အပိုင်း ၂၄
Viewers 16k

Chapter 24


ကျွင်းချင်ယွီက သူ့အမြှီးကိုတွန့်ဆုတ်ဆုတ်ဖြင့်ထိကြည့်လိုက်သည်။


ခံစားချက်က အရင်အတိုင်းပင်။


ဒါပေမယ့် ခုနက...


သူ အမြင်မမှားတာသေချာသည်။


ရေသူမျိုးနွယ်များ အရွယ်ရောက်လာလျှင် လူသားအဖြစ်ပြောင်းနိုင်သည်။ သို့သော် သူ့အရွယ်လောက်နှင့် လူသားအဖြစ်မပြောင်းနိုင်ချေ။


ဝိဉာဥ်စွမ်းအင်နဲ့များ ဆိုင်နေတာလား...


သူ အခုလေးတင် ဝိဉာဥ်စွမ်းအင်များစွာ သုံးလိုက်မိသဖြင့် ပင်ပန်းနွမ်းနယ်နေခဲ့၏။ သို့သော် လမ်းတစ်လျှောက်အိပ်လိုက်လာခဲ့ရာ ဝိဉာဥ်စွမ်းအင်က ဖြည်းဖြည်းချင်းပြန်ပြည့်လာသည်။


ဖြစ်နိုင်သည်မှာ ဝိဉာဥ်စွမ်းအင်အကုန်အစင်သုံးပြီးနောက် ပြန်၍ဖြည့်တင်းလာသောစွမ်းအင်က ပို၍သန့်စင်နေခြင်းပေလော...


"ရှောင်ယွီ..."


ဖုယွမ်ချွမ်း၏စကားကိုကြားသည့်အခါ ကျွင်းချင်ယွီက အိတ်ကပ်ထဲမှအမြန်ထွက်ရင်း ခေါင်းမော့ကြည့်လိုက်၏။ "အာ..."


ဖုယွမ်ချွမ်းက ရေသူလေးကို အပြင်ထုတ်လိုက်ကာ "အခု ဘာဖြစ်သွားတာလဲ..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းလက်ဖဝါးပေါ်လှဲလိုက်ကာ ငါးမြှီးကလေးဖြင့်ပွတ်သပ်ရင်း ခေါင်းလေးမော့ကြည့်လာသည်။ "အာ~"


ဖုယွမ်ချွမ်းအိတ်ထဲလက်နှိုက်စဥ်က ရေသူလေးက သူ့လက်ကိုရှောင်ရှားခဲ့သည်။


သူက တစ်ခုခုမှားယွင်းနေသည်ထင်ကာ စိတ်ပူသွားခဲ့ရ၏။


"အဆင်ပြေရဲ့လား..."


"အာ..."


ဖုယွမ်ချွမ်းက ဧည့်ခန်းထဲလျှောက်သွားလိုက်သည်။ သို့သော် တံခါးတွင်ရပ်နေသည့် အစေခံအနည်းငယ်နှင့်အတူ အိမ်တော်ထိန်းကိုပါတွေ့လိုက်ရ၏။


ကျွင်းချင်ယွီက အိမ်မှာလူများများမတွေ့ဖူးချေ။ 


ပုံမှန်အားဖြင့် အလုပ်ရှုပ်နေကြသော နှစ်ယောက်သုံးယောက်သာရှိသည်။ ဘာလို့ အခုကျစုဝေးနေကြတာလဲ...


ဘဏ္ဍာစိုးက ပြောသည်။ "မာရှယ်...အပေါ်ထပ်အိပ်ခန်းက ယန္တရားကပိတ်လို့မရဘူး..." 


ကျွင်းချင်ယွီက အပေါ်မော့ကြည့်လိုက်သည်။ ဘာလဲ...


သူတို့ရပ်နေသည့်နေရာမှ အိပ်ခန်းတံခါးကိုမြင်နေရ၏။


၎င်းမှာ ငွေဖြူရောင်တောက်နေသည့် သံတံခါးတစ်ချပ်ဖြစ်သည်။ 


ကျွင်းချင်ယွီ: "..."


ဘဏ္ဍာထိန်းက ဆက်ပြောသည်။ "ခိုးဝင်လာတဲ့လူကို အချုပ်ခန်းထဲမှာ ထမင်းကျွေးထားပါတယ်..."


ဖုယွမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။ "ငါသိပြီ..."


သူတို့၏စကားများမှာ ထူးဆန်း​သည့်အတွက် ကျွင်းချင်ယွီက အိမ်တော်ထိန်းကိုတစ်လှည့် ဖုယွမ်ချွမ်းကိုတစ်လှည့်ကြည့်မိသည်။


တစ်ယောက်ယောက်ကအိမ်ကိုခိုးဝင်လာပြီး အဖမ်းခံလိုက်ရတာလား...


ဖုယွမ်ချွမ်းက ကျွင်းချင်ယွီနှင့်အတူ အပေါ်ထပ်သို့တက်လိုက်၏။ 


ကျွင်းချင်ယွီက ငွေဖြူရောင်သံ​​တံခါးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။


၎င်းမှာ ၁၀စင်တီမီတာခန့်အထူရှိလေသည်။


ကျွင်းချင်ယွီက ထိုတံခါးကိုထိရန်လက်လှမ်းလိုက်သော်လည်း ဖုယွမ်ချွမ်းက ခွင့်မပြုခဲ့ချေ။


ဖုယွမ်ချွမ်းက တံခါးရှေ့တွင် မတ်တပ်ရပ်လိုက်၏။


ခဏအကြာ၌ သံပြားအလယ်တွင် ​​ဖြတ်ရာတစ်ကြောင်းပေါ်လာကာ တံခါးနှစ်ချပ်အသွင်ဖြင့် နံရံတစ်ဖက်ဆီသို့ကပ်သွားကြသည်။


ကျွင်းချင်ယွီက ထိုအခါမှသာ တံခါးနောက်တွင် နောက်တံခါးတစ်ချပ်ဖွက်ထားသေးကြောင်း သဘောပေါက်သွားလေသည်။


ဖုယွမ်ချွမ်းလျှို့ဝှက်နံပါတ်နှိပ်သည်ကို မမြင်ခဲ့ရလေရာ တံခါးမှာစိတ်စွမ်းအင်ဖြင့်ဖွင့်ခြင်း ဖြစ်ရမည်။


လူများ၏လက်ဗွေလိုပင် စိတ်စွမ်းအင်အတက်အကျများမှာလည်း မတူညီဲကြချေ။


သို့သော် တစ်စုံတစ်ဦး၏ စိတ်စွမ်းအင်မှာလည်း ထိုသူ၏စိတ်အခြေအနေကိုလိုက်၍ အပြောင်းအလဲရှိလေရာ လက်​ဗွေထက်ပင် များစွာရှုပ်ထွေးလေသည်။


အခန်းက တိတ်ဆိတ်နေကာ သူတို့ထွက်သွားစဥ်ကအတိုင်းပင် ဘာမှမပြောင်းလဲချေ။


ဖုယွမ်ချွမ်းက ရေသူလေးအား ငါးကန်ထဲထည့်လိုက်သည်။


ကျွင်းချင်ယွီက ကိစ္စများကို အနည်းငယ်နားလည်စပြုလာ၏။


ဖုယွမ်ချွမ်း သူ့အားအိပ်ခန်းထဲတွင်သာ နေစေချင်ခဲ့ခြင်းမှာ အံ့သြစရာမရှိတော့။ ဤနေရာသည် အပြည့်အဝလုံခြုံလေသည်။


ဖုယွမ်ချွမ်းကိုယ်တိုင်ပင် စိတ်ဖောက်ပြန်မှုအခြေအနေသို့ကျရောက်နေပါက ဤတံခါးအားဖွင့်နိုင်မည်မဟုတ်။


သို့သော် ကျွင်းချင်ယွီက အင်ပါယာခေါင်းဆောင် အဘယ်ကြောင့် ဤအခန်းတွင်းဝင်ရမှန်း နားမလည်နိုင်ချေ။


အကယ်၍ ဖုယွမ်ချွမ်း၏ရေသူလေးအား ပစ်မှတ်ထားခြင်းဆိုလျှင်တော့ အဓိပ္ပါယ်ရှိလေသည်။


ဖုယွမ်ချွမ်းက စစ်ပွဲအားတားဆီးနိုင်ခဲ့ရာ သာမန်လူများကြားတွင် ဂုဏ်သတင်းကြီးလှသည်။ ထို့ကြောင့် အင်ပါယာခေါင်းဆောင်က သူ့အား​ပေါ်တင်ရန်မစရဲချေ။


အချို့ကိစ္စများကို အရိပ်ထဲမှသာလုပ်နိုင်သည်။


အင်ပါယာ​ခေါင်း​ဆောင်အ​မြင်တွင် ဖုယွမ်ချွမ်းက အနှေးနဲ့အမြန် သေဆုံးသွားရမှာဖြစ်သည်။


ထိုသို့ဆိုလျှင် ဝမ်းနည်းပူဆွေးမှုကာလပြီးသည်နှင့် စစ်တပ်အပါအဝင် ဖုယွမ်ချွမ်းပိုင်ဆိုင်သည့်အရာအားလုံးကို ဥပဒေအရသိမ်းပိုက်နိုင်သည်။


သို့သော် သူတို့က ဖုယွမ်ချွမ်းမသေမှာစိုးရိမ်သည့်အတွက် သူတို့၏လက်များကို ဆန့်တန်းလာကြခြင်းဖြစ်၏။


ဤဖြစ်ရပ်တွင်...


လစ်ဘိုင်လမ်းရှိဇာ့ဂ်ဥက ဖုယွမ်ချွမ်း၏အခြေအနေကို ပိုဆိုးသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။


ဒါတင်မကသေး။ အိမ်သို့လူတစ်ချို့လွှတ်ကာ ရေသူလေးကိုလုပ်ကြံစေလျှက် ဖုယွမ်ချွမ်း၏ရောဂါအား ကုသရန်နည်းလမ်းမရှိဖြစ်စေမည်။


အင်ပါယာခေါင်းဆောင်က သေချာအကွက်ချထားခြင်းပင်။


ထိုသူ၏အကြံအစည်မှာ အောင်မြင်နိုင်ချေရှိသော်လည်း ကျွင်းချင်ယွီ၏ရုတ်တရက် ပေါ်ထွက်လာမှုက နှောင့်ယှက်ပစ်လိုက်ခြင်းဖြစ်သည်။


အခုအချိန်လောက်ဆိုပါက အင်ပါယာခေါင်းဆောင် စိတ်ပူရလွန်း၍ ထိုင်ပင်မထိုင်နိုင်တော့လောက်ချေ။


ဖုယွမ်ချွမ်းက အခန်းကိုထပ်ပြီး စကင်န်ဖတ်လိုက်၏။


ကျွင်းချင်ယွီက ငါးကန်အစွန်းကိုမီကာ အလုပ်ရှုပ်နေသည့်ဖုယွမ်ချွမ်းကို ငေးကြည့်နေသည်။


ခဏအကြာတွင် ဖုယွမ်ချွမ်းက ငါးခြောင်တစ်အိတ်နှင့်အတူ သူ့နားရောက်လာ၏။ "ငါးကလေး...ကိုယ်အောက်ခဏဆင်းရမယ်...မင်း..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း အချုပ်ခန်းထဲကလူကို စစ်မေးရန်ရှိမှန်းနားလည်သည်။ ထိုသို့သောစစ်မေးခြင်းမျိုးကို သူ့အားမတွေ့စေချင်လောက်ပေ။


သူက ငါးခြောက်ကိုယူကာ လက်ဝေ့ယမ်းပြလိုက်သည်။


"အာ~" 


လုပ်စရာရှိတာ အေးဆေးသွားလုပ်ပါ...


ဖုယွမ်ချွမ်းက ရေသူလေး၏ သူ့လက်ကိုချွဲနွဲ့စွာမှီလျှက် ပူးပူးကပ်ကပ်နေတတ်​သော အကျင့်ဖြင့်သာ နေသားတကျဖြစ်နေလေရာ ယခုကဲ့သို့မြင်ရချိန်၌ ကြောင်အသွားလေသည်။


"တစ်ခုခုလုပ်ချင်တာရှိရင် ခဏစောင့်ဦးနော်...ကိုယ်မကြာခင်ပြန်လာခဲ့မယ်..."


"အာ..." ကျွင်းချင်ယွီက မျက်​တောင်ခတ်လိုက်သည်။ ဖုယွမ်ချွမ်းမှာ သူထင်ထားသည်ထက် အများအပြားပြင်ဆင်ခဲ့ပုံရ၏။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းထွက်သွားသည်ကို လိုက်ကြည့်နေမိသည်။ အခန်းက တဖန်တိတ်ဆိတ်သွားပြန်၏။


ကျွင်းချင်ယွီက သူစကားပြောနိုင်ကြောင်းကို ဖုယွမ်ချွမ်းအား ပြောပြရန်နည်းလမ်းကိုတွေးရင်း အမြှီးကိုလွှဲယမ်းနေမိသည်။


အရင်က သူတို့စောင့်ကြည့်ခံရမည်ကို စိုးရိမ်သဖြင့် မပြောပြခဲ့ခြင်းဖြစ်သည်။ ယခုမူ အခန်း၏လုံခြုံရေးအကြောင်း စိုးရိမ်ရန်မလိုတော့ချေ။


ခြေထောက်များပြောင်းနိုင်ခြင်းနှင့် နေရာလွတ်အကြောင်း ​ပြောပြရန်ခဲယဥ်းသော်ငြား ​​စကားပြောနိုင်သည့်ကိစ္စကမူ ဒီလောက်မထူးဆန်းချေ။


ကျွင်းချင်ယွီ အတွေးထဲမျောနေစဥ် တံခါးပွင့်သံကြားလိုက်ရ၏။


ဖုယွမ်ချွမ်း ပြန်လာခြင်းပင်။


"ဟင်..." ဘာလို့ခဏလေးနဲ့ပြန်လာတာလဲ...


ဖုယွမ်ချွမ်းက ရေချိုးဘောလုံးနှင့်အတူ ဝင်လာခဲ့၏။


ကျွင်းချင်ယွီက သူ့လက်ထဲရှိဘောလုံးကိုကြည့်လိုက်သည်။


"မင်းပျင်းနေမှာစိုးလို့..." ဖုယွမ်ချွမ်းက သူ့ကိုမေးလာသည်။ "ဒီနှစ်ခုထဲက ဘယ်တစ်ခုအရင်သုံးကြည့်ချင်လဲ..."


ကျွင်းချင်ယွီက အနီရောင်ဘောလုံးကိုညွှန်ပြလိုက်သည်။ 


"ကောင်းပြီ..."


ငါးကန်ထဲသို့ ဘောလုံးထည့်လိုက်သည့်အခါ ပန်းရောင်ပူဖောင်းများထွက်ပေါ်လာပြီး ရေကအနီရောင်သို့ပြောင်းသွားသည်။


ကျွင်းချင်ယွီက စတော်ဘယ်ရီနံ့ဖျော့ဖျော့ကို ရှူရှိူက်လိုက်မိ၏။


"ခဏစောင့်နေနော်.." 


ရေချိုးကန်ထဲရှိပူဖောင်းများနှင့်ဆိုပါက ရေသူလေးပျင်းနေမှာမဟုတ်တော့ချေ။


ကျွင်းချင်ယွီက စတော်ဘယ်ရီရနံ့ငါးကန်တွင်းတွင် နစ်မြုပ်နေကာ ပူဖောင်းထိုင်ဖောက်နေသည်။


ပန်းရောင်ပူဖောင်းများမှာ အတော်လေးထူးဆန်း၏။ သူမည်မျှဖောက်စေကာမူ ဆက်တိုက်ထွက်ပေါ်လာမြဲပင်။ 


ရေချိုးဘောလုံးအတွင်းတွင် နံ့သာဆီကိုလည်း ထပ်ထည့်ထားခြင်းဖြစ်ပုံရသည်။ ပါဝင်ပစ္စည်းများကိုမသိသော်လည်း အလွန်ပင်သက်တောင့်သက်သာဖြစ်လှ၏။


အကယ်၍ ကျွင်းချင်ယွီသာ အိမ်ပြန်လမ်းတစ်လျှောက်လုံးမအိပ်ခဲ့ပါက သူခုချက်ချင်း ကမာခွံထဲဝင်ကာ အိပ်ချင်နေလောက်သည်။


သူက ဖုယွမ်ချွမ်းပြန်အလာကို ပူဖောင်းပုတ်ရင်းစောင့်ဆိုင်းနေ၏။


ခိုးဝင်သူထံမှ တစ်စုံတစ်ခုကိုစစ်​မေးချင်ပါက အလောတကြီးလုပ်ယူ၍မရချေ။ အချိန်အတော်ယူရမှာဖြစ်လေသည်။


---


ဖုယွမ်ချွမ်းပြန်လာချိန်တွင် မှောင်စပျိုး​နေပြီဖြစ်သည်။


တံခါးဖွင့်သံကြားသည်နှင့် ကျွင်းချင်ယွီကလျှင်မြန်စွာကူးခတ်လိုက်ကာ ငါးကန်၏အစွန်းကိုကိုင်လျှက် ဖုယွမ်ချွမ်းကိုစောင့်နေသည်။


"အာ~"


ဖုယွမ်ချွမ်းက တင်းကျပ်ကာအုံ့မှိုင်းနေသည့် ခံစားချက်များကို ဖိနှိပ်လျှက် ရေသူလေးကို ခပ်ဖျော့ဖျော့ပြုံးပြလာသည်။


ထို့နောက် ကျွင်းချင်ယွီထံလျှောက်လှမ်းလာကာ ပါးကလေးကို သူ၏လက်ချောင်းများဖြင့် ဖျစ်ညှစ်လိုက်၏။ "ဗိုက်ဆာနေပြီလား..."


ရေချိုးဘောလုံး၏ စတော်ဘယ်ရီနံ့က လွင့်ပါးသွားပြီဖြစ်သည်။


ငါးကန်ထဲရှိရေသာ အနီရောင်ဖြစ်ကျန်ခဲ့၏။


ကျွင်းချင်ယွီက ခေါင်းခါလိုက်ရင်း ဖုယွမ်ချွမ်း၏စိုစွတ်နေဆဲဆံပင်များနှင့် အဝတ်လဲလိုက်ပုံကို အကဲခတ်​နေ၏။


သူက သွေးနံ့ရလိုရငြား သေသေချာချာအနံ့ခံကြည့်သည်။


ထိုစဥ် ဖုယွမ်ချွမ်းက ငါးကန်နားတွင်ထိုင်ချလိုက်၏။ "ဒီကိုလာ..."


ကျွင်းချင်ယွီက နှောင့်နှေး​ခြင်းမရှိပဲ သူ့လက်ပေါ်သွားထိုင်လိုက်သည်။


ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးကိုသန့်ရှင်းပေးကာ နှိပ်နယ်ပေးလေသည်။


တကယ်တမ်းတွင် ကျွင်းချင်ယွီက အချိန်အတော်ကြာရေစိမ်နေခြင်းဖြစ်ရာ အမြှီးသည်လည်း သန့်ရှင်းနေပြီဖြစ်သည်။


ကျွင်းချင်ယွီက ရုန်းကန်ခြင်းမရှိပဲ ဖုယွမ်ချွမ်း၏လက်မောင်းကြား ခိုဝင်ကာ ထိုသူ့အားငေးကြည့်လိုက်၏။


ဖုယွမ်ချွမ်းက ထိုအရာကိုသတိပြုမိသွားကာ "ဘာဖြစ်လို့လဲ..."


ကျွင်းချင်ယွီက ခေါင်းခါလိုက်၏။ 


ဒီတိုင်း ဖုယွမ်ချွမ်းခံစားချက်မကောင်းဘူးလို့ ခံစားနေမိရုံပါပဲ...


ခင်ဗျား ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတာလား...


ဖုယွမ်ချွမ်းဒီလောက်ပြင်ဆင်ထားခဲ့သည့်ကြားမှ သူ့အားလုပ်ကြံရန် တစ်စုံတစ်ဦးက အိမ်ထဲသို့ခိုးဝင်ခဲ့သည်။


သို့သော် ဒုတိယထပ်အား ဝင်နိုင်ခြင်းမရှိခဲ့ပေ။


သူ ဖုယွမ်ချွမ်းနှင့်လိုက်မသွားလျှင်ပင် အိမ်၌လုံလုံခြုံခြုံရှိနေမှာဖြစ်၏။


သို့သော် ကျွင်းချင်ယွီနားလည်ထားသည့် ဖုယွမ်ချွမ်းမှာ ထိုကဲ့သို့​​ဖြစ်ရ​​​ခြင်းအတွက် သေချာပေါက် သူ့ကိုယ်သူအပြစ်တင်​နေမှာပင်။


ဖုယွမ်ချွမ်းက သူသာရေသူမျိုးနွယ်သားဖောက်စခန်းမှာဆိုပါက ဤကဲ့သို့အန္တရာယ်မျိုး ကြုံရမှာမဟုတ်ဟုတွေးနေလိမ့်မည်။


အချုပ်ခန်းထဲရှိလူအား မေးခဲ့သောမေးခွန်းများသည်လည်း သူနှင့်ဆက်စပ်နေလောက်သည်။


ကျွင်းချင်ယွီက ထိုကဲ့သို့တွေးခြင်းကို သဘောမတူချေ။ သူက ဖုယွမ်ချွမ်းကိုကြည့်ရင်း တစ်ခုခုပြောသင့်သည်ဟု ခံစားလိုက်ရသည်။


သို့သော် သူ မပြောခင်မှာပင် ရေကန်ထဲမှထုတ်ကာ တဘက်ဖြင့်သုတ်ပေး​ခြင်းခံလိုက်ရ၏။


ဖုယွမ်ချွမ်းက ရေသူလေးကိုအိပ်ခန်းထဲပြန်ပို့ကာ ငါးကန်ထဲရှိရေကို အမြန်လှယ်လိုက်သည်။ ထို့နောက် ရေပူရေအေးအချိုးကျရောစပ်လိုက်၏။


ထို့နောက် လက်ခုပ်ထဲရေအနည်းငယ်ထည့်ကာ ရေသူလေး၏အမြှီးပေါ်သို့ ဖြန်းပေးလိုက်သည်။


သန့်ရှင်းပြီးသည်နှင့် ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်ကို ရစ်ပတ်လာသည်။


ဖုယွမ်ချွမ်းက ငုံ့ကြည့်လိုက်သည့်အခါ ရေသူလေး၏ပြုံးယောင်ယောင်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။ "အာ~"


"ဘာဖြစ်လို့လဲ..."


ရေသူလေးက လက်ကိုမြှောက်ပြလာ၏။ "အာ...အ..."


ဖုယွမ်ချွမ်းက ဤအရာမှာပွေ့ဖက်လိုခြင်းဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် ရေသူလေးအား သူ့လက်ဖဝါးပေါ်တင်လိုက်သည်။


"ရပြီလား..."


ရေသူလေးက သူ့လက်ဖဝါးပေါ်လဲလျောင်းလိုက်ကာ စတော်ဘယ်ရီရနံ့ဖျော့ဖျော့နှင့်အတူ သိပ်သည်းသောဝိဉာဥ်စွမ်းအင်က ဖြန့်ကျက်လာ၏။


ထိုစဥ် ရေသူလေးက သူ့အနားပို၍တိုးလာကာ ပါးပြင်ကိုလာနမ်းလေသည်။


ဖုယွမ်ချွမ်းက ကြောင်အသွားသည်။ "ငါးကလေး..."


ရွှေအိုရောင်ငါးမြှီးက ဖုယွမ်ချွမ်း၏လက်ကောက်ဝတ်အား ကလေးကိုချော့မြှူနေသကဲ့သို့ ရစ်ပတ်လျှက်ရှိသည်။


ကျွင်းချင်ယွီက ခေါင်းမော့ကာ ပြုံးပြလိုက်၏။ "အာ~"


စိတ်မကောင်းမဖြစ်ပါနဲ့...


Xxxxxxxx