Chapter 25
ဖုယွမ်ချွမ်းက သူ၏ဖုံးကွယ်ထားသောခံစားချက်များကို ရေသူလေးအလွယ်တကူရှာတွေ့သွားမည် မထင်ခဲ့။
သူ့အားမှီနွဲ့နေသည့် ရေသူလေးကိုကြည့်ရင်း ဖုယွမ်ချွမ်းနှလုံးသားက အနည်းငယ်တုန်လှုပ်သွားသည်။
သူက ရေသူလေး၏ခေါင်းကိုထိကာ ညှင်သာစွာပြော၏။ "ကိုယ်အဆင်ပြေပါတယ်..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏ မျက်နှာကိုထိတွေ့ကာ မျက်ဝန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်၏။
ရေသူလေး၏အပြုံးက ဖုယွမ်ချွမ်းအားကူးစက်သွားကာ သူပါလိုက်ပြုံးလိုက်မိသည်။
"အရင်ရေချိုးရအောင်..ပြီးမှရေကန်လှယ်ပေးမယ်..."
"အာ~"
ကျွင်းချင်ယွီက လှဲနေရာမှထလိုက်သည်။
ဖုယွမ်ချွမ်းက ရေသူလေးကိုလက်ဖြင့်အသာကိုင်ကာ ရေထဲသို့ထည့်လိုက်၏။ ထို့နောက် ရွှေအိုရောင်ငါးမြှီးကိုညှင်သာစွာဆေးကြောပေးလေသည်။
ထို့နောက် ကျွင်းချင်ယွီရှေ့တွင် လက်ဖြန့်လိုက်သည်။ "လက်ပေး..."
ကျွင်းချင်ယွီက လက်နှစ်ဖက်လုံးကို ဖုယွမ်ချွမ်းလက်ဖဝါးတွင်ထည့်လိုက်သည်။
ဖုယွမ်ချွမ်းက ရေအနည်းငယ်လောင်းကာ ရေသူလေး၏လက်များကို ညှင်သာစွာနှိပ်နယ်ပေးလေသည်။
ရေချိုးဘောလုံးနှင့် အကြာကြီးစိမ်ထားသည်ဖြစ်ရာ ဆပ်ပြာအကျွင်းအကျန်များကိုသာ ရေဆေးရန်လိုတော့၏။ အားစိုက်ထုတ်ရန် မလိုအပ်ပေ။
ဖုယွမ်ချွမ်းက တဘက်ကိုဖြန့်ခင်းကာ ကျွင်းချင်ယွီအား တဘက်ပေါ်တင်လိုက်သည်။
ကျွင်းချင်ယွီက စားပွဲအစွန်းတွင်ထိုင်ရင်း သူ၏အမြှီးကို ဟိုသည်လွှဲယမ်းလျှက် ဖုယွမ်ချွမ်းရေကန်လှယ်နေသည်ကို ကြည့်နေလေသည်။
ငါးကန်လှယ်ရခြင်းမှာ ကြည့်ရသလောက်မလွယ်ကူချေ။ ကန်ထဲရှိအဆင်တန်ဆာများကိုပါ ဖယ်ထုတ်၍ ဆေးကြောရန်လိုအပ်လေရာ ကရိကထများလှသည်။
ဖုယွမ်ချွမ်းက ကစားစရာဓားကလေးနှင့် သွားရည်စာအချို့ကိုယူကာ စဥ့်နှီတုံးပိစိလေးနှင့်အတူ ကျွင်းချင်ယွီရှေ့သို့လာချပေးသည်။
ထို့နောက် ပစ္စည်းများကို ဆက်လက်ဆေးကြောရန် စားပွဲစွန်း၌ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
ကျွင်းချင်ယွီက သွားရည်စာထဲတွင် ပန်းသီးစိတ်လေးများကိုမြင်လိုက်သည်နှင့် သူ့နေရာလွတ်ထဲမှပန်းသီးကို ထုတ်ယူလိုက်လေသည်။
ထို့နောက် သူ၏ဓားပိစိလေးကိုသုံးကာ ထိုပန်းသီးအား စတင်လှီးဖြတ်တော့သည်။
သူက ဖုယွမ်ချွမ်းဆံပင်ကို ထိတွေ့လိုက်သည်။
"အာ~"
"ဟင်..." ဖုယွမ်ချွမ်းက ခဏရပ်ကာ ရေသူလေးကိုကြည့်လာသည်။ "ဘာဖြစ်လို့လဲ..."
ကျွင်းချင်ယွီက ဖြတ်ထားသည့်ပန်းသီးကို တုတ်ချောင်းလေးနှင့်ထိုးကာ ဖုယွမ်ချွမ်းပါးစပ်နားတေ့ပေးလိုက်သည်။ "အာ~"
ဖုယွမ်ချွမ်းက ကြောင်အသွားကာ ရေသူလေးခွံကျွေးသည့်ပန်းသီးကို စားလိုက်သည်။ သူက ကျွင်းချင်ယွီ၏ခေါင်းလေးအား ပွတ်ပေးလျှက် "ကျေးဇူးပါ..."
"အိုး.."
ဖုယွမ်ချွမ်းက ငါးကန်ထဲရှိပစ္စည်းများကို ဆေးကြောနေရသဖြင့် ကျွင်းချင်ယွီက တစ်စိတ်ပြီးတစ်စိတ် ဆက်လက်ခွံ့ကျွေးလေသည်။
ပစ္စည်းအားလုံး အခြောက်ခံစက်ထဲထည့်ပြီးချိန်တွင် ပန်းသီးလည်းကုန်သွားပြီဖြစ်သည်။
ဖုယွမ်ချွမ်းက ငါးကန်ကိုရေဖြည့်လိုက်ကာ ရေသူလေးကိုကန်ထဲထည့်လိုက်၏။
ငါးကန်ကို သူ၏အိပ်ယာခေါင်းရင်းတွင်ထားကာ အခန်းမီးပိတ်လိုက်သည်။
"ကောင်းသောညပါ..."
"အာ~"
---
ထိုဖြစ်ရပ်ပြီးသည့်နောက် အင်ပါယာခေါင်းဆောင်က ရက်အနည်းငယ်ကြာအထိ မလှုပ်ရှားသေးချေ။
ဖုယွမ်ချွမ်းက ၎င်းကိုအခွင့်ကောင်းယူကာ သူ၏ရောဂါကြောင့် အိမ်တွင်ရက်ရှည်အနားယူရမည်ဟူ၍ သတင်းလွှင့်ခဲ့သည်။
ရလဒ်အနေဖြင့် အင်ပါယာကသူ့အိမ်သို့ တစ်စုံတစ်ဦးကို လွှတ်လိုက်သည်။
ဖုယွမ်ချွမ်းက မနက်စောစောတွင် ထိုအကြောင်းကြားချက်ကို ရရှိခဲ့သည်။ သူက အောက်ဆင်း၍တွေ့ရန် အလျင်မလိုပဲ ရေသူလေးနှင့်ခဏအချိန်ဖြုန်းနေလိုက်၏။
ရေသူလေးက သူ၏ခေါင်းအုံးပေါ်တွင် အိပ်စက်နေသည်။
သူတို့နှစ်ဦး၏ ဝိဉာဥ်စွမ်းအင်များမှာ အချင်းချင်းဆက်နွယ်လျှက်ရှိ၏။
ဖုယွမ်ချွမ်း၏စိတ်စွမ်းအားမှာ မြင့်မားသော်လည်း ရေသူလေး၏ဝိဉာဥ်စွမ်းအင်ကိုတော့ မမြင်နိုင်ချေ။
ရေသူလေး အဘယ့်ကြောင့်ငါးကန်ထဲမှ ထွက်လာခဲ့မှန်း ဖုယွမ်ချွမ်းနားမလည်ပေ။ ရေများပင်ခြောက်နေပြီဖြစ်ရာ သူ့ခေါင်းအုံးပေါ်လာအိပ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်လိမ့်မည်။
ဖုယွမ်ချွမ်းက ရေသူလေး၏အမြှီးပေါ်သို့ ရေအနည်းငယ်သုတ်ပေးလိုက်ချိန်တွင် ရွှေအိုရောင်မျက်ဝန်းတစ်စုံပွင့်လာသည်။
"နိုးပြီလား..."
"အမ်...." ကျွင်းချင်ယွီက မျက်ဝန်းများကိုပွတ်သပ်လိုက်သည်။
သူက ဖုယွမ်ချွမ်း၏နှုတ်ခမ်းအား လက်ဖြင့်ထိကာ အနားသို့ပို၍တိုးကပ်ရင်း ဆက်အိပ်ရန်ပြင်လိုက်၏။
ဖုယွမ်ချွမ်း အမူအရာပြောင်းသွားသည်။ ဒါသူ့ကို စကားမပြောနဲ့ဦးလို့ပြောချင်တာလား...
သူက ရေသူလေး၏လက်ကိုမဖယ်ရှားပဲ ညှင်သာစွာပြောလိုက်သည်။ "ငါးကလေး...ကိုယ်အောက်ကိုဆင်းရမယ်..."
"အာ~"
ကျွင်းချင်ယွီက အိပ်ချင်မူးတူးဖြစ်နေရာ ဖုယွမ်ချွမ်းသူ့အားအတူခေါ်မသွားတော့ပဲ အောက်ထပ်သို့ တိတ်တဆိတ်ဆင်းလိုက်၏။
ဖုယွမ်ချွမ်းထွက်သွားသည်ကို ကျွင်းချင်ယွီသတိထားမိသော်လည်း သူအရမ်းအိပ်ချင်နေသည်ဖြစ်ရာ စကားပင်မပြောချင်ချေ။
သို့သော် ဖုယွမ်ချွမ်းထွက်သွားသည့်နောက် တစ်ယောက်ထဲဆက်၍မအိပ်ချင်တော့။
သူက အိပ်ချင်စိတ်ပြယ်ရန် နေရာလွတ်ထဲရှိ ဝိဉာဥ်စမ်းရေထဲဝင်စိမ်လိုက်သည်။
နေရာလွတ်ထဲရှိ နွေဦးရာသီကြောင့်ထင့်။ သူပို၍ပင် အိပ်ချင်လာလေသည်။
ကျွင်းချင်ယွီက အပျင်းကြောဆန့်ရင်း နေရာလွတ်အတွင်း လျှောက်သွားကြည့်ဖို့စဥ်းစားလိုက်သည်။
ဖုယွမ်ချွမ်းတွင် ဖြေရှင်းရန်ကိစ္စများရှိလေရာ တော်တော်နှင့်ပြန်တက်မလာနိုင်လောက်ချေ။
သူက အမြှီးကိုယမ်းရင်း ဝိဉာဥ်စမ်းရေကိုငုံ့ကြည့်လိုက်၏။
ရေက အနည်းငယ်လျော့နည်းသွားသလိုပင်။
ပုံမှန်အားဖြင့် ဝိဉာဥ်စမ်းရေက တစ်နှစ်ပတ်လုံးဒီအတိုင်းရှိနေတတ်ရာ ယခုကဲ့သို့ အနည်းငယ်ကျဆင်းသွားသည်က သိသာလှသည်။
ကျွင်းချင်ယွီက ဝိဉာဥ်စွမ်းအင်ထုတ်ကာ စစ်ဆေးကြည့်သော်ငြား ဘာမှမထူးခြားချေ။
သို့သော် ကျွင်းချင်ယွီစွမ်းအင်ထုတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝိဉာဥ်စွမ်းအင်နှစ်ဆပြန်ဝင်လာသည်။
ကျွင်းချင်ယွီကြောင်အသွား၏။ ဒီလိုလည်းရှိသေးတာလား...
သူနေရာလွတ်ထဲမဝင်ခင် ဝိဉာဥ်စမ်းရေကိုစုပ်ယူကာ အိပ်ပျော်သွားခဲ့သေးသည်။ စမ်းရေအနည်းငယ်စုပ်ယူခြင်းကပင် ရေသူလေး၌ ထင်ရှားသောပြောင်းလဲမှုများဖြစ်ပေါ်စေခဲ့သည်ပင်။
ဒီလိုဆို...
ကျွင်းချင်ယွီက ခဏတွေးလိုက်ကာ ရေမျက်နှာပြင်ကိုလက်ဖြင့်ထိရင်း ဝိဉာဥ်စွမ်းအင်များလွှတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း နေရာလွတ်တစ်ခုလုံးက ဝိဉာဥ်စွမ်းအင်များသိပ်သည်းသွား၏။
ရေမျက်နှာပြင်သည်လည်း မျက်စိဖြင့်မြင်နိုင်သည့်အမြန်နှုန်းဖြင့် ကျဆင်းသွားလေသည်။
ကျွင်းချင်ယွီက ဝိဉာဥ်စွမ်းအင်လျှင်မြန်စွာဖြည့်တင်းမှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ရပ်တန့်ရန်နောက်ကျသွားလေပြီ။
ခဏအကြာတွင် ဝိဉာဥ်စမ်းရေက အောက်ခြေအထိကျဆင်းသွား၏။ နွေဦးရာသီ၏ ဝိဉာဥ်စမ်းရေများက အဆက်မပြတ်စီးဆင်းနေသည်ဖြစ်ရာ ခမ်းခြောက်မှာစိုးရိမ်ဖို့မလိုချေ။.
ကျွင်းချင်ယွီက ကမ်းစပ်ကိုမီလိုက်၏။
သူ၏ခန္ဓာကိုယ်မှာမပြောင်းလဲသလို ခြေထောက်လည်းထွက်မလာချေ။
သူ အတွက်မှားတာလား...
ထိုစဥ် ပြင်းထန်များပြားသော ဝိဉာဥ်စွမ်းအင်များဖြန့်ကျက်လာကာ ကျွင်းချင်ယွီသည်လည်း နေရာလွတ်အပြင်သို့ ကန်ထုတ်ခံလိုက်ရ၏။
"ကဲ…"
ကျွင်းချင်ယွီက နူးညံ့သောအိပ်ယာပေါ်သို့ ပြုတ်ကျသွားကာ အေးမြမြအလွှာတစ်ခုက တစ်ကိုယ်လုံးကိုရစ်ပတ်လျှက်ရှိသည်။
ကျွင်းချင်ယွီက သူ့လက်သူပြန်ငုံ့ကြည့်လိုက်၏။
သွယ်လျသောလက်ချောင်းများက တစ်ခုနှင့်တစ်ခုကြားတွင် ပင့်ကူအိမ်လိုအရာများဖြင့် ဆက်နွယ်နေကာ ပုံမှန်ရေသူမျိုးနွယ်များ၏လက်ထက် ကြီးမားနေသည်။
ကျွင်းချင်ယွီက ဝိဉာဥ်စွမ်းအင်ကိုသုံးကာ လက်ချောင်းများကြားရှိ အလင်းဖောက်ချည်မျှင်များကို ကွယ်ပျောက်စေလိုက်၏။
ထိုအခါ ပုံမှန်လက်နှင့်ဘာမှမကွာတော့ချေ။
ကျွင်းချင်ယွီ၏နှုတ်ခမ်းထောင့်လေး အနည်းငယ်မြင့်တက်လာသည်။
သူက ဤကဲ့သို့လူသားသဏ္ဍာန်မှာ ဝိဉာဥ်စွမ်းအင်များစွာစုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာမှန်း ခန့်မှန်းခဲ့မိသည်။
ကျွင်းချင်ယွီက သူနာပြုပြောခဲ့သည့် ရေသူမျိုးနွယ်များ၏ကြီးထွားနှုန်းအကြောင်း ပြန်စဥ်းစားလိုက်သည်။
ရေသူမျိုးနွယ်များ၏နှေးကွေးသော ကြီးထွားနှုန်းမှာ ဝိဉာဥ်စွမ်းအင်မလုံလောက်မှုကြောင့်ဖြစ်ပြီး သူကတော့ ၎င်းကိုစိုးရိမ်ရန်မလိုပေ။
သူက ဝိဉာဥ်စွမ်းအင်ကို လိုသလောက်ထုတ်ယူနိုင်သည်။
ကျွင်းချင်ယွီလက်သီးတင်းတင်းဆုပ်လိုက်၏။
ဤသို့ဆိုပါက ဖုယွမ်ချွမ်းအား အနှေးနဲ့အမြန် ကာကွယ်ပေးနိုင်တော့မှာပင်။
ကျွင်းချင်ယွီက မျက်ဝန်းများမှိတ်ရင်း နေရာလွတ်ထဲဝင်ကာ ရေသူလေးပုံစံပြန်ပြောင်းဖို့ပြင်လိုက်သည်။
သို့သော်...
အချိန်အတော်ကြာသည်အထိ ဘာမှမထူးချေ။
ကျွင်းချင်ယွီ: "..."
ပိတ်သွားတာလား...
သူဤနည်းလမ်းကို နေရာလွတ်အားကိုးဖြင့် အသုံးပြုဝံ့ခဲ့ခြင်းဖြစ်သည်။ လူသားပုံစံပြောင်းသွားပါက ရေသူလေးပုံစံပြန်မဖြစ်ခင်အထိ နေရာလွတ်ထဲဝင်ပုန်းနေ၍ရသည်။
ခုကျဘာလို့နေရာလွတ်ထဲ ဝင်လို့မရတာလဲ...
ဖြစ်နိုင်တာ လူသားပုံစံပြောင်းဖို့ နေရာလွတ်ထဲကဝိဉာဥ်စွမ်းအင် အကုန်သုံးလိုက်မိတာလား...
ထိုစဥ် ခြေသံသဲ့သဲ့ထွက်ပေါ်လာသည်။
နေ့လည်စာစားချိန်ရောက်ပြီဖြစ်သော်ကြောင့် ဖုယွမ်ချွမ်းသူ့ထံရောက်လာခြင်းဖြစ်သည်။
ကျွင်းချင်ယွီက ခန္ဓာကိုယ်ကိုစောင်ဖြင့်ပတ်ကာ ရေချိုးခန်းထဲသို့ဝင်ပြေးတော့သည်။
သို့သော် လမ်းမလျှောက်တာကြာပြီဖြစ်ရာ သူ့ခြေထောက်များကပျော့ခွေနေပြီး လဲကျသွားလေသည်။
ကျွင်းချင်ယွီက အိပ်ရာဘေးရှိစားပွဲကို မီ၍ထလိုက်ကာ ပြတင်းပေါက်မှခုန်ချရန်စဥ်းစားလိုက်သည်။
မဟုတ်သေးဘူး...အချက်ပြစနစ်အသံမြည်သွားရင် တစ်အိမ်လုံးသူ့ကိုတွေ့သွားကြလိမ့်မယ်...
ခြေသံမှာအရမ်းနီးလာပြီဖြစ်ရာ ကျွင်းချင်ယွီ တွေးဖို့အချိန်မရတော့ပဲ ရေချိုးခန်းထဲသို့လိမ့်ဝင်လိုက်ကာ တံခါးလော့ခ်ချလိုက်၏။
ဝိဉာဥ်စွမ်းအင်ကုန်သွားရင် ရေသူလေးပုံစံပြန်ပြောင်းလို့ရမှာပါ...
ထိုစဥ် အေးစက်စက်အသံကိုကြားလိုက်ရ၏။
"ဘယ်သူလဲ..."
ကျွင်းချင်ယွီ၏ နှလုံးသားလေးတုန်ယင်သွား၏။ သူက အသံတစ်စက်မှမထွက်ရဲချေ။
ဖုယွမ်ချွမ်းက သူစကားပြောနိုင်မှန်းမသိသေးချေ။
ကောင်းတယ်...ခြေထောက်တွေပေါက်လာတဲ့အကြောင်းတောင် အသိမပေးရသေးဘူး...လူသားတန်းဖြစ်သွားတာပဲ...
ကျွင်းချင်ယွီတွင် ရေသူလေးနှင့်တူတာဆိုလို့ မျက်နှာသာကျန်တော့သည်။
ဖုယွမ်ချွမ်းသာ သူကရေသူလေးမှန်းသိသွားရင် မကောင်းဆိုးဝါးလို့ သဘောထားမှာလား...
ကျွင်းချင်ယွီက တံခါးကိုမီ၍ ငုတ်တုတ်လေးထိုင်ျခလိုက်ကာ ဝိဉာဥ်စွမ်းအင်များထုတ်လွှတ်လိုက်၏။
မြန်မြန်...မြန်မြန်...
သို့သော် ဖုယွမ်ချွမ်းက သူ့အားအခွင့်အရေးမပေးချေ။
တံခါးခေါက်သံနှင့်အတူ အတက်အကျမရှိသည့် ဖုယွမ်ချွမ်းအသံက အပြင်ဘက်မှထွက်လာ၏။ "ထွက်ခဲ့..."
ကျွင်းချင်ယွီက မကြားချင်ယောင်ဆောင်လိုက်သည်။
မထွက်ချင်ပါဘူးနော်...
မင်းက တံခါးကိုချိုးနိုင်တယ်မဟုတ်လား...
သို့သော် တံခါးရိုက်ချိုးသံအစား ခြေသံဖျော့ဖျော့ကိုသာ ကြားလိုက်ရသည်။
ဟင်...လှည့်ထွက်သွားတာလား...
ထိုစဥ် သော့တွဲ၏အသံတချွင်ချွင်က ထွက်ပေါ်လာ၏။
ကျွင်းချင်ယွီ: "..."
အရမ်း...အရမ်းလွန်တာပဲ...
တစ်ယောက်ထဲနေတာတောင် ရေချိုးခန်းသော့ကိုသိမ်းထားတယ်...
သော့က တံခါးလော့ခ်ကိုဖွင့်လျက်သားနှင့် တန်းလန်းရှိနေသည်ဖြစ်ရာ ကျွင်းချင်ယွီ သော့ခတ်လို့မရတော့ချေ။
သူက ဝိဉာဥ်စွမ်းအင်များကိုလည်း လျှော့ချနေလေရာ အင်အားလည်းသိပ်မကျန်တော့။
ကျွင်းချင်ယွီက တံခါးလက်ကိုင်ဘုကို ဖိ၍ဆွဲလိုက်လေရာ လက်ကိုင်ကအောက်သို့အနည်းငယ်စိုက်ကျသွားသည်။
ကျွင်းချင်ယွီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သို့သော် သူကြာကြာမနားလိုက်ရချေ။
ခရက်...
လက်ကိုင်ဘုကျိုးသွားခြင်းဖြစ်လေသည်။
ကျွင်းချင်ယွီ: "..."
သူက တံခါးကိုဆွဲရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားလေပြီ...
ရေချိုးခန်းတံခါးက ဖြည်းညှင်းစွာပွင့်သွား၏။
ကျွင်းချင်ယွီက ပွင့်နေသည့်တံခါးကိုကြည့်ရင်း အလန့်တကြားထအော်လိုက်သည်။ "ဖုယွမ်ချွမ်း..."
တံခါးအပြင်ဘက်ရှိဖုယွမ်ချွမ်းက ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းသွားလေသည်။
သူက သေနတ်ကိုဘေးချလိုက်ကာ ရေချိုးခန်းတံခါးကိုငုံ့ကြည့်လိုက်သည်။
ခဏအကြာတွင်
သနားဖွယ်အသံတုန်တုန်လေးက ရေချိုးခန်းထဲမှထွက်ပေါ်လာ၏။
"ခင်ဗျား...အထဲကိုဝင်မလာနဲ့နော်..."
Xxxxxxxxxx