အပိုင်း ၂၆
Viewers 18k

Chapter 26


တံခါးအပြင်ဘက်ရှိလူ အနည်းငယ်တွန့်ဆုတ်သွားသည်အား အခွင့်ကောင်းယူကာ ကျွင်းချင်ယွီတံခါးကိုအမြန်ပိ​တ်လိုက်သည်။


ထိုသို့အမြန်ပိတ်လိုက်ရသဖြင့် သူ့ကိုယ်ပေါ်ကခြုံစောင်သည်လည်း တံခါးကြားညှပ်သွားလေသည်။


ကျွင်းချင်ယွီကပြန်ဆွဲသော်ငြား ဘယ်လိုဆွဲဆွဲ ဆွဲမရချေ။ ပို၍ညှပ်သွားခြင်းကသာ အဖတ်တင်လေသည်။


သူက ယခုအချိန်တွင် စကားပြောနိုင်ခြင်းနှင့်ပတ်သတ်၍ ဖုယွမ်ချွမ်းအား တစ်ခုခုရှင်း​ပြသင့်သည်ဟုခံစားရသည်။


သို့သော် ပြာယာခတ်နေသဖြင့် ဘယ်ကစပြောရမည်မှန်းမသိတော့ချေ။


မူလက သူသည် ဖုယွမ်ချွမ်း၏ရေသူလေးအပေါ်အမြင်ကို တစ်ဆင့်ခြင်းပြောင်းလဲသွားမည်ဟု စဥ်းစားထားခဲ့သည်။


ယခုမူ သူက လူသားပုံစံနှင့်ပင်ရှိနေပြီဖြစ်ရာ ထိုအကြံမှာ ရေစုန်မျောသွားပြီဖြစ်လေသည်။


ကျွင်းချင်ယွီ မျက်လုံးစုံမှိတ်လိုက်မိသည်။ နေရာလွတ်ထဲလည်း ဝင်၍မရသလို ရေသူလေးအဖြစ်လည်း ပြန်၍မပြောင်းနိုင်သေးချေ။


သူက ခြုံစောင်ကိုဆွဲကာ စိတ်ရှုပ်ရှုပ်ဖြင့် တံခါးကိုမှီ၍ ထိုင်ချလိုက်မိသည်။


မင်းရဲ့အိမ်မွေးတိရစ္ဆာန်​လေးက မင်းရှေ့တင် လူဖြစ်သွားမယ်ဆိုရင်...


ဘယ်လိုတုံ့ပြန်မှာလဲ...


အစပိုင်းတော့ ချစ်စရာလေးလို့တွေးမိလိမ့်မယ်...နောက်ကျရင်ရော...


သူ့ကို မကောင်းဆိုးဝါးလို့သတ်မှတ်မှာလား...


ပြီးတော့ ဖုယွမ်ချွမ်းက ရေသူလေး လူဖြစ်သွားတာမသိဘူးပဲထား...သူ့မျက်နှာက ရေသူလေးနဲ့တစ်ထေရာတည်းတူနေတာလေ...ဘယ်လိုလုပ်ဖုံးကွယ်လို့ရမှာလဲ...


ပိုဆိုးတာက အောက်ထပ်မှာ အင်ပါယာခေါင်းဆောင် လွှတ်လိုက်တဲ့လူလည်း ရှိနေသေးတာ...


ကျွင်းချင်ယွီစိတ်​လေသွားသည်။ သို့သော် အပြင်ဘက်မှ ဘာသံမှမကြားရသေးသည်ကို သတိပြုမိသွား၏။


ဖုယွမ်ချွမ်းက သူ့ကိုဖြေရှင်းဖို့ တစ်ယောက်ယောက်ကိုရှာနေတာလား...


ကျွင်းချ​င်ယွီ နှုတ်ခမ်းကိုက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လုံးဝအပြင်မထွက်နိုင်ဘူး...


အနည်းဆုံးတော့ ဖုယွမ်ချွမ်းကိုရှင်းပြဖို့နည်းလမ်း ရှာထားမှဖြစ်မယ်...


ကံကောင်းစွာဖြင့် ဖုယွမ်ချွမ်းက သူဘယ်သူလဲဆိုသည့်မေးခွန်းကိုရော ဤအခန်းထဲသို့ရောက်နေပုံကိုရော မမေးခဲ့ချေ။


မသိလျှင် အခန်းအပြင်သို့ ထွက်သွားနှင့်ပြီဖြစ်သကဲ့သို့ အလွန်တိတ်ဆိတ်လှသည်။


သို့သော် ကျွင်းချင်ယွီက မည်သည့်ခြေသံမှမကြားလေရာ ဖုယွမ်ချွမ်း အပြင်၌ရှိသေးသည်မှာသေချာလေသည်။


သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေကြပြီး မည်သူကမှစကားစမပြောကြချေ။


ဖုယွမ်ချွမ်း၏တိတ်ဆိတ်နေမှုက ကျွင်းချင်ယွီအား အနည်းငယ်စိတ်သက်သာရာရစေသည်။


အချိန်မည်မျှကြာသွားသည်မသိ။ ခဏအကြာတွင် အပြင်ဘက်မှ လှုပ်ရှားသည့်အသံသဲ့သဲ့ထွက်ပေါ်လာသည်။


အပြင်ဘက်ရှိလူက ခပ်လှမ်းလှမ်းလျှောက်သွားပြီးမှ တံခါးရှေ့ပြန်လှည့်လာကာ တံခါးကိုအနည်းငယ်ဖွင့်ဟလိုက်သည်။


ကျွင်းချင်ယွီက လန့်သွားကာ တံခါးကိုအမြန်ပြန်ဆွဲလိုက်၏။ သို့သော် တံခါးကဆက်ပွင့်မသွားပဲ ငါးခြောက်ထုပ်သာ တံခါးအဟကြားမှ ရေချိုးခန်းထဲဝင်ရောက်လာသည်။


ကျွင်းချင်ယွီက ငါးခြောက်ထုပ်ကိုကြည့်ရင်း ကြောင်အသွားသည်။


ဖုယွမ်ချွမ်း၏ဂရုစိုက်မှု​က သူ၏သတိအနေအထားကို ပျယ်လွင့်စေခဲ့၏။


ဖုယွမ်ချွမ်းက သူဘယ်သူမှန်းသိပြီးသားပေါ့...


ဖုယွမ်ချွမ်းက တံခါးရှေ့တွင် ရပ်နေဆဲ​ဖြစ်သော်လည်း ရှောင်ယွီလန့်နေမှာသိသဖြင့် တံခါးကိုမဖွင့်ရက်ချေ။


သူက တံခါးအတွင်းဘက်ရှိ ပုံရိပ်ကလေးကိုငေးကြည့်ရင်း ပြောလိုက်သည်။


"​​နေ့လည်နှစ်နာရီတောင်ကျော်နေပြီ...တစ်ခုခုစားရအောင်..."


ကျွင်းချင်ယွီ၏ခန္ဓာကိုယ်လေး တောင့်တင်းသွားကာ ငါးခြောက်ထုပ်ကို ယူလိုက်သည်။


ငါးခြောက်က သူအကြိုက်ဆုံး​ဖြစ်ကာ အရိုးများကအစချိုမြိန်ပြီးအရသာရှိလေသည်။


သူအရင်က တစ်ပိုင်းကိုအကြာကြီးစားရသော်လည်း ယခုမူ တစ်ကိုက်စာသာရှိ၏။


ကျွင်းချင်ယွီက ငါး​ခြောက်ကိုဖြည်းဖြည်းမြုံ့ရင်း တီးတိုးခေါ်လိုက်သည်။


"ဖုယွမ်ချွမ်း..."


"ကိုယ်ဒီမှာရှိတယ်..."


"ကျွန်တော့်အသံမှန်း ဘယ်လိုသိတာလဲ..."


သူရေချိုးခန်းထဲပြေးဝင်စဥ်က ဖုယွမ်ချွမ်းသူ့ပုံရိပ်အား မြင်သွားရန်အကြောင်းမရှိချေ။


သူ မတွေ့ပဲနဲ့ ဘယ်လိုလုပ်ရိပ်မိသွားတာလဲ...


"မင်းအသံ..."


"..." ကျွင်းချင်ယွီ ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်းမသိတော့ချေ။


အသံလား...


အတိတ်ကသူဖုယွမ်ချွမ်းရှေ့တွင် အာ တစ်လုံးသာပြောဖူးသည်။ ဘယ်လိုလုပ် သူ့အသံကိုမှတ်မိနိုင်မှာလဲ...


ကျွင်းချင်ယွီ တီးတိုးရေရွတ်လိုက်၏။ "အပို..."


"တကယ်ပြောတာ..." ဖုယွမ်ချွမ်းကပြောသည်။


"အဲ့ဒါက မှတ်မိလွယ်တယ်..."


ထို့အပြင် သူနှင့်ရေသူလေးမှလွဲ၍ အခန်းထဲ၌ တခြားလူရှိစရာအကြောင်းလည်းမရှိချေ။


ကျွင်းချင်ယွီက နှုတ်ခမ်းလေးကိုက်ရင်း စိုးရိမ်စွာမေးလိုက်သည်။


"ကျွန်တော့်ကို မကောင်းဆိုးဝါးလို့မထင်ဘူးလား..."


သူက လက်သီးတင်းတင်းဆုပ်ထားသဖြင့် လက်ထိပ်ကလေးများပင် ဖြူလျော်နေလေသည်။ တစ်ဖက်လူ၏အဖြေကို သိချင်နေသော်လည်း မလိုချင်သည့်အဖြေဖြစ်နေမှာလည်းစိုးနေ၏။


သို့သော် အပြင်ဘက်မှ ဘာသံမှမကြားရချေ။


ကျွင်းချင်ယွီခေါင်းလေးငုံ့သွားသည်။ သူ့နှလုံးသားက စတင်၍နစ်မြုပ်လာလေသည်။


ထိုစဥ် ဖုယွမ်ချွမ်းအသံကိုကြားလိုက်ရသည်။


"ရှောင်ယွီ...ကိုယ်ကမှမကောင်းဆိုးဝါးပါ..."


ကျွင်းချင်ယွီကြောင်အသွားသည်။


"ကိုယ်က မင်းထင်တာထက်ပိုဆိုးတယ်..."


ဖုယွမ်ချွမ်းက ရေသူလေးလန့်မှာစိုးသည့်အတွက် ပြောနေရင်းခဏရပ်လိုက်သည်။


"မကြောက်ပါနဲ့..."


ကျွင်းချင်ယွီက ယောင်နနဖြင့် ငါးခြောက်ကိုကိုက်လိုက်မိသည်။ ဖုယွမ်ချွမ်းက သူ့ကိုနှစ်သိမ့်နေတာလား...


ထိုစဥ် ဝိဉာဥ်စွမ်းအင်ကုန်ဆုံးသွားခြင်းနှင့်အတူ လက်ထဲကငါးခြောက်သည်လည်း ခြုံစောင်ပေါ်သို့ပြုတ်ကျသွားလေသည်။


ကျွင်းချင်ယွီ၏မျက်ဝန်းအမှောင်ကျသွားပြီးနောက် ပြန်၍ဖွင့်ကြည့်သည့်အခါ ခြေထောက်နေရာတွင် ရေသူမျိုးနွယ်၏အမြှီးများ အစားထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။


ပြန်ပြောင်းသွားပြီလား...


သူ့ဝိဉာဥ်စွမ်းအင်မှာ လူသားပုံစံကိုအကြာကြီးထိန်းထားနိုင်သည်အထိ မများပြားချေ။


မည်သို့ပင်ဆိုစေ ဖုယွမ်ချွမ်းကတော့ အားလုံးသိသွားပြီဖြစ်သည်။


ကျွင်းချင်ယွီက တံခါးကိုမော့ကြည့်ရင်း မျက်တောင်ခတ်လိုက်မိသည်။ သူဘယ်လိုလုပ်ထွက်ရပါ့မလဲ...


သူက တံခါးအဟကြားမှတဆင့် လက်ကလေးထုတ်ကာ​ဝေ့ယမ်း​ပြလိုက်သည်။


"အာ..."


ထိုစဥ် နွေးထွေးသောအထိအတွေ့နှင့်အတူ ဖူယွမ်ချွမ်းကသူ့လက်အား လာရောက်ဆုပ်ကိုင်လာ၏။


"အပြင်ထွက်ချင်လို့လား..."


ကျွင်းချင်ယွီက ခေါင်းညှိတ်ပြလိုက်သည်။ နောက်မှ ဖုယွမ်ချွမ်းသူ့ကိုမမြင်ရကြောင်း သတိရသွား၏။ "အင်း..."


"ဒါဆို နောက်ကိုနည်းနည်းဆုတ်..."


"ဟုတ်..." ကျွင်းချင်ယွီက တံခါးနှင့်အနည်းငယ်ခွာလိုက်သည်။


ဖုယွမ်ချွမ်းက တံခါးကိုတွန်းဖွင့်ပေးလိုက်၏။


ထို့နောက် ရေချိုးခန်ကြွေပြားပေါ်မှရေသူလေးကို ညင်သာစွာကောက်ယူလိုက်သည်။


ကျွင်းချင်ယွီက တစ်ဖက်လူ၏လက်ကောက်ဝတ်ကို သူ၏အမြှီးဖြင့်ရစ်ပတ်ထား၏။


ဖုယွမ်ချွမ်းက အမြှီးပေါ်ရှိရွှေရောင်အကြေးခွံများကို ညှင်သာစွာပွတ်သပ်ပေးရင်း "တစ်ခုခုစားချင်လား..."


ကျွင်းချင်ယွီခေါင်းခါလိုက်သည်။ သူ့အစာအိမ်ထဲတွင် ငါးခြောက်များစွာရှိနေလေသည်။


သူက ဖုယွမ်ချွမ်းလက်ထဲတွင် ဖမ်းမိခံလိုက်ရသည်ဟု ခံစားနေရကာ လောလောဆယ်ဘာမှမစားချင်ပေ။


ဖုယွမ်ချွမ်းက ရေသူလေး၏ ရှုပ်ပွနေသောဆံပင်များကို ဖြီးသင်ပေးလိုက်၏။


သူက ရေသူလေး ငါးကန်ထဲမှထွက်လာသည်မှာ ကြာပြီဖြစ်သ​ဖြင့် ရေဓာတ်လျော့နည်းပြီး သက်တောင့်သက်သာမရှိမည်ကို စိုးရိမ်​နေလေသည်။


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ခေါင်းလေးစောင်း၍ကြည့်လိုက်သည်။


ဘာမှမ​မေးတော့ဘူးလား...


ကျွင်းချင်ယွီက သိချင်စိတ်များလာသဖြင့်​မေးလိုက်သည်။


"ဘာမှမမေးတော့ဘူးလား..."


ဘာလို့အဲ့လောက်တည်ငြိမ်နေတာလဲ...သူက လူသားအ​ဖြစ်ပြောင်းနိုင်ပြီး စကားလည်းပြောနိုင်တယ်လေ...မအံ့သြဘူးလား...


ကျွင်းချင်ယွီက အလကားနေရင်းလန့်နေခဲ့သည်ဟု ခံစားလိုက်ရသည်။


ဖုယွမ်ချွမ်းက အစဖော်ဖို့မရည်ရွယ်ထားပေ။ သို့သော် ရေသူလေးမေးလာသည့်အတွက် ပြန်ဖြေလိုက်သည်။


"မ​မေးပါဘူး...မင်းပြောချင်တဲ့အချိန်ပြောပြမှာပေါ့..."


သူက ရေသူလေး၏ခံစားချက်ကို ထည့်တွက်ပေးခဲ့တာဖြစ်သည်။


ကျွင်းချင်ယွီ၏နှုတ်ခမ်းလေးက ကွေးညွှတ်သွား၏။


 "ကျွန်တော်ဘာလို့ဒီလိုဖြစ်ရလဲဆိုတာရော မသိချင်ဘူးလား..."


လူသားပုံစံကိုမမြင်စေကာမူ ရေသူလေးက ခြုံစောင်ကိုဆွဲ၍ ရေချိုးခန်းထဲသို့ပြေးနိုင်စရာအကြောင်းမရှိချေ။


"မသိချင်ပါဘူး..." ဖုယွမ်ချွမ်းကငြင်းလိုက်၏။


သူက အိပ်ယာအစွန်းတွင်ထိုင်ကာ ရေသူလေးကိုပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် စားပွဲအံဆွဲထဲမှ ဘီးကိုယူကာ ရေသူလေး၏ဆံပင်များကိုရှင်းလင်းပေးလေသည်။


ဖုယွမ်ချွမ်းက ညင်သာစွာပြော၏။ "မင်းမှာလည်း လျှို့ဝှက်ချက်ရှိနိုင်တာပဲလေ..."


ကျွင်းချင်ယွီက သူ့အကြောင်းကို ဖုယွမ်ချွမ်းသိပြီးသားဖြစ်သည်ဟု ခန့်မှန်းမိလိုက်သည်။


သူက အရမ်းကိုတည်ငြိမ်နေတာလေ...လုံးဝမအံ့သြသလိုမျိုး...


ကျွင်းချင်ယွီက ဖုယွမ်ချွမ်း၏လက်ကို သူ့လက်ကလေးဖြင့်ကိုင်လိုက်၏။


"ဘယ်အချိန်ကတည်းက သိသွား​တာလဲ..."


"ခရမ်းချဥ်သီးတွေ..." 


ဖုယွမ်ချွမ်းက ပြောလိုက်သည်။ 


"မင်းကိုယ့်ကိုပေးတဲ့ ခရမ်းချဥ်သီးတွေက ထူးခြားတယ်..."


ကျွင်းချင်ယွီ ထပ်မေးလိုက်၏။ 

"အရသာမတူလို့လား..."


"မဟုတ်ဘူး..."

 ဖုယွမ်ချွမ်းက ရေသူလေး၏ဆံပင်များကို ရှင်းလင်းပေးရင်းဆက်ပြောသည်။


 "အရသာက ပါးစပ်ထဲရောက်သွားရင် ရောနှောသွားရောလေ..."


"ဆိုတော့ အရသာရှိတာရော စားလို့မကောင်းတာရော မသိသာတော့ဘူး...ဘာလို့ဆို တစ်နေရာထဲကခရမ်းချဥ်သီးတွေတောင် အရသာမတူနိုင်ဘူးမဟုတ်လား..."


"ဒါဆိုဘာလို့လဲ..." ကျွင်းချင်ယွီက အရသာပြောင်းလဲခြင်းမှလွဲ၍ ဖုယွမ်ချွမ်းရိပ်မိနိုင်သည့် အခြားအ​​ရာကို မစဥ်းစားတတ်ချေ။


ဖုယွမ်ချွမ်းက "အသီးအရွက်တွေက ဒီကြယ်စုမှာ တန်ဖိုးရှိမှန်းသိတယ်မဟုတ်လား..."


ကျွင်းချင်ယွီခေါင်းညှိတ်လိုက်သည်။


အသီးအနှံများမှာ အလွန်ရှားပါးလှသဖြင့် ဖုယွမ်ချွမ်းကဲ့သို့ မာရှယ်တစ်​ယောက်ပင်လျှင် ၎င်းတို့ကို လိုချင်သလောက်ဝယ်၍မရနိုင်ချေ။


"အရမ်းရှားပါးတဲ့အတွက် အသီးအနှံတစ်လုံးချင်းစီမှာ ကုဒ်နံပါတ်တွေတပ်ထားလေ့ရှိတယ်..."


ကျွင်းချင်ယွီ : "..."


ကုဒ်မှတ်တာ...


ဘယ်သူကအဲ့ဒီ့နည်းလမ်းကိုစဥ်းစားမိတာလဲ...


ဒီအတိုင်းဆို သူဘယ်ကနေ အသီးတွေထုတ်ထုတ်လာသလဲဆိုတာကို ဖုယွမ်ချွမ်းသတိထားမိတာ အံ့သြစရာမရှိတော့ဘူးပဲ...


ပထမတော့ အရသာမတူလို့လို့ထင်နေတာလေ...ကုဒ်သတ်မှတ်ထားမယ်လို့ ဘယ်သူကထင်မှာလဲ...


ဒီလိုကိစ္စမျိုးက လွယ်လွယ်သတိပြုမိနိုင်တာပဲမဟုတ်လား...


သို့သော် ကျွင်းချင်ယွီက တစ်စုံတစ်ခုမှားယွင်းနေမှန်းတွေးမိသွားကာ "ကျွန်​တော်အရင်က စားတဲ့အသီးတွေမှာတော့ ကုဒ်မတွေ့မိသလိုပဲ..."


ကျွင်းချင်ယွီက ဖုယွမ်ချွမ်းသူ့အတွက်ပေးသည့် အသီးများတွင် ပိုးပေါက်များပါမပါစစ်ဆေးလေ့ရှိသည်။ သူက မည်သည့်ကုဒ်ကိုမှမတွေ့ခဲ့ရချေ။


ဖုယွမ်ချွမ်းကပြောသည်။


 "မင်းပေးတဲ့အသီးတွေက တစ်ခုခုထူးခြားနေမှန်း ကိုယ်သတိပြုခဲ့မိတယ်...အဲ့ဒီ့နောက်ပိုင်း ကိုယ်မင်းကိုအသီးတွေမပေးခင် ကုဒ်တွေကိုစင်အောင်ဆေးကြောပစ်ခဲ့တာ..."


သူက ရေသူလေး ကုဒ်နံပါတ်များကိုရှာတွေ့သွားလျှင် အထိတ်တလန့်ဖြစ်သွားမည်အား စိုးရိမ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွင်းချင်ယွီ၏လျှို့ဝှက်ချက်အား အစီအစဥ်တကျကူညီဖုံးကွယ်ပေးခဲ့ခြင်းပင်။


"..."


ကျွင်းချင်ယွီ ကြောင်အသွားသည်။ သူက ထိုအသီးများအကြောင်း သေချာဖုံးကွယ်ထားနိုင်ခဲ့ခြင်းမဟုတ်ရုံသာမက ဖုယွမ်ချွမ်းကသာ ကူညီ၍ဖုံးဖိပေးခဲ့ခြင်းဖြစ်လေသည်။


ကျွင်းချင်ယွီက နှုတ်ခမ်းအသာကိုက်လိုက်၏။ "ကျွန်တော့်အပြုအမူတွေကိုရော သံသယမဝင်ဘူးလား..."


ဖုယွမ်ချွမ်းက ပြုံး၍သာနေသည်။


ကျွင်းချင်ယွီက ခဏတွေးရင်းဆက်ပြော၏။ "ရေသူမျိုးနွယ်တွေ ကြီးပြင်းလာဖို့ ဝိဉာဥ်စွမ်းအင်လိုအပ်တယ်မဟုတ်လား..."


"ဟုတ်တယ်..." ဖုယွမ်ချွမ်းက ရေချိုးခန်းထဲမှ ဝိဉာဥ်စွမ်းအင်စိမ့်ထွက်လာသည်ကို ခံစားမိလေရာ ရေသူလေး လူသားပုံစံပြောင်းသွားခြင်းကို နားလည်လေသည်။


"ကျွန်တော့်မှာ နေရာလွတ်ရှိသေးတယ်..."


"ဟုတ်လား..."


"ကျွန်တော်က လူသားပုံစံပြောင်းနိုင်တယ်..."


"အွန်း..."


"..."


တကယ်တမ်းတွင် ဤကြယ်စု၌ရှိသော မည်သည့်ရေသူမျိုးနွယ်ကမှ သူ့လိုမလုပ်နိုင်ချေ။


သို့သော် ဖုယွမ်ချွမ်းက တည်တည်ငြိမ်ငြိမ်သာနားထောင်နေ၏။ သူ့ပုံစံမှာ အနည်းငယ်ပင်အံ့သြမသွားသလို ကျွင်းချင်ယွီကိုလည်း ဘာကိုမှရှင်းမပြခိုင်းပေ။


ဖုယွမ်ချွမ်းက ရေသူလေး၏ဆံပင်ကို ဖြီးသင်ပြီးသွား၏။ သူက ဗီရိုထဲမှစောင်တစ်ထည်သွားထုတ်လိုက်သည်။


ကျွင်းချင်ယွီက မေးလိုက်၏။ "ခင်ဗျားအိပ်တော့မလို့လား..."


"ကိုယ်မင်းအတွက်နေ့လည်စာလာပေးတာ...ပြီးရင်ပြန်ဆင်းမှာ..."


ဖုယွမ်ချွမ်းက ရေသူလေးဗိုက်ဆာနေမှာစိုးသဖြင့် အင်ပါယာခေါင်းဆောင်၏လူနှင့် စကားပြောနေတုန်းထလာခဲ့ရတာဖြစ်သည်။


Xxxxxxx