိုယ် မင်းကိုဝတ်ပေးမယ်..."
သို့သော် လည်ဆွဲအနောက်ရှိချိတ်ကလေးမှာ သေးလွန်းသဖြင့် ဖုယွမ်ချွမ်းတပ်ပေးလို့မရပဲဖြစ်နေလေသည်။
"အာ..." ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ထဲမှ လည်ဆွဲကိုပြန်ယူလိုက်သည်။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်သူကြွယ်တွင် လည်ဆွဲကိုနှစ်ပတ်ပတ်ပေးလိုက်သည်။
"အာ~"
ဖုယွမ်ချွမ်းက ငြိမ်ငြိမ်လေးနေကာ ရေသူလေးစိတ်တိုင်းကျ လုပ်ခွင့်ပေးထားလေသည်။
ငွေဖြူရောင်ကြိုးမှာ ရိုးရိုးရှင်းရှင်းပင်ဖြစ်ပြီး အနည်းငယ်လျော့ရဲနေသည်။
သို့သော် ဖုယွမ်ချွမ်းပြောလိုက်၏။ "ကြည့်ကောင်းတယ်..."
"အာ.." ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏လက်ချောင်းများကိုပျော်ရွှင်စွာဖက်လိုက်သည်။
အားလုံးနေရာချပြီးသည့်နောက် ဖုယွမ်ချွမ်းက ရေသူလေးအနားယူရန် ပြင်ဆင်လိုက်၏။ သူ တစ်နေကုန်ဆော့ကစားခဲ့ခြင်းဖြစ်ရာ လေ့ကျင့်ခန်းလုပ်ဖို့မလိုတော့ချေ။
အထူးသဖြင့် လျှင်မြန်သောကြီးထွားလာမှုကြောင့် ရေသူလေးမသက်မသာဖြစ်နေလိမ့်မည်။
ဖုယွမ်ချွမ်းက ရေသူလေးအား အာဟာရဖျော်ရည်သောက်ပြီးသည်နှင့် စောစောအနားယူစေချင်သည်။
သို့သော် ကျွင်းချင်ယွီက မသောက်ချင်ပေ။
သူက နေရာလွတ်ထဲရှိ အသီးရောအရွက်ရောကိုစားခဲ့ကာ ဝိဉာဥ်စမ်းရေပင် သောက်ခဲ့သည်။
သို့သော် ဖုယွမ်ချွမ်းက တိုက်တွန်းနေလေရာ သူ ကြိတ်မှိတ်သောက်လိုက်သည်။
အရသာက နို့မှုန့်နှင့်တူလေသည်။ အနည်းငယ်ချိုမြမြနှင့် နှံ့စပ်စွာဖျော်ထားပုံရ၏။
ဖုယွန်ချွမ်း ကျွင်းချင်ယွီကိုဂရုစိုက်ပေးပြီးသည်နှင့် အလုပ်လုပ်ရန်ပြင်လိုက်သည်။
.
ကျွင်းချင်ယွီ သူ့ကိုထပ်မံမနှောင့်ယှက်တော့ပေ။ အသီးအရွက်ရည်များကိုညှစ်ပြီးသည့်နောက် ငါးကန်အတွင်းသို့ဝင်သွားလေသည်။
"အာ.." ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုလှမ်းခေါ်ကာ အသီးအရွက်ဖျော်ရည်ကို ညွှန်ပြလိုက်သည်။
ဖုယွမ်ချွမ်းက လှမ်းကြည့်၏။ "ကိုယ်သိပြီ...ကောင်းသောညပါ..."
ကျွင်းချင်ယွီက ကမာခွံထဲသို့ဝင်ကာ အိပ်စက်လိုက်၏။
သူနေရာလွတ်ထဲရောက်သွားသည်နှင့် ဝိဉာဥ်စမ်းရေများစွာ သောက်လုံးလိုက်၏။ ၎င်းက လျှင်မြန်စွာကြီးထွားရန်အတွက် အသင့်တော်ဆုံးပင်ဖြစ်လေသည်။
ဖုယွမ်ချွမ်းနံဘေးတွင်ရပ်ကာ သူ့အားကာကွယ်ပေးရန်အတွက် မြန်မြန်ကြီးထွားဖို့လိုအပ်သည်။
ကျွင်းချင်ယွီက ဝိဉာဥ်စမ်းရေအတွင်း ဝင်၍စိမ်ကာ သက်တောင့်သက်သာရှိသောအနေအထားကိုရှာ၍ အိပ်စက်လေတော့သည်။
---
ကျွင်းချင်ယွီက နေ့ရက်တိုင်းကို ဝိဉာဥ်စမ်းရေဖြင့်ထိတွေ့ရင်း ဖြတ်သန်းခဲ့၏။
သူမည်မျှကြီးလာပြီမှန်းမသိသော်လည်း ဝိဉာဥ်စွမ်းအင်ကမူ နေ့စဥ်တိုးတက်၍နေလေသည်။
ဖုယွမ်ချွမ်းကို လွှဲပြောင်းပေးလျှင်ပင် သူဘယ်လိုမှမနေချေ။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်အတွင်းခိုဝင်ကာ ဝိဉာဥ်စွမ်းအင်များကို ထိုသူ့ထံသို့ စီးဆင်းစေလိုက်သည်။ "အာ~"
ဒီတိုင်းဆို ဖုယွမ်ချွမ်းနေပြန်ကောင်းဖို့ ဘယ်လောက်မှမကြာတော့ဘူးပဲ...
ဖုယွမ်ချွမ်းက အလုပ်ကြိုးစားနေသည့် ရေသူလေးကိုငေးကြည့်ကာ "ကျေးဇူး..."
ကျွင်းချင်ယွီက ခေါင်းမော့ကြည့်လိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေးသူ့ကိုကုပေးနေမှန်း သိလေသည်။ သူက ဝိဉာဥ်စွမ်းအင်ကိုမမြင်ရသော်လည်း သူ့ခန္ဓာကိုယ်အခြေအနေမှာ အရင်ကထက်ပို၍ကောင်းလာသည်ကို ခံစားမိ၏။
ကျွင်းချင်ယွီ ဖုယွမ်ချွမ်း၏ခါးကို သူ၏အမြှီးကလေးဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။
ဖုယွမ်ချွမ်း ရေသူလေး၏အမြှီးကိုထိလိုက်ကာ "ကိုယ် ခဏနေရင်အပြင်သွားရမယ်..."
"ဟမ်..."
သူ့ကိုခေါ်မသွားဘူးပေါ့...တစ်ခုခုဖြစ်နေတာလား...
"ကိုယ့်ကို အိမ်မှာစောင့်နေနော်..."
ကျွင်းချင်ယွီက ခေါင်းညှိတ်လိုက်သည်။ "အာ..."
ဖုယွမ်ချွမ်းက ရေသူလေး၏ နှုတ်ခမ်းထောင့်လေးကို အသာအယာထိလိုက်သည်။ သူက တစ်ခုခုပြောချင်နေပုံပင်။
"တကယ်လို့ ကိုယ်ပြန်မလာရင်..."
သူစကားမဆုံးခင် ကွမ်းနောင်ထံမှ ဗီဒီယိုကောလ်ခေါ်လာ၏။
ဖုယွမ်ချွမ်းက ဗီဒီယိုကောလ်ကိုချိတ်ဆက်လိုက်၏။
ဖန်သားပြင်ပေါ်တွင် ရှီခိုင်ရှင်းပုံရိပ်ပေါ်လာသည်။ "မာရှယ်...ကျွန်တော်တို့ လစ်ဘိုင်လမ်းကိုရောက်နေပါပြီ...လူအိုကြီးကလည်းလူတစ်ချို့လွှတ်လိုက်ပုံရတယ်...သူတို့ဘာတွေပြောနေကြမှန်းတော့မကြားရပါဘူး..."
"ပတ်ဝန်းကျင်ကိုစစ်ဆေးပြီးပါပြီ..."
"အကြိုစစ်ဆေးမှုအတွက် ပြသနာမရှိပါဘူး...စိတ်စွမ်းအားခက်ထန်လာနိုင်တဲ့ အနှောင့်အယှက်မျိုးမရှိတာသေချာပါတယ်..."
ဖုယွမ်ချွမ်း ပြောလိုက်သည်။ "ငါသိပြီ...သူတို့ကိုဆက်ကြည့်နေပါ...ငါခဏနေရင်ရောက်လာမယ်..."
ရှီခိုင်ရှင်း: "ဟုတ်ကဲ့..."
ကျွင်းချင်ယွီ မျက်မှောင်ကြုတ်လိုက်၏။
လူအိုကြီးက ဘယ်လိုလူမျိုးကိုလွှတ်လိုက်ပြန်ပြီလဲ...
ဘာလို့ ဖုယွမ်ချွမ်းက သူ့စိတ်စွမ်းအင်ကိုထိခိုက်စေတဲ့အရာရှိမလားဆိုပြီး စစ်ဆေးခိုင်းရတာလဲ...
အန္တရာယ်ရှိတဲ့ပုံပဲ...
သူ အနည်းငယ်စိတ်ပူသွားမိသည်။ "အာ..."
"ဘာမှမဖြစ်ပါဘူး..." ဖုယွမ်ချွမ်းက ရေသူလေး၏ခေါင်းကိုထိလိုက်ကာ "ကိုယ် ပြင်ဆင်ထားပြီးပြီ.."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကိုဆွဲလိုက်သည်။
ဒါပေမယ့် အန္တရာယ်ရှိနေတုန်းလေ...
စိတ်စွမ်းအင်ကို ထိခိုက်စေမယ့်အရာမျိုးကို စစ်ဆေးနေတယ်ဆိုတော့ ဒီတစ်ခါကိစ္စက စိတ်စွမ်းအင်နဲ့ဆက်စပ်နေတာ မဟုတ်လား...
ကျွင်းချင်ယွီက အမြန်မတ်တပ်ရပ်လိုက်သည်။ "အာ~"
ငါ့ကိုခေါ်သွားနော်...
အန္တရာယ်ကြုံရလျှင်ပင် သူ့တွင်ဝိဉာဥ်စမ်းရေနှင့် နေရာလွတ်ရှိသေးသည်။
ဖုယွမ်ချွမ်းတစ်ကိုယ်ထဲ သွားခွင့်မပေးနိုင်ချေ။
ရေသူလေး၏ အပြုအမူကိုကြည့်ရင်း ဖုယွမ်ချွမ်းပြောလိုက်သည်။
"ကောင်းကောင်းနေခဲ့နော်...အပြင်မှာအန္တရာယ်များတယ်..."
"အာ.." ကျွင်းချင်ယွီက သဘောမတူချေ။
အန္တရာယ်များလို့ပဲ မင်းငါနဲ့အတူတူသွားသင့်တာလေ...
ဖုယွမ်ချွမ်း ရေသူလေး၏ခေါင်းကိုထိလိုက်သည်။
"ငါမင်းအတွက် အရသာရှိတာဝယ်လာခဲ့မယ်လေ...."
ကျွင်းချင်ယွီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏ ရွှေအိုရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံက ဖုယွမ်ချွမ်းအား သနားစရာကောင်းအောင်စိုက်ကြည့်နေလေသည်။ "အာ..."
ဖုယွမ်ချွမ်းက မငြင်းဆန်နိုင်သော်လည်း သူ့တွင်အခြားနည်းမရှိပေ။သူက ချော့မော့လိုက်သည်။:
"လိမ္မာပါကွာ..."
ဤတစ်ကြိမ်ခရီးမှာ အလွန်အန္တရာယ်များလေသည်။ ရေသူလေးအတွက် အိမ်မှာနေခဲ့ခြင်းကသာ အသင့်တော်ဆုံးဖြစ်၏။
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းသူ့အားခေါ်သွားမည့်ပုံမပေါ်သရွေ့ ထိုသူ၏လက်ကို လွှတ်ပေးဖို့အစီအစဥ်မရှိချေ။ "အာ~"
ငါ့ကိုခေါ်မသွားရင် မင်းလည်းမသွားရဘူး...
သို့သော် ဖုယွမ်ချွမ်းက သူ့ကိုသာဆက်တိုက်ချော့မော့နေလေသည်။
ကျွင်းချင်ယွီက စိတ်ပူပန်လာ၏။ ရုတ်တရက် ငါးကန်နံဘေးရှိ အနက်ရောင်ကုတ်အင်္ကျီကို သတိပြုမိလိုက်သည်။
သူက ခဏတွေးလိုက်ရင်း ငြိမ်ကျသွားကာ ငါးကန်ကိုညွှန်ပြလိုက်သည်။ "ဟေး..."
"ငါးကန်ကိုသွားချင်လို့လား..."
ကျွင်းချင်ယွီ ခေါင်းညှိတ်လိုက်၏။
ရေသူလေးက ရုတ်တရက် သူအပြင်ထွက်မှာကို ထပ်မံ၍မကန့်ကွက်တော့ကြောင်း ဖုယွမ်ချွမ်းတွေ့လိုက်ရသည်။
သူက ကျွင်းချင်ယွီညွှန်ပြသည့်အတိုင်း ငါးကန်အနားသို့ခေါ်သွားပေးလိုက်၏။
ကျွင်းချင်ယွီက ကန်ထဲဆင်းပြီးနောက် ဖုယွမ်ချွမ်း၏လက်ကို စိုးရိမ်စွာထပ်မံဆုပ်ကိုင်လာသည်။ "အာ~"
ဖုယွမ်ချွမ်းက "စိတ်မပူပါနဲ့...ကိုယ့်အတိုင်းအတာကိုကိုယ်သိပါတယ်...."
"အာ~" ကျွင်းချင်ယွီက သူ့အားလက်ဝေ့ယမ်းပြကာ အိပ်တော့မည့်ဟန်ဖြင့် ကမာခွံအတွင်းဝင်သွားလေသည်။
ဖုယွမ်ချွမ်းက သူ့အားဆက်လက်မနှောင့်ယှက်တော့ပဲ ရေချိုးရန်ပြင်လိုက်၏။
ရေချိုးခန်းတံခါးပိတ်သွားသည့်အခါ ကမာခွံက အနည်းငယ်ပွင့်လာသည်။.
ကျွင်းချင်ယွီက ရေမျက်နှာပြင်ပေါ်တက်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိရေများကို တစ်ရှူးဖြင့်သုတ်လိုက်၏။
ထို့နောက် သဲလွန်စမကျန်ရန် တစ်ရှူးကို အမှိုက်ပုံးထဲပစ်လိူက်လေသည်။
ထို့နောက် စားပွဲပေါ်ရှိကုတ်အင်္ကျီကိုကြည့်ရင်း ကျွင်းချင်ယွီမျက်ဝန်းများမှေးကျဥ်းလိုက်မိသည်။
ဖုယွမ်ချွမ်းရေချိုးပြီးထွက်လာချိန်တွင် ကမာခွံကပိတ်လျှက်သားရှိနေလေသည်။ သူက ရေသူလေးနိုးမှာစိုးသဖြင့် စားပွဲပေါ်ရှိကုတ်အင်္ကျီကိုယူကာ အမြန်ထွက်လာလိုက်သည်။
အပြင်ဘက်တွင် ကြိုပို့ယာဥ်ကအသင့်စောင့်နေလေသည်။
ဖုယွမ်ချွမ်းက ကားပေါ်တက်လိုက်ပြီးနောက် ကုတ်အင်္ကျီကိုနံဘေးတွင်ထားကာ ရှီခိုင်ရှင်းပို့သည့်စာများအား ဖတ်ရှုနေလေသည်။
လမ်းတွင် ကားကြပ်နေခြင်းမျိုးမရှိသည့်အတွက် လစ်ဘိုင်လမ်းသို့ မကြာခင်ပင်ရောက်ရှိသွား၏။
ဇာ့ဂ်များတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လစ်ဘိုင်လမ်းတွင် လူများများစားစားမရှိတော့ချေ။
ဖုယွမ်ချွမ်းက ကုတ်အင်္ကျီကိုဝတ်ဆင်လိုက်ရင်း ကားအပြင်ထွက်လိုက်သည်။
ရုတ်တရက် သူ၏အင်္ကျီဘယ်ဘက်ခြမ်းမှာ အနည်းငယ်တွဲကျနေသလို ခံစားလိုက်ရ၏။
အိတ်၏ဖောင်းနေသောနေရာကိုကြည့်ရင်း ဖုယွမ်ချွမ်းမျက်မှောင်ကြုတ်လိုက်မိသည်။
သူက အိတ်ထဲလက်နှိုက်ကြည့်သည့်အခါ အေးစက်စက်အထိအတွေ့ကို ခံစားမိလေသည်။
သူက အိတ်အစွန်းကိုဖွင့်ကာ ငုံကြည့်လိုက်သည်။
ရေသူလေးက သူ့အိတ်ကပ်ထဲတွင် ခွေခွေကလေးရှိနေလေသည်။
အမိခံလိုက်ရသောကျွင်းချင်ယွီက အပြစ်ရှိသလိုခံစားလိုက်ရကာ ခေါင်းမော့ရင်းပြုံးပြလိုက်သည်။
သူက ဖုယွမ်ချွမ်း၏လက်ကို အိတ်ကပ်အပြင်သို့တွန်းထုတ်လိုက်၏။
ထို့နောက် လက်ကလေးတစ်ဖက်က အိတ်ကပ်ကြားမှထွက်လာသည်။
ထိုလက်ကလေးက အိတ်ကပ်အစွန်းနားရှိ ကြေမွနေသည့်နေရာများကို လိုက်ဖိရင်း ပြန့်ပြူးစေလိုက်သည်။
ထို့နောက် ဖုယွမ်ချွမ်း၏လက်ကို အိတ်ကပ်ထဲသို့ပြန်လည်ဆွဲယူလိုက်၏။
ဖုယွမ်ချွမ်း: "..."
Xxxxxx