အပိုင်း ၂၃
Viewers 17k

Chapter 23


ထိုအခိုက်အတန့်တွင် သူတစ်ပတ်ရိုက်ခံရသည်ဟု ဖုယွမ်ချွမ်းခံစားလိုက်ရသည်။


ရေသူလေး ကမာခွံထဲဝင်အိပ်သွားသည်ကို သေချာစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ အဘယ့်ကြောင့် အိတ်ထဲပါလာရသနည်း...


ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ယွီ(ငါးကလေး) သူ့စကားနားထောင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ချေ။


သူ့မှာ အစကတည်းကအကြံရှိပြီးသားပေါ့လေ...


"ငါးကလေး..."


ကျွင်းချင်ယွီက မကြားချင်ယောင်ဆောင်ကာ အိတ်ထဲပုန်းနေလေသည်။ 


ဘာဖြစ်လဲ...ကားကဖြင့်လမ်းတစ်ဝက်တောင်ကျော်လာပြီလေ...ပြန်လှည့်ခိုင်းလို့မှမရတာ...


ယခုမူ လစ်ဘိုင်လမ်းသို့ပင်ရောက်လာပြီ​​ဖြစ်ရာ သူ့ကိုပြန်ပို့မှာ စိုးရိမ်ရန်မလိုတော့ချေ။


"အထဲမှာ အသက်ရှူမကြပ်ဖူးလား..."


ကျွင်းချင်ယွီက တစ်ဖက်လှည့်လိုက်သည်။


မဖြစ်ပါဘူး...ဝတ်စုံကအရည်အသွေးအရမ်းကောင်းတယ်...လေကောင်းလေသန့်ရပြီး အရမ်းကိုသက်တောင့်သက်သာရှိတာ...


"ထွက်ခဲ့လေ..."


"အာ~" 


မင်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ပါ...ငါဒီမှာရိုးရိုးသားသားနဲ့ ငြိမ်ငြိမ်လေးနေပြီး လုံးဝမနှောင့်ယှက်ဘူးလို့ ကတိပေးတယ်...


"မင်းမထွက်လာရင် ကိုယ်မင်းကိုပြန်ပို့မှာနော်..."


"အာ..." ကျွင်းချင်ယွီက ချက်ချင်းထထိုင်ကာ အိတ်ကြားထဲမှ ခေါင်းလေးပြူလာသည်။


မင်းငါ့ကိုတကယ်ကြီး ပြန်မပို့ပါဘူးနော်...ဟုတ်တယ်မလား...


ဖုယွမ်ချွမ်းက ရေသူလေးကိုအိမ်ပြန်ပို့ချင်ခဲ့သည်။ ဤနေရာမှာ အလွန်အန္တရာယ်များ၏။ ပြင်ပခြိမ်းခြောက်မှုများမရှိလျှင်ပင် စိတ်စွမ်းအားတိုက်ခိုက်မှုမျိုးကြုံရပါက သူစိတ်လွတ်သွားနိုင်သည်။


သို့သော် ရေသူလေး၏ ရွှေအိုရောင်ဖျော့ဖျော့မျက်ဝန်းများကို မြင်ရချိန်၌ သူ....


ခဏကြာတိတ်ဆိတ်ပြီးနောက် ဖုယွမ်ချွမ်းသက်ပြင်းချလိုက်ကာ ရေသူလေး၏ပါးပြင်ကို သူ့လက်ချောင်းထိပ်ဖြင့်ပွတ်သပ်လိုက်သည်။


"ကိုယ့်အနားမှာပဲနေပါ...ဘယ်မှလျှောက်မသွားနဲ့..."


"အာ.." ကျွင်းချင်ယွီက သူ့လက်ကိုမြှောက်ကာ ဖုယွမ်ချွမ်း၏လက်ဖဝါးကိုပုတ်ပေးလိုက်သည်။


လုံးဝစိတ်ချထားလိုက်...


ထို့နောက် ဖုယွမ်ချွမ်းအလုပ်နောက်ကျမှာစိုးသဖြင့် အိတ်ကပ်ထဲပြန်ဝင်နေလိုက်၏။


ရှီခိုင်ရှင်းက သူတို့ထံပြေးလာကာ "မာရှယ်...ကျွန်တော်တို့အားလုံးစစ်ဆေးထားပါတယ်...လူအိုကြီးက မလှုပ်ရှား​သေးပါဘူး..."


"​ကောင်းပြီ..." ဖုယွမ်ချွမ်းက ပြောလိုက်သည်။ "သွားကြည့်ရအောင်..."


"ဟုတ်ကဲ့..." ရှီခိုင်ရှင်းက လမ်းပြသည်။


ကျွင်းချင်ယွီက လူအိုကြီးဟူသည့်နာမ်စားမှာ မည်သူ့ကိုဆိုလိုမှန်း အစကမသိချေ။ ယခုမူ အင်ပါယာခေါင်းဆောင်ကို ပြောနေခြင်းဖြစ်ကြောင်း တွေးမိသွား၏။


ကြယ်စုရှိအသက်အရွယ်အရဆိုလျှင် သူသည်လည်း လူရွယ်ပိုင်းရောက်နေပြီဖြစ်သည်။


ဤရက်များတွင် ဖုယွမ်ချွမ်းအလုပ်လုပ်တိုင်း ကျွင်းချင်ယွီက သူ့ဘေးမှာရှိနေခဲ့တာဖြစ်သည်။ လစ်ဘိုင်လမ်းကိစ္စတွင် သေမှုသေခင်းများမပါရှိပေ။ 


သေမှုသေခင်းမရှိပဲ ဖုယွမ်ချွမ်းစားပွဲပေါ်အထိ ထိုကိစ္စကရောက်လာခြင်းဖြစ်ရာ ပြသနာတစ်ခုခုတော့ရှိနေခြင်းဖြစ်ရမည်။ 


အင်ပါယာခေါင်းဆောင်က ဖုယွမ်ချွမ်းအတွက် သီးသန့်သတင်းပို့ပေးခဲ့သည်မှာ သေချာသလောက်ရှိလေသည်။


ဖုယွမ်ချွမ်းက ရှီခိုင်ရှင်းအား ထိုလူများကိုစောင့်ကြည့်ခိုင်းထားသည်ဖြစ်ရာ သူက ဒီကိစ္စအတွက် ပြင်ဆင်ပြီးသားဖြစ်ပုံရသည်။


နှစ်ဖက်လုံးက တစ်ဦးနှင့်တစ်ဦး စမ်းသပ်နေကြခြင်းဖြစ်ပုံရ၏။


ကျွင်းချင်ယွီက ထိုအကြောင်းကိုတွေးနေစဥ် အိတ်ကပ်ထဲသို့ လက်တစ်ဖက်ကဝင်လာသည်။ သူက ဖုယွမ်ချွမ်း၏လက်ကို ပွေ့ဖက်လိုက်၏။


အိတ်၏ဟနေသောအကြားမှ ဖုယွမ်ချွမ်း၏မေးဖျားကို မြင်​နေရသည်။


ဖုယွမ်ချွမ်းက အပေါ်မျက်နှာကျက်ကိုမော့ကြည့်နေခြင်းဖြစ်၏။



လစ်ဘိုင်လမ်းမှာ အရောင်းအဝယ်လုပ်ငန်းများစွာပြုလုပ်နေကျ လမ်းဖြစ်သည်။


သို့သော် ဤနေရာရှိတစ်ခုခုက လူများ၏အသက်ရှူခြင်းကိုနှောင့်ယှက်နေသလိုပင်။ 


ကျွင်းချင်ယွီက သူ၏အနေအထားကိုချိန်ညှိကာ ဖုယွမ်ချွမ်း၏လက်ပေါ်တွင် ထိုင်လိုက်သည်။


ထို့နောက် ဝိဉာဥ်စွမ်းအင်ကို ဖြည်းညှင်းစွာ လွှတ်ထုတ်လိုက်၏။


ထိုအရာမှာဘာမှန်းမသိသော်လည်း သူ့ခံစားချက်များကို တစ်နည်းနည်းဖြင့်နှောင့်ယှက်နေကြောင်း ခံစားမိသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကိုတစ်ချက်ကြည့်လိုက်သည့်အခါ ထိုသူက အဆင်ပြေပြေရှိနေကြောင်းတွေ့လိုက်ရသည်။


အကယ်၍ အရင်အတိုင်းသာဆိုပါက အနည်းငယ်သောပြောင်းလဲမှုကလေးကပင် ဖုယွမ်ချွမ်းစိတ်လွတ်သွားအောင် လုပ်နိုင်လေသည်။


ဖုယွမ်ချွမ်းက မလာခင်တစ်စုံတစ်ခုပြင်ဆင်လာခဲ့ပုံရ၏။


ကျွင်းချင်ယွီက ခဏတွေးလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိအရှိန်အဝါကို ဖျက်ဆီးပစ်ရန်အခွင့်ကောင်းရှာလိုက်သည်။


သူ၏လက်ရှိဝိဉာဥ်စွမ်းအင်နှင့်ဆိုပါက အသက်ရှူရခက်စေသော အရာအားလုံးကို မည်သူမှသတိမထားမိခင်ဖယ်ရှားပစ်နိုင်လေသည်။


သို့သော် တဖြည်းဖြည်းနှင့် ထိုကဲ့သို့ဖြစ်စေသောအရာနှင့်နီးလာသည်ဟု ခံစားလိုက်ရသည်။


ဘာကြီးလဲ...


၎င်းမှာ ပြင်းထန်သည့်အရှိန်အဝါများ ထုတ်လွှင့်နေသော ဥတစ်လုံးပင်။


ဆိုတော့ ဒါကအရင်းအမြစ်ပေါ့လေ...


ကျွင်းချင်ယွီက မျက်မှောင်ကြုတ်လိုက်မိ၏။


ထိုအချိန်တွင် ဖုယွမ်ချွမ်းက သူ့ရှေ့ရှိဗိုလ်ချုပ်ကြီးကို အေးစက်စက်ဖြင့်စိုက်ကြည့်နေလေသည်။


အင်ပါယာခေါင်းဆောင်၏ လူယုံတော်ဖြစ်သည့် သူ့ကိုဤနေရာ၌ မကြိုဆိုမှန်း ရွှီခဲ့လင်ကောင်းစွာသိလေသည်။ 


သို့သော် အမိန့်အတိုင်းလုပ်စရာရှိတာလုပ်ရမှာပင်။


"မာရှယ်ဖု...ဇာ့ဂ်တွေရဲ့သားလောင်းဥက ဒီမှာရှိနေတာကြာပါပြီ...."


"ဒါကိုရှာတွေ့ကတည်းက ဥကိုဖောက်ထွက်ချင်တဲ့အရိပ်အယောင်တွေတွေ့နေရပါတယ်...အဲ့ဒီ့တော့ မူမမှန်တာတစ်ခုခုဖြစ်တာနဲ့ သားလောင်းကစောမွေးလာမှာပါ..."


"ဒီလမ်းက စီးပွားရေးအချက်အချာလမ်းဖြစ်တာကြောင့် အကယ်၍သားလောင်းသာ စောမွေးခဲ့ရင် ပတ်ဝန်းကျင်ကိုဘေးသင့်စေမှာပါ..."


"ဒါ့ကြောင့် သူ့ကိုစိတ်စွမ်းအင်နဲ့ချုပ်ထားပြီးတော့ မာရှယ့်ကို လှမ်းခေါ်လိုက်ရတာပါ...."


"ဘာပဲဖြစ်ဖြစ်..." အပြုံးတစ်ခုက ရွှီခဲ့လင်၏နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။


"အင်ပါယာအနေနဲ့ ဒီဥကိုခင်ဗျားထိန်းသိမ်းထားတာ အသင့်တော်ဆုံး​ဖြစ်မယ်လို့ ယူဆခဲ့တယ်လေ..."


ဤသည်မှာ စိတ်မတိုတိုအောင်ဆွနေခြင်း​​ဖြစ်လေသည်။


ဖုယွမ်ချွမ်းနောက်တွင်မတ်တပ်ရပ်နေသော ရှီခိုင်ရှင်း၏မျက်နှာမှာ မဲမှောင်လာလေသည်။


သို့သော် ဖုယွမ်ချွမ်း၏မျက်နှာတွင် ဘာအမူအယာမှမရှိချေ။


သူက ငြင်းခုံရမှာပြင်းနေဟန်ဖြင့် အေးအေးဆေးဆေးပြောလိုက်သည်။


 "လမ်းဖယ်..."


ရွှီခဲ့လင်က တုံ့ဆိုင်းမှုမရှိ ခေါင်းညှိတ်ကာ လက်ကိုဝေ့ယမ်းရင်းနောက်ဆုတ်လိုက်သည်။ "​ကြွပါ..."


ရှီခိုင်ရှင်းနှင့် အခြားလက်အောက်ငယ်သားများက တစ်ဦးနှင့်တစ်ဦးလက်ချင်းတွဲကာ လက်သီးဆုပ်ထဲရှိအရာများကို ချေမွလိုက်သည်။


ရွှီခဲ့လင်လှည့်လာသည့်အခါ သူ့နှင့်အပေါင်းအပါများက အချင်းချင်းမျက်ရိပ်ပြလိုက်ကြ၏။


ထို့နောက် သားလောင်းဥရှေ့ရှိဖုယွမ်ချွမ်းကို အေးအေးဆေးဆေးကြည့်နေကြသည်။


လေထုက အလွန်ပင်တိတ်ဆိတ်နေပြီး အသက်ရှူသံပင်မကြားရချေ။


ဖုယွမ်ချွမ်းက မျက်ဝန်းများမှိတ်ရင်း သူ၏စိတ်စွမ်းအင်ကို ဥအတွင်းသို့စီးဆင်းစေသည်။


အထဲမှာဘာရှိမှန်း သူသိလေရာ အလျဥ်မလိုပဲ ဖြည်းဖြည်းချင်းလုပ်ဆောင်လျှက်ရှိ၏။


ဖုယွမ်ချွမ်းက ဥအတွင်းရှိအသက်ရှူနေသောအရာကို သတ်ဖြတ်ရန်တွေးလိုက်သည်။ ရလဒ်အနေဖြင့် ဖုယွမ်ချွမ်း၏ဝိဉာဥ်စွမ်းအင်က သားလောင်းကိုထိုးဖောက်နိုင်သည့် ထက်မြက်သောဓားတစ်စင်းအဖြစ်ပြောင်းလဲသွားလေသည်။


ထိုစဥ် နွေးထွေးသောစွမ်းအင်တစ်ခုက သူ၏ဝိဉာဥ်စွမ်းအင်ကို ရစ်ပတ်လာသဖြင့် ဖုယွမ်ချွမ်းရပ်တန့်သွားသည်။ ရင်းနှီးနေသောစွမ်းအင်က ရေသူလေး သူ့အားချွဲနွဲ့နေသကဲ့သို့ သူ၏ဝိဉာဥ်စွမ်းအင်ကို ချော့မြှူလာ၏။


အဆုံးသတ်တွင် ပင်လယ်၏ဝိသေသများကို ဖြန့်ကျက်လိုက်ကာ နူးညံ့သောအနမ်းတစ်ပွင့်ခြွေလာသည်။ 


ဖုယွမ်ချွမ်း အချိန်အတော်ကြာသည်အထိ မလှုပ်သည့်အတွက် ဥအတွင်းကအသက်ရှူသံသည် သူ့အားချည်နှောင်လိုက်ခြင်းဖြစ်ရမည်ဟု ရွှီခဲ့လင်ယူဆလိုက်သည်။


သို့​သော် ဖုယွမ်ချွမ်း၏နှုတ်ခမ်းထောင့်လေးများက မြင့်တက်နေလေသည်။


ရွှီခဲ့လင်: "..."


ဘယ်လိုဖြစ်သွားတာလဲ...


ရွှီခဲ့လင်သာမက ရှီခိုင်လင်းသည်လည်း ကြောင်အနေလေသည်။


ဘာလို့ခုထိအချက်မပြသေးတာလဲ...


ကျွန်တော်တို့တိုင်ပင်ထားသလိုလည်း မဟုတ်ဖူးနော်...


ခဏအကြာတွင် ဖုယွမ်ချွမ်း၏မျက်ဝန်းများပြန်ပွင့်လာသည်။ သူ့အမူအရာက ဘာမှသက်ရောက်ခြင်းမခံရသကဲ့သို့ပင်။


ရွှီခဲ့လင်က သူ၏ထိတ်လန့်သွားမှုကို အလျှင်အမြန်ဖုန်းကွယ်လိုက်ရ၏။


သူက ချောင်းအသာဟန့်ကာ "အဆင်ပြေတဲ့ပုံပဲ..."


ဖုယွမ်ချွမ်းက လျစ်လျူရှူလိုက်၏။ "ရှီခိုင်ရှင်း..."


"ရှိပါတယ်..."


"ဥကိုယူခဲ့..."


"ဟုတ်ကဲ့..."


ရွှီခဲ့လင်က နောက်ဆုတ်လိုက်သည်။ "မာရှယ်ဖု..."


ဖုယွမ်ချွမ်းကပြောလိုက်၏။ "ဥထဲက အသက်ရှူသံကထူးခြားနေတယ်...ကျုပ်ဒါကိုစစ်ဆေးကြည့်ဖို့လိုတယ်..."


ရွှီခဲ့လင်က ခဏတွေးလိုက်ပြီး "အဲ့လိုကိုး...ဒါဆိုလည်းယူသွားနိုင်ပါတယ်..."


ယူလေ...မင်း သူနဲ့ထိတွေ့လေလေ..သေဖို့ရာခိုင်နှုန်းပိုများလေလေပဲ...


ရွှီခဲ့လင်ကချောင်းအသာဟန့်ကာ "ဥကို သတ်ပြီးသွားပြီဆိုတော့ မာရှယ်ဖုလက်ထဲလွှဲပြီး ကျွန်တော်အရင်သွားနှင့်ပါမယ်..."


ထို့နောက် ဖုယွမ်ချွမ်း၏စကားကိုပင် မစောင့်တော့ပဲ လှည့်ထွက်သွား​လေသည်။


ရှီခိုင်ရှင်းကပြောသည်။ "မာရှယ်..အခြေအနေတွေက ဘယ်လိုဖြစ်တာလဲ...ဒီဟာက..."


ရှီခိုင်ရှင်းက သိချင်လွန်းလို့သေတော့မှာဖြစ်သည်။ ဒီဥက အန္တရာယ်ရှိတယ်ဆို...မာရှယ်ကဘာလို့ယူသွားချင်ရတာလဲ...


ဖုယွမ်ချွမ်းက ပြန်မဖြေပဲ အိတ်ကပ်ထဲသို့လက်နှိုက်လိုက်သည်။


အတွင်းထဲကရေသူလေးက အိပ်ပျော်နေသကဲ့သို့ ငြိမ်ငြိမ်လေးရှိနေ၏။.


တစ်ယောက်ယောက်က သူ့ကိုထိကြောင်းသတိပြုမိသည်နှင့် ရီဝေဝေဖြင့်နိုးလာသည်။


ဘာလဲ...


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ချောင်းများကိုပွေ့ဖက်ကာ ချွဲနွဲ့လိုက်၏။ "အာ~"


အသံလေးမှာ အိပ်မက်ယောင်နေသကဲ့သို့ ခပ်တိုးတိုးသာထွက်ပေါ်လာ၏။


ကျွင်းချင်ယွီ အမှန်တကယ်အိပ်ငိုက်နေခြင်းဖြစ်သည်။


သူက ဥပြသနာမှာ လွယ်လွယ်ဖြေရှင်းရမည်ဟုထင်ခဲ့၏။ သို့သော် ဝိဉာဥ်စွမ်းအင်နှင့်ထိလိုက်သည့်အခါ ထင်ထားခဲ့သလောက် မရိုးရှင်းတော့ချေ။


ပိုးအိမ်ကိုဖြတ်သန်းရာတွင်ပင် အတော်လေးအားစိုက်လိုက်ရ၏။


သို့သော် အဆုံး၌ ဝိဉာဥ်စွမ်းအင်များများသုံးစွဲရသည်မှလွဲ၍ အားလုံးကိုဖြေရှင်းနိုင်ခဲ့သည်။


ရှီခိုင်ရှင်းက ရေသူ​လေး၏အသံကြောင့် ကြောင်အသွားသည်။ "ရေသူလေး..."


"ဟုတ်တယ်..."


ရှီခိုင်ရှင်းက ရုတ်တရက်တစ်စုံတစ်ခုကိုနားလည်သွားသည်။ "ကျွန်တော်..."


မဟုတ်ဖူးမလား...


ထိုအရာဝတ္တုအား ရေသူမျိုးနွယ်များ၏ဝိဉာဥ်စွမ်းအင်နှင့် သတ်ဖြတ်၍ရသည်။ သို့သော် ရေသူမျိုးနွယ်များက ထိုအရာကို ထိပင်မထိချင်လောက်အောင် အလွန်မုန်းတီးကြသည်။ 


မာရှယ်က ရေသူလေးကို ဘာလုပ်ရမည်ဟုပြောခြင်းမျိုး သူ မတွေ့ခဲ့ချေ။ ဆိုလိုသည်မှာ ရေသူလေးက သူ့သဘောနှင့်သူ ထိုအရာအားသတ်ဖြတ်ပေးခဲ့ခြင်းဖြစ်၏။


မယုံနိုင်စရာကြီး...


ဖုယွမ်ချွမ်းက ဘာမှမရှင်းပြချေ။ "အရင်ပြန်ရအောင်..."


"ဟုတ်ကဲ့..." 


ဤနေရာတွင် ဘာမှစောင့်ကြည့်စရာမရှိမှတော့ အိမ်ပြန်ကာ အရေးကြီးကိစ္စကိုဆွေးနွေးသည်က ပို၍သင့်လျော်သည်။


သူက ဘာမှမရှိတော့သည့်ဥခွံကိုလည်း ယူဖို့မမေ့ခဲ့ချေ။ 


ဖုယွမ်ချွမ်းက ရေသူ​လေး၏ဝိဉာဥ်စွမ်းအင်အပိုင်းအစများ ဥပေါ်ကျန်ခဲ့ကာ အခြားလူများတွေ့မှာစိုးသဖြင့် ထိုဥကိုအပါယူခဲ့ခြင်းဖြစ်သည်။


အိမ်အပြန်လမ်းတွင် ရေသူလေးက အိပ်စက်ရင်းလိုက်ပါလာသည်။ ရှီခိုင်ရှင်းက သူတို့အားကားမောင်း၍လိုက်ပို့ခြင်းဖြစ်၏။


ဖုယွမ်ချွမ်းက ရေသူလေးဝိဉာဥ်စွမ်းအင်သုံးစွဲခြင်းကြောင့် ပင်ပန်းသွားသည်ဟုထင်ကာ သူ့အားမနှိုးခဲ့ချေ။


ကျွင်းချင်ယွီက အိတ်ကပ်ထဲတွင် တစ်ဖက်သို့လှည့်လိုက်ရင်း နေရာလွတ်ထဲကိုဝင်ကာ ဝိဉာဥ်စွမ်းအင်များစုပ်ယူချင်ခဲ့သည်။


သို့သော် အိတ်ကပ်မှာမြင်သာလွန်းရာ သူနေရာလွတ်ထဲဝင်ကာ ပျောက်သွားသည်နှင့် ဖုယွမ်ချွမ်းသတိပြုမိသွားမှာပင်။


ဖုယွမ်ချွမ်းအမြင်၌ သူက ပုံမှန်ရေသူ​လေးသာဖြစ်သည်။


ပုံမှန်ရေသူမျိုးနွယ်များတွင် နေရာလွတ်မရှိချေ။


ကျွင်းချင်ယွီက အနာဂတ်၌ နေရာလွတ်အကြောင်းကိုပြောပြရန် နည်းလမ်းရှာရမည်ဟု တွေးလိုက်၏။


လမ်းတစ်လျှောက်လုံး သူက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့သည်။


ခဏအကြာ၌ ကားရပ်သွားခဲ့၏။


ကျွင်းချင်ယွီက အိပ်အစွန်းကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။


"အာ~"


သူက ဖုယွမ်ချွမ်းကိုဖက်ရန် လက်ဆန့်လိုက်သည်နှင့် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။


ထို့နောက် ခွေထားခဲ့သည့်ရွှေအိုရောင်အမြှီးနေရာကို ကြည့်လိုက်လေသည်။


ကျွင်းချင်ယွီ တောင့်ခဲသွားသည်။ "..."


အလင်းရောင်ထဲတွင် သူမြင်လိုက်ရသည်က ခြေထောက်များဖြစ်နေလေသည်။


Xxxxxxxc